အထက်ဘုံကမ္ဘာကိုတုန်လှုပ်စေသောတိုက်ပွဲသတင်းများ
Vol. 83 Ch. 1167
အခန်း (၁၁၆၇) အထက်ဘုံကမ္ဘာကိုတုန်လှုပ်စေသောတိုက်ပွဲသတင်းများ
ရန်ကျောက်ကဲက ပြုံးရင်း...
“မူလဖွင့်လှစ်ဓားကိုပြန်ပေးဖို့ ခွန်လွန်တောင်ကို အရင်သွားရမယ်”
“ပြီးရင် ထျန်းကျိခန်းမက ကိစ္စတွေ တည်ငြိမ်အောင်လုပ်ရဦးမယ် ၊ အမေရောက်နေတဲ့သတင်းသာ ရှောင်အိုက်ကြားလို့ကတော့ တစ်ချက်တောင်မစဉ်းစားဘဲ အပြေးရောက်လာမှာ သေချာတယ်”
ရွှယ်ချူးချင်ကလည်း ပြုံးလိုက်ရင်း...
“ဒီကလေးမလေးကတော့...”
ရန်ကျောက်ကဲက...
“ဒါနဲ့ အမေ... ဂိုဏ်းတူညီမလေး’စစ်ခုန်’ ကို တွေ့ချင်လား”
သူက ဆက်ပြောသည်။
“အင်း... သူနဲ့ဆင်တူတဲ့သူအနည်းအပါးကိုလည်း မတော်တဆတွေ့ထားလို့ ဝါဒတောင်မှာ ခေါ်ထားတယ်”
ရွှယ်ချူးချင်က ခေါင်းခါယမ်းရင်း...
“ပွင့်ပွင့်လင်းလင်းပြောရရင်... ငါ သူတို့အပေါ် အပြစ်ပြုမိထားသလိုပဲ ခံစားရတယ် ၊ တကယ်တော့ သူတို့ဘဝကို ပြောင်းလဲလိုက်တဲ့သူက ငါကိုယ်တိုင်ပါပဲ”
ရန်ကျောက်ကဲက ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး
“အမေ... အဲဒီ ကောင်းကင်အမြုတေကျောက်တုံးအပိုင်းအစကို ဖြန့်ခွဲပစ်လိုက်တော့ ဒီအတိုင်း ကျဘမ်းပဲလုပ်လိုက်တာလား သေချာတဲ့ပုံစံတစ်ခုနဲ့ အစီအစဉ်လုပ်ခဲ့သေးသလား”
“တကယ်လို့ သေချာတဲ့ပုံစံတစ်ခုနဲ့ အစီအစဉ်လုပ်ထားတာဆိုရင် ကမ္ဘာ့လူဦးရေအရ ခွဲခြားထားတာလား”
ရွှယ်ချူးချင်က အံ့အားသင့်သွားဟန်ဖြင့်...
“အရင်တုန်းကအကြောင်း ပြန်ကြည့်မယ်ဆိုရင်... ကမ္ဘာ့လူဦးရေများလေ ဒီလိုလူတွေ ပိုပြီးများများရှိသင့်လေပဲ”
သူမက ဆက်ပြောသည်။
“ကမ္ဘာ့လူဦးရေနဲ့အညီ ပြန့်ပွားသွားမှာပဲ ၊ ဒါဆိုရင် အထက်ဘုံကမ္ဘာမှာ ရှိတဲ့အရေအတွက်က အရမ်းထင်ရှားပြီး အောက်ဘုံကမ္ဘာမှာရှိတဲ့ အရေအတွက်ထက်တောင် ကျော်လွန်နိုင်တယ် ၊ ဒါပေမဲ့ ဒါက ငါ ထိန်းချုပ်လို့မရတဲ့ ကိစ္စတစ်ခုပဲ”
“တကယ်တော့... ငါ သူတို့နဲ့မဆုံတွေ့ဖို့ အမြဲတမ်း ရှောင်တိမ်းနိုင်ခဲ့တယ် ၊ ဘယ်သူမှ နားမလည်နိုင်တဲ့ နည်းလမ်းမျိုးနဲ့ပေါ့ ၊ ဒါကြောင့် သူတို့က ဘယ်လိုပုံစံမျိုးလဲဆိုတာတောင် မသိခဲ့ဘူး”
ထိုစကားကြားတော့ ရန်ကျောက်ကဲနှင့် ရန်တိတို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။
ထို့နောက် ရန်တိက လေထဲတွင်လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရာ အလင်းပုံရိပ်များစွာ ထွက်ပေါ်လာသည်။
စစ်ခုန်ချင်း ၊ ဟယ်ယင်း ၊ ယွဲ့ပေါင်ချီနှင့် တူညီသောမျက်နှာရုပ်သွင်ရှိကြသည့် အခြားသူများကိုကြည့်ရင်း ရွှယ်ချူးချင် ခဏမျှ ဆွံ့အသွားသည်။
“သူတို့ ရုပ်သွင်တွေက တကယ့်ကို ထူးခြားထင်ရှားတာပဲ”
ထိုစကားကြားတော့ ရန်ကျောက်ကဲနှင့် ရန်တိမှာ ငိုရမလို ရယ်ရမလို ဖြစ်သွားသည်။
ရန်တိက...
“သူတို့ရုပ်သွင်တွေက ထူးခြားထင်ရှားရုံတင်မကဘူး သူတို့သိုင်းစွမ်းပါရမီကလည်း ထူးခြားတယ် ၊ ဒါပေမဲ့ ချီစွမ်းအားသန့်စင်ခြင်းအဆင့်ကနေ သိုင်းပညာရှင်အဆင့်ရောက်မှ သူတို့ပါရမီက ထွက်ပေါ်လာတာပဲ”
ရွှယ်ချူးချင်က စိတ်ဓာတ်ကျသွားဟန်ဖြင့်...
“ကျွန်မ တကယ်ပဲ စိတ်ပျက်စရာအလုပ်တစ်ခုကို လုပ်လိုက်မိပြီလို့ ဒီနေ့ ခံစားရတယ်”
စစ်ခုန်ချင်းနှင့် ဆင်တူသူများအားလုံးက ရုပ်သွင်ထူးခြားသလို သိုင်းတာအိုတွင်လည်း ထက်မြက်လှသည်ဖြစ်ရာ လူအများ သတိမပြုမိရန် အလွန်ခက်ခဲပေမည်။
သူတို့ထဲမှ အတော်များများက ကျင့်ကြံခြင်းအဆင့်မြင့်မားလာကြပြီး အရေအတွက်လည်းများပြားလာသည်ဖြစ်ရာ သတိမထားမိသောသူ မရှိသည်မှာ ဖြစ်နိုင်ပါမည်လား။
သူတို့တွင် သာမန်ရုပ်သွင်နှင့် သာမန်အရည်အချင်းရှိလျှင် အဆင်ပြေမည် ဖြစ်သည်။
သို့သော် သူတို့က အလွန်ထူးချွန်ကြသည်ဖြစ်ရာ လူအုပ်ထဲမှာပင် ပထမဆုံး သတိပြုမိနိုင်ကြသည့် အနေအထား ဖြစ်သည်။ သို့ဖြစ်ရာ သူတို့၏တည်ရှိမှုကို ဖုံးကွယ်ထားရန် မည်သို့ဖြစ်နိုင်ပါမည်နည်း။
အထူးသဖြင့် လူဦးရေများပြားသော အထက်ဘုံကမ္ဘာတွင် စစ်ခုန်ချင်းနှင့် ဆင်တူသူများမှာ ရာနှင့်ချီ ၊ ထောင်နှင့်ချီ၍ ရှိကောင်းရှိနေနိုင်သည်။
ရွှယ်ချူးချင်က...
“ဒါပေမဲ့ ကျောက်ကဲ... စောစောက မင်းပြောတဲ့စကားအရဆိုရင် သူတို့က အထက်ဘုံကမ္ဘာမှာ အတော်ရှားပါးပုံရတယ်နော်”
ရန်ကျောက်ကဲက...
“အမှန်ပဲ... မျှော်လင့်ထားတာထက် အများကြီးနည်းတယ် ၊ အခုထိ စုစုပေါင်း (၂)ယောက်ပဲ တွေ့ဖူးသေးတယ်”
သူက ဆက်ပြောသည်။
“တကယ်လို့ အမေပြောသလို ဂိုဏ်းတူညီမလေး ‘စစ်ခုန်ချင်း’ နဲ့ ဆင်တူတဲ့သူတွေ အထက်ဘုံကမ္ဘာမှာ အများကြီးရှိမယ်ဆိုရင် ၊ သူတို့အရေအတွက်က အောက်ဘုံကမ္ဘာတွေအားလုံးမှာရှိတဲ့ အရေအတွက်ပေါင်းလဒ်ထက် ပိုပြီးများနေမယ်ဆိုရင် တစ်ယောက်ယောက်ကတော့ သတိပြုမိသွားမှာပဲ”
ထိုသို့ဆိုလျှင် အောက်ဘုံကမ္ဘာများမှ စစ်ခုန်ချင်းကဲ့သို့သော လူများကိုပင် လိုက်လံရှာဖွေသည်အထိ ဦးတည်သွားနိုင်သည်။
ရွှယ်ချူးချင်၏မျက်နှာ တည်ကြည်လေးနက်သွားပြီး...
“ငါ ကနဦး ကောက်ချက်ချတာများ မှားယွင်းသွားတာလား ၊ သူတို့က ကမ္ဘာ့လူဦးရေအတိုင်း အညီအမျှပျံ့နှံ့သွားတာ မဟုတ်ဘူးလား”
“ဒါပေမဲ့ အရင်တုန်းက အမြင်မှားတာတော့ မဖြစ်နိုင်ပါဘူး”
ရန်တိက...
“ဒါမှမဟုတ် တစ်ယောက်ယောက်က ဒီကိစ္စကို ရှာဖွေတွေ့ရှိသွားပြီး တူမလေး စစ်ခုန်နဲ့ ရုပ်ချင်းတူတဲ့လူတွေကို လျှို့ဝှက်ဖမ်းဆီးနေတာ မဖြစ်နိုင်ဘူးလား ၊ ပြီးတော့ အဲဒီလူက အများကြီးဖမ်းဆီးထားပြီး ထုတ်ဖော်မပြောဘဲ လျှို့ဝှက်ထားတာလည်း ဖြစ်နိုင်တယ်”
ရန်ကျောက်ကဲက နှုတ်ခမ်းတစ်ချက်သပ်ရင်း...
“ကျွန်တော်တို့တွေ ဒီကိစ္စကို သတိထားသင့်တယ်”
ရန်တိနှင့် ရွှယ်ချူးချင်တို့ (၂)ယောက်လုံးက ခေါင်းညိတ်သဘောတူလိုက်ကြသည်။
မိသားစု (၃)ယောက် ခဏမျှ ဆွေးနွေးစကားပြောကြပြီးနောက် ယခင်အစီအစဉ်အတိုင်းပင် ဆက်လက်ပြုလုပ်ရန် အတည်ပြုလိုက်ကြသည်။
ရန်ကျောက်ကဲက ရန်တိနှင့် ရွှယ်ချူးချင်ကို နှုတ်ဆက်ပြီး ထျန်းကျိခန်းမသို့ ပြန်သွားခဲ့သည်။
အနက်ရောင်ပိုးသားဧကရာဇ်နှင့် ရန်ကျောက်ကဲ၏တိုက်ပွဲကြောင့် ထျန်းကျိခန်းမ လေလံပွဲသည်လည်း ရပ်တန့်သွားခဲ့သည်။
ခန်းမမှလူများအားလုံးနှင့် ယွမ်ကျိုးမြို့ခံများက တိုက်ပွဲဘေးဒဏ်ကိုရှောင်ရှားရန် မြို့မှ ထွက်ခွာသွားကြသည်။
ရန်ကျောက်ကဲနှင့် အနက်ရောင်ပိုးသားဧကရာဇ်တို့ ထွက်ခွာသွားကြသည့်တိုင် လူအများက ယွမ်ကျိုးမြို့သို့မပြန်ကြသေးဘဲ သူတို့ရှိနေသည့်နေရာများမှပင် အပြောင်းအလဲကို စောင့်ကြည့်နေခဲ့ကြသည်။
တိုက်ပွဲနောက်ဆုံးရလဒ် မည်သို့ဖြစ်မည်ကို ဘယ်သူမှ မသိနိုင်သလို ၊ ရန်ကျောက်ကဲနှင့် ပိုးသားဧကရာဇ်တို့ အချင်းချင်းတိုက်ခိုက်ပြီး ယွမ်ကျိုးမြို့သို့ ပြန်ရောက်လာမည်လား မည်သူမှ မသိနိုင်ပေ။
အခြေအနေမသေချာသေးသရွေ့ လူတိုင်းအနေဖြင့် သတိထားရန် လိုအပ်သည်။
နတ်ဘုရားအဆင့် ကျင့်ကြံသူများ၏ တိုက်ပွဲလှိုင်းလုံးဒဏ်ကိုခံရပါက အကြောင်းပြချက်မရှိဘဲ အသက်ပျောက်သွားနိုင်သည် မဟုတ်ပါလား။
သို့သော် သူတို့အားလုံး ယွမ်ကျိုးမြို့မှမထွက်ခွာမီ တိုက်ပွဲအခြေအနေကတော့ အားလုံးအတွက် မျက်စိကျစရာ ဖြစ်ခဲ့သည်။
သိုင်းသူတော်စင် နဝမအဆင့် ၊ အမကူးပြောင်းခြင်း နှောင်းပိုင်းအဆင့်ရှိသော ‘ရန်ကျောက်ကဲ’ က နတ်ဘုရားတစ်ပါးဖြစ်သော အနက်ရောင်ပိုးသားဧကရာဇ်ကို အမှန်တကယ်ပင် ဖိနှိပ်ထားနိုင်ခဲ့သည်။
ဤသို့သောအဖြစ်အပျက်မျိုးကို မည်သူမှ မမြင်ဖူး မကြားဖူးခဲ့ကြပေ။
ရန်ကျောက်ကဲက အနက်ရောင်ပိုးသားဧကရာဇ်ကို အနိုင်ယူနိုင်ခြင်းမရှိခဲ့သော်လည်း တစ်ဆင့်ပြီးတစ်ဆင့် ဆုတ်ခွာသွားစေရန် ဖိနှိပ်ထားနိုင်ခဲ့ခြင်းက အလွန်ဒဏ္ဍာရီဆန်သော ဖြစ်ရပ်တစ်ခုသာပင်။
ထို့ကြောင့် တိုက်ပွဲရလဒ် မည်သို့ဖြစ်လာမည်ကို လူတိုင်းက စိတ်အားထက်သန်စွာ သိချင်နေကြသည်။
နောက်ပိုင်း အတိုချုပ်နှင့် အသေးစိတ်သတင်းများရောက်ရှိလာပြီး သူတို့အားလုံး၏အမြင်များလည်း အချိန်နှင့်အမျှ ပြောင်းလဲသွားတော့သည်။
ရန်ကျောက်ကဲက အချိန်တိုအတွင်းမှာပင် သိုင်းသူတော်စင် အဋ္ဌမအဆင့်မှ သိုင်းသူတော်စင် နဝမအဆင့်သို့ မထင်မှတ်ဘဲ တက်ရောက်သွားပြီး ရန်တိသည်လည်း သိုင်းသူတော်စင် နဝမအဆင့်မှ လူသားအထွတ်ထိပ်အဆင့်သို့ တက်ရောက်သွားခဲ့သည်။
လူသားများ၏ခန္ဓာကိုယ်ထဲတွင် မထင်မရှားလျှို့ဝှက်တည်ရှိနေသော သွေးကြောဆုံချက် အမြောက်အမြားရှိလေရာ ထို သွေးကြောဆုံချက်များအားလုံး ကြယ်စင်များနှင့်ပဲ့တင်ထပ်အောင် ပြုလုပ်နိုင်ရန် အလွန်ခက်ခဲသည်။
ထို့ကြောင့် အချို့သော အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့် သိုင်းသူတော်စင်များမှာ သွေးကြောဆုံချက်များအားလုံးကို သန့်စင်ခြင်းမပြုနိုင်ဘဲ လူသားအထွတ်ထိပ်အဆင့်သို့တက်ရောက်ရန် စက္ကူအလွှာပါးမျှသာလိုသောအဆင့်တွင် တစ်ဆို့လျှက် ရှိကြသည်။
တိမ်ဆိုင်များပမာ ပါရမီရှင်ကျင့်ကြံသူများ အများအပြားရှိသော အထက်ဘုံကမ္ဘာတွင် အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့်သိုင်းသူတော်စင်ဆိုသည်က အရေအတွက်နည်းပါးသည်မဆိုနိုင်သည့်တိုင် အများအပြားလည်း မရှိပေ။
အရှေ့တောင်ဓားနတ်မယ် ‘ကျန်းယွင်ယင်း’ ၊ ကြယ်ခြွေလက်ဝါးသခင် ‘ကွမ်းလီတဲ့’ နှင့် ထိုက်စုယွမ်ကျွင်း ‘တောက်ယွိ’ တို့ဆိုလျှင် သိုင်းသူတော်စင် နဝမအဆင့်တွင် နှစ်ပေါင်းများစွာနစ်မြုပ်နေကြသည့် ဝါရင့် ကျင့်ကြံသူများ ဖြစ်ကြသည်။
သူတို့အားလုံး လူသားအထွတ်ထိပ်အဆင့်သို့ မတက်လှမ်းနိုင်သည်ကိုကြည့်ခြင်းအားဖြင့် ထိုအဆင့်သို့တက်ရောက်ရန် မည်မျှခက်ခဲကြောင်း သက်သေပြနေပေသည်။
နှစ်ပေါင်းများစွာအသော အချိန်ကာလအတွင်း အထက်ဘုံကမ္ဘာတွင် ပါရမီရှင်များစွာ ထွက်ပေါ်လာခဲ့ပြီး သူတို့၏ တန်ခိုးစွမ်းအားက အထက်ဘုံကမ္ဘာ၏ ခွန်အားအဖြစ် အောင်မြင်စွာ ပြောင်းလဲခဲ့သည်။
လူငယ်အများစုက ဘိုးဘေးများကို ကျော်လွန်သွားကြပြီး အသက်ငယ်ရွယ်သည့်တိုင် လူသားအထွတ်ထိပ်အဆင့်သို့တက်ရောက်ရန် မျှော်လင့်ချက်ရှိသူများ ထွက်ပေါ်လာကြသည်။
သို့ပေသိ နှစ်ပေါင်းများစွာအတွင်း ထိုခြေလှမ်းကို အမှန်တကယ် တက်လှမ်းနိုင်သူက “နျဲ့ကျင်းရှန်” တစ်ယောက်သာလျှင် ရှိခဲ့သည်။
သေဆုံးသွားပြီဖြစ်သော ချင်ရှုကျီကို ဘေးဖယ်လိုက်မည်ဆိုလှင် ချီလင်ကမ်းပါးမှ လီကျွင်းရှင်းနှင့် မြောက်ဖေးတောင်ထွတ်မှ ဟယ်ရှီးရှင်တို့မှာလည်း အလားအလာကောင်းသော အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့် ၊ သိုင်းသူတော်စင် နဝမအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။
နျဲ့ကျင်းရှန် လူသားအထွတ်ထိပ်အဆင့်သို့ တက်ရောက်ပြီးသည့်နောက် ၊ ယခု နောက်ထပ် လူသားအထွတ်ထိပ်အဆင့် ကျင့်ကြံသူတစ်ယောက် ထွက်ပေါ်လာခဲ့သည်။
ထိုသူက လီကျွင်းရှင်းလည်းမဟုတ်သလို ဟယ်ရှီးရှင်လည်း မဟုတ်ပေ။
နာမည်ကျော်ကြားလာသည်မှာ (၁၀)နှစ်ပင်မပြည့်သေးသော ‘ရန်တိ’ ဖြစ်လေ၏။
လီကျွင်းရှင်းနှင့် ဟယ်ရှီးရှင်တို့က ဘိုးဘေးများထက် ပိုမိုထူးချွန်သူများဖြစ်ကြပြီး သူတို့၏ဂုဏ်သတင်းက ထိုက်စုယွမ်ကျွင်း ‘တောက်ယွိ’ ထက်ပင် ကြီးမားကြသည်။
သို့ပေသိ ရန်တိက သူတို့ကို ဖြတ်ကျော်တက်သွားခဲ့သည်။
လွန်ခဲ့သောနှစ်အနည်းငယ်က အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်သည်ပင် တစ်ယောက်မှ မရှိသော ဝါဒတောင်သည် ယခုတော့ ကြယ်တံခွန်တစ်စင်းပမာ မြင့်တက်လာခဲ့ပြီး ‘လူသားအထွတ်ထိပ်အဆင့်’ ကျင့်ကြံသူပင် ထွက်ပေါ်လာပေပြီ။
နောက်ထပ်ရောက်ရှိလာသည့်သတင်းများက ပို၍ပင် အံ့သြစရာ ကောင်းလှသည်။
“’ရန်’ ဂိုဏ်းချုပ် လူသားအထွတ်ထိပ်အဆင့်ကို တက်ရောက်ပြီးတာနဲ့ မြေကမ္ဘာထိပ်တန်းအရှင်သခင်နဲ့ အထက်ရပ်ထိပ်တန်းအရှင်သခင်ကို ဆက်တိုက်ဆိုသလို အနိုင်ယူခဲ့တယ်”
ထိုသတင်းကိုကြားရတော့ လူအများ ထိတ်လန့်တုန်လှုပ်သွားကြသည်။
“မြေကမ္ဘာထိပ်တန်းအရှင်သခင်မှာ အမတမှော်ဝင်ပစ္စည်းရှိတာတောင် ‘ရန်’ ဂိုဏ်းချုပ်ကို ရှုံးနိမ့်သွားတာလား...”