← Chapters

ရန်ကျောက်ကဲ၏တန်ပြန်တိုက်ခိုက်မှု

Vol. 83 Ch. 1169

ရန်ကျောက်ကဲ၏တန်ပြန်တိုက်ခိုက်မှု

Vol. 83 Ch. 1169

အခန်း (၁၁၆၉) ရန်ကျောက်ကဲ၏တန်ပြန်တိုက်ခိုက်မှု

ပတ်ဝန်းကျင်မှလူများ၏ အကြည့်များပြောင်းလဲသွားကြောင်း ရန်ကျောက်ကဲ သတိပြုလိုက်မိသော်လည်း သူက ထိုအကြောင်း စကားအများကြီးမပြောတော့ဘဲ ရှောင်အိုက် ပျော်ရွှင်စွာဖြင့် အရှေ့ဘက်သို့ ဦးတည်ထွက်ခွာသွားသည်ကို ကြည့်နေခဲ့သည်။

ပြီးမှ သူ ယွမ်ကျိုးမြို့တော်သို့ ပြန်ရောက်နေကြသည့် ချိုးကျားဟိုင်နှင့် ဝမ်ဖူတို့ကို လှည့်ကြည့်လိုက်သည်။

“ဓားငှားတဲ့အတွက် ကျေးဇူးတင်ပါတယ် ဂိုဏ်းတူအစ်ကို’ဝမ်’”

ပြောပြီးသည်နှင့် ရန်ကျောက်ကဲက လက်ဖဝါးတစ်ဖက်ကို ဖြန့်လိုက်ရာ သူ့လက်ထဲတွင် ရွှေရောင်မှိန်ဖျော့ဖျော့အလင်းရောင်တောက်ပနေသော ရှေးဟောင်းဓားတစ်လက် ထွက်ပေါ်လာသည်။

အမတမှော်ဝင်ဓားတစ်လက်ဖြစ်သော “မူလဖွင့်လှစ်ဓား” ပင် ဖြစ်၏။

လက်ရှိအချိန်တွင် ဓားစွမ်းအားကို နှိုးဆွခြင်းမရှိသဖြင့် မှော်ဝင်သည့်တန်ခိုးစွမ်းအားများ ပျောက်ကွယ်နေကာ သာမန်ဓားတစ်လက်ပမာ ရှိနေသည်။

သို့သော် လူတစ်ယောက်က ထိုရှေးဟောင်းဓားကို အာရုံစူးစိုက်ကြည့်လိုက်မည်ဆိုပါက ထိုသူ၏ဝိညာဉ်မှာ ထိုဓားထဲတွင်နစ်မြုပ်သွားပြီး မိမိကိုယ်ကို သတိပြန်ဝင်လာအောင် ပြုလုပ်နိုင်တော့မည် မဟုတ်ပေ။ ဝိညာဉ်က ဓားသွားကို စွဲလန်းသွားပြီး သတိမပြုမိခင်မှာပင် ဓားဝိညာဉ်ကြောင့် ဒဏ်ရာရသွားမည် ဖြစ်သည်။

မူလဖွင့်လှစ်ဓား၏ ဓားဝိညာဉ်က အလွန်ပြင်းထန်ခြင်းမရှိသော်လည်း ဓားဆိုသည်က နဂိုကပင် လူသတ်လက်နက်ဖြစ်လေရာ အခြားသော ရတနာပစ္စည်းများနှင့်ယှဉ်လျှင် ထက်ရှမှုက လွန်ကဲလှသည်။

ဝမ်ဖူက မချိပြုံးတစ်ချက်ပြုံးရင်း ရှေးဟောင်းဓားကို ယူလိုက်သည်။

“ကျောက်ကဲ... မင်း မြေကမ္ဘာထိပ်တန်းအရှင်သခင်ကို သတ်လိုက်မယ်လို့ ငါ တကယ် ထင်မထားမိဘူး......”

ရန်ကျောက်ကဲက...

“ငါတို့က ရန်သူတွေဆိုပေမယ့် မြေကမ္ဘာထိပ်တန်းအရှင်သခင်က တကယ့်ကို စိတ်ဓာတ်ပြင်းထန်လွန်းတယ်”

သူက ဆက်ပြောသည်။

“ဒီတစ်ခေါက် သူ့ကိုမသတ်ဘူးဆိုရင် သူဖြစ်ချင်တာဖြစ်ရတဲ့အချိန်အထိ အဆက်မပြတ် ဒုက္ခပေးနေဦးမှာပဲ ၊ ဒီတစ်ခေါက် သူ အမေ့ကို ဒုက္ခရောက်အောင်လုပ်တယ်လေ ၊ ကျွန်တော်လည်း ရွေးချယ်စရာမရှိလို့ လုပ်လိုက်ရတာပါ”

ထို့နောက် ရန်ကျောက်ကဲက ဝမ်ဖူနှင့် ချိုးကျားဟိုင်ကို လက်နှစ်ဖက်ဆုပ်ဂါရဝပြုကာ တောင်းပန်လိုက်ရင်း...

“ဆရာဦးလေး’ယွဲ့’ နဲ့ ကျောက်စိမ်းကျောက်ဆောင်က ဂိုဏ်းတူအစ်ကိုတွေကို ဒုက္ခရောက်စေမိတဲ့အတွက် စိတ်ရင်းနဲ့ အနူးအညွတ်တောင်းပါတယ်ဗျာ”

ဝမ်ဖူနှင့် ချိုးကျားဟိုင်တို့နှစ်ယောက်လုံးက ထူးဆန်းစွာပြုံးရင်း ခေါင်းခါယမ်းလိုက်ကြသည်။

ချိုးကျားဟိုင်က သက်ပြင်းရှည်တစ်ချက်ချရင်း...

“ပြီးတာက ပြီးသွားပါပြီ ၊ အခုတော့ နောက်ပိုင်းဖြစ်လာမယ့်ပြဿနာတွေကို ဘယ်လိုရင်ဆိုင်မလဲဆိုတာပဲ အဖြေရှာကြရအောင်...”

သူက ဆက်ပြောသည်။

“ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က ဘယ်အချိန် တံခါးပိတ်ကျင့်ကြံရာက ထွက်လာမလဲ ၊ တိဟွမ်မြေကမ္ဘာဧကရာဇ်နဲ့ ဆရာလည်း အထက်ဘုံကမ္ဘာကို ဘယ်တော့ပြန်ရောက်မလဲ ၊ ဒီကိစ္စတွေမှာ ဘယ်ကိစ္စအရင်ဖြစ်လာမလဲဆိုတာ တကယ့်ကို အရေးကြီးတယ်”

ရန်ကျောက်ကဲက...

“ငါ အားလုံးစီစဉ်ထားပြီးပါပြီ...”

မြောက်ပိုင်း နက်ရှိုင်းကောင်းကင်ပြည်နယ်တွင် နက္ခတ်ဧကရာဇ် ရှိနေနိုင်ကြောင်း အခြေအနေအသေးစိတ်ကို ရန်ကျောက်ကဲက အကျဉ်းချုံး ရှင်းပြလိုက်သည်။

ရန်ကျောက်ကဲက ပွင့်လင်းစွာပင်...

“ငါ အထက်ဘုံကမ္ဘာက ထွက်သွားရဦးမယ်ထင်တယ် ၊ ဂိုဏ်းတူအစ်ကိုတို့ ကိစ္စတစ်ခုခုရှိတယ်ဆိုရင် အဖေနဲ့ ဆက်သွယ်စေချင်ပါတယ် ၊ နောက်ထပ်လည်း ဒုက္ခပေးရဦးမှာမို့လို့ ကြိုပြီး ကျေးဇူးတင်စကားပြောထားပါရစေ”

ဝမ်ဖူက တိတ်ဆိတ်နေသည်ဖြစ်ရာ ချိုးကျားဟိုင်က သူ့ကို လှမ်းကြည့်လိုက်သည်။

ဝမ်ဖူက စိတ်နေစိတ်ထားတည်ငြိမ်ပြီး ဟန်ဆောင်ကောင်းကာ ရှေးရိုးဆန်သူဖြစ်သည်။

သူက မူလဖွင့်လှစ်ဓားကို ရန်ကျောက်ကဲအား ငှားယမ်းလိုက်ရသည့်အကြောင်းရင်းမှာ ရန်သူက အင်အားကြီးသဖြင့် ‘ရန်’ သားအဖ အန္တရယ်ကင်းစေရန် ဖြစ်သည်။

သို့သော် မမျှော်လင့်စွာပင် ရန်ကျောက်ကဲတို့ဘက်မှ အောင်မြင်မှုအကြီးအကျယ်ရရှိခဲ့ပြီး မြေကမ္ဘာထိပ်တန်းအရှင်သခင် ‘ဝမ်ကျန်းချန်’ ကိုပင် သတ်ဖြတ်ပစ်ခဲ့သည်။

ဤသည်က ဝမ်ဖူ တွေးထင်ထားသလို မဟုတ်ခဲ့ပေ။

သူက ရန်ကျောက်ကဲတို့သားအဖအား ချီလင်ကမ်းပါး၏ ဖိအားများကိုတွန်းလှန်ရန် ကူညီပေးခြင်းဖြစ်သော်လည်း ယခုတော့ ကျောက်စိမ်းကျောက်ဆောင်နှင့် ချီလမ်းကမ်းပါး လုံးဝ ကွဲပြားသွားပြီး တရားဝင်စစ်ပွဲစတင်သည်အထိ ဖြစ်ရပေတော့မည်။

သို့သော် ဤအကြောင်းများကိုသိရှိပြီးနောက် သူ၏ဆရာ ယွဲ့ကျန့်ပေ မည်သို့တုံ့ပြန်မည်ကို ခန့်မှန်းကြည့်နိုင်သည်ဖြစ်ရာ ဝမ်ဖူမှာ သက်ပြင်းသာ ချနိုင်ခဲ့သည်။

ဝမ်ဖူက...

“ကျောက်ကဲ... မင်း လုပ်စရာရှိတာ ဆက်လုပ်ပါ ၊ အခြေအနေတွေတည်ငြိမ်အောင် ငါ ဆရာဦးလေး’ရန်’ ကို ကူညီပေးပါ့မယ် ၊ နက္ခတ်ဧကရာဇ် အချိန်မီရောက်လာနိုင်ရင်တော့ အကောင်းဆုံးပေါ့”

ရန်ကျောက်ကဲက တောင်းပန်ဟန်ဖြင့် စကားဆိုလိုက်သည်။

“ကျေးဇူးတင်ပါတယ် ဂိုဏ်းတူအစ်ကို’ဝမ်’ နဲ့ ဂိုဏ်းတူအစ်ကို’ချိုး’”

သူနှင့် ကျောက်စိမ်းကျောက်ဆောင်က ရထားတွဲပမာ အတိုင်းအတာတစ်ခုအထိ ချိတ်ဆက်ထားသည်။

လူအများကို လှည့်စားရာတွင် ရန်ကျောက်ကဲသည် ဘယ်သောအခါမှ ကရုဏာတရားမရှိခဲ့သော်လည်း ယခုအချိန်မှာတော့ ဝမ်ဖူတို့အုပ်စုအတွက် အမှန်တကယ်ပင် စိတ်မကောင်းဖြစ်နေမိသည်။

ယခုအချိန်တွင် စကားများအပိုပြောမည်ဆိုပါက ဟန်ဆောင်ပန်ဆောင် ဖြစ်နေပေမည်။ ထို့ကြောင့် သူက စိတ်ထဲတွင်သာ စကားလုံးများကို သိမ်းဆည်းထားလိုက်သည်။

အခြားတစ်ဖက်တွင် ဝမ်ဖူတို့အုပ်စုမှာလည်း တသမတ်တည်းသော အမူအကျင့်ဆိုင်ရာ အခြေခံမူများကို လိုက်နာကြသူများ ဖြစ်ကြလေရာ ကြုံတွေ့လာမည့်ပြဿနာကိုရင်ဆိုင်ရင်း နောက်ဆက်တွဲပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် အစွမ်းကုန် ကြိုးစားကြမည် ဖြစ်သည်။

ရန်ကျောက်ကဲက...

“ဒါနဲ့... အကူအညီတောင်းစရာတစ်ခု ရှိသေးတယ် ၊ ငါ့အမေနဲ့ အနောက်မြောက်ပင်လယ်နီကြားက ရန်ငြိုးအတွက် ကူညီပြီး ညှိနှိုင်းပေးစေချင်ပါတယ်”

သူက ဆက်ပြောသည်။

“အမေ့ဆီမှာရှိနေတဲ့ အနောက်မြောက်ပင်လယ်နီက ရတနာပစ္စည်းတွေကိုပြန်ပေးဖို့ အဖေကလည်း အမေ့ကို ဖျောင်းဖျပါလိမ့်မယ်”

အနောက်မြောက်ထိပ်တန်းအရှင်သခင် လျန်ကျူးလင်က ရွှယ်ချူးချင်နောက်သို့ လိုက်နေသူဖြစ်သော်လည်း ဝါဒ‌တောင်ဖွင့်ပွဲအခမ်းအနားတွင် ‘ရန်’ အိမ်တော်နှင့် ကျောက်စိမ်းကျောက်ဆောင်အကြား ဆက်နွယ်မှုကို သိရှိပြီးနောက် ဆက်မလိုက်တော့ဘဲ ရပ်တန့်ခဲ့သည်။

ရန်ကျောက်ကဲက လက်နှစ်ဖက်ဆုပ်ဂါရဝပြုလိုက်ရင်း...

“တကယ်လို့ ရတနာတွေ ဆုံးရှုံးသွားရင် ဒါမှမဟုတ် ပျက်ဆီးသွားခဲ့ရင် အနောက်မြောက်ထိပ်တန်းအရှင်သခင်ရဲ့ ဆုံးရှုံးမှုကို ပေးလျော်နိုင်ဖို့ တတ်နိုင်သမျှ ကြိုးစားပါ့မယ်”

ဝမ်ဖူက ခေါင်းခါယမ်းရင်း...

“ဂိုဏ်းတူညီလေး’ရန်’ ... အားနာစရာမလိုပါဘူးကွာ ၊ ဒါနဲ့ မင်း အခု မြောက်ပိုင်း နက်ရှိုင်းကောင်းကင်ပြည်နယ်ကို သွားတော့မှာလား”

ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...

“ကျွန်တော် ခွန်လွန်တောင်ကို အရင်သွားလိုက်ဦးမယ် ၊ ပြီးမှ မြောက်ပိုင်းကိုသွားမယ်”

ထိုစကားကိုကြားတော့ ရုတ်တရက် ဝမ်ဖူ တုန်လှုပ်သွားသည်။

သို့သော် ရန်ကျောက်ကဲက ဝမ်ကျန်းချန်ကိုပင် သတ်လိုက်ပြီဖြစ်ရာ ထို့ထက်ပိုပြီး ထိတ်လန့်စရာကောင်းသည့်အချက် မရှိတော့ပေ။ အခြားအရာများက အရေးမပါလှတော့ပေ။

ဝမ်ဖူက စိတ်ကိုတည်ငြိမ်အောင် ကြိုးစားလိုက်ပြီး...

“မင်း ဘယ်ကိုသွားမလို့လဲ...”

“အဟက်ဟက်....”

ရန်ကျောက်ကဲ ရယ်မောလိုက်၏။

စိတ်တည်ငြိမ်အောင်ကြိုးစားပြီး ပြုံးနေသော ဝမ်ဖူမှာ တုန်လှုပ်မှုကို ထပ်မံခံစားလိုက်ရပြန်သည်။

ရန်ကျောက်ကဲက ရယ်မောရုံသာ ရယ်မောနေပြီး မည်သည့်စကားမှမဆိုဘဲ ချိုးကျားဟိုင်ကို လှည့်ကြည့်လိုက်သည်။

“လေလံပွဲလာတဲ့ဧည့်သည်တွေ စိတ်ကျေနပ်အောင်ကူညီပေးဖို့ အစ်ကို’ချိုး’ ကို တောင်းဆိုပါတယ်ဗျာ ၊ ထျန်းကျိခန်းမ လစဉ်ဖွင့်လှစ်မှုက ပုံမှန်အတိုင်း ဆက်လက်လုပ်ဆောင်သွားမှာပါ ၊ ဒါပေမဲ့ အထူးမှာကြားထားတဲ့ ပစ္စည်းတွေအတွက်တော့ အချိန်အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားချင်တယ် ၊ အရေးတကြီးလိုချင်တယ်ဆိုရင်လည်း သည်းခံစောင့်ပေးဖို့ပြောရမှာပဲ”

ရန်ကျောက်ကဲကိုယ်တိုင်က တခြားအရာများနှင့် အလုပ်ရှုတ်နေပြီး မတည်မငြိမ်ဖြစ်နေလေရာ လက်နက်ပစ္စည်းများပြုလုပ်ရန် နဂါးလိပ်ပြာတောင်ကြားတွင် နေထိုင်နိုင်မည် မဟုတ်ပေ။

ခန်းမဖွင့်လှစ်ပြီး ရောင်းချရန်ရတနာပစ္စည်းများက ရက်သတ္တပတ်များစွာအတွက် ကျန်ရှိနေသေးသည်။ သို့သော် စိတ်ကြိုက်ပစ္စည်းမှာယူသည့် ဝန်ဆောင်မှုကတော့ သူ အချိန်ရသည်အထိ စောင့်ဆိုင်းရမည်သာပင်။

ချိုးကျားဟိုင်တို့အား ထျန်းကျိခန်းမ နောက်ဆက်တွဲကိစ္စများကို ကူညီပေးပါရန် တောင်းဆိုပြီးနောက် ရန်ကျောက်ကဲ ခွန်လွန်တောင်သို့ ထွက်ခွာလာခဲ့သည်။

ဝမ်ဖူက ရန်ကျောက်ကဲနှင့်အတူ ခွန်လွန်တောင်သို့ လိုက်ပါလာခဲ့သည်။

အဝေးတွင်ရှိနေသော တောင်ထွတ်တစ်ခုအား လှမ်းမြင်လိုက်သည့်အခါ ဝမ်ဖူမှာ အတော်လေး မျက်နှာမကောင်း ဖြစ်သွား၏။

ရန်ကျောက်ကဲက ပြုံးရင်း...

“ငါတစ်ယောက်တည်းပဲ သွားလိုက်မယ် အစ်ကို’ဝမ်’”

ထို့နောက် သူက လေထဲသို့ ပျံသန်းသွားပြီး တောင်ပေါ်သို့ ထွက်ခွာသွားသည်။

အားဟူက သိချင်စိတ်ဖြင့်...

“ဆရာ’ဝမ်’... အဲဒီနေရာက ဘယ်နေရာလဲ”

ဝမ်ဖူက အံတင်းတင်းကြိတ်ရင်း...

“ချင်းယွမ်ဧကရာဇ်ရဲ့တာအိုနယ်မြေဖြစ်တဲ့ ပုံရိပ်ယောင်တောင်ထွတ်ပဲ….”

ခွန်လွန်တောင် ၊ ပုံရိပ်ယောင်တောင်ထွတ်ဆိုသည်က ချင်းယွမ်ဧကရာဇ် စံမြန်းရာ တာအိုနယ်မြေ ဖြစ်သည်။

ထွက်ခွာသွားသော ရန်ကျောက်ကဲ၏ကျောပြင်ကိုကြည့်ရင်း ဝမ်ဖူ၏မျက်နှာ တဖြည်းဖြည်း ညှိုးနွမ်းသွားသည်။ ရန်ကျောက်ကဲ ဤနေရာသို့ အဘယ့်ကြောင့်လာရောက်သည်ကို တစ်ချက်တွေးရုံဖြင့် သဘောပေါက်နိုင်သည်။

ရန်ကျောက်ကဲ ဤနေရာသို့လာရောက်သည်မှာ သူ၏အမျက်ဒေါသကို ထုတ်ဖော်ရုံသာမက အထက်ဘုံကမ္ဘာတစ်ခုလုံးသို့ သတင်းစကားပါးရန် ဖြစ်သည်။

တိတ်ဆိတ်သည့် ကြေငြာမှုတစ်ခု...။

အထက်ဘုံကမ္ဘာရှိ ဧကရာဇ် (၃)ပါးနှင့် အုပ်စိုးရှင် (၅)ပါးဆိုသော လက်ရှိဖွဲ့စည်းအုပ်ချုပ်ပုံကို တုန်လှုပ်စေသော ကြေငြာချက်တစ်ခု ပေးရန် ဖြစ်သည်။

ရန်ကျောက်ကဲ ဝမ်ကျန်းချန်ကို သတ်ဖြတ်ပြီးသည့်နောက် အထက်ဘုံကမ္ဘာရှိလူတိုင်း စိတ်ရှုပ်ထွေးသွားပြီး နောက်ဆက်တွဲအခြေအနေများကို စောင့်ကြည့်နေခဲ့သည်။

ယခု ရန်ကျောက်ကဲနှင့် ဝွဒတောင်က ထိုသို့စောင့်ကြည့်နေသူများကို ရှင်းလင်းသည့် ထုတ်ပြန်ချက်တစ်ရပ် ပေးအပ်မည် ဖြစ်သည်။

‘ရန်’ အိမ်တော်နှင့် ဝါဒတောင်အနေဖြင့် ချီလင်ကမ်းပါးကို တောင်းပန်စကားဆိုရန် သို့မဟုတ် ခေါင်းငုံ့ရန် ရည်ရွယ်ချက်မရှိဆိုသော သတင်းစကား ဖြစ်သည်။

ဝါဒတောင်တစ်ဂိုဏ်းလုံး အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ်သို့ ရွှေ့ပြောင်းသွားပြီး အရှေ့ပိုင်း၏ အရှင်သခင် ဖြစ်လာခဲ့သည်။ ဤသည်မှာ တာအိုဝါဒ၏ အရှေ့ပိုင်းတောင်ထွတ်ဖြစ်သော ဝါဒတောင်အားတည်ထောင်ရန် ပထမ ခြေလှမ်း ဖြစ်၏။

ယခု ရန်ကျောက်ကဲက ဒုတိယခြေလှမ်းကို လှမ်းနေခြင်း ဖြစ်သည်။

ရန်ကျောက်ကဲ လေထဲတွင် လမ်းလျှောက်သွားရင်း ပုံရိပ်ယောင်တောင်ထွတ်သို့ ရောက်ရှိသွားသည်။

“ချန်းဧကရာဇ်က ငါတို့ဝါဒ‌တောင်ကို နှစ်ကြိမ်တောင် လာရောက်လည်ပတ်တာဆိုတော့ ဒီ ‘ရန်’ က ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ပါဘူး”

သူက ဆက်ပြောသည်။

“ဒီနေ့ လက်ဆောင်ပေးဖို့ ရောက်လာခဲ့တာပါ ၊ ချန်းဧကရာဇ် တောင်ပေါ်မှာများ ရှိမလား”

ထို့နောက် သူက လက်ဖဝါးကို အထက်သို့ပင့်မြှောက်လိုက်ပြီး အောက်ဘက်ရှိ ပုံရိပ်ယောင်တောင်ထွတ်အား ဖိနှိပ်ချလိုက်သည်။

ရန်ကျောက်ကဲ၏လက်ဝါးရိုက်ချက်ဖြင့် ဖိနှိပ်ခံရည်နှင့် မူလက တိမ်စိုင်များအလယ် မြင့်မားစွာတည်ရှိနေသော ပုံရိပ်ယောင်တောင်ထွတ်မှာ လက်ဖက်ရည်ပန်းကန်လုံးအရွယ်သို့ ကျုံ့ဝင်သွားခဲ့လေသည်။

All Chapters