← Chapters

ခွန်လွန်တောင်ကိုတိုက်ခိုက်ရဲသလား

Vol. 83 Ch. 1170

ခွန်လွန်တောင်ကိုတိုက်ခိုက်ရဲသလား

Vol. 83 Ch. 1170

အခန်း (၁၁၇၀) ခွန်လွန်တောင်ကိုတိုက်ခိုက်ရဲသလား

ချင်းယွမ်ဧကရာဇ်က အ‌ရှေ့တောင်နေဝန်းကောင်းကင်ပြည်နယ် ၊ ကျူတောပင်လယ်ဒေသသို့ သွားရောက်ခဲ့ပြီး ထိုနေရာတွင်လျှို့ဝှက်တည်ရှိနေသော နှောင်းပိုင်းမြေကမ္ဘာကျမ်းစာကို ရယူရန် ကြိုးစားခဲ့သည်။

သို့သော် နျဲ့ကျင်းရှန်၏ တားဆီးခြင်းကို ခံခဲ့ရသည်။

နောက်ပိုင်းတွင် ရန်ကျောက်ကဲတို့သားအဖက အနက်ရောင်ပိုးသားဧကရာဇ် ၊ ချန်ချန်းဟွာ ၊ ဝမ်ကျန်းချန်နှင့် အခြားသူများကို ဆက်တိုက်အနိုင်ယူခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာသည်။

အထူးသဖြင့် ရန်တိက အရှေ့ပိုင်းထိပ်တန်းအရှင်သခင် တာအိုဆရာ’ထျန်းယိ’ ကို သတ်ဖြတ်ပြီး ရန်ကျောက်ကဲက မြေကမ္ဘာထိပ်တန်းအရှင်သခင် ‘ဝမ်ကျန်းချန်’ ကို သတ်ဖြတ်ခဲ့သည်။ ထိုအခြေအနေများကို ကြားသိရပြီးနောက် သူလုပ်နိုင်သည့်အရာ ဘာမှမရှိတော့ကြောင်း ချန်းဧကရာဇ် နားလည်ခဲ့သည်။

ဝမ်ကျန်းချန်နှင့် ချန်ချန်းဟွာတို့ကြောင့် နျဲ့ကျင်းရှန်က ရန်တိတို့ကိုကူညီရန် ပြန်လည်ဆုတ်ခွာသွားမည်ဟု သူက မျှော်လင့်ခဲ့သည်။

အဆုံးသတ်မှာတော့ နျဲ့ကျင်းရှန်က နေရာမှာပင် ခိုင်မာစွာရပ်တည်နေပြီး မည်သည့်နေရာသို့မှ ထွက်ခွာသွားခဲ့ခြင်း မရှိပေ။

ဟုတ်ပေ၏။

နျဲ့ကျင်းရှန်က သူ့ကို ဘာမှလုပ်နိုင်မည် မဟုတ်ပေ။

သို့ပေသိ ရန်ကျောက်ကဲသာ မူလဖွင့်လှစ်ဓားနှင့်အတူ အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်သို့ ရောက်ရှိလာပါက သူ့အနေဖြင့် အန္တရယ်ကင်းနိုင်မည် မဟုတ်ပေ။

သူက ဤခရီးစဉ်အား မျှော်လင့်ချက်အပြည့်ဖြင့် လာရောက်ခဲ့ပြီး နှောင်းပိုင်းမြေကမ္ဘာကျမ်းစာသည်လည်း သူနှင့်လက်တစ်ကမ်းအကွာသို့ ရောက်ရှိနေသည့်တိုင် အဆုံးသတ်မှာတော့ စိတ်ပျက်လက်ပျက် လက်ဗလာဖြင့် ပြန်သွားခဲ့ရတော့သည်။

ကျူတောပင်လယ်ဒေသမှ ထွက်ခွာသွားပြီးနောက် ချန်းဧကရာဇ်မည်သည့်နေရာသို့ ရောက်ရှိသွားသည်လဲ ရန်ကျောက်ကဲ မသိရှိပေ။

သို့သော် ရန်ကျောက်ကဲက တိုက်ခိုက်မှုကိုတော့ ရပ်တန့်မည် မဟုတ်ပေ။

သူက စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ် တစ်ချက်တည်းဖြင့် ချင်းယွမ်ဧကရာဇ်၏ တာအိုနယ်မြေဖြစ်သော ‘ပုံရိပ်ယောင်တောင်ထွတ်’ အား ရိုက်နှက်ပစ်လိုက်သည်။

ရန်ကျောက်ကဲ လှုပ်ရှားပြီးသည်နှင့် ပုံရိပ်ယောင်တောင်ထွတ်ထက်ရှိ ကောင်းကင်ယံတွင် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

ထိုအလင်းတန်းက မြေဝါရောင်ဖြစ်သော်လည်း ကြည်လင်တောက်ပနေပြီး ခိုင်မာသိပ်သည်းသော်လည်း အသက်ဓာတ်စွမ်းအား အပြည့်ရှိသည်။

ရန်ကျောက်ကဲ၏ မျက်လုံးရှေ့မှာပင် ထိုအလင်းတန်းက သိပ်သည်းသောမြေပြင်တစ်ခုအဖြစ်ပြောင်းလဲသွားသည်။ ထိုမြေပြင်က မြေကမ္ဘာထိပ်တန်းအရှင်သခင် ‘ဝမ်ကျန်းချန်’ ၏ ယင်ယန်တောင်နှင့်မြစ်ရေကားချပ်နှင့် ကောင်းစွာ ယှဉ်ပြိုင်နိုင်စွမ်းရှိသည်။

ထိုမြေပြင်ထက်တွင် ကြီးမားသော သစ်ပင်ကြီးတစ်ပင် ထွက်ပေါ်လာပြီး အကိုင်းအခက်အလက်များက လှုပ်မ်းလျှက် အမိုးခုံးတစ်ခုပမာ ကွေးညွှတ်သွားကာ ကော်းကင်ကို ထမ်းပိုးထားသည့်အလား ဖြစ်၏။

ရန်ကျောက်ကဲ၏လက်ဝါးရိုက်ချက်က ထို ဧရာမသစ်ပင်ကြီး၏ ထိပ်တည့်တည့်သို့ ကျရောက်သွားသည်။

ကြုံးဝါးသံများအလယ်တွင် ကောင်းကင်ထောက်တိုင်ပမာဖြစ်နေသော သစ်ပင်ကြီး၏ အကိုင်းအခက် အရွက်များအားလုံး ရုတ်တရက် ကွေးညွှတ်သွားပြီး ထူထဲသည့်ပင်စည်သည်ပင် တုန်လှုပ်သွားသည်။

ရန်ကျောက်ကဲက လေထုထဲတွင် မတ်တတ်ရပ်ရင်း...

“ချန်းဧကရာဇ်... အရင်တုန်းက ကျူတောပင်လယ်ဒေသမှာ ငါ ပြောခဲ့တယ်လေ ၊ ငါ နတ်ဘုရားအဆင့် မရောက်သေးဘူးဆိုရင်တောင် မင်းငါ့ကိုတားဆီးနိုင်မှာ မဟုတ်ဘူးဆိုတာ...”

ကောင်းကင်ထောက်တိုင်ကြီးပမာ ထူထဲလှသည့် ဧရာမသစ်ပင်ကြီးမှာ ရန်ကျောက်ကဲ၏လက်ဖဝါးအောက်တွင် မြစ်ပင်တစ်ပင်ပမာ ကြေမွလွယ်နေသည်ပင်။

“အခု ငါ စကားတည်တယ်နော် ၊ ချန်းဧကရာဇ်က ကိုယ်တိုင်ထွက်ပြီး မစမ်းသပ်ကြည့်ရဲဘူးလား”

ထို့နောက် သူက လက်ဝါးဖြင့်ဖိနှိပ်ချလိုက်ရာ ကြီးမားသောသစ်ပင်ကြီးမှာ တဖြည်းဖြည်း ကွေးညွှတ်သွားခဲ့သည်။

ထိုအချိန် ပုံရိပ်ယောင်တောင်ထွတ်တစ်ဝိုက်မှ မြေပြင်က ရုတ်တရက် တုန်ခါသွားသည်။

ထို့နောက် မြေပြင်ထက်မှ အလင်းတန်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး ရှုပ်ထွေးပြီး လျှို့ဝှက်ဆန်းကြယ်သော အစီအရင်မျဉ်းကြောင်းများအဖြစ် ပြောင်းလဲသွားသည်။

ပုံရိပ်ယောင်တောင်ထွတ်ကို ဗဟိုပြုပြီး တစ်ဖက်တစ်ချက်စီတွင် မြေပြင်ထက်မှ ချီစွမ်းအားတိုင်လုံးကြီးများ ရုတ်တရက် ထိုးဖောက်ထွက်လာသည်။ မြေပြင်ထက်မှ စမ်းရေများပန်းထွက်သည့်ပမာ ရုတ်တရက် ပေါက်ကွဲထွက်ပြီး ကောင်းကင်ထိတိုင် မြင့်တက်သွားသည်။

ချီစွမ်းအားတိုင်လုံး (၄)ခုက စိမ်းပြာရောင် ၊ အနီရောင် ၊ အဖြူရောင်နှင့် အနက်ရောင် (၄)မျိုး ဖြစ်သည်။

စိမ်းပြာရောင်ချီစွမ်းအားတိုင်လုံးက အသက်ဓာတ်စွမ်းအားများနှင့်ပြည့်ဝနေပြီး အဆုံးမရှိသော အသက်ဓာတ်စွမ်းအားကို ထုတ်ဖော်ပြသလျှက် ရှိသည်။

အနီရောင်ချီစွမ်းအားတိုင်လုံးကတော့ မီးကဲ့သို့ပူပြင်းလောင်မြိုက်နေပြီး မီးစွမ်းအားအနှစ်သာရများ ဖြန့်ကျက်ထားသည်။

အဖြူရောင် ချီစွမ်းအားတိုင်လုံးကြီးကတော့ အလွန်ထက်ရှဟန်ရှိပြီး သတ္တုစွမ်းအားများ ထွက်ပေါ်နေသည်။

အနက်ရောင်ချီစွမ်းအားတိုင်လုံးကြီးကတော့ အလွန်အင်အားကြီးမားပြီး ကျယ်ပြောသော မြစ်များ ၊ ရေကန်များနှင့် ပင်ယ်များ စုဝေးနေသည့်ပမာ တန်ခိုးစွမ်းအားကို ပြသသည်။

ဤ တိုင်လုံးကြီး (၄)ခုနှင့်အတူ ပုံရိပ်ယောင်တောင်ထွတ်က အထက်သို့ မြင့်တက်လာသည်။

အဝါရောင်နဂါးများပမာ မြေလွှာအခိုးအငွေ့များက ပုံရိပ်ယောင်တောင်ထွတ်ထက်တွင် လွင့်ပျံနေပြီး မြေပြင်၏အသွင်အပြင်က ပိုမိုခိုင်မာထူထပ်လာသည်။

ဒြပ်စင်စွမ်းအား (၅)မျိုး အတူတကွ လုပ်ဆောင်ပြီးနောက် အစီအရင်မျဉ်းကြောင်းများက လေထဲတွင် အလင်းစက်ဝန်းများအဖြစ် လှည့်ပတ်နေလျှက် အရှေ့ ၊ အနောက် ၊‌ တောင် ၊ မြောက် အရပ် (၄)မျက်နှာကိုဗဟိုပြုကာ ဝင်ပေါက် (၅)ခုအဖြစ် အသီးသီး နေရာယူကြသည်။

ရန်ကျောက်ကဲလက်ဝါးရိုက်ချက်ကြောင့် ကွေးညွှတ်သွားသည့် မြင့်မားသောသစ်ပင်ကြီးမှာ ကြီးမားသော ပင်မအစီအရင်ကြီး၏ အကူအညီဖြင့် ပြန်လည်အသက်ဝင်လာသည်။ သစ်ပင်ကြီးက ပြိုလဲသွားခြင်းမရှိတော့ဘဲ ရန်ကျောက်ကဲ၏ လက်ဝါးရိုက်ချက်အား တောင့်ခံထားသည်။

ရန်ကျောက်ကဲက အစီအရင်ကြီးကို ရွှင်မြူးစွာစူးစိုက်ကြည့်ရင်း ချီးကျူးစကား ဆိုလိုက်သည်။

“ကျူတောပင်လယ်ဒေသမှာကတည်းက ချန်းဧကရာဇ် အစီအရင်ပညာမှာ ထူးထူးခြားခြား ပါရမီပါတယ်ဆိုတာ သိထားပြီးသားပါ ၊ ဒီနေ့ ဒီလိုမျိုး ပင်မအစီအရင်ကြီးကိုတွေ့မြင်ရတော့ ဧကရာဇ်မင်းရဲ့ ဂုဏ်သတင်းက အတုအယောင်မဟုတ်ဘူးဆိုတာ သက်သေပြနိုင်ပါပြီ”

သူက ဆက်ပြောသည်။

“ဒါပေမဲ့ ငါ့ရဲ့ကျင့်ကြံခြင်းအဆင့်က အရင်ကနဲ့မတူတော့ဘူး”

သူက စိတ်မကောင်းဟန်ဖြင့် ခေါင်းခါယမ်းရင်း...

“ကံမကောင်းတာက ချန်းဧကရာဇ်နဲ့ မျက်နှာချင်းဆိုင် မတိုက်ခိုက်နိုင်တာပါပဲ”

ဝမ်ဖူက အဝေးမှကြည့်ရင်း...

“အထက်ရပ်ထိပ်တန်းအရှင်သခင်က ပိုးသားဧကရာဇ်ရဲ့ တာအိုနယ်မြေဖြစ်တဲ့ မြောက်ဖေးတောင်ထွတ်ကို ချိုးဖျက်ခဲ့တယ်ဆိုပေမယ့် ကျောက်ကဲကတော့ ပုံရိပ်ယောင်တောင်ထွတ်ကို ချိုးဖျက်တာက လုံးဝ မတူညီတဲ့ကိစ္စတစ်ခုပဲ”

သူက ဆက်ပြောသည်။

“ချန်းဧကရာဇ်က အစီအရင်ပညာ အရမ်းတော်တယ် ၊ အထက်ဘုံကမ္ဘာရဲ့ အုပ်စိုးရှင် (၅)ပါးမှာ အစီအရင်ပညာ အတော်ဆုံးလို့ ပြောလို့ရတယ်”

ထို့ကြောင့် ပုံရိပ်ယောင်တောင်ထွတ်၏ ပင်မအရံအတားအစီအရင်က မြောက်ဖေးတောင်ထွတ်ထက် ပိုပြီးအင်အားကြီးသည်။

ချင်းယွမ်ဧကရာဇ်က သူ၏တောင်တံခါးကို ကာကွယ်ပြီး မြေပြင်အနေအထား အားသာချက်ကိုအသုံးပြုမည်ဆိုပါက သူ့တွင် အမတမှော်ဝင်ပစ္စည်းမရှိသည့်တိုင် အခြားသော အမတမှော်ဝင်ပစ္စည်းများ ၊ နတ်ဘုရားများနှင့် ဧကရာဇ်မင်းများကို ခုခံနိုင်ပေမည်။

ခွန်လွန်တောင်တစ်ခုလုံးတွင် ဧကရာဇ် (၃)ပါး၏ ကျောက်ဂူအိမ်တော်များပြီးလျှင် ပုံရိပ်ယောင်တောင်ထွတ်၏ မြေပြင်အနေအထားအားသာချက်က အမြင့်မားဆုံး ဖြစ်၏။

အားဟူက မျက်ခုံးထက်သို့ လက်ဖြင့်ကာလျှက် ပုံရိပ်ယောင်တောင်ထွတ်ဆီသို့လှမ်းကြည့်လိုက်သည်။

“ကြည့်ရတာ ချင်းယွမ်ဧကရာဇ် ဒီမှာ မရှိဘူးထင်တယ်”

ထို့နောက်သူက ခေါင်းတစ်ချက်ကုတ်ရင်း...

“သခင်လေး ၊ သခင်ကြီးနဲ့ တောင်ပိုင်းထိပ်တန်းအရှင်သခင် ‘နျဲ့ကျင်းရှန်’ တို့ အတူတူလာတိုက်မှာကိုကြောက်လို့ ချင်းယွမ်ဧကရာဇ် ပုန်းနေပြီ ထင်တယ် ၊ ပြီးတော့ မူလဖွင့်လှစ်ဓားသာပေါင်းလိုက်ရင် သူ့အတွက် ပြေးစရာနေရာမရှိတော့ဘူး”

ဝမ်ဖူက...

“ချင်းယွမ်ဧကရာဇ် ဒီမှာမရှိပေမယ့် ပုံရိပ်ယောင်တောင်ထွတ်က မြောက်ဖေးတောင်ထွတ်နဲ့မတူဘူး ၊ အစီအရင်စွမ်းအား အရမ်းမြင့်မားတယ်”

ထို့နောက် ဝမ်ဖူက မချိပြုံးတစ်ချက်ပြုံးရင်း သူ့လက်ထဲမှ မူလဖွင့်လှစ်ဓားကို ငုံ့ကြည့်လိုက်သည်။

“မင်း မြေကမ္ဘာထိပ်တန်းအရှင်သခင်ကို သတ်ပြီးပြီ... ဒီနေ့လည်း ပုံရိပ်ယောင်တောင်ထွတ်ကို ဖျက်ဆီးပစ်ဦးမလို့လားကွာ”

ထိုစကားကြားတော့ အားဟူက ရယ်မောရင်း...

“စိတ်မပူပါနဲ့ ဆရာ’ဝမ်’”

သူက ဆက်ပြောသည်။

“ချင်းယွမ်ဧကရာဇ် ဒီမှာမရှိဘူးဆိုရင် သခင်လေးက ခင်ဗျားဆီက ကောင်းကင်ဖွင့်ဓားကို ငှားမှာမဟုတ်ပါဘူး”

“ဒီနေရာက အစီအရင်အတွက်ကတော့...”

အားဟူစကားမဆုံးခင်မှာပင် ဝမ်ဖူ၏မျက်လုံးများ ပြူးကျယ်သွားရသည်။

ရန်ကျောက်ကဲက သူ၏လက်ဖဝါးဖြင့် အောက်ဘက်သို့ တွန်းချဖိနှိပ်ပြီးသည်နှင့် တိုက်ခိုက်မှုများကို ဆက်တိုက် ထုတ်ဖော်လိုက်သည်။

သူ၏ညာဘက်လက်က စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်အတိုင်း ထိန်းသိမ်းထားပြီး အင်းသင်္ကေတစ်ခု ပြုလုပ်ကာ ပုံရိပ်ယောင်တောင်ထွတ် ပင်မအစီအရင်ကြီးအား‌ အောက်သို့ ဖိနှိပ်ချလိုက်သည်။

ထို့နောက် သူ၏လက်ညှိုးနှင့်လက်ခလယ်က ဓားတစ်လက်ပမာ လေထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။

မြွေနှင့်လိပ် ရစ်နှောင်လျှက် ၊ ယင်နှင့်ယန် အချင်းချင်း ရစ်ခွေလျှက် ရွှမ့်ဝူသတ္တဝါ၏ ရုပ်ပုံ ထွက်ပေါ်လာသည်။

ထို့နောက် ရွှမ့်ဝူ သုတ်သင်ခံလိုက်ရပြီး ပြင်းထန်သောသွေးစက်များ ထွက်ပေါ်လာကာ ဓားအလင်းတန်းက ပြင်းထန်သော မုန်တိုင်းကဲ့သို့ ပုံရိပ်ယောင်တောင်ထွတ်အား အကာအကွယ်ပေးထားသည့် ပင်မအစီအရင်ကြီးထက်သို့ ကျရောက်သွားသည်။

ထိုအချိန်...

ပုံရိပ်ယောင်တောင်ထွတ်ထိပ်တွင် တာအိုဆရာတစ်ယောက်၏ ပုံရိပ်ပေါ်လာသည်။

သူက မုန်းတီးစက်ဆုပ်မှုအပြည့်ဖြင့်...

“ရန်ကျောက်ကဲ... မင်း သိပ်လွန်မလာနဲ့နော် ၊ မင်းက ခွန်လွန်တောင်ကိုတောင် မလေးမစား တိုက်ခိုက်ရဲတာလား”

ရန်ကျောက်ကဲက ပြုံးရင်း...

“မင်းတို့ဆရာက ကျူတောပင်လယ်ဒေသကို နှစ်ခါတောင် လာဖူးတယ်လေ ၊ ငါက ပုံရိပ်ယောင်တောင်ထွတ်ကို ဒီတစ်ခါပဲ လာဖူးတာ ၊ ဘာလွန်တာရှိလို့လဲ”

ပြောပြီးသည်နှင့် ရန်ကျောက်ကဲ၏ ဓားတန်ခိုးစွမ်းအားက ရုတ်တရက် ပြောင်းလဲသွားသည်။

ရွှမ့်ဝူကိုသတ်ဖြတ်ပြီးနောက် သူက စိမ်းပြာနဂါးသုတ်သင်ခြင်းတိုက်ကွက်ကို ထုတ်ဖော်လိုက်ခြင်းသာပင်။

ပစ်မှတ်ကတော့ ချီစွမ်းအားတိုင်လုံးကြီး (၄)ခုအနက်မှ တစ်ခုဖြစ်သော စိမ်းပြာရောင် ချီစွမ်းအားထောက်တိုင် ဖြစ်၏။

ရွှမ့်ဝူသုတ်သင်ဓားသိုင်းကြောင့် အားနည်းသွားသော ပင်မအစီအရင်အား စိမ်းပြာနဂါးသုတ်သင်ဓားသိုင်းဖြင့် ထပ်မံတိုက်ခိုက်လိုက်ခြင်းသာပင်။

စိမ်းပြာရောင်ချီစွမ်းအားတိုင်လုံးက သစ်သားဒြပ်စင်ဖြစ်ပြီး သတ္တဝါများ၏ ချီစွမ်းအားကို ကိုယ်စားပြုလေရာ ၎င်းအကြောက်ဆုံးအရာမှာ ရန်ကျောက်ကဲ၏ စိမ်းပြာနဂါးသုတ်သင်ဓားသိုင်းကဲ့သို့ သိုင်းပညာမျိုးဖြစ်၏။

ဒြပ်စင် (၅)ပါးက တစ်ခုနှင့်တစ်ခု အပြန်အလှန် ဆက်သွယ်နေလေရာ ထိန်းချုပ်ရန် မလွယ်ကူလှပေ။

သို့သော် ရန်ကျောက်ကဲသည်လည်း အစီအရင်ပညာ ကျွမ်းကျင်သူ ဖြစ်သည်။

သူ၏ဓားသိုင်းသည်လည်း အချိန်တိုင်းတွင် မုန်တိုင်းတစ်ခုပမာ ပြင်းထန်ခြင်းမရှိသော်လည်း ကွဲပြားမှုများနှင့်ပြည့်နက်နေပြီး ပုံရိပ်ယောင်တောင်ထွတ်၏ အားနည်းချက်အား တိုက်ခိုက်နိုင်စွမ်း ရှိသည်။

ရွှမ့်ဝူသုတ်သင်ဓားသိုင်းနှင့် စိမ်းပြာနဂါးသုတ်သင်ဓားသိုင်း နှစ်မျိုးလုံးက ရန်သူအား လေပြင်းနှင့်မိုးစက်များပမာ တွန်းထုတ်ပစ်နိုင်သည်။

ထို့ပြင် ယခု ပုံရိပ်ယောင်တောင်ထွတ်၏ ပင်မအစီအရင်ကို ထိန်းချုပ်ရန် တာဝန်ယူထားသူမှာ ချန်းဧကရာဇ် ကိုယ်တိုင် မဟုတ်ပေ။ သူ့ဘက်မှ အကောင်းဆုံးကြိုးစားလျှင််တောင်မှ ရန်ကျောက်ကဲအား ယှဉ်နိုင်မည် မဟုတ်ပေ။

တိုက်ခိုက်ရင်းဖြင့် ရန်ကျောက်ကဲက ပုံရိပ်ယောင်တောင်ထွတ်မှ အစီအရင်ကြီး၏ တည်ဆောက်ပုံအား ပိုမိုနားလည်လာသည်။

အချိန်ကြာလာသည်နှင့်အမျှ ပုံရိပ်ယောင်တောင်ထွတ်၏ ပင်မအစီအရင်ကြီးမှာ ရန်ကျောက်ကဲ၏ ဓားအမြန်နှုန်းကို တောင့်ခံနိုင်ခြင်း မရှိတော့ပေ။

ရက်စက်ကြမ်းတမ်းသော စိမ်းပြာနဂါးသုတ်သင်ဓားသိုင်းက စိမ်းပြာရောင်ချီစွမ်းအားတိုင်လုံးကြီးကို ဖြတ်တောက်ပစ်လိုက်သည်။

ဒြပ်စင် (၅)ပါးတို့၏ လည်ပတ်မှု ပျက်ဆီးသွားသဖြင့် အစီအရင်၏စွမ်းအားက ရုတ်ချည်းပင် ကျဆင်းသွားသည်။

ရန်ကျောက်ကဲက ရွှမ့်ဝူသုတ်သင်ဓားသိုင်းကို အသုံးပြုကာ အခြားသော ချီစွမ်းအားတိုင်လုံးကြီးများကိုလည်း ဖြတ်တောက်ပစ်လိုက်သည်။

ထို့နောက် အပေါ်ဘက်တွင်ရှိနေသောညာလက်ဖြင့် ရုတ်တရက် ဖိနှိပ်ချလိုက်ရာ...

ပုံရိပ်ယောင်တောင်ထွတ်အား ကာကွယ်ပေးနေသော ပင်မအစီအရင်ကြီးမှာ လုံးဝ အက်ကွဲသွားလေတော့၏။

All Chapters