ဒီ ကလေးလေးကိုပဲ တာ၀န်ယူလိုက်တော့မယ်
Vol. 53 Ch. 781
“ ခစ်ခစ်….”
ကျီချင်းရန် တသိမ့်တသိမ့်တုန်အောင် ရယ်မောလိုက်ပြီး “ သိသားပဲ… နင် တစ်ခုခု ထူးခြားတာ လုပ်ပြီဆိုကတည်းက လူကို လှည့်စားတော့မယ်ဆိုတာ… ဒါပေမယ့် မပူပါနဲ့… ငါနင့်အတွက် မျောက်လောင်းလေး တစ်ကောင်လောက်တော့ မွေးပေးမှာပေါ့… အဲ့တာမှ နင် အငြိမ်မနေရမှာ….”
ကျီချင်းရန်၏ ပွင့်လင်းစွာ ပြောဆိုလာမှုက လင်းရီကို ကြက်သေသေသွားစေခဲ့သည်။
ထိုသို့သော ကတိစကားမျိုးက လင်းရီအတွက်တော့ ပိဿာချိန် တစ်သောင်းထက်ပင် အလေးချိန်စီးပိုးနေတော့၏။ ကြည့်ရသလောက်တော့ ကျီချင်းရန်နှင့် လီချူးဟန်တို့မှာ တူညီသည့် လူစားမျိုးများ ဖြစ်ကြပုံပင်။
“ ဒါဆို အတည်ဖြစ်သွားပြီနော်…” လင်းရီ ပြောလိုက်ပြီး “ ခု မုန့်တွေကို အရင်စားလိုက်ဦး… ဘာပဲဖြစ်ဖြစ် အားရှိမှဖြစ်မှာ….”
ကျီချင်းရန် နှုတ်ခမ်းကိုက်လိုက်ပြီး “ ဒါပေမယ့် မနက်စောစောကြီးကို ဘာလို့ အချိုတွေလဲ… ဒီထက်ပေါ့ပါးတာလေးတွေ မရှိတော့ဘူးလား…”
“ မင်းက မကြိုက်ဘူးလား…. ဒီက မင်း အချိုတွေ ကြိုက်တတ်မှန်းသိလို့ အထူး လုပ်ပေးထားတာကို….”
“ ဒါပေမယ့် မနက်စောစောစီးစီးကျတော့ နည်းနည်းလေး အဆီများမလားလို့…” ကျီချင်းရန် ဆက်ပြောလိုက်ပြီး “ ငါဝိတ်ကျဖို့ဆိုတာ လွယ်တာမဟုတ်ဘူး… ဒီလိုမျိုး အကုန်သွပ်ထည့်နေမယ်ဆိုရင် ဝိတ်ပြန်ကျဖို့ နောက်လေးငါးရက်လောက် ပင်ပန်းရတော့မှာ…”
“ အဲ့တော့လည်း ဘာဖြစ်တုန်း… ကျန်းမာရေးက ပိုအရေးကြီးတယ်လေ….”
“ ဟွန့်.. နင်က ငါ့ကို ဝကစ်နေအောင် လုပ်ပြီး နင် ကိုင်လို့ကောင်းချင်လို့မလား….”
“ အာ….”
“ ငါက အဲ့လိုမျိုး တစ်ကိုယ်ကောင်းဆန်တဲ့သူလား…. ဘာလို့ အဲ့လိုမျိုး လုပ်ရမှာ…”
“ ဟွန့်….. ငါ သိသလောက်တော့ နင်က သေချာပေါက် အဲ့လို လူစားမျိုးပဲ….” သူမ ပူပူနွေးနွေး နာနတ်သီးဘန်းမုန့် တစ်ခုကို ကောက်ယူလိုက်ပြီး နှစ်ပိုင်း ပိုင်းလိုက်ကာ သိမ်မွေ့သည့် အမျိုးသမီးတစ်ယောက်ကဲ့သို့ ဣန္ဒြေရှိစွာ စားသောက်တော့သည်။
“ ဘာပဲဖြစ်ဖြစ်ပါ… နင် ဒီရက်ပိုင်းတွေ အားနေတယ်မို့လား…”
“ အင်း ဘာလို့တုန်း… တစ်ခုခု ဖြစ်လို့လား….”
“ ငါ ဒီရက်ပိုင်းတွေတုန်းက အိမ်ပြန်သွားသေးတယ်မလား… အဲ့တာ ငါ့အမေက နင့်ကို အိမ်ထမင်းစား လာခဲ့ပါဦးတဲ့… ဒါကြောင့်မို့ နင် ဘယ်လိုထင်လဲ မေးကြည့်ချင်လို့….”
“ ရတယ်လေ.. အဲ့တာဆို ဒီည သွားကြတာပေါ့…”
“ အဲ့လောက်ထိ လောစရာ မလိုပါဘူး… နင် အားမှ သွားလို့ရတယ်….. နင့်ကို အတင်း မသွားခိုင်းဘူးနော်..”
“ အန်တီက တွေ့ချင်တယ် ပြောလာပြီဆိုမှတော့ မြန်နိုင်သမျှ မြန်မြန်သွားတွေ့တာက အကောင်းဆုံးပဲ… ဒီလို ကိစ္စမျိုးဆိုတာ အချိန်ဆွဲလို့ ကောင်းတဲ့ ကိစ္စ မဟုတ်ဘူးလေ….”
လင်းရီ၏ တုံ့ပြန်မှုက ကျီချင်းရန်ကို ကျေနပ်သွားစေခဲ့သည်။
“ အွန်း… နင်ပြောတာမှန်တယ်… တကယ်လို့ နင်သာ ဒီကိစ္စကို အလေးအနက် မထားဘူးဆိုရင် အဖေက နင်နဲ့ သဘောတူမှာ မဟုတ်ဘူး ဟွန့်….”
“ တကယ်လို့ ယောက္ခထီးကြီးက သဘောမတူဘူးဆိုလည်း ငါက ဘတ်စကားပေါ်တက်ပြီးတော့မှ လက်မှတ်ဖြတ်လိုက်မှာပေါ့….”
( ဆီးစစ်တံမှာ မျဉ်းနှစ်ကြောင်းပေါ်အောင် လုပ်မယ် ပြောချင်တာပါ )
“ ဘတ်စကားပေါ်တက်ပြီးတော့မှ လက်မှတ်ဖြတ်မယ်…”
“ မင်း နားမလည်ဘူးဆိုရင် ယွမ်ယွမ်ကို သွားမေးလိုက်…. သူ အကုန်သိတယ်…”
ကျီချင်းရန်မှာ ဘတ်စကားပေါ်တက်ပြီး လက်မှတ်ဖြတ်မယ် ဆိုသည့် အဓိပ္ပာယ်ကို သဘောမပေါက်သော်လည်း လက်ရှိ စကားဝိုင်း အသွားအလာကို မူတည်၍ ရေးတေးတေးလေးတော့ နားလည်လေသည်။
“ ဟမ့်… အဲ့တော့ဘာဖြစ်လဲ… ငါ့မိသားစုက နင့်ကို အသိအမှတ်ပြုမှာ မဟုတ်ဘူးနော်…”
“ ဒါဆို မင်းက ကလေးကို အဖေမရှိပဲ ကြီးပြင်းလာမှာကို ကြည့်ရက်တယ်ပေါ့…”
“ ကြည့်-ရက်-တယ်…” ကျီချင်းရန် သူမခေါင်းကို ဂုဏ်ယူစွာဖြင့် မော့လိုက်၏။ သူမကိုယ်သူမ တိုက်ပွဲတွင် အနိုင်ရရှိသွားသည့်နှယ်ပင်။
“ မင်းတောင် ကလေးကို အဖေမရှိပဲ ကြည့်ရက်မှတော့ ငါလည်း ဘာမှ ထွေထူးပြောစရာမရှိပါဘူး…” လင်းရီ ပြောလိုက်ပြီး “ ဘာပဲ ဆိုဆို ငါလည်း ငါလိုချင်တာ ရပြီးပြီလေ… ကျန်တာ ဘာဂရုစိုက်စရာလိုလို့….”
“ လင်းရီ….! ငါနင့်ကို သေအောင် လည်ပင်းညစ်သတ်တော့မယ်ဆိုတာ ယုံလား….” ကျီချင်းရန် သူမ လက်ထဲရှိ မုန့်ကို ပစ်ချလိုက်ပြီး လင်းရီထံသို့ ပြေးလာကာ သူ့လက်ကို အားပါးတရ ကိုက်ပစ်လိုက်၏။
“ ဟိတ် မင်းက အာဝုလား…. ဘာလို့ ကိုက်တာ ဒီလောက်တောင် နာနေရတာ….”
“ ဘယ်သူက နင့်ကို ပေါက်တတ်ကရတွေ လျှောက်ပြောခိုင်းလို့လဲ….” ကျီချင်းရန် ဒေါသတကြီးဖြင့် ပြောလိုက်ပြီး “ နင် အဲ့လိုစကားမျိုး ထပ်ပြောရင် ငါနင်နဲ့ အတူမနေတော့ဘူး….”
ကျီချင်းရန်မှာ အမှန်ပင် မပျော်မရွှင်ဖြစ်သွားခဲ့ပြီး မျက်ရည်ဝိုင်းနေသည့် မျက်ဝန်းတို့ကို မြင်တော့ လင်းရီ သူ့ဟာသက သူမကို စိတ်ခုသွားစေခဲ့မှန်း သတိပြုမိလိုက်လေသည်။
“ ဟောဗျာ… ဘာလို့ ငိုနေတာ… ငါက နောက်နေတာလေ… ချင်းရန် ကလေး ဘယ်နှစ်ယောက်ပဲမွေးမွေး ဒီက တာဝန်ယူပေးမယ်… ဟုတ်ပြီလား…”
“ ဟွန့်… နင့်ကို ကလေးတစ်ယောက်မှ မမွေးပေးဘူး…”
“ ဒါဆို ဒီရဲ့ ကလေးလေးကိုပဲ ဂရုစိုက်လိုက်မယ်.. ဟုတ်ပြီလား.….”
ဖူး….
ကျီချင်းရန် မျက်ရည်များဖြင့် ရယ်မောလိုက်ရင်း “ နောက်ဆို အဲ့လို စကားမျိုး ထပ်မပြောနဲ့ ကြားလား….”
“ မှန်ပါ့ ထိပ်ထား…”
“ ဟွန့်… အဲ့လိုမှပေါ့…”
ကျီချင်းရန်၏ စိတ်အခြေအနေမှာ အတက်အကျ မြန်ဆန်နေသော်လည်း သူမ၏ စားသောက်ချင်စိတ်အပေါ်တော့ တက်ရောက်မှုမရှိခဲ့ပေ။
သူမကိုယ်တိုင်ကလည်း လင်းရီ ထိုသို့ တာဝန်မဲ့သည့် လုပ်ရပ်မျိုး ပြုလုပ်လိမ့်မည် မဟုတ်ကြောင်း နားလည်လေသည်။
သို့တိုင်အောင် ထိုစကားမျိုး ကြားရသည်က သူမရင်ထဲ ခံစားရခက်ခဲလွန်းကာ မည်သို့မျှ လက်မခံနိုင် ဖြစ်နေမိသည်။
စားသောက်ပြီးနောက် ကျီချင်းရန် ရေချိုးခန်းထဲဝင်၍ မျက်နှာသစ် ဆေးကြောသန့်စင်ကာ သူမ၏ ဝတ်နေကျ အဝတ်များကို လဲလိုက်ပြီး အလုပ်သို့ ဦးတည်လိုက်လေသည်။
လင်းရီ နာရီကို တစ်ချက်ကြည့်လိုက်တော့ ကိုးနာရီပင် မထိုးသေးရာ သူလည်း အခန်းသို့ ပြန်၍ အလုပ်စရန် ဟန်ပြင်လိုက်၏။
ကလင် ကလင် ကလင်
လင်းရီ ဖုန်းသံမြည်လာလေသည်။ ကျန်းရှောင်ယွီ ထံမှပင်။
“ အစ်ကိုရီ…. ရှင် အလုပ်ရှုပ်နေတာလား….”
“ မရှုပ်ပါဘူး… ဘာကိစ္စလဲ…”
“ ကျွန်မ အားနေလို့လေ… အဲ့ဒါ အစ်ကိုရီရဲ့ စထွင်းမယ့် content က ဘာလဲ ဆိုတာ မေးချင်လို့…. ကြိုပြီး ပြင်ဆင်ပေးလို့လည်း ရတာပေါ့…”
“ ကြိုစဉ်းစားထားတာမျိုးတော့ မရှိသေးဘူး… ဖန်ဂရုထဲ သွားပြီးတော့ တစ်ချက် ဝင်ကြည့်လိုက်…. တကယ်လို့ ပရိသတ်တွေ ကြည့်ချင်တာမျိုး ရှိရင် စထွင်းပေးလိုက်တာပေါ့….”
“ အိုကေ… ဒါဆို ကျွန်မ ဂရုထဲသွားဆွေးနွေးလိုက်ဦးမယ်…”
“ အိုး ဟုတ်သားပဲ…. ခဏလေးနေဦး… ငါမင်းကို ပြောစရာရှိသေးတယ်….”
လင်းရီ ပြောလိုက်ပြီး “ ရှေ့ရက်တွေတုန်းက လီလင်း ငါ့ဆီ ဖုန်းဆက်လာတယ်… သူမပြောတာ ရှေ့အပတ်ကျရင် တောင်သူလယ်သမားတွေအတွက် လူမှုဖူလုံရေး လိုက်စထွင်းရှိမယ်… မင်း အဲ့ ကိစ္စကို သေချာလေး လေ့လာထားဦး… ကြည့်ရသလောက်တော့ ပွဲကြီး တစ်ခုက ရောက်လာတော့မယ်နဲ့တူတယ်….”
“ ဟမ်.. လီလင်းက ဘယ်သူကြီးလဲ…သူမက အားကိုးလို့ရမှာတဲ့လား….”
“ သူမက Dou Yu ရဲ့ မားကတ်တင်း ဒါရိုက်တာလေ.. ပြောကြည့် သူမက အားကိုးလို့ ရလား မရဘူးလား….”
“ ဝိုး… အစ်ကိုရီ ..ရှင်က အရမ်း အံ့ဩဖို့ကောင်းတာပဲ…. ရှင် စပြီး စထွင်းတာ လဝက်လောက်ပဲ ရှိသေးတာကို Do Yu ရဲ့ မားကတ်တင်း ဒါရိုက်တာနဲ့တောင် အဆက်အသွယ်တွေ ရှိနေပြီပေါ့…. ကျွန်မ အရမ်း မနာလို ဖြစ်တယ်သိလား…”
“ ဘာ မနာလို ဖြစ်စရာ အကြောင်းရှိလို့…. ငါက လီလင်းထက် အများကြီး ပို အံ့ဩဖို့ကောင်းပါတယ်ကွ….”
“ ဟီးဟီး… ပြောတာဟုတ်တယ်….” ကျန်းရှောင်ယွီ ပြောလိုက်ပြီး “ ဒါပေမယ့် တောင်သူဦးကြီးတွေ လူမှုဖူလုံရေး အတွက် တိုက်ရိုက်ထုတ်လွင့်တာက နှစ်တိုင်း လုပ်နေကြပဲလေ…. ကျွန်မ ကြားမိသလောက်တော့ သူတို့ ပေးတဲ့ ပစ္စည်းတွေကို ရောင်းပေးရမှာ… အစ်ကိုရီ အဲ့ကိစ္စ အတွက် စဉ်းစားထားတာ ရှိလား… “
“ အင်း……” လင်းရီ စက္ကန့်အနည်းငယ် ကြာအောင် စဉ်းစားလိုက်ပြီး “ အဲ့တာက လူမှုဖူလုံရေးအတွက်ဆိုမှတော့ ငါတို့ သေချာပေါက် ဂရုစိုက်ရမှာပေါ့… ငါ အချိန်ကျလာရင် အစီအစဉ်တွေ ဆွဲပြီးတော့ မင်းဆီ ဆက်သွယ်လိုက်မယ်… ခုက ဘယ်အချိန် စထွင်းရမယ်ဆိုတာ အချိန်အတိအကျ မထွက်လာသေးဘူး… ဒီတော့ အရင်ဆုံး စောင့်ကြည့်ကြတာပေါ့….”
“ ကောင်းပြီလေ…. ဒါဆိုလည်း ကျွန်မ အစ်ကိုရီဆီက သတင်းကို စောင့်နေမယ်နော်….”
“ အိုကေ…”
ဖုန်းချပြီးနောက် လင်းရီ အိမ်ထဲ၌ ခဏတဖြုတ် အနားယူပြီး အဝတ်အစားလဲပြု၍ အခြေအနေကို တစ်ချက်စူးစမ်းလေ့လာကြည့်ရန် ထုံးဟွာ အီလက်ထရောနစ်သို့ မောင်းထွက်လာခဲ့လေသည်။
တစ်နာရီနီးပါး မောင်းနှင်လာပြီးနောက် လင်းရီ စက်မှုဇုန်သို့ ရောက်ရှိလာကာ ချိုင့်နေသည့်လမ်းများလည်း ပြန်လည်ဖြည့်ပြီးသွားကြောင်း သတိပြုမိလိုက်သည်။
သို့သော်လည်း လုံးဝ ပြီးစီးသွားခဲ့သည်တော့ မဟုတ်သေးချေ။ အချောသပ်ရန်တော့ ကျန်ရှိနေသေးလေသည်။
ထို့ပြင် ထုံးဟွာ အီလက်ထရောနစ်၏ စက်ရုံဝင်ပေါက်ဝ၌ လူအုပ်ကြီး စုဝေးနေကြောင်း လင်းရီ မြင်တွေ့လိုက်ရ၏။
လူအုပ်ကြီးမှာ နည်းနည်းနောနောတော့ မဟုတ်ပဲ အနည်းဆုံး လူတစ်ရာကျော် ဝန်းကျင် ရှိလေသည်။
“ ဘော့စ်လင်း…. ရောက်လာပြီလားဗျ…”
လင်းရီ ရောက်လာသည်ကို မြင်တော့ စွန်းပေါင်းကော်နှင့် ဝူကွမ်းဖတို့ လာရောက် နှုတ်ဆက်ကြ၏။
“ ကျွန်တော်ကြားတာ ခင်များ မနေ့က အရိုက်ခံလိုက်ရတယ်ဆို… ဘယ်လိုနေသေးလဲ… ထိခိုက်ဒဏ်ရာတွေက ပြင်းထန်သွားလား…”
စွန်းပေါင်းကော် ရယ်မောလိုက်ပြီး “ စိုးရိမ်ပေးလို့ ကျေးဇူးပါ ဥက္ကဌလင်း… ဟိုလို ကိစ္စကြီး မဟုတ်ပါဘူး… အဆင်ပြေပါတယ်….”
“ ကြိုးစားပေးတဲ့အတွက် ကျေးဇူးပဲ…” လင်းရီ ပြောလိုက်ပြီး “ ကျွန်တော် ခဏနေကျရင် ဥက္ကဌကျီကို ဖုန်းဆက်ပြီးတော့ ခင်များကို ဘောနပ်စ်ပိုပေးဖို့ ပြောလိုက်မယ်…. မနေ့ကအတွက်လည်း ကျေးဇူးပဲ….”
“ ဥက္ကဌလင်းကတော့ ယဉ်ကျေးလွန်းနေပါပြီ… ကျုပ်တို့က ဟိုလို ပြင်းထန်တဲ့ အနာတရတွေ ဖြစ်သွားတာလည်း မဟုတ်ပဲနဲ့ လက်ဆောင်ယူရမှာ တော်တော်လေး ရှက်မိတယ်…”
“ ရှက်စရာမလိုပါဘူး… ခင်များနဲ့ ထိုက်တန်ပါတယ်…”
လင်းရီ ဝူကွမ်းဖ၏ ပခုံးကို ပုတ်လိုက်ပြီး “ မင်းတို့ကောင်တွေက ကျန်တဲ့ အလုပ်ကို သေချာလေး ဂရုစိုက်လိုက်… ၀တ်ကျေတမ်းကျေပဲ မလုပ်နဲ့….. ဒီလမ်းရဲ့ အရည်အသွေးက အရင်ကထက် ပိုကောင်းနေဖို့ လိုတယ်…ပိုက်ဆံသုံးရမှာကို မကြောက်နဲ့….”
“ ဟုတ်ကဲ့ပါဘော့စ်…ကျွန်တော် သဘောပေါက်ပါတယ်…”
လင်းရီ ခေါင်းညိမ့်ပြီး ထုံးဟွာ အီလက်ထရောနစ်၏ ဝင်ပေါက်ဝသို့ မောင်းနှင်သွားလိုက်၏။
သို့သော်လည်း အခြေအနေများက သူ စိတ်ကူးထားသကဲ့သို့ တည်ငြိမ်မနေချေ။ ထိုအစား အတော်လေး ကသောင်းကနင်း ဖြစ်နေလေသည်။
“ ရှင်တို့ စက်ရုံတွေက ဘာလုပ်နေကြတာလဲ… ဒါက ရှင်တို့ သမာသမတ်ကျကျ စီးပွားရှာတဲ့ ပုံစံလား…”