← Chapters

စောင်တစ်ခုတည်း အတူခြုံခြင်း

Vol. 53 Ch. 788

စောင်တစ်ခုတည်း အတူခြုံခြင်း

Vol. 53 Ch. 788

“ ဆိုဒါထဲမှာ အရက်ပါလို့လားမသိဘူး… နည်းနည်းလေး ရီဝေဝေ ဖြစ်လာသလားလို့.. မပြန်ခင် ခဏလောက် နားလိုက်ဦးမယ်..”

“ ရီလေး.... သား နေလို့မကောင်းရင် ဒီနေ့ည မပြန်နဲ့တော့လေ… ဒီမှာပဲ အိပ်လိုက်… ဒီမှာ အခန်းရှိတယ်…” စုန့်မင်ဟွေ့ ပြောလိုက်၏။

လင်းရီ သူမကို တိတ်တဆိတ် လက်မထောင်ပြလိုက်သည်။ ယောက္ခမကြီးက အကောင်းဆုံးပဲ….

“ ဟုတ်.. အဲ့တာဆိုလည်း ကျွန်တော် ဒီည ဒီမှာပဲ နေလိုက်တော့မယ်ဗျ… အန်တီတို့ကိုတော့ စိတ်ဒုက္ခပေးရတော့မယ်..” လင်းရီ ကိုးရို့ကားယား လေသံဖြင့် ပြောလိုက်၏။

“ မလိုပါဘူး… တစ်မိသားစုတည်းတွေကိုပဲ.. ဘာဆိုင်လို့ ဒုက္ခပေးမိရမှာ…” စုန့်မင်ဟွေ့ ပြောလိုက်ပြီး “ သားလည်း ဒီကို လာလည်ဖို့ဆိုတာ လွယ်တာမှ မဟုတ်တာ… ဒီည ပြန်မနေနဲ့တော့….သား နေချင်တဲ့ အခန်းထဲမှာ နေလိုက်… ဒါမှမဟုတ် ချင်းရန်အခန်းထဲပဲ အိပ်လိုက်ပါလား…”

“ ဟုတ်တယ်… ဘာပဲဆိုဆို မင်းတို့နှစ်ယောက်က အတူ နေနေကျပဲ မလား… ဒီမှာလည်း ဘာလို့ အတူနေလို့မရမှာ…” ကျီအန်းထိုင်မှ ဝင်ပြောလိုက်၏။

“ အာ... အဖေ.. အဲ့လို မဟုတ်ဘူးလေ… သမီးတို့က ညစာလောက်ပဲ အတူစားတာ… ပြီးရင် သူ့အိမ် ကိုယ့်အိမ်ပြန်ပြီး အိပ်ကြတာ… အတူမနေပါဘူး…” ကျီချင်းရန် ခရမ်းချဉ်သီးကဲ့သို့ မျက်နှာလေး ရဲလျက် ရှင်းပြလိုက်၏။

“ ငါနဲ့ ညဉ်းအမေ နင့်အိမ်ကို ခဏခဏ လာဖူးပါတယ်… အကြိမ်တိုင်းလည်း အိမ်မှာ ရှိတယ်ရယ်ကို မရှိဘူး… ဖုန်းဆက်ပြီး မေးရင်တော့ အမြဲ အိမ်မှာ အိမ်မှာနဲ့… ညသန်းခေါင်ကြီး ဘယ်အိမ်ရောက်နေလဲတော့ မပြောတတ်ပါဘူး…”

ကျီချင်းရန် ရှက်သွေးဖြန်းသွားခဲ့ပြီး “ အဲ့တာက….. အဲ့တာက အဖေတို့ ထင်နေသလို မဟုတ်ပါဘူး…သမီးက ဒီတိုင်း အကြောင်းတိုက်ဆိုင်မှ တစ်ခါတစ်လေလောက်ပဲ သူ့အိမ်မှာ ထမင်းသွားစားဖြစ်တာ…”

“ ဟုတ်တယ် ဟုတ်တယ်… ဒီတိုင်း တစ်ခါတစ်လေလောက်ပဲ… တစ်လကို ရက်သုံးဆယ်လောက်ပေါ့… အန်ကယ်ထင်သလောက်လည်း မများပါဘူး…” လင်းရီ ဘေးမှနေ၍ ပြောလိုက်၏။

“ နင် ဘာ ပေါက် တတ် က ရ တွေ ပြောနေတာလဲ… “ ကျီချင်းရန် တစ်လုံးချင်းပြောရင်း လင်းရီခါးကို ဆွဲဆိတ်လိုက်၏။

“ ငါမှ မလိမ်တတ်တာ… မင်း ငါ့အိမ် တစ်လ ရက်သုံးဆယ်လောက်ပဲ လာတာလေ…"

“ ချင်းရန် … နင်က နင့်ကိုယ်နင်နဲ့ သူများတွေကို လှည့်စားဖို့လောက်ပဲ သိတာ…” စုန့်မင်ဟွေ့ ပြောလိုက်ပြီး “ နင့်အမေက အသက်ကြီးချင် ကြီးမယ်.. ဒါပေမယ် နင်တို့လူငယ်တွေ အကြောင်းတော့ နှောကျေနေပြီးသား… နင်လည်း လူကြီးဖြစ်နေပြီကိုပဲ ဒီကိစ္စက ရှက်စရာမှ မဟုတ်တာ… အမေ နင့်အခန်းကို အမြဲ သန့်ရှင်းရေး လုပ်ထားပေးပြီးသား… ဒီည ဒီမှာပဲ အိပ်သွားလိုက်… မနက်ရောက်မှပဲပြန်တော့….”

“ ဟုတ် အန်တီ.. ကျေးဇူးနော်… ကျွန်တော် ခု နည်းနည်းလေး အိပ်ငိုက်လာလို့ အခန်းထဲ သွားနားတော့မယ်…”

“ အင်း သွား သွား… သွားနားတော့… အန်တီ ခဏမှ အသီးနဲ့ နွားနို့တွေ လာပို့ပေးမယ်…”

“ ဟုတ် အန်တီ… ဒါဆို သွားတော့မယ်နော… မနက်ဖြန်ညမှ ဆက်စကားပြောကြတာပေါ့…”

“ အင်း အင်း… ကောင်းတာပေါ့…သားတို့ ဒီမှာ ညစားလာစားတော့လည်း ချက်ရပြုတ်ရသာ သက်သာတာပေါ့..”

“ ဟုတ် ဒါဆို ကျွန်တော် အားနာမနေတော့ဘူးနော် အန်တီ… နောက် ခဏခဏ လာလည်တော့မှာ…”

“ လာသာလာခဲ့… အန်တီတို့က ခု တစ်မိသားစုတည်းတွေပဲ… ဘာမှ ယဉ်ကျေးနေစရာ မလိုဘူး…”

ထိုသို့ ပြောပြီးနောက် စုန့်မင်ဟွေ့ ကျီချင်းရန်ကို ကြည့်လိုက်ပြီး “ နင်ကကော အဲ့မှာ ဘာထိုင်လုပ်နေတာ… အခန်းထဲ သွားနားတော့လေ…”

“ သမီး အဖေနဲ့ စကားပြောချင်သေးလို့…”

“ နင် ရှေ့ရက်တွေတုန်းက အိမ်မှာ နေတာ မဟုတ်ဘူးလား… အဲ့ဒီတုန်းက အဝ မပြောခဲ့ရဘူးလား…”

“ ဒါပေမယ့် သမီးမှာ ပြောစရာတွေက အများကြီး ကျန်နေသေးတာလေ….”

“ ငါကတော့ ပြောစရာ မရှိဘူး… သွားနားတော့… အဖေလည်း မနက်ဖြန် အလုပ်သွားရဦးမှာ….”

ကျီချင်းရန် ပြောစရာစကား ကင်းမဲ့သွားတော့၏။

ထိုအချိန် လင်းရီကတော့ အိမ်အကူ၏ ဦးဆောင်မှုအောက်တွင် ဗီလာဒုတိယထပ်ရှိ ကျီချင်းရန် အခန်းထဲသို့ ရောက်ရှိလာခဲ့၏။

ကျီချင်းရန်၏ အခန်းမှာတော့ ကျိုကျုံးဗီလာရှိ သူမအခန်းထက် နွေးထွေးနူးညံ့နေသည်။

မည်သို့ပင် ဆိုစေ သူမ ငယ်ဘဝ တစ်လျှောက်လုံး ကြီးပြင်းလာခဲ့သည့် အခန်း ဖြစ်သောကြောင့် သူမ၏ အတိတ် ပုံရိပ်များကိုလည်း နေရာတိုင်း၌ မြင်တွေ့နိုင်သည်။

အိပ်ခန်း၏ နံရံတစ်နေရာတွင်တော့ စာအုပ်စင် အကြီးကြီးတစ်ခုက နေရာယူထားပြီး ထိုအပေါ်တွင်တော့ ကျီချင်းရန် ငယ်စဉ်က ရရှိခဲ့သည့် ဆုဖလားများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို မှန်ဘောင်နှင့် စနစ်တကျ ထည့်သွင်းထားသည်။

ထို့ပြင် အရောင်တို့ လွင့်စင်သည်အထိ လျှော်ဖွပ်ခြင်း ခံထားရသည့် သစ်ကုလားအုတ် အရုပ်နှင့် တက်ဒီအရုပ်လေးကလည်း ကုတင်ဘေးရှိ ဗီရိုပေါ်တွင် တည်ငြိမ်စွာ အနားယူနေသည်။

ချလပ်….

ထိုစဉ် ကျီချင်းရန် အထဲသို့ ရောက်လာခဲ့ပြီး တံခါးကို ပြန်ပိတ်လိုက်၏။

သူ တစ်ခုခု ပြောရန် ကြံရွယ်ကာ ရှိသေး ကျီချင်းရန်၏ လက်နုနုလေးက သူ့ခါးထံ ရောက်လာပြီး အားပါးတရ ဆွဲဆောင့်လိုက်၏။

“ အား…. ဘာလို့ လူကို ဆိတ်နေတာတုန်းဟ… ငါ ဘာလုပ်မိလို့…”

“ နင်ကပဲ ပြောရတယ်ရှိသေး… နင် တမင်တကာ ဒီလိုဖြစ်အောင် လုပ်တာမလား….”

“ ဘာတွေ လာပြောနေတာ… မင်းပြောနေတာတွေ ငါတစ်လုံးမှ နားမလည်ဘူး…”

“ လာပြီး ဟန်ဆောင်မနေနဲ့…” ကျီချင်းရန် လက်နှစ်ဖက်ကို ခါးကြဉ်ကြဉ်လေးပေါ် တင်ထားလိုက်ရင်း “ နင် ငါနဲ့ တစ်ခန်းထဲ အတူနေလို့ရအောင် အမေ့ကို ပြောလိုက်တာမလား… ဒါမှ နင် ငါ့ကို အခွင့်ကောင်းယူလို့ရမှာလေ…”

“ ဘာတွေ လာပြောနေတာ…. ငါလည်း မင်းနဲ့ အတူအိပ်ချင်ပါတယ်လို့ မပြောမိပါဘူး… တကယ်လို့ ငါနဲ့ အတူမအိပ်ချင်ရင် တခြား အခန်းထဲ သွားအိပ်လေ… ဗီလာမှာ အခန်းတွေ အများကြီး ရှိနေတာကိုပဲ … “

“ ဒါက ငါ့အခန်း… ထွက်သွားချင်းအတူတူ နင်ပဲ ထွက်သွားရမှာပေါ့ဟဲ့…”

“ ဘာဆိုင်လို့… ယောက္ခမကြီးက ငါ့ကို ဒီအခန်းထဲ နေခိုင်းတာကို ယောက္ခမကြီးစကား သွေဖယ်စရာလား… တကယ်လို့ မင်း မနေချင်ရင် ထွက်သွားလိုက်.. ကျိုကျုံးဗီလာ ပြန်အိပ်လည်း ရတယ်.. ဘယ်သူကမှ အတင်း တားမနေဘူး…”

“ လင်းရီ…… ငါနင့်ကို လုပ်မိတော့မှာနော်….”

ကျီချင်းရန် သူမကိုယ်သူမ လင်းရီအပေါ် ခုန်အုပ်လိုက်ပြီး နှစ်ယောက်မှာ ကုတင်ပေါ်၌ နပန်းလုံးရင်း ကျီချင်းရန်၏ သိမ်မွေ့သည့် အမျိုးသမီးလေး ပုံရိပ်မှာ ကျိုးပျက်သွားခဲ့လေသည်။

ခဏကြာပြီးနောက် ကျီချင်းရန်၏ ဆံပင်မှာ ဖွာတာသွားခဲ့ပြီး ချွေးတို့ ဝေ့သီလာခဲ့၏။

သို့တိုင်အောင် အကြည်ဓာတ်‌လေးဖြင့် ချစ်စရာကောင်းနေဆဲပင်။

“ ဟွန့် နင့်ကို ဂရုမစိုက်တော့ဘူး…ကို့ယ်ဘာကိုယ်ပဲ ရေသွားချိုးတော့မယ်….”

“ ရေလား... ငါလည်း ချိုးချင်တယ်လေ….”

“ ဟိုမှာတုန်းက ရေချိုးဖို့ စစ်ခင်းနေရတဲ့သူက ခုကျ အလိုက်တသိနဲ့ ရေချိုးချင်နေတယ်… နင့်မှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိမှန်း သိသာလွန်းတယ်….”

“ သိရင်ပြီးတာပဲလေ… ထုတ်ပြောနေရရင် အဓိပ္ပာယ်မရှိ ဖြစ်သွားတော့မှာပေါ့…”

“ ဟွန့်……..”

ထို့နောက် နှစ်ယောက်မှာ တစ်ယောက် တစ်လှည့် ရေချိုးရင်း ကုတင်ပေါ်၌ အိပ်စက်အနားယူလိုက်ကြသည်။

ယခုအကြိမ်က သူမတို့နှစ်ယောက် စောင်အတူခြုံခြင်း မဟုတ်သောကြောင့် ကျီချင်းရန်မှာ ဆတ်ဆတ် ထိမခံအောင် ဖြစ်မနေချေ။ ထိုအစား အင်မတန် လိုက်လျောညီထွေ ရှိနေတော့၏။

နောက်ပိုင်းတွင်တော့ လင်းရီ၏ ရင်ဘက်ထဲသို့ ခေါင်းတိုးဝှေ့ရင်း နှစ်ခြိုက်စွာ အိပ်မောကျသွားလေသည်။

………….

နောက်တစ်နေ့နံနက်တွင်တော့ လင်းရီတို့ နံနက်စာ စားပြီးနောက် အလုပ်သို့ အတူထွက်လာခဲ့ကြ၏။

လင်းရီ ဦးစွာ ကျီချင်းရန်ကို ချောင်ရန်အုပ်စုသို့ လိုက်ပို့ပေးပြီးမှ လိုရာခရီးသို့ ဆက်လက်လိုက်လေသည်။

ကလင် ကလင် ကလင်…..

ထိုအချိန်တွင် လင်းရီဖုန်းသံ မြည်လာခဲ့၏။ လီလင်းမှ ဖုန်းဆက်လာခဲ့ခြင်းပင်။

“ ကုမ္ပဏီက အတွင်းစည်းဝေး ကျင်းပပြီးတော့ ရှင့်ရဲ့ အဆိုတင်သွင်းချက်ကို ဆွေးနွေးပြီးသွားပြီ… ရှင် ရောင်းချင်တဲ့ ပစ္စည်းကို ရှင်ကိုယ်တိုင် ရှာလို့ရတယ်… ဒါပေမယ့် မြန်မှတော့ ဖြစ်မှာနော်… ဘာလို့ဆို ပွဲစဖို့ တစ်ပတ်ပဲ လို့တော့တာမို့လို့…”

“ ပြဿနာ မရှိဘူး…”

“ ဒီအတောအတွင်း ရှင့်ဖုန်းကို ဖွင့်ထားဖို့လည်း မေ့မနေနဲ့ဦးနော်… ဘာလို့ဆို ကျွန်မတို့ဘက်က အဆက်အသွယ် မပြတ်ဖို့ လိုတယ်…”

“ အဆင်ပြေပါတယ်…”

လင်းရီ မူလက ကျိုကျုံးဗီလာသို့ ပြန်ပြီး code ရေးရန် စီစဉ်ထားသော်လည်း လီလင်း၏ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိပြီးနောက် သူ၏ ဦးတည်ရာကို လင်းယွမ်အုပ်စုသို့ ပြောင်းလဲလိုက်၏။

လမ်းတွင်တော့ သူ ချီရှန်းကျောက်ကို ဖုန်းဆက်၍ လင်းယွမ်အုပ်စု၏ အမှုဆောင် အဖွဲ့ဝင်များအား အစည်းအဝေးလုပ်ရန် စုစည်းခိုင်းထားလိုက်သည်။

လင်းရီ အစည်းအဝေးခန်းထဲကို ရောက်တော့ ချီရှန်းကျောက်နှင့် ဟော်ယွမ်ယွမ်တို့လည်း ရောက်ရှိနေကြလေသည်။

“ ဥက္ကဌလင်း….”

လင်းရီ ဝင်လာသည်ကို မြင်တော့ အမှု‌ဆောင်အရာရှိများ အားလုံး မတ်တပ်ရပ် နှုတ်ဆက်လိုက်ကြ၏။

“ ထိုင်ကြပါ…” လင်းရီ ခေါင်းညိမ့်လိုက်ပြီး “ သက်တောင့်သက်သာ နေကြ… ဒီနေ့ ငါ ခေါ်လိုက်တာက ကိုယ်ရေးကိုယ်တာ ကိစ္စလေးတစ်ခုကို တိုင်ပင်ချင်လို့…”

“ ဥက္ကဌလင်း.. ကျေးဇူးပြုပြီး ပြောပါဗျ…” ချီရှန်းကျောက်မှ ပြောလိုက်၏။

“ နွမ်းပါးမှု ဘေးဒဏ်ကို ခံနေရတဲ့ နေရာ ဘယ်လောက်များများကို ငါတို့ ဖောင်ဒေးရှင်းက ရောက်ခဲ့ပြီးပြီလဲ…”

“ ဥက္ကဌလင်း… ကျေးဇူးပြုပြီး ခဏလေး စောင့်ပေးပါဦးရှင့်… ကျွန်မ မှတ်ဉာဏ်က အတိအကျ မမှန်ကန်နိုင်တာကြောင့် အချက်အလက်တွေ သွားယူလိုက်ပါဦးမယ်… “

ပြောလိုက်သူကတော့ အသက်လေးဆယ် အရွယ်ရှိ သက်လတ်ပိုင်း အမျိုးသမီး တစ်ယောက်ပင်။ သူမက အနည်းငယ် ဝဖိုင့်ဖိုင့်နိုင်ပြီး မတ်တပ်ရပ်၍ တောင်းပန်တိုလျှိုးသည့် လေသံဖြင့် ပြောလိုက်၏။

အမျိုးသမီး၏ နာမည်မှာ ကျောက်ရာလီ ဖြစ်ပြီး ဖောင်ဒေးရှင်း တာဝန်ခံပင်။

အစည်းအဝေးက ရုတ်တရက်ဆန်လှပြီး ရည်ရွယ်ချက်ကိုလဲ ကြိုမပြောထားသောကြောင့် ကျောက်ရာလီလည်း ဘာမှ ကြိုမပြင်ဆင်ထားလိုက်ရချေ။

ထို့ကြောင့် လင်းရီလည်း ဤကိစ္စကို မည်သို့မျှ သဘောထားမနေချေ။

“ကောင်းပြီ.. “

လင်းရီ ခေါင်းညိမ့်လိုက်၏။

ထို့နောက် အစည်းအဝေးခန်းမှာ တိတ်ဆိတ်သွားခဲ့တော့၏။ လင်းရီကလည်း တိတ်ဆိတ်နေသည်။ ထို့ကြောင့် ကျန်သူများကလည်း တိတ်ဆိတ်နေကြကာ တုတ်တုတ် မလှုပ်ဝံ့ကြချေ။

“ ဘော့စ်… ရှင့်မှာ အိုင်ဒီယာအသစ်တွေ ရှိနေလို့လား….” လင်းရီ အနီးနား ထိုင်နေသည့် ဟော်ယွမ်ယွမ်မှ လေသံတိုးတိုးလေးဖြင့် မေးလိုက်၏။

All Chapters