← Chapters

အဲ့တာ ငါနဲ့ ဘာဆိုင်လို့လဲ

Vol. 53 Ch. 789

အဲ့တာ ငါနဲ့ ဘာဆိုင်လို့လဲ

Vol. 53 Ch. 789

“ ဒီတိုင်း ကိုယ်ရေးကိုယ်တာ ကိစ္စလေးပါ…. ငါက ကောင်းမှုပြုမလို့..”

ဟော်ယွမ်ယွမ် ခေါင်းညိမ့်လိုက်ပြီး ဘာမျှ မပြောလိုက်ချေ။ သူဌေးက အမြဲတမ်းလှည့်ကွက် အပြည့်နှင့် ဖြစ်ပြီး သူ ဘာလုပ်မလဲဆိုတာ မည်သူကမျှ မခန့်မှန်းနိုင်ချေ။

ဆယ်မိနစ်ကြာပြီးနောက် ကျောက်ရာလီ စာရွက်စာတမ်း တစ်ထပ်ကြီးဖြင့် ပြန်လာခဲ့၏။

လင်းရီ မည်သည်ကို ဆွေးနွေးလိုမှန်း မသိသောကြောင့် သူမ သက်ဆိုင်သည့် စာရွက်စာတမ်း အကုန်လုံးကို ယူလာခဲ့လိုက်လေသည်။

“ ဥက္ကဌလင်း…. ဟွာရှမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေအပြင် အချို့ ခရိုင်အဆင့် ဧရိယာတွေက နွမ်းပါးတဲ့ စီရင်စု စုစုပေါင်း ၅၂ နေရာရှိပါတယ်ရှင့်..” ကျောက်ရာလီ ပြောလိုက်ပြီး “ အဲ့ဒီ နေရာတွေက လူတွေရဲ့ တစ်နှစ်ဝင်ငွေက ယွမ် ငွေ ၁,၂၀၀ ထက်ကို နည်းပါတယ်…သူတို့အားလုံးက တောင်ယာအလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုပြီးတော့ ဘဝအခြေအနေတွေကလည်း အတော်လေးကို ဆိုးရွားပါတယ်….”

“ ဒါတွေက နိုင်ငံရဲ့ စံချိန်စံနှုန်းအရမလား… ဖောင်ဒေးရှင်းရဲ့ စာရင်းအင်းတွေ အရဆိုရင်ကော…”

“ ဖောင်ဒေးရှင်းရဲ့ စာရင်းတွေအရဆိုရင်တော့ ဒီထက်ပိုပြီးတော့ အရည်အချင်း ပြည့်မှီတဲ့ နေရာတွေ ရှိပါတယ်….” ကျောက်ရာလီ ပြောလိုက်ပြီး “ အဲ့ဒီက အခြေအနေတွေ ဆိုးရွားတာက ကျွန်မတို့ စိတ်ကူးမိတာထက်တောင် မကပါဘူး…လင်းယွမ် ဖောင်ဒေရှင်းက နေပြီး အဲ့လိုနေရာတွေကို ပစ်မှတ်ထား ကူညီပေးနေတယ်ဆိုပေမယ့် ရေပုံးထဲက ရေတစ်စက်စာလောက်ပဲ အကျိုးသက်ရောက်မှု ရှိတာပါ…”

“ အဲ့ဒီနေရာတွေက စပါးရိတ်သိမ်းမှု မကောင်းလို့လား…”

“ ယေဘုယျအားဖြင့်တော့ အဲ့လိုပါပဲ…” ကျောက်ရာလီပြောလိုက်ပြီး “ နောက်ပြီး ပြည်တွင်း ရင်းနှီးမြုပ်နှံမှုတွေကလည်း မရှိတာနဲ့ပါ ပေါင်းစပ်လိုက်တော့ ရလဒ်အနေနဲ့ ဂျာအေးသူ့အမေရိုက်သလို သံသရာလည်နေတာပါပဲ…”

လင်းရီ နားထင်ကို ဖြည်းညင်းစွာ ပွတ်လိုက်၏။

ပြဿနာကို မည်သို့ ဖြေရှင်းသည်က အကောင်းဆုံးလဲဆိုတာ သူ့တွင် အဖြေမရှိသေးချေ။

ယခုလို နွမ်းပါးသည့် နေရာဒေသများ၌ စက်ရုံများကလည်း မထွန်းကားပဲ လိုအပ်ချက်ပေါင်း သောင်းခြောက်ထောင်နှင့် ဖြစ်၏။ အကယ်၍ သူကူညီချင်လျှင်တောင် မည်သည့်နေရာက စရမှန်းမသိ ဖြစ်နေလေသည်။

တကယ့်ကို ခေါင်းခဲစရာကြီးပင်။

သို့သော် ယင်းကလည်း သာမန်သာဖြစ်၏။ နိုင်ငံ ကိုယ်၌က ၎င်းတို့ကို ကူညီရန် ကူကယ်ရာမဲ့နေမှတော့ သူဆိုပါက ပို၍ပင် စွမ်းဆောင်နိုင်စွမ်း လျော့နည်းနေမည် မဟုတ်ပါလော။

“ ငါဘယ်လိုတွေးလဲဆိုတာ အရင်ဆုံး ပြောပြမယ်…”

ထိုလူများအား မည်သို့ကူညီရန် ဆွေးနွေးသည်က စိတ်ကူးယဉ်ဆန်လွန်းသည်ဟု လင်းရီ ခံစားနေရ၏။

ထို့ကြောင့် သူ၏ အစီအစဉ်ကို အရင်ဆုံး ပြောပြ၍ သင့်လျော်သည့် ဒေသများသို့ ကူညီရန် ရွေးချယ်သွားလိုက်ပေမည်။

“ ငါခုတလော လိုက်စထွင်းတွေ လွင့်နေတယ်…. အရှင်းဆုံး ပြောရရင် စထွင်မာပေါ့ကွာ..”

ထိုစကားလုံးများ ပြောပြီးနောက် ချီရှန်းကျောက်နှင့် ဟော်ယွမ်ယွမ်တို့မှ လွဲ၍ အစည်းအဝေးခန်းထဲရှိလူတိုင်း လင်းရီကို ကြည့်လိုက်ကြ၏။

သူတို့၏ မျက်ဝန်းများထဲတွင်တော့ ရှော့ခ်ရမှုနှင့် အံ့အားသင့်နေမှုတို့က အထင်းသား ရှိနေကြသည်။

ဥက္ကဌလင်းက တကယ့်ကို လူထူးဆန်းပဲ… ဒီလောက် ကြီးတဲ့ကုမ္ပဏီကြီးရှိနေပါလျက်နဲ့ ပစ်ထားပြီးတော့ စထွင်မာလုပ်နေတယ်…

သူ ကမ္ဘာကြီးနဲ့စိန်ပြေးတမ်း ကစားချင်နေတာများလား…

“ အာ……… မင်းတို့က ဒီအကြောင်း မသိဘူးလား….”

ကျောက်ရာလီ ကိုးရို့ကားယားဖြစ်စွာ ပြုံးလိုက်ပြီး “ တကယ်လို့ ဥက္ကဌလင်းကမှ မပြောပြရင် ကျွန်မတို့က ဘယ်လိုလုပ်ပြီး သိမှာ…”

“ ဟော်ယွမ်ယွမ်… မင်းဘာတွေ လုပ်နေတာ… ဒီလောက် ကိစ္စကြီးကိုတောင် မင်းသူတို့ကို အသိမပေးဘူးလားကွ…”

ဟော်ယွမ်ယွမ် “ ???”

‘ ငါက CFO လေ… အဲ့တာက ငါနဲ့ ဘာဆိုင်လို့…’

“ ဒါက ကျွန်မဘက်က ပျက်ကွက်မိသွားတယ်… ကျွန်မ‌ နောက်ကျ ဆင်ခြင်ပါ့မယ်ဘော့စ်….”

လင်းရီ ကျေနပ်အားရစွာဖြင့် ခေါင်းညိမ့်လိုက်ပြီး ဆက်လက်၍ “ အခု တိုက်ရိုက်ထုတ်လွင့်ပွဲကြီး တစ်ခု လာတော့မယ်… အဲ့တာက လူမှုဖူလုံရေး ပွဲတစ်ခုပဲ… ငါ့ အကြံအစည်က ဆင်းရဲနွမ်းပါးတဲ့ ဒေသတွေကို ရှာဖွေပြီးတော့ သူတို့ရဲ့ ကုန်ပစ္စည်းတွေကို ကူရောင်းပေးမယ်… တစ်ချိန်တည်းမှာ အဲ့ဒီဒေသတွေကို ကူကြေညာပေးပြီးတော့ သူတို့ရဲ့ အနာဂတ် ရောင်းအားတွေအတွက် အာမခံချက်ရှိအောင် လုပ်ပေးမယ်…”

ချီရှန်းကျောက် ခေါင်းကုတ်မိသွားခဲ့၏။

ဥက္ကဌလင်းရဲ့ ဆန္ဒအတိုင်းဆို အကောင်အထည်ဖော်ဖို့က အတော်လေး ခက်ခဲလောက်တယ်…

အစည်းအဝေးခန်းထဲရှိ ရောက်နေသူ လူအများစုမှာ ငယ်ရွယ်သူများ ဖြစ်ကြပြီး ကျောက်ရာလီပင် အသက်လေးဆယ် ဝန်းကျင်ခန့်သာ ရှိသေး၏။

သူတို့အားလုံးက ဗွီဒီယိုအတိုလေးများကို ကြည်ရသည်ကို ဝါသနာထုံသူများဖြစ်သည့် အလျောက် ယခုလို ပွဲမျိုးနှင့် အတော်အတန် ရင်းနှီးပေသည်။

“ ဥက္ကဌလင်း ဆိုလိုချင်တာကို နားလည်ပါတယ်…” ကျောက်ရာလီ ပြောလိုက်ပြီး “ ကျွန်မ အရင်တုန်းက အဲ့လို လိုက်စထွင်းမျိုးတွေ ကြည့်ဖူးတယ်… ဒါပေမယ့် သူတို့ရောင်းတဲ့ ပစ္စည်းတွေက မရှိမဖြစ်လိုအပ်တဲ့ စားသောက်ကုန်တွေ ချည်းပဲ… ကျွန်မတို့ဘက်ကလည်း အလားသဏ္ဌာန်တူညီတဲ့ စက်ရုံတွေရှိတဲ့ ဒေသတွေကို ရွေးထုတ်ပြီး ကူညီမယ်ဆိုရင် ပိုပြီး အဆင်ပြေလောက်လား…”

“ အင်း… မဆိုးဘူး……”

လင်းရီ သူ့ခေါင်းကို လက်တစ်ဖက်ဖြင့် ထောက်ထားလိုက်ရင်း “ ငါက အဲ့လိုမျိုး ဆင်းရဲတဲ့ စီရင်စုတွေကို ကူညီပေးချင်တာ… ဒါပေမယ့် ငါတတ်နိုင်တာကလည်း ဘာမှမရှိဘူး…”

အစည်းအဝေးခန်းထဲရှိ လူတိုင်း တစ်ညီတစ်ညွှတ်တည်း ခေါင်းညိမ့်လိုက်ကြ၏။

ဥက္ကဌလင်းက စိတ်နှလုံးကောင်း ရှိသူဖြစ်သော်လည်း ယခု ပြဿနာက ကုမ္ပဏီတစ်ခုတည်းဖြင့် ဖြေရှင်းနိုင်သည့် ကိစ္စရပ်မျိုး မဟုတ်ခဲ့ချေ။

အချိန်အကြာကြီး စဉ်းစားပြီး နောက်တွင်တော့ ကျောက်ရာလီမှ “ ဥက္ကဌလင်း… ဒီနေရာမှာ တစ်ခု ပြောစရာဖြစ်သွားပြီ.. တကယ်လို့ အဲ့ဒီနေရာတွေမှာသာ စက်ရုံတွေ ရှိမယ်ဆိုရင် အစကတည်းကနေ ဆင်းရဲမှာ မဟုတ်တော့ဘူးလေ…”

“ ငါသိတယ်… ဒီတော့ ယှဉ်လိုက်ရင် ပိုပြီးဆင်းရဲတဲ့ ပြည်တွင်းက နေရာတစ်ချို့ကိုပဲ ရှာဖွေကြတာပေါ့….”

“ ဒါဆို ကျွန်မမှာ အဲ့ဒီ စံနှုန်းနဲ့ ကိုက်ညီတဲ့ နေရာတစ်ချို့ ရှိတယ်…”

ကျောက်ရာလီ စာရွက်စာတမ်းများကို လှန်လောရင်း ပြောလိုက်ပြီး “ ရန်ချိန်ရဲ့ လက်အောက်ခံ ကျင်းဖုန်း စီရင်စုက ကျေးရွာအများစုက အဝါရောင် မက်မွန်သီးတွေ စိုက်ပျိုးကြတယ်… ဒါပေမယ့် ဒီဘက်နှစ်တွေမှာ ပြည်တွင်းသစ်သီးဝလံ လုပ်ငန်း မြင့်တက်လာမှုနဲ့ သစ်သီးမျိုးကွဲသစ် စိုက်ပျိုးမှုတွေက ပြည်တွင်း ဈေးကွက်ပေါ်မှာ ရိုက်ခတ်မှု အကြီးကြီး ဖြစ်ပေါ်စေခဲ့တော့ ရလဒ်အနေနဲ့ ဖြန့်ဝေသူတွေဘက်က ဝယ်ယူတဲ့ နှုန်းတွေ ကျဆင်းပြီး တောင်သူတွေရဲ့ ဝင်ငွေကလည်း မရှိကြတော့ဘူး…”

“ပြီးတော့ ကျန်းပြည်နယ်… ထုံးမင် စီရင်စုကလည်း လက်ဖက်ခြောက်ကျေးရွာဆိုပြီး အရမ်းနာမည်ကြီးတယ်… ဒါပေမယ့် ဒေသခံတွေက ရှေးရိုးစွဲပြီး လက်ဖက်ခြောက်ကို လက်နဲ့ပဲလှိမ့်နေကြတော့ ဒီနှစ်ပိုင်းတွေမှာ နည်းပညာ ဖွံဖြိုးတိုးတက်မှုတွေနဲ့အတူ လက်ဖက်ခြောက် ပြုလုပ်တဲ့ ကဏ္ဍကလည်း တိုးတက်လာခဲ့တယ်… ဒါကြောင့်မို့ သူတို့ရဲ့ ရောင်းအားတွေကလည်း တစ်နှစ်ထက်တစ်နှစ် လျော့ကျကျသွားပြီး အခြေအနေတွေက သိပ်မကောင်းကြတော့ဘူး…”

“ နောက်ပြီး တုံးပေဘက်က…………..”

“ ရပြီ ရပြီ… အဲ့လောက် အများကြီး ပြောနေစရာ မလိုဘူး…” လင်းရီ လက်ကာပြလိုက်ပြီး “ မင်း အဲ့ဒီ နေရာတွေထဲက ငါးနေရာကို ငါ့အတွက်ရွေးပေး.. ငါလည်း အကုန်မရောင်းပေးနိုင်ဘူး… ရောင်းပေးနိုင်တဲ့ တန်ခိုးရှင်လည်း မဟုတ်ဘူး…”

“ ကောင်းပါပြီရှင့်.. ဒါဆို ကျွန်မ ဒီကိစ္စကို မြန်မြန် ဆောင်ရွက်ပြီးတော့ ဘော့စ်ဆီကို အီးမေးလ် ပို့လိုက်ပါ့မယ်…”

“ ကောင်းပြီ… ဖြစ်နိုင်ရင် မြန်မြန်လေးလုပ်ပေး…” လင်းရီ မတ်တပ်ရပ်လိုက်ပြီး “ အစည်းအဝေး ရုတ်သိမ်းမယ်.... ”

အစည်းအဝေး ပြီးဆုံးပြီးနောက် လင်းရီ ချီရှန်းကျောက်နှင့် ဟော်ယွမ်ယွမ်ကိုခေါ်၍ နေ့လည်စာ အတူစားသောက်ရင်း ကုမ္ပဏီ၏ တိုးတက်ဖွံ့ဖြိုးမှု အခြေအနေကို မေးမြန်းလိုက်၏။

ထိုအချိန်အတောအတွင်း ကျောက်ရာလီမှ သူမ ပြင်ဆင်ထားသည့် သတင်းအချက်အလက်များကို မေးလ်ပို့လာခဲ့လေသည်။

သို့နှင့် လင်းရီလည်း ထမင်းစားပြီးနောက် ကျန်းရှောင်ယွီကို ဖုန်းခေါ်လိုက်၏။

“ အစ်ကိုရီ… ကျွန်မကိုရှာနေတာလား…”

“ အင်း... မင်း အခု အလုပ်ရှုပ်နေတာလား… တောင်သူလယ်သမားတွေအတွက် လိုက်စထွင်းက နောက်အပတ် သောကြာနေ့ဆိုပြီး အချိန်အတိအကျ ထွက်လာခဲ့ပြီ… အဲ့တာ ငါမင်းနဲ့ တိုင်ပင်ချင်တာလေးရှိလို့….”

“ မရှုပ်ပါဘူး…” ကျန်းရှောင်ယွီ ပြောလိုက်ပြီး “ ခုက ကိတ်မုန့်ဖုတ်နေတာလေ… ကျွန်မအိမ် လာခဲ့လိုက်… အစ်ကိုရီကို ကျွေးမယ်…”

“ အဲ့လိုလည်း ရတယ်လေ…”

လင်းရီ သူဘယ်သွားရမလဲ ဂရုမစိုက်ချေ။ အလုပ်ကိစ္စ အကျိုးရှိသရွေ့တော့ အဆင်ပြေ၏။

နာရီဝက်ကြာပြီးနောက် လင်းရီ ကျန်းရှောင်ယွီ၏ နေအိမ်သို့ ရောက်လာခဲ့၏။

ပုံမှန်အတိုင်း မည်သူကမျှ သူ၏ ကားကို မတားဝံ့ကြချေ။

“ အစ်ကိုရီ… ဝင်ခဲ့လေ…”

လင်းရီကို မြင်တော့ ကျန်းရှောင်ယွီ ရွှင်မြူးစွာ ပြောလိုက်ပြီး ညှပ်ဖိနပ် တစ်ရံထုတ်ပေး၍ အိမ်ထဲသို့ ခေါ်လိုက်၏။

လင်းရီ အိမ်ထဲသို့ ဝင်ဝင်လာချင်း ထူးဆန်းသည့် အနံ့တစ်ခုက နှာခေါင်းထဲသို့ တိုးဝင်လာကာ နှာခေါင်းတရှုံ့ရှုံ့လုပ်၍ “ဟမ်... ဘာအနံ့ကြီးလဲ…. တစ်ခုခု တူးနေတဲ့ အနံ့ကြီးလိုပဲ…”

“ သောက်ခွေး.… ငါ့ရဲ့ ချီဖွန်ကိတ်လေး…”

ကျန်းရှောင်ယွီ မီးဖိုချောင်ထဲတွင် အလျင်စလို ပြေးသွားပြီး မီးဖိုခလုတ်ကို ပိတ်လိုက်၏။ သို့သော်လည်း ကိတ်သားလေးများမှာတော့ တူးလို့ မဲနေလေပြီ။

“ ရှောင်းယွီ ... မင်းငါ့ကို ကျွေးမယ်ဆိုတာက ဒါကြီးလား…”

ကျန်းရှောင်ယွီ ရယ်မောလိုက်ပြီး “ ဟီးဟီး… အစ်ကိုရီ လာမယ်ဆိုတာ သိတော့ စိတ်လှုပ်ရှားပြီး ကိတ်ဖုတ်ထားတာကို မေ့သွားတယ်…”

“ မင်းလို လူမျိုးက ဟင်းချက်တာကို တာ့တာပြသင့်နေပြီ…”

“ အဲ့တာတွေ ထားပါ….. “ ကျန်းရှောင်ယွီ လင်းရီကို ဆိုဖာပေါ် ထိုင်စေလိုက်ပြီး “ အစ်ကိုရီ ဘာသောက်မလဲ… အပူလား အအေးလား…”

“ ရေသန့်ဆို ရပြီ…”

“ အိုခေ..”

ကျန်းရှောင်ယွီ ရေခဲ သေတ္တာကို ဖွင့်ပြီး ရေသန့်နှစ်ဘူးထုတ်လိုက်၏။ “ ရော့ အစ်ကိုရီ… ရှင့်အတွက်…”

ရေခဲသေတ္တာထဲမှ ထုတ်လိုက်သည့် ရေသန့်ဘူးကို ကြည့်ရင်း လင်းရီ စက္ကန့်အနည်းငယ်ခန့်ကြာအောင် အတွေးနက်သွားပြီး “ မင်းရဲ့ စတော်ကင်တွေတော့ ရေခဲသေတ္တာထဲမှာ မထည့်ထားပါဘူးနော….”

All Chapters