တံခါး လာခေါက်ခြင်း
Vol. 53 Ch. 791
ဝမ်ချွေ့ပင်း၏ရင်ဘက်ထဲ၌ ကျီချင်းရန်ကို သူမ ချွေးမလေးအဖြစ် တရားသေ မှတ်ယူထားပြီး ဖြစ်၏။
သို့သော်လည်း သူမသားက နောက်ထပ် အသစ်တစ်ယောက်ကို ခေါ်လာလို့ နေပြန်သည်။ အကယ်၍ သူမသာ ဟုန်ပေါင်းမပေးဘူးဆိုပါက သူမသားမျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းပင် မဟုတ်ပါလော။
ထိုအခိုက်အတန့်တွင်တော့ သူမ ဘာလုပ်သင့်လဲဆိုတာကို ဝေခွဲဆုံးဖြတ်၍ မရနိုင်ဖြစ်နေသည်။
ညစာစားပြီးနောက် လင်းရီ ဂေဟာ၌ ခဏနေ၍ ကျန်းရှောင်ယွီနှင့် အတူ ပြန်ထွက်လာခဲ့လိုက်၏။ သူတို့ ထွက်လာတော့ ဂေဟာ၏ ဗန်တစ်စီးကို ယူလာခဲ့လိုက်သည်။
လမ်းတွင် ကျန်းရှောင်ယွီမှ “ အစ်ကိုရီ.. ကျွန်မ တစ်ခု ပြောစရာရှိတယ်…”
“ အင်း….. ”
“ ကျွန်မတို့ ထမင်းစားပြီးတော့ အစ်ကိုရီ အိမ်သာ ခဏသွားသေးတယ်မလား…”
“ အေးလေ…. "
“ အဲ့အချိန် အန်တီ ကျွန်မကို ယွမ် ငါးရာပါတဲ့ ဟုန်ပေါင်းပေးတယ်ကော….”
“ ဟမ်… အဲ့တော့ မင်းက ယူလိုက်တယ်လား….”
“ ယူလိုက်တာပေါ့… ကျွန်မလည်း အစက မယူဘူးလုပ်နေတာ… ဒါပေမယ့် အန်တီ ဘယ်လောက် စိတ်အား ထက်သန်နေလဲဆိုတာကို မြင်လိုက်ရတော့ မငြင်းနိုင်တော့ဘူးလေ..”
လင်းရီ တိတ်ဆိတ်သွာခဲ့တော့၏။
အမေက ဘာလို့ သူခေါ်လာတဲ့ မိန်းကလေးတိုင်းကို ဟုန်ပေါင်းတွေ ပေးနေတာလဲ…
ဒါကြီးက တော်တော်လေး နေရခက်စေတာပဲကွ...
“ ချွေးမလေးအဖြစ် ဆက်ဆံခံရတဲ့အတွက် ဂုဏ်ယူပါတယ်…”
“ ခစ်ခစ်ခစ်… တကယ်ကြီးလား… ဒါဆို ဒီ ယွမ် ငါးရာက တမူထူးခြားတဲ့ အဓိပ္ပာယ်တွေ ရှိနေတာပေါ့နော်…”ကျန်းရှောင်ယွီ ရယ်မောလိုက်ပြီး “ ဒါဆို ကျွန်မလည်း အန်တီကို တစ်ခုခု လက်ဆောင်ပြန်ဝယ်ပေးမှ ဖြစ်မှာပေါ့…”
“ လုပ်စမ်းပါ… နှိုးထတော့… ကိုယ့်ကိုယ်ကို သိပါတယ်…”
“ အိုက်ယား… ကျွန်မကို လေးငါးမိနစ်လောက်တော့ ပေးပျော်စမ်းပါ …ဟုတ်ပြီလား..” ကျန်းရှောင်ယွီ ဟုန်ပေါင်းကို ဝှေ့ယမ်းရင်း ရွှင်မြူးစွာဖြင့် ပြောလိုက်၏။
ထိုညတွင်တော့ ဟိုတယ်တစ်ခု၌ နှစ်ယောက်အတူ တစ်ညအနားယူလိုက်ကြပြီး နောက်တစ်နေ့ ကျန်းဖုန်း စီရင်စုသို့ ခရီးဆက်ရန် အားမွေးလိုက်ကြ၏။
ကျန်းဖုန်း စီရင်စုမှာ မြို့လယ်ခေါင်နှင့် ကီလို ၄၀ ကျော်မျှ ကွာဝေးပြီး မြို့တွင်း ယာဉ်ကြောသိပ်သည်းမှုကိုပါ ထည့်ပေါင်းလိုက်မည်ဆိုပါက ထိုနေရာသို့ ရောက်ရန် တစ်နာရီခွဲခန့် ကားမောင်းလိုက်ရသည်။
ကျောက်ရာလီ၏ လမ်းညွှန်မှုများအတိုင်း ဆက်လက်မောင်းနှင်ရင်းဖြင့် လင်းရီတို့ ရွှမ်းဟုန်မြို့ထဲ ရောက်လာခဲ့ကြသည်။
သို့သော်လည်း အဝါရောင် မက်မွန်သီးများ ခူးဆွတ်သည့် ရာသီဖြစ်သောကြောင့် အသီးများကို အချိန်အတော်ကြာက ဆွတ်ထားပြီး မက်မွန်ပန်းတို့ ပွင့်လန်းသည့် လှပသည့် မြင်ကွင်းကို မြင်နိုင်ရန် ကံမကောင်းခဲ့ကြပေ။
သူတို့ ရွှမ်းဟုန်မြို့ကို ရောက်တော့ မြို့က ပေချောင်မြို့ထက် အနည်းငယ် သာလွန်နေကြောင်း လင်းရီ သတိပြုမိလိုက်သည်။ အနည်းဆုံးတော့ ၎င်းတို့၏ လမ်းများက အဆိုးရွားကြီး ဟုတ်မနေချေ။
မြို့၏ လမ်းမပေါ်တွင်တော့ ဆိုင်းဘုတ်အများအပြားကို မြင်တွေ့နိုင်ပြီး အကုန်လုံးကလည်း တူညီသည့် အဓိပ္ပာယ်တစ်ခုတည်းကိုသာ ဖော်ဆောင်ထား၏။
“ ဈေးနှုန်း ချိုသာပြီး အရည်အသွေးကောင်းတဲ့ အဝါရောင် မက်မွန်သီးတွေကို လက်ကား ဝယ်ယူလို့ရနေပါပြီ….”
ဆိုင်းဘုတ်နားတွင် မတ်တပ်ရပ်နေရင်း ဝယ်သူအလာကို ဖက်ကြမ်းဖွာပြီး မျှော်နေကြသူများလည်း ရှိကြ၏။
“ အစ်ကိုရီ… အဲ့လူတွေ ဘယ်လောက်တောင် စိတ်ဖီစီးနေလဲဆိုတာ ကြည့်လိုက်ပါဦး… တစ်ချက်ကြည့်လိုက်တာနဲ့ သူတို့ စီးပွားရေး အခြေအနေက မကောင်းဘူးဆိုတာ တပ်အပ်ပြောနိုင်တယ်…” ကျန်းရှောင်ယွီ ကားမှန်မှ တစ်ဆင့် လက်ညိုးထိုးရင်း ပြောလိုက်၏။
“ ဒီလောက် နောက်ကျနေပြီကို အသီးတွေ ရောင်းမထွက်သေးဘူးဆိုမှတော့ ဒါပေါ့… သူတို့ သေချာပေါက် စိတ်လောနေမှာပေါ့ဟ…” လင်းရီ ထိုင်ခုံ ခါးပတ်ဖြုတ်လိုက်ရင်း “ သွားပြီး တစ်ချက်သွားကြည့်ကြစို့…”
ကားကို လမ်းဘေးတွင် ထိုးရပ်လိုက်ပြီးနောက် လင်းရီနှင့် ကျန်းရှောင်ယွီတို့ အလှမ်းသိပ်မဝေးသည့် နေရာတွင် ရှိနေသည့် သက်လတ်ပိုင်း လူကြီးထံသို့ ရောက်လာခဲ့ကြလေသည်။
“ ဦးလေး … အဝါရောင် မက်မွန်သီး တစ်ကတ်တီ ဘယ်လိုရောင်းလဲ…” ကျန်းရှောင်ယွီ လက်နောက်ပစ် ရှေ့သို့ အနည်းငယ် ယိုင်ရင်း အသီးများအား ကြည့်လျက် မေးလိုက်၏။
“ ငါတို့က လက်လီမရောင်းဘူး… လက်ကားပဲ ရောင်းတယ်….” သက်လတ်ပိုင်း လူကြီးမှ ပြောလိုက်ပြီး “တကယ်လို့ မင်းတို့က ၁၀၀ ကတ်တီထက် ပိုဝယ်မယ်ဆိုရင်တော့ တစ်ကတ်တီကို ၃ယွမ်နဲ့ ပြားရှစ်ဆယ်ပဲ ကျမယ်…”
ယခုနေရာသို့ မရောက်လာခင်က ဈေးနှုန်းများကို သေချာလေ့လာထားခဲ့သောကြောင့် ယခုဈေးက မဆိုးလှဟု နှစ်ယောက်လုံး ခံစားမိလိုက်ကြ၏။ အရမ်းကြီး ဈေးပေါမနေသကဲ့သို့ အရမ်းကြီးလည်း ဈေးများမနေချေ။
“ ဒါဆို ဦးလေးတို့ဆီမှာ ကတ်တီ စုစုပေါင်း ဘယ်လောက်ကျန်သေးလဲ… အရည်အသွေးကကော…” ကျန်းရှောင်ယွီ မေးလိုက်၏။
“ အရည်အသွေးပိုင်းနဲ့ ပတ်သက်ပြီး ဘာပြဿနာမှ မရှိစေရဘူး.. အကုန်လုံးကို ဂိုဒေါင်ထဲ သေချာသိမ်းထားတာ.. ကတ်တီ တစ်သောင်းလောက်အထိရှိတယ်… တကယ်လို့ မင်းတို့ အကုန်ဝယ်မယ်ဆို ဒီ့ထက် ပိုချိုတဲ့ ဈေးနဲ့တောင် ပေးလိုက်ဦးမယ်…”
ကျန်းရှောင်ယွီ ခေါင်းညိမ့်လိုက်၏။ သူမလည်း ဈေးနှုန်းက အဆင်ပြေသည်ဟု ခံစားနေရလေသည်။
သို့နှင့် လင်းရီကို ဘေးသို့ ဆွဲခေါ်သွားလိုက်ပြီး “ အစ်ကိုရီ… နောက် တစ်ခြားဆိုင်တွေ ထပ်သွားမေးကြည့်ရအောင် … တကယ်လို့ အများကြီး ၀ယ်မယ်ဆို ပိုပြီးတောင် ဈေးလျော့ခိုင်းလို့ ရသေးတယ်...."
"ခုက လူမှုဖူလုံရေး လိုက်စထွင်းဆိုတော့ ဈေးက အသင့်အတင့်လောက်ဆို အဆင်ပြေပြီ... ဒီ့ထက်ပိုပြီး ဈေးထပ်ချခိုင်းစရာ မလိုပါဘူး... ဒီလောက်နဲ့လည်း အဆင်ပြေပါတယ်...."
“ အမှန်ပဲ…. တကယ်လို့ အမြတ်မရဘူးဆိုရင်တောင်မှ လက်ကားဈေးတန်တန်နဲ့ ဝယ်လို့ ရသေးတယ်…”
“ ငါစဉ်းစားနေတာလည်း အဲ့တာပဲ… ဘာပဲဆိုဆို ငါတို့ ခုရောက်လာတဲ့ ရည်ရွယ်ချက်ကလည်း သူတို့ကို ကူညီပေးဖို့ပဲလေ…. ဈေးနိမ်ဖို့မှ မဟုတ်တာ…”
“ အွန်း… နောက် တခြားဆိုင်တွေ သွားပြီး လိုက်မေးကြည့်ကြစို့…”
“ အိုကေ…”
နောက်တစ်နာရီအတွင်း လင်းရီနှင့် ကျန်းရှောင်ယွီတို့ မြို့ထဲရှိ ဆိုင်တိုင်း၌ လိုက်လံ မေးမြန်း ဈေးစုံစမ်းကြတော့၏။
မကြာမီ အားလုံးက ဈေးတစ်ပြေးညီတည်း ရောင်းချနေကြကြောင်း သတိပြုမိလိုက်လေသည်။
ပို၍ ဈေးချိုသာသည့် ဆိုင်တို့ ရှိသော်ငြား ငါးပြား ဆယ်ပြားခန့် ဈေးသက်သာခြင်းပင်။ ကွာဟမှုက သူတို့ စိတ်ကူးထားသလောက် ကြီးမားမနေချေ။
ဈေးကွက်ကို နားလည်ပြီးနောက် နှစ်ယောက်မှာ ကားထံသို့ ပြန်ရောက်လာခဲ့ကြ၏။
“ အစ်ကိုရီ … ကျွန်မတို့ ခု အသေးစိတ်လည်း စုံစမ်ပြီးသွားပြီ… တကယ်လို့ ပမာဏအမျာကြီး ဝယ်ယူမယ်ဆို ကျွန်မအထင် ဈေးကို ၃.၅ ယွမ်လောက်အထိ လျှော့ခိုင်းလို့ရတယ်… အဲ့ဈေးက လက်ခံနိုင်တဲ့ အတိုင်းအတာထဲမှာပဲ… ဒါပေမယ့် အစ်ကိုရီပြောသလို ကျွန်မတို့က ဈေးထပ် မဆစ်သင့်တော့ဘူး… မဟုတ်ရင် ဒီအထိ လာခဲ့တဲ့ ရည်ရွယ်ချက်က သွေဖယ်သွားခဲ့တော့မှာ….”
“ အင်း… ငါလည်း ဈေးနှုန်းက မဆိုးဘူးလို့တော့ ထင်တာပဲ....” လင်းရီ သူ့ဖုန်းကို ကိုင်ထားရင်း “ ငါ မြို့က အထက်လူကြီးနဲ့ စကားပြောလိုက်ဦးမယ်…”
သို့နှင့် လင်းရီ ဝူကျောင်းယိုထံ ဆက်သွယ်လိုက်၏။
“ ဟယ်လို မြို့တော်ဝန်ဝူ… ခုတလော အလုပ်များနေတာလား…”
လင်းရီ မည်သူနှင့် ဖုန်းပြောနေလဲဆိုတာကို သိတော့ ကျန်းရှောင်ယွီ ဆွံ့အသွားခဲ့တော့၏။
အစ်ကိုရီမှာ ဘယ်လိုမျိုး နတ်ဘုရားဆန်တဲ့ အဆက်အသွယ်တွေရှိနေတာ…သူက မြို့ရဲ့ ထိပ်သီးပိုင်းတွေနဲ့ တောင် ရင်းနှီးနေတယ်လား….
“ ဟားဟား.. ဒီလိုပါပဲ… ကျုပ်တောင် အားတစ်ခိုက် ကျိုးဟိုင်လာပြီး မစ္စတာလင်းနဲ့ တစ်ခွက်လောက် လာသောက်ရင် ကောင်းမလား စဉ်းစားနေတာ…”
“ အဲ့လိုဆို ကျိုးဟိုင်ကို သွားဖို့ မလိုတော့ဘူး.. ကျုပ်ခု ရန်ချိန်မှာ…. “
“ တကယ်… ခု မစ္စတာလင်း ဘယ်နေရာ ရောက်နေတာ… ကျုပ် လာခဲ့မယ်လေ…” ဝူကျောင်းယိုမှ အားတက်သရော ပြောလိုက်ပြီး “ မစ္စတာလင်းကလည်း ဒီရောက်လာတောင်မှ ကျုပ်ကို အသိမပေးဘူး…”
“ ကျုပ်လည်း ကောက်ကာငင်ကာကြီး ထလာခဲ့ရတာနဲ့ ဘာမှတောင် စီစဉ်ချိန် မရလိုက်ဘူး…”
“ ဟားဟား… ကောင်းပါပြီဗျာ… ဒါနဲ့ ကျုပ်ကို ဖုန်းဆက်လိုက်တယ်ဆိုတော့ မစ္စတာလင်း စိတ်ထဲ တစ်ခုခုများ ရှိနေလို့လား…” ဝူကျောင်းယို အပြုံးလေးဖြင့် မေးလာခဲ့၏။
“ သိပ်မကြာခင်မှာ တောင်သူဦးကြီးတွေကို ကူညီတဲ့ လိုက်စထွင်းပွဲ တစ်ခုရှိလိမ့်မယ်… လူမှုဖူလုံရေးပွဲပေါ့.. ကျင်းဖုန်း စီရင်စုက အဝါရောင် မက်မွန်သီးတွေ စိုက်တယ်… ကျုပ်က ဒီအသီးတွေကို စည်သွပ်ထားတဲ့ အသီးတွေအဖြစ်ပြောင်းပြီးတော့မှ လိုက်စထွင်းပွဲမှာ ကြေညာပေးတဲ့ ပစ္စည်းအနေနဲ့ ရောင်းပေးမှာ….”
“ တကယ်… ဒါဆို ဒါ သတင်းကောင်းကြီးပဲ… ဥက္ကဌလင်း… ကျေးဇူးအများကြီး တင်ပါတယ်..”
“ ရပါတယ်… ကျုပ်စေတနာတွေပါ… တအားကြီး ယဉ်ကျေးနေစရာ မလိုပါဘူး…”
“ ဒါဆို ကျုပ်တို့ ဒီကိစ္စကို စားရင်းသောက်ရင်း ဆွေးနွေးကြမလား… “
“ ကျုပ် အဲ့လောက် အချိန်မရဘူး… ခု ကျုပ် ကျင်းဖုန်း စီရင်စုက ရွှမ်းဟုန်မြို့မှာ… ဒေသခံတွေ ပေးတဲ့ဈေးက မဆိုးဘူး ထင်တာပဲ… ဒါကြောင့်မို့ ခု ယုံကြည်စိတ်ချလို့ရမယ့် စည်သွပ်စက်ရုံကို ရှာနေတာ… မြို့တော်ဝန်ဝူက အဲ့ဒီ လူတွေနဲ့ ကူညီပြီး ဆက်သွယ်ပေးလို့ရမလား မသိဘူး…”
“ ပြဿနာမရှိဘူး… ကျုပ်ခုပဲ ကူပြီး ဆက်သွယ်ပေးမယ်… သူတို့ကို ခဏနေကျရင် မစ္စတာလင်းကို ဆက်သွယ်လာလိမ့်မယ်…” ဝူကျောင်းယိုမှ ပြောလိုက်ပြီး “ မစ္စတာလင်းက ကျုပ်တို့ ရန်ချိန် ကောင်းဖို့ လုပ်နေမှတော့ ကျုပ်ဘက်ကလည်း ကျုပ်တတ်နိုင်တဲ့ အခန်းကဏ္ဍကနေ အကောင်းဆုံး ဆောင်ရွက်ပေးရမှာပေါ့…”
“ ကျေးဇူးပါ မြို့တော်ဝန်ဝူ….”
ဝူကျောင်းယိုနှင့် ဖုန်းပြောပြီး လင်းရီ တစ်ဖန်ပြန်တွေးကြည့်တော့ နောက်ဆက်တွဲ ကျန်သည့် ကိစ္စများက တစ်ဆင့်ပြီးတစ်ဆင့် ကိုင်တွယ်သွားရန်သာ ကျန်တော့သည်ဟု ခံစားနေရလေသည်။ ထို့ကြောင့် ဘာမျှ စိတ်ပူနေစရာ မလိုပေ။
ဒေါက် ဒေါက် ဒေါက် …
လင်းရီ ထိုအကြောင်း တွေးတောနေစဉ် သူ့ကား ပြတင်းပေါက်မှန်ကို တစ်စုံတစ်ယောက်မှ လာခေါက်နေကြောင်း သတိပြုမိလိုက်၏။
လှည့်ကြည့်လိုက်တော့ အပြင်ဘက်တွင် အပြာရောင် ဝတ်စုံဝတ်ထားသည့် သာမန် သက်လတ်ပိုင်း စုံတွဲတစ်တွဲမှာ သူ့ကို မျှော်လင့်နေသည့် အကြည့်မျက်၀န်းတို့ဖြင့် ကြည့်နေကြလေသည်။
လင်းရီ ကား ပြတင်းပေါက်မှန်ကို ချလိုက်ပြီး “ အစ်မကြီး … ဘာကိစ္စလဲ..”
“ မောင်ငယ်လေး.. ငါကြားမိတာ နင်တို့ အဝါရောင် မက်မွန်သီးတွေကို ဝယ်ချင်နေတယ်ဆို… ငါတို့အိမ်က အသီးတွေကို တစ်ချက်လာကြည့်ကြည့်ပါလား… ဈေးလည်း အများကြီး သက်သာစေရမယ်လို့ အာမခံပါတယ်…”
၎င်းကိုကြားတော့ နှစ်ယောက်သား အချင်းချင်း ပြန်ကြည့်မိသွားကြပြီး ကျန်းရှောင်ယွီ မသိစိတ်မှ အလိုအလျောက် မေးမြန်းမိသွား၏။
“ ဘယ်လောက်ထိ ဈေးသက်သာ ပေးနိုင်မှာ…”
“ တကယ်လို့ ၁၀၀ ကတ်တီထက် ပိုဝယ်မယ်ဆို ၂.၈ ယွမ်ပဲပေး… အဲ့ထက် ပိုဝယ်ရင် ပိုပြီး ဈေးသက်သာစေရမယ်….”
ဤနှုန်းထားက ကျန်းရှောင်ယွီကို အံ့အားသင့်သွားစေခဲ့သည်။ သို့သော် အခြားတစ်ဖက်ရှိ လင်းရီကတော့ အင်မတန် တည်ငြိမ်နေသည်။
သူ အရင် စားသောက်ဆိုင် ဖွင့်တုန်းက အသီးအရွက်များ ဝယ်သည့် အချိန်၌ ယခုလို နည်းလမ်းဖြင့် တစ်ကြိမ် အညာမိပြီး ဖြစ်၏။
မည်သည့် ကောင်းသည့် ပစ္စည်းကိုမျှ ထိုမျှ ဈေးပေါစွာ ရောင်းချလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သံသယဖြစ်ဖို့တော့ ကောင်းနေချေပြီ။
“ အစ်မကြီး ... ဒီလိုအကွက်မျိုးတွေက ရိုးနေပြီ… ဒါမျိုးလာ မလှည့်စားနဲ့…”