← Chapters

မျက်မှာဖုံးအစ်ကိုကြီးအတွက် ခက်ခဲလောက်တယ်

Vol. 53 Ch. 793

မျက်မှာဖုံးအစ်ကိုကြီးအတွက် ခက်ခဲလောက်တယ်

Vol. 53 Ch. 793

“ နေ့ခင်းကြောင်တောင်ကြီး ကားစီးချင်နေတယ်ပေါ့… မင်းတို့ လူငယ်တွေက တစ်နှစ်တခြား ပိုပိုပြီး အဆင်ခြင် မဲ့လာတော့တာပဲ….”

“ ဒါပေမယ့် ကျွန်မတို့ ခုလည်း ကားစီးနေကြတာပဲ မဟုတ်ဘူးလား…”

“ ဒါက… ငါတို့ ထပ်ပြီး မပြောကြရင် ကောင်းမယ်ထင်တယ်….”

နှစ်ယောက်သား ရယ်မော ပြောဆိုရင်း ရန်ချိန်သို့ ပြန်လာခဲ့ကြသည်။ ထို့နောက် လင်းရီ ကျန်းရှောင်ယွီကို ခေါ်၍ ဝူကျောင်းယိုထံ အလည်အပတ် သွားလိုက်လေသည်။

အပြန်လမ်းတွင်တော့ ဝူကျောင်းယိုမှ လင်းရီတွေ့ချင်နေသည့် ထုတ်လုပ်သူကို ဆက်သွယ်ပြီးကြောင်း ပြောပြလာခဲ့သည်။ လင်းရီနှင့် ကျန်းရှောင်ယွီတို့ တစ်နေ့ခင်းလည်း မနားတမ်း အလုပ်လုပ်နေရာ ညနေခင်း ရောက်သည့် အချိန်တွင်တော့ ပရောဂျက်၏ ကနေဦး အခြေအနေများအားလုံး ပြီးပြည့်စုံလေပြီ။

သူတို့ ညပိုင်း ဟိုတယ်ကို ပြန်ရောက်လာတော့ ဘူဖေးစားသောက်ဆိုင်၌ ညစာ သုံးဆောင်လိုက်ကြ၏။

“ အစ်ကိုရီ… ခုလေးတင် စည်သွပ်စက်ရုံ ဥက္ကဌ ပြောလာတာ တကယ်လို့ ၅၀၀ ဂရမ် ပါတဲ့ စည်သွပ်ဘူးတစ်ဘူးထုတ်မယ်ဆို ဘူးပေါင်း ၂ သန်း ထုတ်လို့ရမယ်… သံဘူးခွံဖိုးက ၁.၁ ယွမ်… သယ်ယူပို့ဆောင် စရိတ်က ၂ ယွမ်… ဒါပေမယ့် တကယ်လို့ ခြောက်ဘူးကို တစ်ခု ထုပ်မယ်ဆိုရင်တော့ ပို့ဆောင်စရိတ်ကို ၀.၄ ယွမ် လျှော့ပေးလို့ရတယ်တဲ့… အဲ့ဒီနည်းအတိုင်း တွက်ချက်ကြည့်မယ်ဆိုရင် စည်သွပ်ဘူး တစ်ဘူးရဲ့ ကုန်ကျစရိတ်က ၅ ယွမ်… ၆ ဘူးကို ၂၉ ယွမ်နဲ့ ရောင်းလို့ရတယ်…”

“ ဈေးက မဆိုးပါဘူး… အတော်လေး ချိုပါတယ်…”

လင်းရီ ဈေးနှုန်းကို အင်မတန် ကျေနပ်အားရသွားခဲ့၏။ သူ့ဘက်က အမြတ်ရနိုင်သည်ဟုပင် ခံစားနေမိတော့သည်။

“ အစ်ကိုရီ.. အဲ့လောက်လည်း အပျော်မစောနဲ့ဦး…”

“ ဘာလို့…”

ကျန်းရှောင်ယွီ ပခုံးတွန့်လိုက်ပြီး “ အမှန်ဆို… ကျွန်မတို့ရဲ့ ဒီဈေးက ဈေးမပေါဘူး….”

“ အမ်… မပေါဘူးပေါ့….”

“ ပလတ်ဖောင်းတွေပေါ်မှာ စထွင်မာ အများစု ရောင်းတဲ့ စည်သွပ်သစ်သီးသံဘူးတွေက ပုံမှန်ဆို ရေခဲရိုက်ထားတဲ့ ဘူးအဟောင်းတွေပဲ များတယ်… ဒီတော့ တစ်တန်ကို ယွမ် ရာဂဏန်းလောက်လေးပဲ ကျတာ… ပြီးတော့ ထုပ်ပိုးတာကလည်း နှလုံးသားမည်းညစ်နေတဲ့ အလုပ်ရုံတွေဆီကနေ လာခဲ့ကြတာ… ဒါကြောင့်မို့ စည်သွပ်ဘူးချင်း အတူတူဆိုရင်တောင် သူတို့ရဲ့ ကုန်ကျစရိတ်က နှစ်ယွမ်မကျော်ဘူး…” ကျန်းရှောင်ယွီ ပြောလိုက်ပြီး “ ကျွန်မတို့ အခု ထုတ်လုပ်ပုံ အဆင်ဆင့်က အရည်အသွေး အကောင်းစားတွေပဲဆိုတော့ ဈေးကလည်း အထိုက်အလျောက် မြင့်တက်လာမှာ သဘာဝပဲလေ… ရလဒ်အနေနဲ့ ကျွန်မတို့ရဲ့ ကုန်ကျစရိတ်က တိုးမြင့်သွားပြီ… တခြား စထွင်မာတွေက ဒီလိုမျိုး စည်သွပ်ဘူး ၆ ဘူးကို ၁၉ ယွမ်လောက်နဲ့ ရောင်းလို့ရတယ်… အဲ့ဈေးက ကျွန်မတို့ထက် အများကြီး ဈေးပေါတယ်….”

“ အဲ့လိုဆို နည်းနည်းတော့ ခက်ခဲတော့မှာပဲ… “ လင်းရီ တွေးဆနေဟန်ဖြင့် ပြောလိုက်၏။

လင်းရီက ကျန်းရှောင်ယွီကဲ့သို့ အွန်လိုင်း ဈေးရောင်းတဲ့ပုံစံကို ထဲထဲဝင်ဝင် နားလည်မနေချေ။ သူသိထားသည်က ရေခဲတောင် ထိပ်ဖျားလေးမျှသာဖြစ်၏။

“ အမှန်ပဲ… အသုံးပြုသူတွေက ဈေးနှုန်းနဲ့ ပတ်သက်ပြီးတော့ ဆတ်ဆတ်ထိမခံဘူး… တကယ်လို့ လေးငါးဆယ်ပြားလောက်ပဲ ဈေးကြီးမယ်ဆိုရင်တောင် ဝယ်ချင်ကြမှာ မဟုတ်ဘူး…”

“ အဲ့လိုဆိုရင်တောင် တခြားနည်းလမ်းမှ မရှိတာ… ငါတို့က တောင်သူတွေကို ကူညီပေးဖို့ လာမှတော့ အောက်ဈေးပေးလို့ကလည်း မဖြစ်ပြန်ဘူးလေ… မဟုတ်ရင် ဒီရဲ့ လိုက်စထွင်းကြီး တစ်ခုလုံးက အနှစ်သာရ ကင်းမဲ့သွားတော့မှာပေါ့…”

“ ဒါဆိုလည်း ကျွန်မတို့ဘက်က အရည်အသွေးကိုပဲ ကာဗာယူကြတာပေါ့… မနက်ဖြန် အသီးတွေ ကားနဲ့ လာတိုက်တဲ့အချိန်ကျ လိုက်စထွင်းလွင့်လိုက်မယ်… ပစ္စည်းကောင်းအတွက် ပိုက်ဆံသုံးချင်တဲ့သူတွေ အများကြီးရှိမှာပါ…”

“ ကောင်းပြီ…” လင်းရီ ခေါင်းညိမ့်လိုက်ပြီး “ အဲ့ကိစ္စပြီးရင် ငါကျိုးဟိုင်ကို ပြန်တော့မယ်… အဲ့မှာ လုပ်စရာတွေက အများကြီးပဲ… မင်းကတော့ ဒီမှာနေပြီး ကိစ္စအဝဝကို ကြည့်လုပ်ထားလိုက်…”

“ အဲ့တာအပြင်ကို ငါ့ရဲ့ တခြား ဝန်ထမ်းတွေက ကျန်တဲ့ စားသောက်ကုန်တွေအတွက် တာဝန်ယူထားတာ… အချိန်ကျလာရင် ငါသူတို့ကို ဆက်သွယ်လာခိုင်းလိုက်မယ်… မင်းက ဒီတိုင်း သူတို့နဲ့ ညှိနှိုင်းပေးလိုက်…”

“ အမ်... ကျွန်မကို အာဏာအကုန် အပ်နှင်းလွှဲပြောင်းနေတယ်လို့ ဘာလို့ ခံစားနေရတာ… ပထမဆုံးအကြိမ် ခေါင်းဆောင်လုပ်ရတော့မှာဆိုတော့ နည်းနည်းလေး စိတ်လှုပ်ရှားလာသလိုပဲ..”

“ အာဏာ အပ်နှင်းတယ်....… ငါတကယ်ပဲ မင်းခေါင်းထဲမှာ ဘာတွေ ရှိလဲဆိုတာတောင် ခွဲကြည့်ချင်လာပြီ….”

“ အိုင်ကျူမြင့်တဲ့ ဥာဏ်ရည်ဉာဏ်သွေးတွေပဲ ရှိမှာပေါ့လို့… ဟိုးဟိုး….”

နောက်တစ်နေ့ နံနက်ခင်းတွင်တော့ နှစ်ယောက်သား အိပ်ရာမှ စောစီးထလိုက်ကြ၏။

ကိုးနာရီတွင် ရွှမ်းဟုန်မြို့၌ စည်သွပ်စက်ရုံ တာဝန်ရှိသူနှင့် အချိန်းအချက် ပြုထားသောကြောင့် နောက်ကျမည်ဆိုပါက ကောင်းလိမ့်မည် မဟုတ်ချေ။

ထို့ပြင် လင်းရီ ဘဏ်ကို ဆက်သွယ်ပြီး ကုန်ကား တစ်စီးနှင့် ငွေအပြည့် စီစဉ်ခိုင်းထားကာ ပိုက်ဆံချေရန်လည်း အသင့်ပြင်ထားလေသည်။

သူတို့ ရွှမ်းဟုန် မြို့ကို ရောက်တော့ မြို့အဝင်ဝ၌ လူအများအပြား စုဝေးနေကြောင်း သတိပြုမိလိုက်သည်။ ထို့ပြင် ကုန်ပစ္စည်းများကို သယ်ရန် ပြင်ဆင်နေကြသည့် ထရပ်ဆယ်စီးကလည်း ရောက်ရှိနေလေပြီ။

“ ဥက္ကဌလင်း… မစ်ကျန်း… ရောက်လာပြီလားဗျ…”

ပြောလိုက်သူကတော့ အသက်လေးဆယ် ဝန်းကျင်ရှိ အပြာရင့်ရင့် ဂျက်ကတ်ကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်း အမျိုးသားတစ်ဦးပင်။ လင်းရီနှင့် ကျန်းရှောင်ယွီတို့ ရောက်လာသည်ကို မြင်တော့ ဦးစွာ ကြိုဆို နှုတ်ဆက်လာလေသည်။

ထိုအမျိုးသား၏ နာမည်က ကျူးကျွင်းချိုင် ဖြစ်ပြီး နိုင်ငံတစ်ဝန်း နာမည်ကျော်ကြားသည့် တင်ရှန့် စည်သွပ်စက်ရုံ၏ ဒါရိုက်တာတစ်ဦးဖြစ်၏။

“ ဆောတီးဗျာ… ကျုပ် အလာ နောက်ကျသွားတယ်…”

လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။

“ မစ္စတာလင်းက ယဉ်ကျေးလွန်းနေပါပြီ.. ကျုပ်တို့ကိုက စောရောက်နေတာပါ…”

“ အကုန်လုံးရယ်ဒီဖြစ်နေပြီ ထင်တယ်… စလိုက်ကြစို့… အလုပ်ကို မြန်မြန်ပြီးအောင်လုပ်ပြီး ထုတ်လုပ်မှုကို စလိုက်ကြတာပေါ့…”

“ ကောင်းပါပြီ ကောင်းပါပြီ… ဒါဆိုလည်း ခု စလိုက်ကြတာပေါ့…”

လူအင်အား အလုံးအရင်းနှင့် အသီးများကို ကားပေါ်တင်လိုက်ကြရာ မကြာမီ အသီးများ သိပ်မကျန်တော့ချေ။ ထိုအချိန် ကျန်းရှောင်ယွီကတော့ လက်ထဲတွင် ဖုန်းကိုင်ထားပြီး လိုက်စထွင်းလွင့်နေလေသည်။ သူမတို့ ဝယ်ယူထားသည့် ပစ္စည်းများက အခြားသူတို့ထက် အရည်အသွေး မည်မျှ ကောင်းမွန်လှကြောင်း အစွမ်းကုန် သက်သေပြနေတော့၏။

တစ်ချိန်တည်းတွင် ဗန်လေးစီးနှင့် အနက်ရောင် BMW7 တို့က ရွှမ်းဟုန်မြို့သို့ အလွန်လျင်မြန်သည့် အရှိန်နှုန်းဖြင့် ဒုန်းဆိုင်း ချဉ်းကပ်လာခဲ့ကြ၏။

“ ငါ လခွီးတွေဖြစ်နေတာလားကွ… ငါရဲ့ စီးပွားရေးကို ဘယ်လိုတောင် လာခိုးရဲနေတာ….”

ပြောလိုက်သူက BMW ၏ ခရီးသည်ထိုင်ခုံပေါ်တွင် ထိုင်နေပြီး အရွယ်အားဖြင့် သုံးဆယ်ဝန်းကျင်ခန့်မျှရှိကာ စီးကရက်ကို လက်က ကိုင်ထားရင်း လက်မောင်းတွင်လည်း ကျားနှင့် နဂါး တက်တူးကြီးကို ထိုးထားသေး၏။ မာကြောခက်ထန်သည့် အမူအရာနှင့် မြင်သူမဆို လူကောင်းသူကောင်း မဟုတ်ကြောင်း ကောက်ချက်ချနိုင်လေသည်။

ထိုသူ၏ နာမည်ကတော့ ရှီကျန်းချန်ဖြစ်ပြီး သူလုပ်ကိုင်နေသည့် စီးပွားရေးကတော့ အသီးအနှံများ ထုတ်ပိုးရောင်းချခြင်းပင်။

သူ မူလက ရွှမ်းဟုန်မြို့ရှိ နယ်ခံများနှင့် အချိန်ခဏဖြုန်းပြီး အသီးအနှံများကို အောက်ဈေးပေးပြီး ဝယ်ယူကာ သူ့ယောက်ဖအား မျက်နှာလုပ်မည်ဟု စိတ်ကူးထားသော်လည်း အခြား တစ်ယောက်က အဖျက်အမှောင့် လာပြုလိမ့်မည်လို့တော့ ထင်မထားခဲ့ချေ။

“ ကျွန်တော် စုံစမ်းခိုင်းပြီးပါပြီ ဘော့စ်… သူတို့က ကျိုးဟိုင်က ရောက်လာတဲ့ စထွင်မာတွေပါ… ခု အသီးတွေ အကုန် ဝယ်သွား စည်သွပ်ပြီးတော့ လိုက်စထွင်းမှာ ရောင်းဖို့ စီစဉ်နေပါတယ်…”

ပြောလိုက်သူက ရှီကျန်းချန်၏ ဒရိုင်ဘာတဖြစ်လဲ လက်ထောက်ဖြစ်သူပင်။

“ ငိုးပဲ… ပါမွှားစထွင်မာလေးကတောင် ငါ့ကို မထီမဲ့မြင် ပြုရဲနေပြီပေါ့… “

“ မြန်မြန် မောင်းစမ်း…. ငါ့ စီးပွားရေးကို လာစွက်ဖက်ရဲတဲ့ကောင်တွေ ဘယ်လိုမျိုးလဲဆိုတာ မြင်ချင်တယ်… ရှီးပဲ… အဲ့ကောင်တွေ အသက်မရှင်ချင်တော့ဘူးနဲ့တူတယ်…”

မိနစ်နှစ်ဆယ်ကြာပြီးနောက် ရှီကျန်းချန်နှင့် သူ့လူများအားလုံး ရွှမ်းဟုန်မြို့သို့ ရောက်လာခဲ့ကြသည်။

အသီးများအား ကုန်ကားပေါ်သို့ အစုလိုက်အပြုံလိုက် တင်နေသည့် မြင်ကွင်းကို မြင်တော့ ရှီကျန်းချန် အသားတို့ တုန်ယင်လာသည်အထိ ဒေါသထွက်လာခဲ့ပြီး “ အားလုံး ကားပေါ်ကဆင်းပြီး ငါ့နောက်လိုက်ခဲ့ကြ……”

ရှီကျန်းချန်၏ အမိန့်ကို ရရှိပြီးနောက် ကားလေးစီးထဲမှ လူများအားလုံး အပြင်သို့ ညာသံပေးပြီး ထွက်လာကြတော့၏။

“ ရပ်စမ်း.. ရပ်လိုက်ကြစမ်း… မင်းတို့ကို ဘယ်ကောင်က ဒီအသီးတွေ ယူခိုင်းတာ…”

အသံဗလံများကို ကြားတော့ လူတိုင်း လုပ်လက်စ အလုပ်များကို ရပ်တန့်လိုက်ကြပြီး ကမူးကရှူးနှင့် ပြေးလာသူများကို ကြောက်ရွံ့ထိတ်လန့်စွာဖြင့် ကြည့်လိုက်ကြလေသည်။

လူများ ရုတ်ချည်း ရောက်လာသည်ကို မြင်တော့ လိုက်စထွင်းထဲရှိ လူများအားလုံး မျက်လုံး အရောင် လက်သွားခဲ့ကြ၏။

“ ရှောင်းယွီ.. ဘာတွေဖြစ်နေတာ…. မင်းတို့က ဒီမှာ အသီးလာသိမ်းတာဖို့ပဲ ရောက်လာတာ မဟုတ်ဘူးလား.. ဘာလို့ ဒီလူတွေက ပြဿနာ လာရှာနေကြတာ…”

“ လူမိုက်ရုပ်ကြီးတွေနဲ့ လူမိုက်တွေလား မသိဘူး… ကြည့်ရတာ မျက်နှာဖုံး အစ်ကိုကြီးကတော့ အန္တရာယ် ရှိနေပြီနဲ့ တူတယ်….”

ထို လူတစ်သိုက်ကို မြင်တော့ ကျန်းရှောင်ယွီလည်း အံ့အားသင့်သွားခဲ့လေသည်။

သူတို့က ဒီကို အသီးလာဝယ်ရုံ သပ်သပ်လေ… ဘယ်သူ့ကို စော်ကားနေမိလို့တုန်း…

ဒါကို ဒီလူတွေက ဘယ်လိုလုပ်ပြီး ရောက်ချလာတာ….

“ လူတိုင်းပဲ စိုးရိမ်မနေကြနဲ့… နင်တို့လည်း မျက်နှာဖုံး အစ်ကိုကြီး ဘယ်လောက် တော်တယ်ဆိုတာ သိပါတယ်… တကယ်လို့ ဒီလူတွေက ပြဿနာရှာဖို့ ရောက်လာတာဆိုရင် မျက်နှာဖုံး အစ်ကိုကြီးကလည်း အားနာနေမှာ မဟုတ်ဘူး….”

“ မျက်နှာဖုံး အစ်ကိုကြီးက တစ်ယောက်ချင်း တိုက်ခိုက်တဲ့နေရာမှာ တော်တယ်ဆိုတာ သိတယ်..ဒါပေမယ့် ကျားတောင် ဝံပုလွေအုပ်နဲ့ တွေ့ရင် ထွက်ပြေးရသေးတာပဲလေ… တစ်ဖက်အဖွဲ့က လူဒီလောက်များတာ တကယ်တမ်း ချကြပြီဆို‌ သေချာပေါက် သူတို့ ပြိုင်ဘက် မဟုတ်ဘူး…”

“ အမှန်ပဲ… အစ်ကိုကြီးဘက်မှာက မင်းလို ဝန်ထုပ်ဝန်ပိုးကြီးလဲရှိနေတယ်ဆိုတော့ ဒါက မျက်နှာဖုံး အစ်ကိုကြီးအတွက် တော်တော်လေး ခက်ခဲသွားပြီ….”

All Chapters