တိုက်ပွဲ စတင်ပြီ
Vol. 53 Ch. 795
လင်းရီ ခေါင်းငုံ့ကြည့်လိုက်တော့ ကျီချင်းရန်မှာ သူမ ခြေထောက်ကို ထိ၍ ရည်ရွယ်ချက်ရှိရှိ ကျီစားနေကြောင်း မြင်တွေ့လိုက်ရသည်။ ပေါင်အနားတစ်ဝိုက်သို့ ထိတွေ့နေသည့် ဟန်အမူအရာမှာ အင်မတန် ရဲတင်းလှပြီး ဆွဲဆောင်မှုရှိနေတော့၏။
" ထားလိုက်.. ယွမ်ယွမ်ကို လုပ်ခိုင်းလိုက်တာက ပိုကောင်းတယ်... "
"နင် ဘာပြောချင်တာ.. ငါ့ ခြေထောက်တွေက ယွမ်ယွမ်လောက် ကြည့်မကောင်းဘူးဆိုတဲ့ သဘောလား... "
" ဒါက ကြည့်ကောင်းတာ မကောင်းတာနဲ့ ဘာမှ မဆိုင်ဘူး... ဘယ်လို မွန်မြတ်တဲ့ ယောက်ျားကောင်းတစ်ယောက်က သူ့မိန်းမကို ကိုယ်ဟန်ပြ မော်ဒယ်အဖြစ် ထားမှာ... "
ကျီချင်းရန် ခေတ္တမျှ ကြက်သေသေသွားပြီးနောက် ခစ်ကနဲ ရယ်မောလိုက်တော့၏။
"ဒီရဲ့ ၀က်အသည်းလေး စားကြည့်.. နင့်အတွက်ဆိုပြီး အထူးတလှယ် သင်ယူထားတာနော်... သူက သွေးနဲ့ စွမ်းအင်ကို ပြန်ပြီး ဖြည့်တင်းပေးတယ်... များများစား... "
ထိုညတွင်တော့ ကျီချင်းရန်မှာ အတော်လေး စိတ်ကောင်း၀င်နေလေသည်။
သူမကပဲ ပန်းကန်များကို ဆေးကြောရန် ပြောလာခဲ့ပြီး အိမ်ကိုလည်း တစ်ယောက်တည်း သန့်ရှင်းရေးတွေ လိုက်လုပ်နေတော့၏။ လင်းရီကိုပင် ဘာမျှ မလုပ်ခိုင်းချေ။
ကလင် ကလင် ကလင်
လင်းရီ စာကြည့်ခန်းထဲသို့ ပြန်၍ code ရေးတော့မည့် အချိန်တွင် ဘေးရှိဖုန်းက အသံမြည်လာလေသည်။
၀မ်ရန်မှ ဖုန်းဆက်လာခဲ့ခြင်းပင်။
" တီချယ်လင်း.. မကောင်းတော့ဘူး.. ကျွန်မတို့ရဲ့ စက်တွေ ပျက်ကုန်ပြီ... ပစ္စည်းတွေ ဆက်ပြီး ထုတ်လို့မရတော့ဘူး... "
" ဘာပြဿနာတွေ တက်နေတာ... "
လင်းရီ အထူးတလှယ်ကြီး အံ့အားသင့်မသွားခဲ့ချေ။
အနည်းငယ် အံ့အားသင့်ဖို့ ကောင်းနေသော်လည်း သူမျှော်လင့်ထားသည့် အတိုင်းအတာအတွင်း၌ တည်ရှိလေသည်။
မည်သူ့စနက်ဆိုတာကိုလည်း သူ ခန့်မှန်းပြီးဖြစ်၏။
ယင်းက ယခုချိန်ထိ အလျော့မပေးသေးသည့် ကျန်းဟိုင်ရုံ၏ လက်ချက်သာ ဖြစ်ပေရမည်။
" စိတ်အေးအေးထား.. မင်းအခု ဘယ်မှာလဲ... "
လင်းရီ မေးမြန်းလိုက်၏။
" ကျွန်မ အခု စက်ရုံမှာ... ပြဿနာကို အဖြေရှာပြီးတော့ ထုတ်လုပ်မှုကို ရှေ့ဆက်လို့ရအောင် စဉ်းစားနေတာ... "
" အဲ့ဒါဆို ငါ့ကို အဲ့မှာစောင့်နေ... ငါ အခု လာနေပြီ... "
"ဟုတ် တီချယ်.... "
၀မ်ရန်၏ ဖုန်းကို ချပြီးနောက် လင်းရီ သူ့အ၀တ်အစားများကို လဲပြုလိုက်၏။
" ညရှစ်နာရီကျော်နေပြီကို အပြင်သွားဦးမလို့လား.... "
"အင်း... စက်ရုံမှာ အရေးကြီးကိစ္စပေါ်လာလို့ ငါသွားမှ ရမှာ... "
ပြောပြီးနောက် လင်းရီ နာရီကို တစ်ချက်ကြည့်လိုက်ပြီး " ငါ ဆယ်နာရီ ၀န်းကျင်လောက်ဆို ပြန်လာခဲ့မယ်.. တကယ်လို့ ပင်ပန်းနေတယ်ဆိုလည်း အရင်၀င်အိပ်နှင့်... ငါ့ကို စောင့်နေစရာ မလိုဘူး... "
ကျီချင်းရန် လင်းရီ အရှေ့ရောက်လာပြီး ကော်လံကို သပ်ရပ်အောင် ပြုပြင်ပေးရင်း " လမ်းမှာ ဂရုစိုက်ပြီးလဲ မောင်းဦးနော်... "
" အင်း... "
လင်းရီမှာ လတ်တလော အတော်လေး အလုပ်ရှုပ်နေပြီး ကျီချင်းရန်ကလည်း ၎င်းကို သတိပြုမိသည်။ စကားတစ်ချို့ မှာကြားပြီးနောက် ခြံ၀န်းထဲတွင် ရပ်နေရင်း လင်းရီ ထွက်သွားသည်ကို ငေးကြည့်လျက် အိမ်၌ ကျန်နေရစ်ခဲ့လေသည်။
ည ရှစ်နာရီကျော်နေပြီး ဖြစ်သော်လည်း မြို့မှာ သက်၀င်လှုပ်ရှားနေဆဲပင်။အချို့လူများက အပို ၀င်ငွေ ရရန်အတွက် အလုပ်လုပ်နေကြသော်လည်း အချို့ကတော့ ရင်းနှီးသူများနှင့် လည်ပတ် စားသောက်နေကြ၏။
မိနစ်လေးဆယ်ကြာအောင် မောင်းနှင်ပြီးနောက် လင်းရီ ထုံးဟွာ အီလက်ထရောနစ်သို့ ရောက်ရှိလာလေသည်။
လင်းရီကားကို မြင်တော့ အစောင့်မှ တံခါးကို ကြိုဖွင့်ထားလိုက်ပြီး အထဲသို့ ကြိုဆိုလိုက်သည်။ သို့သော်လည်း လင်းရီကတော့ အလုပ်ရုံ ၀င်ပေါက်၀၌သာ ရပ်တန့်လိုက်၏။
ထိုအခိုက်အတန့်တွင်တော့ ၀မ်ရန်အပြင် လုံရှင်း၏ အဓိက နည်းပညာရှင် တစ်ချို့နှင့် အသစ်ခေါ်ယူထားသည့် အလုပ်သမား နှစ်ဆယ်ကျော် ရှိနေကြလေသည်။
လင်းရီ ရောက်လာသည်ကို မြင်တော့ ၀မ်ရန်နှင့် ကျန်သူများမှ စုပြုံလာခဲ့ကြ၏။
" ဘာလဲဖြစ်တာ... " လင်းရီ မေးလိုက်၏။
"နေ့ခင်းဘက်တုန်းကတော့ အကုန် အဆင်ပြေနေတာပဲ.. ဒါပေမယ့် ခု အစမ်းထုတ်လုပ်ကြည့်မယ်ဆိုတော့ ဂဟေဆော်စက်က ပြဿနာ ရှိနေတယ်... အဲ့တာနဲ့ တစ်ခြား စက်တွေကိုပါ လိုက်စစ်ဆေးကြည့်လိုက်တော့ ကော်ဖြန်းစက်နဲ့ အလိုအလျောက် တပ်ဆင်စက်တွေမှာလည်း ပြဿနာတွေ ရှိနေတယ်... ပြီးတော့ မက္ကင်းနစ် ပြောတာတော့ ဒီလို ပြဿနာမျိုးတွေက ကိုင်တွယ်ရခက်တယ်.. အသစ်၀ယ်ရဖို့ များတယ်တဲ့... "
" မင်း ပြောတာ နေ့ခင်းဘက်တုန်းက စက်တွေက အကောင်းကြီး ရှိသေးတယ်... ခုလေးတင်မှ စက်တွေ အကုန်လုံးက ပြဿနာ(ပျက်) ရှိသွားတယ်ပေါ့..."
" အမှန်ပဲ.."၀မ်ရန် ပြောလိုက်ပြီး " ကျွန်မတို့လည်း ဘာကြောင့်ဖြစ်တယ်ဆိုတာ ရှာဖွေနေပေမယ့် ခုထိတော့ ဘာမှ ရှာမတွေ့သေးဘူး..."
လင်းရီ အမူအရာကင်းမဲ့စွာဖြင့် မေးမြန်းလိုက်ပြီး " ဒီလိုမျိုး ပြဿနာ ရှိနေမှန်း ဘယ်သူအရင်ဆုံး ရှာတွေ့ခဲ့တာ... "
" ဆာရာဟော်ပါ တီချယ်... "
၀မ်ရန် သူမနောက်ရှိ သက်လတ်ပိုင်း လူကြီးအား မြင်သာအောင် ပြုလိုက်၏။
"ဟယ်လို ဥက္ကဌလင်း... ကျွန်တော်က ထုံးဟွာက အသစ်ခန့်ထားတဲ့ စက်ရုံ မန်နေဂျာ ဟော်ကျစ်လင်ပါ... သည့်အရင်ကလည်း ဟုန်ဟိုင် အလုပ်ရုံမှာ ဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့ဖူးပါတယ်... "
လင်းရီ ခေါင်းညိမ့်လိုက်၏။ နာမည်ကြီး စက်ရုံ ကောင်းဖြစ်သည်နှင့် အားလျော်စွာ ထိုစက်ရုံ၌ အတွေ့အကြုံ ရှိခဲ့ဖူးသူ တစ်ယောက်အနေနှင့် အရည်အချင်း ရှိမည်မှာ သဘာ၀ပင်။ ထို့ကြောင့် ထုံးဟွာစက်ရုံ၌လည်း ဒါရိုက်တာဖြစ်ရန် အမှန်ပင် အရည်အချင်း ပြည့်မှီလေသည်။
" ခု ခင်များ ဒီပြဿနာကို ဘယ်လို ဖြေရှင်းဖို့ စဉ်းစားထားလဲ... "လင်းရီ မေးလိုက်၏။
" ခု ကျုပ်တို့ ရှေ့မှာ ရှိတဲ့ စက်တွေ အကုန်လုံးက တကယ်တမ်းဆို ပြန်ပြင်ပြီး သုံးလို့ရသေးတယ်... ဒါပေမယ့် ပြုပြင်တဲ့ ကုန်ကျစရိတ်ကတော့ တော်တော်လေး များလိမ့်မယ်... ပြီးတော့ ပြန်ပြင်ပြီးသွားရင် စက်သက်တမ်းကလည်း လျော့ကျသွားတော့မှာဆိုတော့ ပြန်ပြင်ဖို့ကိုတော့ အကြံမပြုချင်ဘူး..."ဟော်ကျစ်လင်မှ ဆိုလိုက်ပြီး " နောက်ထပ် ရွေးချယ်စရာ တစ်ခုကတော့ ပစ္စည်း အသစ် ၀ယ်လိုက်ဖို့ပဲ.. အဲ့ဒါကလည်း သေချာမှု ရှိစေမယ်ဆိုပေမယ့် ပစ္စည်းရောက်ဖို့က အတော်လေး စောင့်ရဦးမှာ... "
" ဒီစက်ပစ္စည်းတွေ ဘာကြောင့် ရုတ်တရက်ကြီး ပျက်သွားတယ်လို့ ဆရာဟော် ထင်လဲ..."
" အဲ့တာက ပြောဖို့ခက်တယ်... "ဟော်ကျစ်လင် ပြောလိုက်ပြီး " လျှပ်စီးပတ်လမ်း မတည်ငြိမ်တာကြောင့် အထဲက အစိတ်အပိုင်းတွေကို လောင်ကျွမ်းသွားစေတာမျိုးလည်း ဖြစ်နိုင်သလို နောက်တစ်ခုကတော့ စက်ပစ္စည်းတွေ အချိန်ကျလာကြာသောကြောင့်ပဲ.. နောက်ပြီး သေချာ မထိန်းသိမ်းတာတွေနဲ့ကောပါ ရောနှောသွားတော့ ပြဿနာတွေစုပြီး တစ်ခုပြီးတစ်ခု ပေါ်လာတော့တာပေါ့.. ကုန်ကုန်ပြောရရင် အကြောင်းပြချက်တွေက အများကြီးပဲ..အဓိက ဘာကြောင့်ဖြစ်တယ်ဆိုတာ ရှင်းပြဖို့ ခက်လိမ့်မယ်... "
"စက်ပစ္စည်းတွေ အများကြီး တစ်နေ့တည်း တစ်ထိုင်တည်း ပျက်သွားခဲ့တယ်... တကယ်လို့ အသစ်၀ယ်ပြီး အစားထိုးမယ်ဆိုရင်တောင် တပ်ဆင်မှာ ၊ စစ်ဆေးဦးမှာနဲ့ဆို အနည်းဆုံး တစ်လလောက်တော့ ကြာမှာ... ဒီလိုသာဆို ထုတ်လုပ်မှုကို အတော်ကြာမှ ပြန်စနိုင်တော့မှာပဲ..."၀မ်ရန် တီးတိုးရေရွတ်လိုက်၏။
" မင်းတို့ကောင်တွေ ဒီမှာနေပြီး တခြားဟာတွေကော ယိုယွင်းနေလား သေချာစစ်ဆေးထားလိုက်... "လင်းရီ ပြောလိုက်ပြီး " ၀မ်ရန် .. မင်း ငါ့နောက်လိုက်ခဲ့... "
"ဟုတ် ... "
နှစ်ယောက်သား အလုပ်ရုံထဲမှ ထွက်လာခဲ့ပြီး ရုံးခန်းထဲသို့ ရောက်လာကြလေသည်။
" တီချယ် .. ကျွန်မကို ဆူပါ... တီချယ် ဘာပြောပြော ကျွန်မ လက်ခံပါ့မယ်... "၀မ်ရန်မှ မျက်ရည်စမ်းနေသည့် မျက်၀န်းတို့ဖြင့် ပြောလိုက်၏။
"ဟမ်... ဘာဆိုင်လို့ မင်းကို ဆူရမှာ... ဒါက မင်းနဲ့ ဘာမှ မဆိုင်ပဲကို... "
" ဒါပေမယ့် ကျွန်မက ဒီရဲ့ တာ၀န်ရှိသူလေ.. တကယ်လို့ တစ်ခုခု ဖြစ်တယ်ဆိုရင် ကျွန်မကပဲ တာ၀န်ယူရမှာပေါ့... "
ငိုမဲ့မဲ့ ဖြစ်နေသည့် ၀မ်ရန်ကို မြင်တော့ လင်းရီ ပြုံးလိုက်ပြီး " တာ၀န်ယူရဲတဲ့ သတ္တိကတော့ လေးစားလောက်စရာပဲ.. ဒါပေမယ့် ဒီကိစ္စကျ မင်းကိုလည်း အပြစ်တင်လို့ မရဘူး.. တစ်စုံတစ်ယောက်က ဒီကိစ္စတွေကို ရည်ရွယ်ချက်ရှိရှိ လုပ်နေတာ... မဟုတ်ရင် ဘယ်လိုလုပ်ပြီး တစ်ချိန်တည်း ဒီလောက် ပြဿနာ အများကြီး ပေါ်လာမှာ... "
"တစ်စုံတစ်ယောက်က ဒီလိုမျိုး ဖြစ်အောင် လုပ်နေတယ်..." ၀မ်ရန် အံ့အားသင့်သွားခဲ့ပြီး "ဒါပေမယ့် ရှင်းရာ့နဲ့ ဟွေးခေါ့ကိစ္စ ဖြေရှင်းပြီးသွားပြီ မဟုတ်ဘူးလား... "
" သူတို့က ဒီတိုင်း စစ်တုရင် အရုပ်လေးတွေလောက်ပဲ ရှိတာ... "လင်းရီ ပြောလိုက်ပြီး " တကယ့် ကြိုးကိုင်နေတဲ့သူက ထိုင်၀မ်း အီလက်ထရောနစ်က ကျန်းဟိုင်ရုံဆိုတဲ့သူပဲ... "
၀မ်ရန် အလျင်အမြန် ရင့်ကျက်လာစေရန်အတွက် ယခုလို ကိစ္စများကို ဖြေရှင်းရာ၌ ပါ၀င်သင့်ကြောင်း လင်းရီ ခံစားနေရ၏။ မဟုတ်ပါက သူမ လင်းယွမ်အုပ်စု၏ တိုးတက်ဖွံ့ဖြိုးမှုနောက်သို့ လိုက်ပါနိုင်လိမ့်မည် မဟုတ်ချေ။
"ထိုင်၀မ်း အီလက်ထရောနစ်...."၀မ်ရန် အံ့အားသင့်စွာ ပြောလိုက်ပြီး " ကျွန်မ အဲ့ဒီ ကုမ္ပဏီကို သိတယ်... သူက ကမ္ဘာကျော် ကုမ္ပဏီကြီး မဟုတ်ဘူးလား... အမှန်ဆို ကျွန်မတို့ကုမ္ပဏီနဲ့ ကွာဟမှုက ဒီလောက်ကြီးမားနေတာကို သူတို့ဘက်က ဒီလိုမျိုး လုပ်စရာ လိုလို့လား တီချယ်ရယ်... "
" ငါတို့ကို အမြင် မကြည်လို့ နေမှာပေါ့... "လင်းရီ ထိုင်ခုံနောက်သို့ မှီလိုက်ရင်း စကားလမ်းကြောင်းလွဲကာ " ဒါနဲ့ မင်း ဆောင်းပါးတွေ ရေးတတ်တယ်မလား... "
" အမ်... အဆင်ပြေပါတယ်... ကျွန်မ ကောလိပ်တက်တုန်းက ကျောင်းရဲ့ သတင်းစာဌာနမှာ ဆောင်းပါးအတိုလေးတွေ ရေးခဲ့ဖူးတယ်လေ... "
၀မ်ရန်ကဲ့သို့ နိမ့်ချသူ တစ်ဦးအနေဖြင့် သူမ အခြေအနေက အဆင်ပြေသည်ဟု ဆိုလာလျှင် အမှန်ပင် အံ့အားသင့်ဖို့ ကောင်းလောက်မည် ဖြစ်၏။
သို့သော်လည်း အကယ်၍ ဟော်ယွမ်ယွမ်သာ ဆိုလျှင်တော့ သူမ၏ အခြေအနေက လုံး၀ ဆိုးရွားနေလိမ့်ပေမည်။
" ဒါဆို မင်း ခဏ ပြန်သွားလို့ရှိရင် တခြား စက်ပစ္စည်းတွေ ပြဿနာ ရှိမရှိ တစ်ချက် စစ်ဆေးကြည့်လိုက်... ပြီးရင် တတိယလူ ရှုထောင့်ကနေပြီးတော့ ဆောင်းပါးတစ်ပုဒ် ရေးပြီး ဒီခု ပြဿနာ တွေက ထိုင်၀မ်း အီလက်ထရောနစ်ကြောင့် ဖြစ်တာပါဆိုပြီး ပြောပြလိုက်... ဒါပေမယ့် ဆောင်းပါးထဲမှာ ကျန်းဟိုင်ရုံရဲ့ နာမည်ကိုတော့ ထည့်မရေးနဲ့... ထိုင်၀မ်း အီလက်ထရောနစ် တစ်ခုလုံးကိုပဲ လက်ညိုးထိုးလိုက်..."
(နောက်ပိုင်းတွေမှာ ' ထိုင်၀မ်း အီလက်ထရောနစ်' ကို 'ထိုင်တယန့်'台电 ဆိုပြီး အစားထိုး သုံးသွားပါ့မယ် )