အံ့ဩတုန်လှုပ်မှု
Vol. 67 Ch. 712
‘ငါ့ အဖေများလား... ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ... အဖေက ပဋိပက္ခ နတ်ဘီလူးထက်တောင် စွမ်းအားပိုကြီးနေတာလား...’ ဟန်ထော်ဟာ တုန်လှုပ်သွားပါတယ်။ ဖြစ်နိုင်ခြေက အရမ်းများလွန်းပါတယ်။ ဒီကိစ္စက အံ့အားသင့်တာထက် ပိုပါတယ်။
ဟန်ထော်ဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်ကို ထပ်ကြည့်လိုက်ပါတယ်။ ဒါပေမဲ့ မိစ္ဆာ ကောင်းကင်ဧကရာဇ်က သူ့အကြည့်ကို ပြန်ရုတ်သိမ်းသွားပါပြီ။ ဒါပေမဲ့ ဟန်ထော်ဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ အကြည့်ကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။
ဒါက လုံးဝကို ထင်ယောင်ထင်မှား ဖြစ်တာ မဟုတ်ပါဘူး။ ဟန်ထော်ဟာ သေမျိုးမဟုတ်ပါဘူး။ ဘယ်လိုလုပ်ပြီး အမြင်မှားနိုင်မှာလဲ။
ခုနက မိစ္ဆာ ကောင်းကင်ဧကရာဇ် သူ့ကို ကြည့်နေတဲ့ အကြည့်က ရှုပ်ထွေးပါတယ်။ အံ့အားသင့်တာ မယုံကြည်နိုင်တာ ဝေခွဲမရဖြစ်တာနဲ့ မကျေနပ်တဲ့ ခံစားချက်တွေ ရောထွေးနေပါတယ်။
ဟန်ထော်ဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ အကြည့်ကို အတိအကျ အဓိပ္ပာယ် မဖွင့်ဆိုနိုင်ပါဘူး။ ဒါပေမဲ့ စောစောက ဓားချီနဲ့ ပတ်သက်နေမှာကိုတော့ ကျိန်းသေပေါက် သိပါတယ်။
ကျိုးဖန်ဟာ ယီတျန်ရဲ့ စကားကို ကြားလိုက်ရတဲ့အခါမှာ စိတ်လှုပ်ရှားသွားပါတယ်။ ကျိုးဖန်ဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်ကို ကြည့်ပြီး စိတ်လှုပ်တရှား မေးလိုက်ပါတယ် “အရှင်မင်းကြီး... ဆက်ပြီး ဖုံးကွယ်ထားဦးမလို့လား၊ ဘယ်သူလဲဆိုတာ ကျွန်တော်တို့ကို ပြောပြာပေးပါလား၊ ဒါမှ ကျွန်တော်တို့တွေ ကျွန်တော်တို့ရဲ့ ကျေးဇူးရှင်က ဘယ်သူလဲဆိုတာကို သိရမှာ...”
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ခံစားချက်တွေကို အတတ်နိုင်ဆုံး ထိန်းချုပ်ပြီး အံကြိတ်ကာ ပြောလိုက်ပါတယ် “ငါ ထင်တာ မမှားဘူးဆိုရင် ခုနက ဓားချီက မင်းရဲ့ ဆရာသခင်၊ ဟန်ထော်ရဲ့ အဖေ၊ တိတ်ဆိတ်ဂိုဏ်းချုပ် ဟန်ကျွယ်ဆီကပဲ...”
ကျိုးဖန်ဟာ မျက်လုံး ပြူးသွားပါတယ်။
တခြားလူတွေလည်း ပါးစပ်အဟောင်းသား ဖြစ်သွားကြပါတယ်။
ဟန်ထော်နဲ့ ကျိုးဖန်ကြောင့် သူတို့တွေဟာ ဟန်ကျွယ်အကြောင်းကို မကြာခဏ ကြားဖူးပါတယ်။ ဒါပေမဲ့ သူတို့သိတဲ့ ဟန်ကျွယ်က ကောင်းကင်တာအိုပညာရှိပါ။ သူတို့ကို ဘယ်လိုလုပ်ပြီး ထောက်ပံ့ပေးနိုင်မှာလဲ။
‘အဲဒီဓားချီက တကယ်ပဲ ကောင်းကင်တာအိုကနေ လာတာလား... မဖြစ်နိုင်တာ... ကောင်းကင်တာအိုနဲ့ ဒီလောက်ဝေးတာကို...’ လူတိုင်းဟာ အံ့ဩတုန်လှုပ်သွားကြပြီးနောက် ဟန်ကျွယ်က အနီးအနားမှာ ရှိနေနိုင်တယ်လို့ တွေးမိလိုက်ကြပါတယ်။ ဒါက လောလောဆယ်မှာ အဖြစ်နိုင်ဆုံး မဟုတ်ပါလား။
“ဆရာသခင်... ဆရာသခင် ဘယ်မှာလဲ” ကျိုးဖန်က စိတ်လှုပ်ရှားစွာ အော်မေးလိုက်ပါတယ်။ ကျိုးဖန်ဟာ တခြားလူတွေလိုပဲ ဟန်ကျွယ်က အနီးအနားမှာ ရှိနေတယ်လို့ ထင်နေတာပါ။
အမှန်တရားကို သိလိုက်ရတဲ့အခါ ဟန်ထော်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။ သူလည်းပဲ မိစ္ဆာ ကောင်းကင်ဧကရာဇ်လိုမျိုး ခံစားချက်တွေ ရှုပ်ထွေးနေပါတယ် ‘တကယ်ပဲ ငါ့အဖေကိုး...’
ယီတျန်ဟာ ဟန်ထော်ကို အထူးအဆန်းကြည့်ပြီး ရေရွတ်လိုက်ပါတယ် “ဒါဆို ကောင်းကင်ရုံးတော်ရဲ့ နောက်ခံက အရှင်မင်းကြီးကြောင့်မဟုတ်ဘဲ မင်းကြောင့်လား...”
ယီတျန်ဟာ ကိစ္စတွေကို နားမလည်နိုင်အောင် ဖြစ်သွားပါတယ်။ ယီတျန်ဟာ ဟန်ထော်ကို သူ့လိုမျိုး မိဘမဲ့လို့ ထင်ထားခဲ့တာပါ။ အခုတော့ မိဘမဲ့က သူတစ်ယောက်တည်းပါ။
ဟန်ထော်ဟာ ယီတျန်ရဲ့ မေးခွန်းကို ပြန်မဖြေပါဘူး။ ဒီအချိန်မှာ ဟန်ထော်ရဲ့ စိတ်တွေက ရှုပ်ထွေးနေတယ် မဟုတ်ပါလား။
ယီတျန်ရဲ့ စကားကြောင့် ဟန်ထော်ဟာ အရင်တုန်းက သူ အန္တရာယ်တွေကနေ လွတ်မြောက်ခဲ့တာက သူ့အဖေကြောင့်ဆိုတာကို နားလည်သွားပါတယ်။ သူ့အဖေက အပေါ်ယံမှာ သူ့ကို ဂရုမစိုက်ဘူးဆိုပေမဲ့ အရေးကြီးတဲ့အချိန်တွေဆိုရင် သူ့နောက်မှာ အမြဲတမ်း မားမားမတ်မတ် ရှိနေခဲ့ပါတယ်။
ဟန်ထော်ဟာ တွေးလေလေ သူက လူကောင်းမဟုတ်ဘူးလေလေလို့ ခံစားရလေလေပါပဲ။ ဟန်ထော်ဟာ သူ့အဖေရဲ့ မွေးကျေးဇူးနဲ့ ကျွေးကျေးဇူးကို အခုထိ ပြန်မဆပ်ရသေးပါဘူး။ ဒီလိုအခြေအနေမှာတောင် သူ့ကို ဂရုမစိုက်တဲ့အတွက် ဟန်ထော်က သူ့အဖေကို အပြစ်တင်ခဲ့တယ် မဟုတ်ပါလား။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဘာမှမပြောဘဲ လူတိုင်းနဲ့အတူ လျင်မြန်စွာ ထွက်ခွာသွားပါတယ်။
ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်။
ဟန်ကျွယ်ဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်နဲ့ တခြားလူတွေ အန္တရာယ်ကနေ လွတ်မြောက်သွားတာကို တွေ့ရတဲ့အခါ ညာလက်ကို ပြန်ရုတ်သိမ်းလိုက်ပါတယ်။
တာအိုပညာရှိတွေဟာ ဟန်ကျွယ်ရဲ့ ရောင်ဝါ လွင့်ပါးသွားတာကို ခံစားလိုက်ရတဲ့အခါမှာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။ လီတောက်ခုံးက မနေနိုင်ဘဲ မေးလိုက်ပါတယ် “ဂိုဏ်းချုပ်... အခြေအနေ ဘယ်လိုရှိလဲ”
ဟန်ကျွယ်ဟာ တာအိုပညာရှိတွေကို ကြည့်ပြီး ပြုံးလိုက်ပါတယ် “ဘာမှမဟုတ်ပါဘူး၊ ဒါက ကိုယ်ရေးကိုယ်တာ ကိစ္စပါ၊ ငါ့သားကို ကယ်ဖို့ အလုပ်ရှုပ်နေလို့ မင်းတို့ မေးတာကို ပြန်မဖြေမိတာ၊ ကောင်းကင်တာအို ဘေးမတွေ့ပါဘူး”
‘သူ့သားကို ကယ်တာလား...’ တာအိုပညာရှိတွေဟာ မှင်တက်သွားကြပါတယ်။ တာအိုပညာရှိတွေ အားလုံးဟာ ဟန်ကျွယ်မှာ ဟန်ထော်ဆိုတဲ့ သားတစ်ယောက် ရှိတာကို သိကြပါတယ်။ ဒါပေမဲ့ ဟန်ထော်က ကောင်းကင်တာအိုကနေ ထွက်ခွာသွားတာ အတော်ကြာပါပြီ။
‘သူ့သားက ကောင်းကင်တာအို ဖြတ်သွားမိလို့လား... ဒါဆို ငါတို့တွေ ဘာလို့ မခံစားမိတာလဲ...’
ကောင်းကင်အရှင်ရွှမ်တုနဲ့ ကောင်းကင်အရှင်ဝူဖာဟာ တစ်စုံတစ်ခုကို တွေးမိပြီး မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားပါတယ်။ မဟာတာအိုပညာရှိတွေက ပဋိပက္ခကို ဖြတ်ပြီး တိုက်ခိုက်နိုင်စွမ်း ရှိတယ်လို့ ဒဏ္ဍာရီထဲမှာ ပါရှိတယ် မဟုတ်ပါလား။
‘ဟန်ကျွယ်က မဟာတာအိုပညာရှိလား...’
ဟန်ကျွယ်ဟာ ကိစ္စပြီးတာနဲ့ နေရာကနေ ပျောက်ကွယ်သွားပါတယ်။
ဂိုဏ်းချုပ်တျန်ကျွယ်ဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ် “တာအိုရောင်းရင်းပန်သာ ဒီနေရာမှာ ရှိနေရင် ဘယ်လိုမျက်နှာ ရှိနေမလဲ မသိဘူး”
တောင်ဘက်စွန်း ကောင်းကင်အရှင်ကလည်း ပြုံးလိုက်ပါတယ် “ကျိန်းသေပေါက် ထပ်ပြီးတော့ ဘဝင်မြင့်ရဲတော့မှာ မဟုတ်ဘူး၊ ခုနက တာအိုရောင်းရင်းဟန်ရဲ့ ရောင်ဝါက ပန်ရှင်းထက် အများကြီး ပိုအားကောင်းတယ်”
တခြားတာအိုပညာရှိတွေဟာလည်း ခေါင်းညိတ်လိုက်ကြပါတယ်။ သူတို့တွေဟာ ပန်ရှင်းနဲ့ နတ်ဒေါင်းအရှင်ကြားက တိုက်ပွဲကို မြင်ခဲ့ပြီးပါပြီ။ အဲဒီတိုက်ပွဲက တကယ်ကို ကြောက်ဖို့ ကောင်းတာပါ။ ဒါပေမဲ့ ခုနက ဟန်ကျွယ်ရဲ့ ရောင်ဝါနဲ့ ယှဉ်ရင်တော့ တစ်ဆင့်မက နိမ့်ပါသေးတယ်။
ရှီတုတောက်ဟာ တွေးတွေးဆဆ ဖြစ်သွားပါတယ်။ အကြောင်းအရင်းတချို့ကြောင့် ရှီတုတောက်ဟာ ဟန်ကျွယ်က အမှောင်သခင်ကြီးနဲ့ ဆက်စပ်နေလိမ့်မယ်လို့ ခံစားလိုက်ရပါတယ်။ ဟန်ကျွယ်က အမှောင်သခင်ကြီးတောင် ဖြစ်နေနိုင်ပါတယ်။
‘ဒီလောက် စွမ်းအားကြီးတဲ့ တည်ရှိမှုက ကောင်းကင်တာအိုထဲမှာ ဘာကိစ္စနဲ့ ပုန်းနေမှာလဲ...’
ဒါက ရှီတုတောက်ရဲ့ အတွေးသက်သက်ပါ။ ဘာပဲဖြစ်ဖြစ် ရှီတုတောက်ဟာ အမှောင်သခင်ကြီးနောက်ကို လိုက်ပြီးပါပြီ။ ဟန်ကျွယ်က အမှောင်သခင်ကြီးဆိုရင်လည်း ကောင်းပါတယ်။ တကယ်လို့ မဟုတ်ဘူးဆိုရင်လည်း တိတ်ဆိတ်ဂိုဏ်းနဲ့ နီးနီးကပ်ကပ်နေတာက အရှုံးမရှိပါဘူး။
“တကယ်တော့ ပန်ရှင်း မမြင်တာ ပိုကောင်းတယ်” ကောင်းကင်အရှင်ဝူဖာက ရုတ်တရက် ပြုံးလိုက်ပါတယ်။
ကောင်းကင်အရှင်ဝူဖာရဲ့ အပြုံးကို ကြည့်ပြီး တာအိုပညာရှိတွေဟာ ကျောရိုးထဲ စိမ့်တက်သွားပါတယ် ‘ဒီကောင်က တော်တော် ကောက်ကျစ်တာပဲ’
ကောင်းကင်အရှင်ရွှမ်တုဟာ ခေါင်းခါပြီး ထွက်ခွာသွားပါတယ်။ ဟန်ကျွယ်ရဲ့ စွမ်းအားကြောင့် ကောင်းကင်အရှင်ရွှမ်တုဟာ ကောင်းကင်တာအိုကို ပြန်ပြီးတော့ တန်ဖိုးဖြတ်သင့်တယ်လို့ ခံစားလိုက်ရပါတယ်။ ကောင်းကင်တာအိုက နယ်မြေချဲ့ထွင်တဲ့ အလျင်ကို ဒီထက် တိုးချဲ့နိုင်ပုံပါပဲ။
တာအိုဘုံကျောင်းကို ပြန်ရောက်ပြီးနောက် ဟန်ကျွယ်ဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်တို့ကို စိုက်ကြည့်လိုက်ပါတယ်။ မိစ္ဆာ ကောင်းကင်ဧကရာဇ်တို့ အန္တရာယ်ကနေ လွတ်ကင်းသွားပြီဆိုတာ သေချာတော့မှ ဟန်ကျွယ်ဟာ သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပါတယ်။
ဟန်ကျွယ်ဟာ အမင်္ဂလာနတ်ဧကရာဇ်နဲ့ ပဋိပက္ခနတ်ဘီလူးတို့ကို မြင်တွေ့လိုက်ရပါတယ်။ သူတို့နှစ်ယောက်က တော်တော်ကို စွမ်းအားကြီးတာပါ။ အထူးသဖြင့် ပဋိပက္ခ နတ်ဘီလူးပါ။ ဝိညာဉ် မရှိတာတောင် အမင်္ဂလာနတ်ဧကရာဇ်ကို တွန်းလှန်နိုင်ပြီး မဆိုစလောက်တောင် အသာစီးရချင်ပါသေးတယ်။
“ဒီပဋိပက္ခက တကယ်ကို နဂါးတွေ ပုန်းအောင်းနေတာပဲ” ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပါတယ်။
အဲဒီနောက် ဟန်ကျွယ်ရဲ့ အာရုံဟာ ဖုံးကွယ် မဟာတာအို နတ်ဘီလူးဆီ ရောက်သွားပါတယ်။ ဖုံးကွယ် မဟာတာအို နတ်ဘီလူးက ဟန်ကျွယ်ကို ကောင်းကင်တာအိုထဲကနေ မျှားထုတ်ချင်သူပါ။ သူ့ရည်ရွယ်ချက်က အကောင်းလား အဆိုးလားဆိုတာကိုတော့ မသိနိုင်သေးပါဘူး။
ဟန်ကျွယ်ဟာ ဒီလိုကိစ္စလေးကို သက်တမ်းအကုန်ခံပြီး မတွက်ချက်ပါဘူး။ ဟန်ကျွယ်နဲ့ ဖုံးကွယ် မဟာတာအို နတ်ဘီလူးက ဘာရန်ငြိုးရန်စမှ မရှိပါဘူး။ နောက်ပြီး ဖုံးကွယ် မဟာတာအို နတ်ဘီလူးက မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ နောက်ခံဖြစ်တဲ့အတွက် သူနဲ့ ရန်သူဖြစ်လာဖို့ အကြောင်းတော့ သိပ်မရှိပါဘူး။
ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး ဆက်ကျင့်ကြံပါတယ်။ ဒီတစ်ကြိမ်မှာတော့ ဟန်ကျွယ်ဟာ အနှောင့်အယှက်မရှိဘဲ နှစ်ငါးထောင်ကြာအောင် ကျင့်ကြံအားထုတ်ချင်ပါတယ်။ ကောင်းကင်ဧကရာဇ် လာရင်တောင် ဟန်ကျွယ်ဟာ သူ့ကျင့်ကြံမှုကို ဖျက်မှာ မဟုတ်ပါဘူး။ ဘယ်သူမှ ဟန်ကျွယ်ရဲ့ ဆုံးဖြတ်ချက်ကို ယိုင်နဲ့အောင် မလုပ်နိုင်ပါဘူး။
နှစ်ငါးထောင်ကြာပြီးနောက်...
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ် ‘နောက်ဆုံးတော့ ငါ အနှောင့်အယှက်မရှိဘဲ နှစ်ငါးထောင်ကြာအောင် ကျင့်ကြံအားထုတ်နိုင်ခဲ့ပြီ... အရမ်းကောင်းတယ်..’
ဒါပေမဲ့ ကျင့်ကြံမှု တိုးတာက အရမ်းနှေးလွန်းပါတယ်။ ဟန်ကျွယ်ဟာ တစ်ခါတည်း နှစ်တစ်သောင်း ဂူအောင်းကျင့်ကြံရင် ကောင်းမလား တွေးမိလိုက်ပါတယ်။ ဟန်ကျွယ် မျက်လုံးကျဉ်းရင်း လီရွှမ်အောက်ကို တာအိုဘုံကျောင်းထဲ ဝင်ခွင့်ပြုလိုက်ပါတယ်။ တာအိုဘုံကျောင်း အပြင်ဘက်မှာ လီရွှမ်အောက် စောင့်နေတာ နှစ်တစ်ထောင် ကျော်ပါပြီ။
ဟန်ကျွယ်ကို တွေ့တာနဲ့ လီရွှမ်အောက်နဲ့ မနေနိုင်ဘဲ မေးလိုက်ပါတယ် “ဂိုဏ်းချုပ်... ဂိုဏ်းချုပ် ဂူအောင်းကျင့်ကြံတာ အချိန်ပြောင်းသွားတာလား”
“မပြောင်းသေးဘူး... ကိစ္စလေး နည်းနည်းရှိသွားလို့... မင်း ဒီနေ့ကစပြီး ပြန်ရေတွက်ချည်”
လီရွှမ်အောက်ဟာ ခေါင်းညိတ်လိုက်ပါတယ်။ လီရွှမ်အောက်ဟာ ဆက်မမေးရဲပါဘူး။ ဘယ်နောက်လိုက်က ခေါင်းဆောင်ကို အပြစ်တင်နိုင်မှာလဲ။
“ဂိုဏ်းချုပ်... ပြီးခဲ့တစ်ခေါက် ကျွန်တော် ခေါ်လာတဲ့ ပါရမီရှင်တွေကို အပြင်ခေါ်သွားချင်တယ်၊ ကျွန်တော် သူတို့ကို ပဋိပက္ခ ကောင်းကင်လမ်းဆီ ခေါ်သွားဖို့ စီစဉ်ထားတယ်”
လီရွှမ်အောက်ဟာ သူ့အစီအစဉ်က စရှင်းပြပါတယ်။
ဟန်ကျွယ်ဟာ လီရွှမ်အောက်ရဲ့ အစီအစဉ်ကို နားထောင်အပြီးမှာတော့ ပြောလိုက်ပါတယ် “ကောင်းပြီလေ... ဒါပေမဲ့ ဂရုတော့စိုက်၊ တိတ်ဆိတ်ဂိုဏ်းဆိုတဲ့ နာမည်ကို မမေ့နဲ့၊ အလျင်စလိုလည်း မလုပ်နဲ့၊ အားနည်းသူကိုလည်း အနိုင်မကျင့်နဲ့၊ တိတ်ဆိတ်ဂိုဏ်းကို နာမည်မဖျက်မိစေနဲ့”
လီရွှမ်အောက်ရဲ့ မျက်နှာဟာ လေးနက်သွားပါတယ်။ အဲဒီနောက် တစ်စုံတစ်ခုကို တွေးမိပြီး လေးလေးနက်နက် ကတိပေးလိုက်ပါတယ် “ဂိုဏ်းချုပ်ပြောတာ မှန်တယ်၊ ကျွန်တော် သူ့တို့ကို တင်းတင်းကျပ်ကျပ် အုပ်ချုပ်ပါ့မယ်”
ဟန်ကျွယ်ဟာ လီရွှမ်အောက်ရဲ့ အမူအရာကို ကြည့်ပြီး အမှန်တရားကို ခန့်မှန်းမိလိုက်ပါတယ်။ ဒါပေမဲ့ သတိပေးရုံနဲ့ လုံလောက်ပါပြီ။ လောကမှာ အမှားမလုပ်မိတဲ့ အင်အားစုဆိုတာ ဘယ်လိုလုပ်ပြီး ရှိနိုင်မှာလဲ။ ပြောင်းလဲနိုင်တယ်ဆိုရင်ပဲ အတော် ကောင်းနေပါပြီ။
တစ်နာရီကြာတဲ့အခါမှာတော့ လီရွှမ်အောက်ဟာ ပါရမီရှင်တွေကို စုစည်းလိုက်ပါတယ်။ ဒီအထဲမှာ ချင်လင်းလည်း ပါပါတယ်။
ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းပြီး လီရွှမ်အောက်နဲ့ ပါရမီရှင်တွေကို တာအိုဘုံကျောင်း အပြင်ဘက် ပို့လိုက်ပါတယ်။
တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်က ထွက်ခွာပြီးနောက် ပါရမီရှင်တွေဟာ ငေးကြောင်ကြောင် ဖြစ်သွားကြပါတယ်။
တစ်ယောက်က သက်ပြင်းချလိုက်ပါတယ် “ဒီစိတ်ဝိညာဉ်ချီက တကယ်ကို သက်သောင့်သက်သာ မရှိဘူး”
တခြားလူတွေလည်း အတူတူပါပဲ။
“ဟုတ်တယ်၊ တိတ်ဆိတ်ဂိုဏ်း တာအိုစက်ကွင်းရဲ့ စိတ်ဝိညာဉ်ချီက တော်တော်ကို ပေါကြွယ်ဝတာ”
“ငါ နည်းနည်းတော့ နောင်တရတယ်”
“ဟားဟား... ငါတို့တွေ နောက်ကျရင် ပြန်မလာနိုင်မှာ ကျနေတာပဲ”
“ဒီလိုဆိုတော့လည်း ငါတို့ တိတ်ဆိတ်ဂိုဏ်းရဲ့ အုတ်မြစ်က အခိုင်မာဆုံးပဲ၊ စိတ်ဝိညာဉ်ချီချင်း ယှဉ်ရင်တောင် အင်မော်တယ်ကမ္ဘာတစ်ခုလုံးမှာ ပြိုင်ဘက်တွေ့မှာ မဟုတ်ဘူး”
ပါရမီရှင်တွေရဲ့ စကားကို ကြားလိုက်ရတဲ့ လီရွှမ်အောက်ဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ်။ အဲဒီနောက် လီရွှမ်အောက်ဟာ ပါရမီရှင်တွေကို ဦးဆောင်ရင်း ချင်လင်းကို တစ်ချက် ကြည့်မိလိုက်ပါတယ်။ လီရွှမ်အောက်ဟာ သူ့ဂိုဏ်းတူအစ်ကို လက်အောက်မှာရှိတဲ့ ဒီပါရမီရှင်ကို တော်တော်လေး မျှော်လင့်ထားပါတယ်။
မမြင်ရင် ကိစ္စမရှိပေမဲ့ အခုတွေ့လိုက်ရတဲ့အခါမှာတော့ လီရွှမ်အောက်ဟာ မအံ့ဩဘဲ မနေနိုင်ပါဘူး။
မြန်မာပြည် ငြိမ်းချမ်းပါစေ။