အနန္တအခွင့်အရေးများ
Vol. 68 Ch. 721
လျှပ်စီးတွေကြားထဲမှာ တိုက်ခိုက်နေတဲ့ ရုပ်သွင်နှစ်ခုဟာ ကြောက်ဖို့ကောင်းလောက်တဲ့အထိ အရွယ်အစား ကြီးမားခြင်း မရှိပါဘူး။ ရုပ်သွင်နှစ်ခုဟာ ပေတစ်သိန်းကျော်သာ မြင့်မားပြီး အလွန်တရာမှ လျင်မြန်ကြပါတယ်။ ဒါပေမဲ့ ပညာရပ်မျိုးစုံကို လျှပ်တစ်ပြက်အတွင်း ထုတ်သုံးကြပါတယ်။
အာကာသဟာ ပြိုလဲပြီး ပြန်လည် တည်ဆောက်ခံရပါတယ်။
အဝေးကနေတောင် သမုဒ္ဒရာလို ကျယ်ပြောလှတဲ့ ကြောက်မက်ဖွယ် ဓမ္မစွမ်းအားကို ခံစားနိုင်ပါတယ်။
တိုက်ပွဲနားမှာ ရွှီတုတောက်အပြင် တခြား ကျင့်ကြံသူတချို့လည်း ရှိပါတယ်။ တာအိုပညာရှိအတု အဆင့်အောက်မှာရှိတဲ့ ကျင့်ကြံသူမှန်သမျှ ဒီဓမ္မစွမ်းအား အရှိန်နဲ့တင် အမှုန့်ဖြစ်ကုန်ပါတယ်။
ဟန်ကျွယ်ဟာ သေချာဂရုတစိုက် အကဲခတ်ပါတယ်။
ရှုံဟွာနဲ့ ပဋိပက္ခ နတ်ဘီလူး နှစ်ယောက်စလုံးက မဟာတာအိုပညာရှိတွေပါ။ သူတို့နှစ်ယောက်က ဘိုးဘေးရှီတျန်ထက် စွမ်းအားပိုကြီးတယ်လို့ ဟန်ကျွယ် ခံစားလိုက်ရပါတယ်။ ဒါကလည်း အဓိပ္ပာယ်ရှိပါတယ်။ သူတို့နှစ်ယောက်ကို တွက်ချက်ရတဲ့ တန်ဖိုးက ဘိုဘေးရှီတျန်နဲ့ အဆုံးသတ် အပျက်အစီး နတ်ဘုံမှာရှိတဲ့ မဟာတာအိုပညာရှိတွေထက် ပိုများနေတယ် မဟုတ်ပါလား။
ပဋိပက္ခ နတ်ဘီလူးဟာ လူကိုယ်နဲ့ ကျားခေါင်း ရှိပါတယ်။ ခါးမှာလည်း ရက်စက်ကြမ်းကြုတ်တဲ့ စပါးအုံးမြွေတစ်ကောင် ရစ်ပတ်ထားပြီး နောက်ကျောဘက်မှာလည်း ဧရာမအရိုးခေါင်း ဒါဇင်ကျော် ပေါလောမျောနေပါတယ်။ တခြားအရာတွေလည်း ရှိပါသေးတယ်။ ဘယ်လိုအရာပဲဖြစ်ဖြစ် တစ်ချက်ကြည့်ရင်တောင် သွေးဆာနေတဲ့ မိစ္ဆာဘီလူးဆိုတာ သိနိုင်ပါတယ်။
ပဋိပက္ခ နတ်ဘီလူးနဲ့ တိုက်ခိုက်နေတဲ့ ရုပ်သွင်ကတော့ ဧရာမအရိပ်နက်လို လုံးဝကို မည်းနက်နေပါတယ်။ တခြားလူတွေ ကြည့်မယ်ဆိုရင် ဓမ္မရတနာတစ်ပါးစီ ကိုင်ထားတဲ့ လက်လေးဖက်နဲ့ ပဋိပက္ခ နတ်ဘီလူးကို ဖိနှိပ်နေတာပဲ တွေ့မြင်နိုင်ပါတယ်။
ပဋိပက္ခ နတ်ဘီလူးရဲ့ တိုက်ခိုက်မှုတွေက ရှုံဟွာဆီ ရောက်သွားတဲ့အခါ ပုံရိပ်ယောင်ကို တိုက်ခိုက်နေသလိုမျိုး ရှုံဟွာကို မထိဘဲ ဖြတ်ကျော်သွားတာကို တွေ့လိုက်ရပါတယ်။ ပဋိပက္ခ နတ်ဘီလူးရဲ့ တိုက်ခိုက်မှုတွေက ဘယ်လိုမှ အရာမရောက်ပါဘူး။
ဟန်ကျွယ်ဟာ နောင်တစ်ချိန် တွက်ချက်လို့ ရလိုရငြား ရှုံဟွာရဲ့ ရုပ်သွင်ကို အသေးစိတ် မှတ်သားထားလိုက်ပါတယ်။
“လိမ်လိမ်မာမာနဲ့ ငါ့ကို နာခံပြီး ငါ့ကျေးကျွန် ဖြစ်လာစမ်းပါ”
ယုတ်မာမှုအပေါင်း သရဖူဆောင်းထားတဲ့ ရှုံဟွာရဲ့အသံက ရုတ်တရက် ထွက်ပေါ်လာပါတယ်။ အဲဒီနောက် ရှုံဟွာဟာ ရုတ်တရက် အဝေးကို ခုန်ထွက်ပြီး လက်လေးဖက်ကို မြှောက်လိုက်တဲ့အခါ တောက်ပတဲ့အလင်းရောင် ထွက်ပေါ်လာပြီး အရာအားလုံးကို မှေးမှိန်သွားစေပါတယ်။
ဟန်ကျွယ်လည်း အမြင်တွေ ဝေဝါးသွားပြီး ပုံရိပ်ယောင်လည်း ကွဲကြေသွားပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး မျက်မှောင်ကြုတ်လိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တိုက်ပွဲက အရမ်းမြန်လွန်းလို့ပါ။ ပုံရိပ်ယောင် ကွဲကြေသွားတာက ဒီအကွက်အပြီးမှာ ပဋိပက္ခနတ်ဘီလူး ရှုံးနိမ့်သွားတယ်လို့ ဆိုလိုတယ် မဟုတ်ပါလား။
ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “ငါ့စိတ်ထဲက ရုပ်သွင်က ဘယ်သူလဲ”
[တစ်ဖက်လူ၌ အကောင်းစားသီးသန့် ရတနာရှိနေ၍ တွက်ချက်မရပါ။]
“အဲဒါဆို ငါ သူ့ကို တစ်ချက်တည်း သတ်နိုင်လား”
[တစ်ဖက်လူ၌ အကောင်းစားသီးသန့် ရတနာရှိနေ၍ တွက်ချက်မရပါ။]
ဟန်ကျွယ်ဟာ ဆက်မေးချင်စိတ်ကို မရှိတော့ပါဘူး။
ခုနက တိုက်ပွဲအရ ရှုံဟွာဟာ တကယ်ကို စွမ်းအားကြီးပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ရဲ့ နားလည်မှုထက် သာလွန်တဲ့အထိတော့ စွမ်းအားမကြီးသေးပါဘူး။ ဒါကြောင့် ဟန်ကျွယ်အနေနဲ့ ရှုံဟွာကို ယှဉ်ပြိုင်တိုက်ခိုက်လို့ ရပါတယ်။
ဒါ့အပြင် ကောင်းကင်တာအိုရဲ့ အားသာချက်ကြောင့် ရှုံဟွာဟာ ကောင်းကင်တာအိုထဲကို အချိန်တိုအတွင်း သတ်ဖြတ်ပြီး ဝင်လာနိုင်မှာ မဟုတ်ပါဘူး။ ဒီအတောအတွင်း ဟန်ကျွယ်က ဒီထက်ပိုပြီးတော့ စွမ်းအားကြီးလာအောင် လုပ်နိုင်ပါသေးတယ်။
‘ဆက်ကြိုးစား ကျင့်ကြံပြီး ဒီကောင်ကို အမြန်ဆုံး သတ်နိုင်အောင် ကြိုးစားရမယ်’ ဟန်ကျွယ်ဟာ စိတ်ပိုင်းဖြတ်ပြီးတာနဲ့ မျက်စိမှိတ်လိုက်ပါတယ်။
နောက်ထပ် နှစ်တစ်သောင်းဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။ ကုန်ဆုံးသွားတဲ့ အချိန်တွေကို ပြန်စဉ်းစားရင် အိပ်မက်တစ်ခုလိုပါပဲ။
ဟန်ကျွယ်ဟာ ဒုတိယ တာအိုစက်ကွင်းကို သွားပြီး လီယောင်ကို လွှတ်ပေးလိုက်ပါတယ်။ လီယောင်ဟာ သေခြင်းမဲ့ နတ်ဘီလူးအသွင် ပြောင်းလဲပြီးပါပြီ။ ဟန်ကျွယ်ဟာ ဝတ်ရုံတစ်ခုကို ထုတ်ယူပြီး လီယောင်ဝတ်ဖို့ ပေးလိုက်ပါတယ်။
“ဘယ်လို ခံစားရလဲ” ဟန်ကျွယ်က အပြုံးနဲ့ မေးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ လျှို့ဝှက်ချက် ပေါက်ကြားမှာစိုးတဲ့အတွက် လီယောင်ရဲ့ အနန္တကမ္ဘာမြင်ကွင်းကျယ်ထဲ ဝင်ခွင့်နဲ့ ပင်မတာအိုစက်ကွင်းမှာရှိတဲ့ အသွင်တူ လက်ရည်စမ်းပွဲထဲ ဝင်ခွင့်ကို ပြန်သိမ်းလိုက်ပါတယ်။
လီယောင်ဟာ အဝတ်အစားကို သပ်သပ်ရပ်ရပ် ဝတ်ဆင်ရင်း လေးလေးနက်နက် ပြန်ဖြေပါတယ် “အရမ်းကောင်းတယ်၊ အရင်ကထက်စာရင် ကျွန်မ ပြန်မွေးဖွားသွားသလို ခံစားရတယ်၊ ကျေးဇူးပါပဲ”
“ငါတို့ကြားမှာ ကျေးဇူးတင်စရာ လိုသေးလို့လား၊ နောက်ကျရင် ငါ့တာအိုဘုံကျောင်းထဲမှာ ကျင့်ကြံအားထုတ်ချည်”
လီယောင်ဟာ ဘေးဘီဝန်းကျင်ကို တအံ့တဩကြည့်ရင်း မေးလိုက်ပါတယ် “ကျွန်မတို့တွေ ဘယ်ရောက်နေတာလဲ”
ဟန်ကျွယ်ဟာ ဒုတိယ တာအိုစက်ကွင်း အကြောင်း အကြမ်းဖျင်း ရှင်းပြလိုက်ပါတယ်။
လီယောင်ဟာ ဟန်ကျွယ်ရဲ့ စကားကို ကြားပြီးနောက် ကိုယ်ဟန်ပျက်ယွင်းတဲ့အထိ အံ့အားသင့်သွားရပါတယ်။ အဲဒီနောက် လီယောင်ဟာ ဒုတိယ တာအိုစက်ကွင်းကို နတ်အာရုံနဲ့ စစ်ဆေးကြည့်တဲ့အခါမှာတော့ ပိုလို့တောင် အံ့ဩသွားရပါတယ်။ ဒုတိယ တာအိုစက်ကွင်းမှာ သူမအပါအဝင် ပဋိပက္ခ နတ်ဘီလူး ၁၁ ပါး ရှိနေပြီ မဟုတ်ပါလား။
ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းပြီး ဟင်းလင်းပြင် နတ်ဘီလူးကို ထပ်လွှတ်ပေးလိုက်ပါတယ်။ ဒီအခါမှာတော့ လီယောင်ဟာ လုံးဝကို ပါးစပ်အဟောင်းသား ဖြစ်သွားရပါတယ်။ လောကဦးကမ္ဘာမှာ ရှိနေခဲ့တုန်းက သူမနဲ့ ဟင်းလင်းပြင်နတ်ဘီလူးဟာ ဝေးကွာလွန်းတာကြောင့် တစ်ယောက်ကို တစ်ယောက် သတိမထားမိခဲ့ကြပါဘူး။
ဟင်းလင်းပြင် နတ်ဘီလူးဟာ အရာအားလုံးကို စိတ်ဝင်တစား ရှိနေပါတယ်။ ဒါပေမဲ့ ပဋိပက္ခ နတ်ဘီလူးတွေဟာ သေမျိုးမဟုတ်တာကြောင့် မွေးဖွားလာပြီးနောက်ပိုင်း ဘာသာစကားကို အလိုလို တတ်မြောက်နိုင်တဲ့ အရည်အချင်း ရှိပါတယ်။ ဒီအရည်အချင်းကြောင့် ပဋိပက္ခ နတ်ဘီလူးတွေဟာ ဘယ်မျိုးစိတ်နဲ့မဆို လွယ်လွယ်ကူကူ ဆက်သွယ် ပြောဆိုနိုင်ကြပါတယ်။
ဟန်ကျွယ်ဟာ လီယောင်နဲ့ ဟင်းလင်းပြင် နတ်ဘီလူးကို တာအိုဘုံကျောင်းအပြင် ခေါ်ထုတ်သွားပြီး နတ်ဘီလူးတွေ အကုန်လုံးကို စုစည်းလိုက်ပါတယ်။ မုရုံချီ၊ ကွမ်းပုပိုင်၊ ကောင်းကင်နက္ခ နတ်ဘီလူးနဲ့ တခြားလူတွေဟာ လီယောင်နဲ့ ဟင်းလင်းပြင် နတ်ဘီလူးကို တွေ့ရတဲ့အတွက် အရမ်းကို စိတ်လှုပ်ရှားနေကြပါတယ်။
ဒုတိယ တာအိုစက်ကွင်းမှာ အဖွဲ့ဝင်အသစ်က ရွှေထက်ရှားတယ် မဟုတ်ပါလား။
ဟန်ကျွယ်ဟာ သူတို့ကို အချင်းချင်း မိတ်ဆက်ပေးပြီးနောက် တာအိုစတင် ဟောကြားပါတယ်။ အန္တိမမူလ မဟာတာအိုဟာ မဟာတာအိုသုံးထောင်ရဲ့ အနှစ်သာရတွေ ပါဝင်ဖွဲ့စည်းထားတာ ဖြစ်တဲ့အတွက် နတ်ဘီလူးတိုင်းဟာ သူတို့ရဲ့တာအိုကို အန္တိမမူလ မဟာတာအိုကနေ အာရုံခံနိုင်ကြပါတယ်။
ဒီတစ်ကြိမ်မှာ ဟန်ကျွယ်ဟာ အလေးအနက်ကို တာအိုဟောကြားပါတယ်။ ဟန်ကျွယ်ဟာ မုရုံချီ၊ ကြက်သွေးရောင် မြေခွေးနီ၊ ကောင်းကင်နက္ခ နတ်ဘီလူးနဲ့ ကွမ်းပုပိုင်တို့ကို တစ်ချီတည်း တာအိုရယူစေချင်တာပါ။ တခြားလူတွေ အတွက်ကတော့ တတ်နိုင်သလောက် မြန်မြန်တိုးတက်ဖို့က အဓိကပါ။ လီယောင်က တာအိုပညာရှိအတု ဆိုပေမဲ့ တာအိုရယူနိုင်ဖို့ အလှမ်းဝေးနေပါသေးတယ်။
ဒီတာအိုဟောကြားမှုက နှစ်ငါးရာ ကြာပါတယ်။
ဟန်ကျွယ်ဟာ တာအိုဟောကြားပြီးတဲ့အခါ နတ်ဘီလူးတွေကို လူစုခွဲစေပြီး တာအိုဘုံကျောင်းကို ပြန်ပါတယ်။ လီယောင်ကလည်း ဟန်ကျွယ် နောက်ကနေ လိုက်လာပါတယ်။ လီယောင်ဟာ ဟန်ကျွယ် သင်ပေးတာ တာအိုပညာရပ်ကို ဆက်ပြီးတော့ စဉ်းစားနေတုန်းပါ။ ဒီပညာရပ်က သူမအတွက် တော်တော်လေး အကျိုးရှိစေပါတယ်။
ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းပြီး ကောင်းကင်ရုပ်သေးရုပ် တစ်ရုပ်ကို ထုတ်ယူကာ တာအိုဘုံကျောင်းထောင့်မှာ ထားလိုက်ပါတယ်။
“မင်းလိုတာရှိရင် သူကနေတစ်ဆင့် ငါ့ကို ပြောလို့ရတယ်”
လီယောင်ဟာ ခေါင်းညိတ်လိုက်ပါတယ်။
နတ်ဘီလူးတွေ ပိုပိုများလာတာနဲ့ အရင်လိုမျိုး စီမံအုပ်ချုပ်ရတာ လွယ်မှာ မဟုတ်တော့ပါဘူး။ မုရုံချီ မဖြေရှင်းနိုင်တဲ့ အရှုပ်အရှင်းတွေ ရှိလာနိုင်ပါတယ်။ ပဋိပက္ခ နတ်ဘီလူးတွေဟာ တိုက်ခိုက်ရတာကို အသေကြိုက်တဲ့ မျိုးနွယ်စုပါ။
အဲဒီနောက် ဟန်ကျွယ်ဟာ ပင်မ တာအိုစက်ကွင်းကို ပြန်ပါတယ်။ ဟန်ကျွယ်ဟာ ကမ္ဘာဖျက်ကြာနက်ပေါ်ထိုင်ပြီး သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။ နောက်တစ်ခါ သူ မျက်လုံးဖွင့်ရင် မုရုံချီတို့လေးယောက်က တာအိုရယူနေပြီးလောက်ပါပြီ။
နတ်ဘီလူးစစ်တပ်က အခုမှ စပြီးတော့ ရွက်လွှင့်တာပါ။
အဲဒီနောက် ဟန်ကျွယ်ဟာ စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်မိတ်ဆွေ မိစ္ဆာ ကောင်းကင်ဧကရာဇ်သည် ပဋိပက္ခ နတ်ဘီလူးတစ်ပါး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်သား ဟန်ထော်သည် နတ်ဘီလူးမျိုးဆက်များ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၉၀၃၃၂၁၈
[သင့်မြေးတပည့် ချူရှီရန်သည် နတ်ဘီလူးမျိုးဆက်များ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၆၃၄၄၈၉
[သင့်မိတ်ဆွေ ဘိုးဘေးရှီတျန်သည် မဟာတာအိုကို ပြန်လည်တည်ဆောက်ပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ ရွှီတုတောက်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ အိပ်မက်ပေးမှုကို ခံရပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ ရှီတုတောက်သည် အာကာသ အက်ကြောင်းထဲသို့ မတော်တဆ ဝင်ရောက်မိပြီး ကျင့်ကြံမှုအားလျော့သွား၏။]
[သင့်မိတ်ဆွေ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်သည် ပဋိပက္ခရေပူစမ်းသို့ ဝင်ရောက်ပြီး ဝိညာဉ် သန့်စင်ခံခဲ့ရသောကြောင့် ကံတရား အထောက်အပံ့ များစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် လောကဦးမူလစွမ်းအားကို ရရှိပြီး ကံတရား အထောက်အပံ့များစွာ တိုးတက်သွား၏။]
‘ဟင်... ချူရှီရန်က ဘယ်လိုလုပ်ပြီး ကောင်းကင်ရုံးတော်ဆီ ရောက်သွားတာလဲ... ကောင်းကင်ဧကရာဇ်... ခင်ဗျားက ကျုပ်ဆီကနေ အရည်အချင်းရှိတဲ့လူတွေကို ထိုင်နှိုက်နေတာပဲ’
ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် ချူရှီရန် မိစ္ဆာ ကောင်းကင်ဧကရာဇ်နောက်ကို လိုက်တာက ဒီအတိုင်း ပဋိပက္ခထဲမှာ လျှောက်သွားတာထက် ဘေးကင်းမှာပါ။
ဟန်ကျွယ်ဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ် အကြောင်းကို ကောင်းကောင်း နားလည်ပါတယ်။ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ သူ့လူတွေကို သေခိုင်းမဲ့အစား သူကိုယ်တိုင်ပဲ အသေခံမဲ့ လူစားပါ။
ဟန်ထော် ကျင့်ကြံမှုက ဒုံးပျံလို ထိုးတက်လာပြီး ဟန်ကျွယ်ရဲ့ တပည့်ရင်းတွေကို ကျော်တက်သွားတာက မိစ္ဆာ ကောင်းကင်ဧကရာဇ်ကြောင့် မဟုတ်ပါလား။
ဟန်ကျွယ်ဟာ စာစောင်တွေကို ဆက်ဖတ်ပါတယ်။ ဟန်ကျွယ် မိတ်ဆွေ တော်တော်များများက အခွင့်အရေးကိုယ်စီ ရကြပါတယ်။ ဒါပေမဲ့ ကံမကောင်းတဲ့လူ တချို့ကတော့ ရှိနေတုန်းပါပဲ။
ဟွမ်ဇွမ်တျန်ဟာ လောကဦးမူလနဲ့ ပေါင်းစပ်ပြီးကတည်းက ပိုရဲတင်းလာပြီး ကောင်းကင်တာအိုကနေ မကြာခဏ ထွက်သွားထွက်လာ လုပ်လာပါတယ်။ ဒါပေမဲ့ ဟွမ်ဇွမ်တျန်ရဲ့ ကျင့်ကြံမှုက တကယ်ကို တိုးတက်လာတာပါ။ ဒီလမ်းက ဟွမ်ဇွမ်တျန် ရွေးချယ်ခဲ့တဲ့လမ်းမလို့ ဟန်ကျွယ်ဟာ ဒီအတိုင်း ထိုင်ကြည့်နေမှာပါ။
ဟန်ကျွယ်ဟာ စာစောင်တွေကို အပျင်းပြေ လိုက်ဖတ်ပါတယ်။ မဟာတာအို ပညာရှိဖြစ်တာတောင် ဟန်ကျွယ်ဟာ လိုင်းသုံးရတဲ့အကျင့်ကို မဖျောက်နိုင်သေးပါဘူး။ စာစောင်တွေကို ဖတ်ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကျင့်ကြံမှုထဲ ပြန်နှစ်မြှုပ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ရှုံဟွာ လာမတိုက်ခင် အနည်းဆုံး အဆင့်လေးတစ်ဆင့် ထိုးဖောက်ဖို့ ရည်ရွယ်ထားပါတယ်။
ခရမ်းရောင် အာကာသမှာ မရေမတွက်နိုင်တဲ့ ရုပ်သွင်တွေ တိုက်ခိုက်နေကြပါတယ်။ အာကာသာ ရှုံ့တွနေပြီး အဖြူရောင်အလင်းတန်းတွေ ရောယှက်နေတဲ့အတွက် ပုံရိပ်ယောင်လိုပါပဲ။
ချူရှီရန်ဟာ ရွှေရောင်ဗုဒ္ဓအသွင် ပြောင်းလဲထားပါတယ်။ ဗုဒ္ဓအမွေတစ်ခုဟာ ချူရှီရန်ရဲ့ ခေါင်းထဲမှာ ပေါလောမျောနေပြီး ရွှေရောင်အလင်းတွေ တလက်လက် တောက်နေပါတယ်။ အရပ်ဆယ်မျက်နှာကလာတဲ့ နတ်ဆိုးတွေကို ချူရှီရန်ဟာ အလွယ်လေးပဲ သုတ်သင်ပစ်ပါတယ်။
ချူရှီရန်ဟာ အသာစီးရနေပေမဲ့ မျက်နှာတစ်ခုလုံး တည်ကြည်လေးနက်နေပါတယ်။ ဒီတိုက်ပွဲက နှစ်ငါးထောင်ကျော် ကြာပြီမလို့ ချူရှီရန်ဟာ ဆက်ပြီး တောင့်မခံနိုင်တော့ပါဘူး။ ချူရှီရန် လှည့်ကြည့်လိုက်တဲ့အခါ ဟန်ထော်နဲ့ ကျိုးဖန်ကလည်း တိုက်ခိုက်နေတာကို တွေ့လိုက်ရပါတယ်။
ဟုတ်ပါတယ်၊ ကောင်းကင်ရုံးတော်နဲ့ မဟာတာအိုမျှော်စင်က ထပ်ပူးပေါင်းလိုက်တာပါ။ ဒီတစ်ကြိမ်မှာ မဟာတာအိုမျှော်စင်က တိတ်ဆိတ်ဂိုဏ်း တပည့်တွေကိုလည်း ခေါ်လာပါတယ်။ ဒီအထဲမှာ ချင်လင်းလည်း ပါပါတယ်။
ချင်လင်းရဲ့ စွမ်းဆောင်ရည်က ကွင်းကွင်းကွက်ကွက် ရှိလှပါတယ်။ ချင်လင်းရဲ့ စစ်လှံဟာ တားဆီးမရတဲ့ အင်အားနဲ့ ရန်သူတွေကို တရစပ်ချေမှုန်းပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။