အဖေအရင်း၊ ရှုံဟွာအဖြစ် အသွင်ပြောင်းလဲခြင်း
Vol. 68 Ch. 722
ချင်လင်းဟာ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်အဆင့်ပဲ ရှိသေးတာကြောင့် မကြာခင်မှာပဲ ပေတစ်သောင်းကျော် မြင့်မားတဲ့ နတ်ဆိုးကြီးတစ်ကောင်ရဲ့ ဖမ်းဆုပ်ခြင်းကို ခံရပြီး မလှုပ်ရှားနိုင်တော့ပါဘူး။
ဟန်ထော်ဟာ စစ်လှံကို ဝှေ့ယမ်းရင်း အော်ပြောလိုက်ပါတယ် “ယီတျန်... ငါ့မြေးတပည့်ကို ကယ်လိုက်ဦး”
ကျိုးဖန်ဟာ လီရွှမ်အောက်ကို ဆက်သွယ်ပြီး အကူအညီတောင်းတဲ့အတွက် လီရွှမ်အောက်ဟာ တိတ်ဆိတ်ဂိုဏ်းတပည့်တွေကို ပဋိပက္ခမှာ လေ့ကျင့်ဖို့ စေလွှတ်လိုက်ပါတယ်။ ဒီအထဲမှာ ချင်လင်းလည်း ပါပါတယ်။ လီရွှမ်အောက်ဟာ ချင်လင်းရဲ့ အရည်အချင်းကို တော်တော်လေး သဘောကျတာကြောင့် ကျိုးဖန်ကို အကျိုးအကြောင်း ပြောထားပါတယ်။
ဟန်ထော်ကလည်း ကျိုးဖန်ကနေတစ်ဆင့် ချင်လင်းအကြောင်းကို သိထားတာကြောင့် ချင်လင်းကို အထူးဂရုစိုက်ပါတယ်။ တကယ်တော့ ဟန်ထော်ဟာ ဟန်ယွီအပေါ် အကြွေးတင်နေသလို ခံစားရတာကြောင့် ချင်လင်းကို ဂရုစိုက်တာဆို မှားမယ် မထင်ပါဘူး။
“ကောင်းပြီ” ယီတျန်ဟာ အော်ပြောလိုက်ပြီး ကီလီုမီတာသန်းချီ ဝေးကွာတဲ့ ပေတစ်သောင်းကျော် နတ်ဆိုးကြီးရဲ့ ခေါင်းပေါ်မှာ ရုတ်ခြည်း ပေါ်လာပါတယ်။ အဲဒီနောက် သူ့တုတ်ကို ဒေါသတကြီး ဝှေ့ယမ်းကာ နတ်ဆိုးကြီးရဲ့ လက်ကို ရိုက်ချိုးလိုက်ပါတယ်။
ချင်လင်းဟာ နတ်ဆိုးကြီးရဲ့ လက်ကနေ လွတ်မြောက်သွားပြီး ယီတျန်ကို ကျေးဇူးတင်စွာ ကြည့်လိုက်ပါတယ်။
ယီတျန်ဟာ ပြုံးဖြဲဖြဲ ရယ်လိုက်ပြီး နတ်ဆိုးကြီးရဲ့ခေါင်းကို တုတ်နဲ့ ထပ်ရိုက်လိုက်တဲ့အခါ ပေတစ်သောင်းကျော် မြင့်မားတဲ့ နတ်ဆိုးကြီးဟာ အဝေးကို လွင့်စဉ်ထွက်သွားပါတယ်။
ယီတျန်ရဲ့ စွမ်းအားက ချင်လင်းကို စိတ်လှုပ်ရှားသွားစေပါတယ်။ နှစ်တွေ အကြာကြီး တိုက်ခိုက်ထားလို့ ပင်ပန်းနေပြီဆိုပေမဲ့ ချင်လင်းဟာ ပိုပြီးတော့ စိတ်လှုပ်ရှားလာပါတယ်။ နောက်ဆုံးမှာ သူလိုချင်တဲ့ဘဝကို ရှာတွေ့သွားပြီ မဟုတ်ပါလား။
ချင်လင်း လိုချင်တဲ့ ဘဝက တခြားမဟုတ်ပါဘူး။ တိုက်ခိုက်တာပါ။
တခြားတစ်ဖက်မှာတော့ ကျိုးဖန်နဲ့ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဧရာမ ကျောက်စိမ်းပုလွေတစ်ချောင်းပေါ်မှာ ရှိနေပါတယ်။ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ပြင်းထန်စွာ ဒဏ်ရာရထားပြီး ခန္ဓာကိုယ်အောက်ပိုင်း မရှိတော့ပါဘူး။ ခါးမှာလည်း သွေးတွေချည်းပါပဲ။ ထူးဆန်းတဲ့ ရောင်ဝါနက်ရဲ့ သက်ရောက်မှုကြောင့် မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ ဒဏ်ရာဟာ အချိန်တိုအတွင်း ပြန်ကောင်းလာနိုင်စွမ်း မရှိပါဘူး။
“သေစမ်း... ပဋိပက္ခ နတ်ဘီလူးတွေက ဘာဖြစ်လို့ ဒီလောက်တောင် ရင်ဆိုင်ဖို့ ခက်ရတာလဲ” ကျိုးဖန်ဟာ ကျိန်ဆဲလိုက်ပါတယ်။ အဲဒီနောက် ကျိုးဖန်က မိစ္ဆာ ကောင်းကင်ဧကရာဇ်ဘက် လှည့်ပြီး မေးလိုက်ပါတယ် “အရှင်မင်းကြီး... အရှင်မင်းကြီးရဲ့လူက ဘယ်မှာလဲ၊ အရှင်မင်းကြီးမှာ ဘာအကွက်ရှိသေးလဲ၊ ကျွန်တော်ကို မြန်မြန်ပြောစမ်းပါ၊ ကျွန်တော့် နောက်လိုက်တွေကို ဒီအတိုင်း အလကား အသေမခံနိုင်ဘူး”
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ မျက်မှောင်ကြုတ်သွားပြီး အတန်ကြာအောင် စိတ်ထဲမှာ လွန်ဆွဲသွားပါတယ်။ နောက်ဆုံးမှာတော့ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ညာလက်ကိုမြှောက်ပြီး အရိုးစတစ်စကို ထုတ်ယူလိုက်ပါတယ်။
“သူ့ကိုပဲ ထပ်ပြီး အကူအညီ တောင်းရမှာပဲ” မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ သက်ပြင်းချလိုက်ပါတယ်။
“ဘယ်သူလဲ” ကျိုးဖန်က စပ်စုလိုက်ပါတယ်။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ရှုပ်တွေးတဲ့မျက်နှာနဲ့ ပြန်ဖြေလိုက်ပါတယ် “အရင်လူပဲ၊ အမင်္ဂလာ နတ်ဆိုးဧကရာဇ်”
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ အရိုးစကို ဆုပ်ကိုင်ပြီး အမှုန့်ချေပစ်လိုက်ပါတယ်။
ကျိုးဖန်ဟာ ပိုပြီးတော့ သိချင်သွားပါတယ် “အရှင်မင်းကြီးနဲ့ အမင်္ဂလာ နတ်ဧကရာဇ်က ဘယ်လို ပတ်သက်တာလဲ၊ ဒါက အရှင်မင်းကြီး ပထမဆုံးအကြိမ် အကူအညီတောင်းတာ မဟုတ်တော့ဘူး”
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ သက်ပြင်းထပ်ချလိုက်ပါတယ် “သူက ငါ့ရဲ့ အဖေအရင်းပဲ”
ကျိုးဖန်ဟာ ပါးစပ်အဟောင်းသား ဖြစ်သွားပါတယ်။ ကျိုးဖန် မေးခွန်း ဆက်မမေးနိုင်ခင်မှာပဲ သူတို့ခေါင်းထက်က ဟင်းလင်းပြင်ဟာ ရုတ်တရက် စုတ်ပြဲသွားပြီး ကြောက်မက်ဖွယ် အရိပ်နက်တစ်ခု တွားသွားထွက်လာပါတယ်။
အရိပ်နက်ရဲ့ ခန္ဓာကိုယ်ဟာ ဖရိုဖရဲရှိပြီး ဘယ်လိုပုံစံရှိတယ်ဆိုတာကို ပြောဖို့ ခက်ပါတယ်။ တစ်ချိန်တည်းမှာပဲ ထူးဆန်းတဲ့ဖိအားတစ်ခု ထွက်ပေါ်လာတာကြောင့် စစ်မြေပြင်က သက်ရှိအားလုံးကို ကြက်သီးမွေးညင်း ထသွားစေပါတယ်။
အမင်္ဂလာ နတ်ဆိုးဧကရာဇ် ရောက်လာတာပါ။
‘မြန်လှချည်လား...’ ကျိုးဖန်ဟာ စိတ်ထဲမှာ အံ့ဩတကြီး ဖြစ်သွားပါတယ်။ ကြည့်ရတာ အမင်္ဂလာ နတ်ဆိုးဧကရာဇ်က တကယ်ပဲ မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ အဖေနဲ့ တူပါတယ်။
ကောင်းကင်ရုံးတော်နဲ့ မဟာတာအိုမျှော်စင်က သက်ရှိတွေဟာ အမင်္ဂလာ နတ်ဆိုးဧကရာဇ်ကို အရင်က မြင်ဖူးတာကြောင့် အမင်္ဂလာ နတ်ဆိုးဧကရာဇ် ပေါ်လာတာကို တွေ့တာနဲ့ စိတ်ဓာတ်တွေ တက်ကြွသွားပါတယ်။
.....
အမှောင်တားမြစ်နယ်မြေကို ဖြတ်သန်းတည်ရှိတဲ့ ပဋိပက္ခ ကောင်းကင်လမ်းဟာ တိတ်ဆိတ်နေပါတယ်။ အမှောင်ထုထဲမှာ ပဋိပက္ခလမ်းတစ်ခုပဲ အလင်းရောင် ရှိပါတယ်။ လမ်းကြောင်းတစ်ခုပေါ်မှာ ရှီတုတောက်နဲ့ လီတောက်ခုံးဟာ တစ်ယောက်ကိုတစ်ယောက် ကျောမူပြီး တရားထိုင်နေကြပါတယ်။
ရှီတုတောက်ဟာ ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး မျက်မှောင်ကြုတ်သွားပါတယ်။
လီတောက်ခုံးဟာလည်း တစ်စုံတစ်ခုကို ခံစားမိတာကြောင့် မျက်လုံးဖွင့်လိုက်ပါတယ်။
“မင်း အာရုံခံမိလား...” ရှီတုတောက်က အသံလွှင့်ပြီး မေးလိုက်ပါတယ်။
ရှီတုတောက်နဲ့ လီတောက်ခုံးဟာ မိုင်တစ်သောင်းကျော် ဝေးကွာပါတယ်။
လီတောက်ခုံးက ပြန်ဖြေပါတယ် “ငါတို့ကို တစ်စုံတစ်ခုက ထောက်လှမ်းနေတယ်”
စကားဆုံးတာနဲ့ လီတောက်ခုံးဟာ မတ်တတ် ကောက်ရပ်လိုက်ပါတယ်။ ရှီတုတောက်လည်း အတူတူပါပဲ။ လီတောက်ခုံးဟာ ရှီတုတောက်ဘေးမှာ ရုတ်ခြည်းပေါ်လာပြီး အရပ်မျက်နှာတစ်ခုကို နှစ်ယောက်အတူတူ လှမ်းကြည့်လိုက်ပါတယ်။
သူတို့ရဲ့ အကြည့်နောက်ကို လိုက်ကြည့်မယ်ဆိုရင် အမှောင်ထုကလွဲလို့ တခြားဘာမှ မရှိပါဘူး။
အတန်ကြာတဲ့အခါမှာတော့...
အမှောင်ထုထဲကနေ အသံတစ်သံ ထွက်ပေါ်လာပါတယ်။
“ဟွန်း... ကောင်းကင်တာအိုပညာရှိတွေလား... မင်းတို့က တကယ်ကို အားပျော့တာပဲ၊ ပဋိပက္ခကောင်းကင်လမ်းမှာသာ မဟုတ်ရင် မင်းတို့သေတာ ကြာပြီ”
“ငါက မင်းတို့လို လောကဦးပဋိပက္ခ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်ပဲ၊ ဒါပေမဲ့ ငါ မင်းတို့ကို လေးငါးပိုင်းဖြစ်အောင် အသာလေး စုတ်ဖြဲလို့ရတယ်”
ရှီတုတောက်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။
လီတောက်ခုံးဟာ ခပ်တည်တည်ပဲ ပြန်ပြောလိုက်ပါတယ် “ဒီလောက်ပဲ ရန်စတတ်တာလား...”
“ဟွန်း... မင်းတို့တွေ အပြင်ထွက်ပြီး ငါနဲ့ တိုက်ခိုက်ရဲလို့လား၊ ငါ နိုင်ရင် မင်းတို့တွေ ငါ့ကို သခင်အဖြစ် အသိအမှတ်ပြုရမယ်၊ ငါရှုံးရင် မင်းတို့ကို လောကဦး ခရမ်းရောင်ချီ သုံးခု ပေးမယ်”
ရှီတုတောက်က ပြန်ပြောလိုက်ပါတယ် “အခု ကောင်းကင်တာအိုမှာ တာအိုရရှိဖို့ လောကဦး ခရမ်းရောင်ချီကို မလိုတော့ဘူး”
“လောကဦး ခရမ်းရောင်ချီက တာအိုရယူဖို့တင် မဟုတ်ဘူး၊ ပဋိပက္ခရင်းမြစ်ရဲ့ သော့တစ်ချောင်းဆိုရင်လည်း မမှားဘူး၊ အရင် ကောင်းကင်တာအိုပညာရှိတွေ ဘာဖြစ်လို့ မဟာတာအိုကို ရယူနိုင်လဲဆိုတာ မင်းတို့သိလား”
သရော်သံဟာ တဖြည်းဖြည်း ဖြားယောင်း သွေးဆောင်သံ ပေါက်လာပါတယ်။
လီတောက်ခုံးနဲ့ ရှီတုတောက်ဟာ တိတ်ဆိတ်နေပါတယ်။
အမှောင်ထုထဲက အသံဟာ ဆက်ပြီးတော့ ထွက်ပေါ်လာပါတယ် “မင်းတို့တွေ ရှုံဟွာက ဘယ်သူလဲဆိုတာကို မသိချင်ဘူးလား၊ သိချင်ရင် ငါနဲ့ လာတိုက်ချည်”
လီတောက်ခုံးဟာ မျက်မှောင်ကြုတ်သွားပါတယ် “ခင်ဗျားက ရှုံဟွာလား...”
“မဟုတ်ဘူး၊ ဒါပေမဲ့ ရှုံဟွာက ဘယ်သူလဲဆိုတာကို ငါ သိတယ်၊ တကယ်တော့ ရှုံဟွာက တစ်ယောက်တည်း မဟုတ်ဘူး”
“ခင်ဗျား ဘာကိုဆိုလိုတာလဲ”
“ထွက်လာပြီး ငါနဲ့ လာတိုက်စမ်းပါ၊ ရွမ်လိန့်ကျောင်းတော်ရဲ့ အကြီးဆုံးတပည့်၊ တိတ်ဆိတ်ဂိုဏ်းရဲ့ ပထမ အစောင့်အရှောက်က ဒီလောက်တောင် သူရဲဘောကြောင်ရလား၊ နတ်ဒေါင်းအရှင်ကို မင်းကြားဖူးလား၊ သူက တာအိုပညာရှိအတု အဆင့်မှာတောင် တာအိုပညာရှိကို တိုက်ခိုက်ရဲတယ်၊ မင်းက သူ့ခြေဖျားကိုတောင် မမီသေးဘူး၊ ဒီလောက် သတ္တိမရှိရင် ပါရမီရှင် လုပ်မနေနဲ့”
လှောင်ပြောင် ရယ်မောသံက ချောက်ချားဖို့ ကောင်းလှပါတယ်။
ရှီတုတောက်ဟာ လီတောက်ခုံးကို အသံလွှင့်ပြီး သတိပေးလိုက်ပါတယ် “ဒီကောင်က ထူးဆန်းတယ်၊ သူ အရူးလုပ်တာကို မခံနဲ့”
“သူက ငါတို့ကို အသုံးချပြီး ကောင်းကင်တာအိုကို ထိုးဖောက်ချင်တာပဲ၊ ငါတို့ ငြင်းလိုက်ရင် တခြား တာအိုပညာရှိတွေကို ကျိန်းသေပေါက် သွားရှာမှာပဲ၊ ဒီတော့ ငါတို့တွေ ဘာလို့ မစွန့်စားရမှာလဲ၊ ငါ့မှာ ဂိုဏ်းချုပ်ကို ဆက်သွယ်ဖို့ သီးသန့်နည်းလမ်းတစ်ခု ရှိတယ်”
ရှီတုတောက်ဟာ မျက်မှောင်ကြုတ်ပြီး တုံ့ဆိုင်းသွားပါတယ်။
လီတောက်ခုံးကို ရှေ့ကို တက်လိုက်ပါတယ် “ကောင်းပြီ၊ ခင်ဗျားစကားကို မမေ့နဲ့”
“လာစမ်းပါ လီတောက်ခုံးရာ... ဒဏ္ဍာရီလာ ဓားတာအိုပညာရှိရဲ့ အစွမ်းအစကို ငါသိအောင် ပြသစမ်းပါ” အမှောင်ထဲက အသံဟာ အလွန်တရာမှ စိတ်လှုပ်ရှားလာပါတယ်။
လီတောက်ခုံးဟာ ပဋိပက္ခ ကောင်းကင်လမ်းထဲကနေ ပျံထွက်သွားပါတယ်။ ရှီတုတောက်လည်း အံကြိတ်ပြီး နောက်ကနေ လိုက်သွားပါတယ်။ မကြာခင်မှာပဲ သူတို့နှစ်ယောက်ဟာ အမှောင်ထုကြားထဲ ပျောက်ကွယ်သွားပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။ နောက်ထပ် နှစ်တစ်သောင်း ထပ်ကုန်သွားပါပြီ။
‘ထူးဆန်းလိုက်တာ... အရင်တုန်းက ငါ နှစ်တစ်ထောင် ဂူအောင်းကျင့်ကြံတာပဲဖြစ်ဖြစ် နှစ်ငါးထောင် ဂူအောင်းကျင့်ကြံတာပဲဖြစ်ဖြစ် ငါ့ဆီကို တံခါးလာခေါက်တဲ့လူတွေ အမြဲတမ်း ရှိတယ်၊ အခု ငါ နှစ်တစ်သောင်း ဂူအောင်းကျင့်ကြံတာ ဘာဖြစ်လို့ တစ်ယောက်မှ တံခါး လာမခေါက်ကြတာလဲ၊ သူတို့က အဲဒီလောက်တောင် စွမ်းအားကြီးသွားကြပြီလား...”
ဟန်ကျွယ်ဟာ တစ်ကိုယ်တည်း ရေရွတ်လိုက်ပြီး နည်းနည်း စိတ်ဓာတ်ကျသွားပါတယ်။ ဟန်ကျွယ်အတွက် ဒီလောက်ထိ စွမ်းအားကြီးလာဖို့ဆိုတာ လွယ်တာမဟုတ်ပါဘူး။ အခုတော့ အစွမ်းပြဖို့တောင် အခွင့်အရေး သိပ်မရပါဘူး။
ဟန်ကျွယ်ဟာ ဟန်ထော်ကို ကယ်ပေးရတဲ့အချိန်ကို ပြန်တွေးမိလိုက်ပါတယ်။ အဲဒီခံစားချက်က တော်တော်ကို ကောင်းတာပါ။
ဟန်ကျွယ်ဟာ အင်မော်တယ်ကမ္ဘာကို စပြီးတော့ အကဲခတ်လိုက်ပါတယ်။ အရာအားလုံးက အရင်အတိုင်းပါပဲ။ သက်ရှိတွေ အရင်ကထက် စွမ်းအားပိုကြီးလာတာက လွဲရင်ပေါ့။
လူသားမျိုးနွယ်စုရဲ့ တိုင်းပြည်တွေက အင်ပါယာတွေ ဖြစ်ကုန်ပြီး လူသားဧကရာဇ် အကုန်လုံး ကောင်းကင်ဘုံ ၉ ဘုံ အထက်ကို ရောက်ကုန်ပါတယ်။ လူသားမျိုးနွယ်စုမှာ တိုင်းပြည်ပေါင်း တစ်ထောင်ကျော် ရှိလာပြီး အင်မော်တယ်ကမ္ဘာအနှံ့ ပျံ့နှံ့ တည်ရှိနေပါတယ်။ ဒီတိုင်းပြည်တွေဟာ သူတို့ရဲ့ပါရမီရှင်တွေကို ပဋိပက္ခ ကောင်းကင်လမ်းကို စေလွှတ်တဲ့အပြင် သေမျိုးတွေကို တာအိုဟောကြားဖို့ သေမျိုးကမ္ဘာကိုလည်း စေလွှတ်ကြပါတယ်။
သေမျိုးကမ္ဘာတစ်ခုကို ထိန်းချုပ်နိုင်တဲ့ တိုင်းပြည်ကသာလျှင် အင်ပါယာဖြစ်ဖို့ အရည်အချင်း ရှိတာပါ။ ဒီအင်ပါယာတွေရဲ့ အထက်မှာ လူသားဧကရာဇ်ဘုံကျောင်း တည်ရှိပြီး လူသားမျိုးနွယ်စုရဲ့ စည်ပင်သာယာဝပြောမှုကို ထိန်းချုပ်ထားပါတယ်။
ကံတရား အထောက်အပံ့ဂိုဏ်းနဲ့ ဆင်တူပေမဲ့ ပိုပြီးတော့ တင်းကျပ်ပါတယ်။
အင်မော်တယ်ကမ္ဘာမှာ တာအိုပညာရှိအတု သုံးရာကျော်နဲ့ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်က တစ်သောင်းနီးပါး ပေါ်ထွန်းလာပါပြီ။
လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်သိန်းအတွင်း ကောင်းကင်တာအိုရဲ့ တိုးတက်ပြောင်းလဲမှုတွေက ကောင်းကင်တာအို အနန္တကပ်ဘေး မတိုင်ခင်ကထက် အများကြီး သာလွန်ပါတယ်။ အဓိက အကြောင်းအရင်းကတော့ တာအိုပညာရှိတွေရဲ့ ဖိနှိပ်မှုမရှိတာနဲ့ ပဋိပက္ခ ကောင်းကင်လမ်းက ပဋိပက္ခထဲက ရင်းမြစ်တွေကို ရှာဖွေနိုင်တာကြောင့်ပါ။ ကောင်းကင်တာအိုရဲ့ ကံတရား အထောက်အပံ့ တိုးတက်လာတာက အင်မော်တယ်ကမ္ဘာရဲ့ စိတ်ဝိညာဉ်ချီကို ဆက်တိုက် တိုးတက်လာစေပါတယ်။
အချိန်ကြာလာတာနဲ့အမျှ ကောင်းကင်တာအိုက တစ်နေ့တစ်ခြား ပိုပိုပြီးတော့ စည်ပင်သာယာ ဝပြောလာပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်တာအိုရဲ့ ထိပ်ဆုံးမှာ မတ်တတ်ရပ်ပြီး အနန္တကမ္ဘာက သက်ရှိအားလုံးကို ငုံ့ကြည့်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ စိတ်ကောင်းဝင်သွားပါတယ်။ ဒါက သူ့ပိုင်နက် မဟုတ်ပါလား။
ဟန်ကျွယ်ဟာ ထုံးစံအတိုင်း စာအိတ်ကိုဖွင့်ပြီး စာစောင်တွေကို ဖတ်ကြည့်လိုက်တယ်ဆိုရင်ပဲ ချက်ချင်း မျက်မှောင်ကြုတ်သွားပါတယ်။
[သင့်မိတ်ဆွေ လီတောက်ခုံးသည် လျှို့ဝှက်ဆန်းကြယ် အင်အားတစ်ခု၏ တိုက်ခိုက်မှုကြောင့် ရှုံဟွာအဖြစ် အသွင်ပြောင်းလဲသွားသည်။]
‘ရှုံဟွာအဖြစ် ပြောင်းသွားတာလား...’
‘ဒါက ငါစိုးရိမ်နေတဲ့ ရှုံဟွာလား...’
‘ရှုံဟွာက တစ်ယောက်မက ရှိနေတာလား...’
ဟန်ကျွယ်ဟာ ချက်ချင်းပဲ လီတောက်ခုံးရဲ့ ပုံရိပ်ကို စစ်ဆေးလိုက်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။