← Chapters

ကောင်းကင်တာအို ကြီးထွားလာခြင်း

Vol. 69 Ch. 739

ကောင်းကင်တာအို ကြီးထွားလာခြင်း

Vol. 69 Ch. 739

‘ဗလာနယ်မှာ သိစိတ် ဆုံးရှုံးလို့ လူသေနဲ့ မခြားဘူး’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။

ဟန်ကျွယ်ဟာ အနာဂတ်ကလာတဲ့ ဖန်းလျန်ရဲ့ စကားတွေကို ပြန်တွေးမိလိုက်ပါတယ်။ အနာဂတ် ဖန်းလျန်က ပဋိပက္ခနတ်မင်းတွေကို ရှောင်ရှားဖို့ဆိုပြီး သူ့ကို ဗလာနယ်ထဲ မျှားခေါ်ခဲ့တာပါ။

‘ဒီကောင် ငါ့ကို ထိခိုက်အောင် ကြိုးစားနေတာလား... မဟုတ်သေးဘူး... သူ့ကို လောကဦး ကောင်းကင်‌ထောင်က ကျွန်ပြုပြီးပဲ၊ ဘာဖြစ်လို့ ငါ့ကို ထိခိုက်အောင်လုပ်မှာလဲ၊ တစ်ယောက်ယောက်က ဖန်းလျန်ကို အသုံးချနေတာ ဖြစ်ရမယ်’

အရင်တစ်ခေါက်ကလည်း မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဖုံးကွယ် မဟာတာအို နတ်ဘီလူးရဲ့ အသုံးချမှုကို ခံရပြီး ဟန်ကျွယ်ကို အပြင်ထွက်လာဖို့ မျှားခေါ်ခဲ့တယ် မဟုတ်ပါလား။

ဟန်ကျွယ်က ဒီအကြောင်းတွေကို သိသွားပြီမလို့ အနာဂတ်မှာ ပြောင်းလဲမှုတွေ ကျိန်းသေပေါက် ရှိလာမှာပါ။ ဟန်ကျွယ် အနာဂတ် အကြောင်းကို အများကြီး မသိချင်ပါဘူး။ ကပ်ဘေးဖြစ်စဉ် ပြောင်းလဲသွားမှာစိုးလို့ပါ။

ကပ်ဘေးအကြောင်းကို တွေးမိသွားတဲ့ ဟန်ကျွယ်ဟာ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို ထပ်သုံးလိုက်ပါတယ်။

“မဟာတာအို အနန္တကပ်ဘေး ရောက်လာဖို့ ဘယ်လောက်လိုသေးလဲ”

[သက်တမ်း ၁ ထရီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[၁၈.၉ ဘီလီယံခန့် လိုသေးသည်။]

‘သေစမ်း... တကယ်ကို ‌ရှေ့တိုးလာတာပဲ’

‘ငါ ရှုံဟွာကို သတ်လိုက်လို့ မဟာတာအို အနန္တကပ်ဘေးက ရှေ့ရောက်လာတာလား’

ဟန်ကျွယ်ဟာ ဆက်ပြီးတော့ မေးလိုက်ပါတယ် “မဟာတာအိုအနန္တကပ်ဘေးကို ရှေ့ရောက်အောင် ဘယ်သူတွန်းနေတာလဲ”

[သက်တမ်း ၅၀၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

ဟန်ကျွယ်ရှေ့မှာ စာကြောင်းတစ်ကြောင်းနဲ့ တစ်ဖက်လူရဲ့ အချက်အလက်တွေ ပေါ်လာပါတယ်။

ပထမရှုံဟွာအရှင်။

ဟန်ကျွယ်ဟာ ထပ်ပြီးတော့ မျက်မှောင်ကြုတ်သွားပါတယ် ‘ငါကလွဲရင် တခြားလူတွေကလည်း မဟာတာအို အနန္တကပ်ဘေးကို ရှေ့ရောက်အောင် တွန်းနိုင်တာလား... ဒါဆို စနစ်တွက်ချက်ထားတဲ့ အချိန်က မကျိန်းသေဘူးပေါ့...’

‘ငါ ရှုံဟွာအရှင်ကို ရှင်းပစ်သင့်လား...’

‘မဟုတ်သေးဘူး... ငါ သူ့ကို ရှင်းပစ်လိုက်ရင် အပြစ်ပုံချလို့ ဘယ်ရတော့မလဲ’

ဟန်ကျွယ်ဟာ အတွေးနက်သွားပါတယ်။

အချိန်အတန်ကြာတဲ့အခါမှာတော့...

ဟန်ကျွယ်ရဲ့အသံဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်မှာ ပဲ့တင်ထပ်သွားပါတယ် “တပည့်အားလုံး... တာအိုနားထောင်ဖို့ ပြင်ဆင်ကြတော့...”

တပည့်အသစ်တွေ ရောက်လာတာကြောင့် ဟန်ကျွယ်က ကြိုပြီးတော့ သတင်းပေးလိုက်တာပါ။

ဟန်ကျွယ်ရဲ့အသံနဲ့အတူ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ဟာ ဆူညံသွားပါတယ်။ အထူးသဖြင့် အသစ်ရောက်လာတဲ့ တပည့်သိန်းချီဟာ ဟန်ကျွယ် အကြောင်းနဲ့ ပတ်သက်ပြီး စိတ်ကူးယဉ်ဆန်ဆန်ကို လက်ခံထားကြတာပါ။

ငါးမိနစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ တာအိုစတင် ဟောကြားပါတယ်။ အန္တိမမူလ မဟာတာအိုဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို တစ်ခဏချင်း ဖုံးအုပ်သွားပါတယ်။ ဒီတာအိုဟောကြားမှုက နှစ် ၂၀၀ ကြာပါတယ်။

မဟာဟင်းလင်းပြင်ဝိညာဉ်တောင် အသိဉာဏ် လင်းလက်သွားပါတယ်။

တာအိုဟောကြားမှု ပြီးဆုံးတာနဲ့ ဟန်ကျွယ်ဟာ ချက်ချင်း ဂူအောင်းကျင့်ကြံပါတယ်။ ဟန်ကျွယ်ဟာ မဟာတာအိုပညာရှိ ဖြစ်နေပြီ ဆိုပေမဲ့ သူ့ရဲ့မူလ ရည်ရွယ်ချက်ကို အပျောက်မခံဘဲ ဒီထက် စွမ်းအားပိုကြီးအောင် ကျင့်ကြံအားထုတ်ပါတယ်။

ဟန်ကျွယ်ရဲ့ ရည်မှန်းချက်က ပဋိပက္ခနတ်မင်းတွေနဲ့ ယှဉ်နိုင်ပြီး ပဋိပက္ခကို တကယ် လွှမ်းမိုး ထိန်းချုပ်နိုင်ဖို့ပါ။ ပဋိပက္ခက အဆုံးမဲ့လောက်တဲ့အထိ ကျယ်ပြန့်လွန်းတဲ့အတွက် ဒါကို ထိန်းချုပ်ဖို့ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ပါဘူး။

.....

ဟန်ယွီနဲ့ ချင်လင်းဟာ ပဋိပက္ခ ကောင်းကင်လမ်းရဲ့ တစ်နေရာမှာ တွေ့ဆုံကြပါတယ်။

ချင်လင်းဟာ စိတ်အရမ်းလှုပ်ရှားသွားပြီး ဟန်ယွီရှေ့ ဒူးထောက်လိုက်ပါတယ်။

ဟန်ယွီဟာပြုံးပြီး ချင်လင်း မတ်တတ်ရပ်ဖို့ ကူညီပေးပါတယ်။ အဲဒီနောက် မြေးအဘိုးနှစ်ယောက်ဟာ အတွေ့အကြုံတွေ ဖလှယ်ကြပါတယ်။

“ဆရာဘိုးဘိုး... ဆရာဘိုးဘိုး နောက်ဆုံးတော့ အပြင်ထွက်လာပြီပေါ့၊ ဘာဖြစ်လို့လဲဆိုတာ ကျွန်တော် သိလို့ရမလား၊ ပဋိပက္ခမှာ ကျွန်တော်ရဲ့ မိတ်ဆွေတွေ အများကြီးရှိတယ်၊ ကျွန်တော် ဆရာဘိုးဘိုးကို ကူညီကောင်း ကူညီနိုင်လောက်တယ်” ချင်လင်းဟာ သူ့ရင်ဘက်ကို ပုတ်ပြီး အပြုံးနဲ့ ပြောလိုက်ပါတယ်။ အခုအချိန်မှာ ချင်လင်းဟာ တိတ်ဆိတ်ဂိုဏ်း တပည့်တွေနောက်လိုက်ပြီး မဟာတာအိုမျှော်စင်မှာ အမှုထမ်းနေတာပါ။

လက်ရှိ မဟာတာအိုမျှော်စင်က တိတ်ဆိတ်ဂိုဏ်းရဲ့ လက်အောက်ခံ အင်အားစုလို့ ပြောလို့ရပါတယ်။ ကျိုးဖန်ဟာ အေးအေးဆေးဆေး ကျင့်ကြံအားထုတ်နိုင်ဖို့အတွက် လီရွှမ်အောက်ကို စီမံခန့်ခွဲတက်တဲ့ တပည့်တွေ အမြောက်အမြား စေလွှတ်ဖို့ တောင်းဆိုခဲ့ပါတယ်။

ကျိုးဖန်ဟာ လီရွှမ်အောက် စေလွှတ်တဲ့ တိတ်ဆိတ်ဂိုဏ်း တပည့်တွေကို သုံးပြီး မဟာတာအိုမျှော်စင်ကို ထိန်းချုပ်ပါတယ်။ မဟာတာအိုမျှော်စင်ကလည်း မခုခံပါဘူး။ အထူးသဖြင့် ကောင်းကင်တာအို တိုက်ပွဲပြီးတဲ့နောက် သူတို့တွေဟာ တိတ်ဆိတ်ဂိုဏ်းထဲ ဝင်ဖို့တောင် မျှော်လင့်နေကြတာပါ။

မဟာတာအိုမျှော်စင်ထဲ ဝင်လာတဲ့ လူတိုင်းလိုလိုက နေရာအတည်တကျမရှိတဲ့ ကျင့်ကြံသူတွေပါ။ ဒါကြောင့် အင်အားကြီးနောက်ခံကို မလိုချင်တဲ့လူ တစ်ယောက်မှ မရှိပါဘူး။

ဟန်ယွီက ပြောလိုက်ပါတယ် “ငါ မင်းရဲ့ အဆက်အသွယ်နဲ့ အရည်အချင်းကို သိတယ်၊ အဲဒါကြောင့်လည်း ငါ မင်းဆီ လာခဲ့တာ၊ ငါ့ဆရာသခင် လီတောက်ခုံးက ပျောက်နေတာ အတော်ကြာပြီ၊ ငါ တာအိုပညာရှိတွေကို သွားမေးကြည့်တော့ သူတို့လည်း မသိဘူးတဲ့၊ ငါ့ဆရာသခင်က တာအိုပညာရှိဆိုပေမဲ့ သူက ပဋိပက္ခထဲမှာ ဘာမှမဟုတ်သေးဘူး၊ သူ တစ်ခုခုဖြစ်မှာကို ငါ စိုးရိမ်မိတယ်”

ပဋိပက္ခ ကောင်းကင်လမ်း စည်ကားလာပြီးနောက် ကောင်းကင်တာအို သက်ရှိတွေဟာ ပဋိပက္ခအကြောင်း ပိုပိုပြီးတော့ နားလည်လာပါတယ်။

ပဋိပက္ခက အရမ်းကို ကြီးမား ကျယ်ပြန့်လွန်းပါတယ်။

ကောင်းကင်တာအို မပြောနဲ့၊ အမှောင်တားမြစ်နယ်မြေတောင် ပဋိပက္ခရဲ့ နေရာသေးသေးလေး တစ်နေရာကိုပဲ နေရာယူထားနိုင်တာပါ။ အခုထိ ပဋိပက္ခက ဘယ်လောက်ထိ ကြီးမားလဲဆိုတာကို ဘယ်သူမှ မသိပါဘူး။ တချို့စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ ပဋိပက္ခက အဆုံးမဲ့ပြီး အကန့်အသတ်မဲ့တယ်လို့ ယုံကြည်ကြပါတယ်။

တာအိုပညာရှိတွေက ကောင်းကင်တာအို ထောင့်လေးတစ်နေရာမှာ စွမ်းအားကြီးကောင်း ကြီးပါလိမ့်မယ်။ ဒါပေမဲ့ ပဋိပက္ခထဲမှာတော့ သေမျိုးတွေနဲ့ မခြားပါဘူး။ ပဋိပက္ခထဲမှာ အရမ်းအန္တရာယ်များတဲ့ နေရာတွေ ပုန်းလျှိုးနေပါတယ်။ တာအိုပညာရှိတွေတောင် မတော်တဆ ဝင်မိရင် အသက်ဆုံးနိုင်ပါတယ်။

ဟန်ယွီအတွက်တော့ လီတောက်ခုံးက ရိုးရိုး ဆရာသခင်တင် မဟုတ်ပါဘူး။ အဖေတစ်ယောက်နဲ့ ပိုတူပါတယ်။

ချင်လင်းဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ချင်လင်းဟာ သူ့ဆရာဘိုးဘိုးကို နားလည်ပါတယ်။ သူလည်းပဲ သူ့ဆရာဘိုးဘိုး ပျောက်သွားရင် သူ့ဆရာဘိုးဘိုးကို ရှာဖို့ စွန့်စားမှာပါ။

“ဒီကိစ္စက အရမ်းအရေးကြီးတယ်၊ ကျွန်တော် ဆရာဘိုးဘိုးကို မဟာတာအိုမျှော်စင်ရဲ့ အရှင်သခင်ဆီ ခေါ်သွားပေးမယ်လေ၊ သူကလည်း တိတ်ဆိတ်ဂိုဏ်းရဲ့ တပည့်တစ်ယောက်ပဲ၊ သူက ဘိုးဘေးနဲ့ အရမ်းကောင်းတဲ့ ဆက်ဆံရေးရှိတယ်လို့ ပြောကြတယ်” ချင်လင်းက ခပ်တိုးတိုး ပြောလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ခေါင်းညိတ်လိုက်ပါတယ်။ အဲဒီနောက် ဟန်ယွီနဲ့ ချင်လင်းဟာ ချက်ချင်း ခရီးနှင်ကြပါတယ်။

လမ်းမှာ ချင်လင်းက သူ့ဆရာသခင် တျန်ယုံအကြောင်း မေးမြန်းပါတယ်။

ဟန်ယွီက မတတ်နိုင်တဲ့လေသံနဲ့ ဖြေလိုက်ပါတယ် “သူက ပဋိပက္ခ ကောင်းကင်လမ်းထဲ ဝင်သွားတာ အတော်ကြာပြီ၊ သူ ဘယ်သွားလဲဆိုတာ ငါလည်း မသိဘူး၊ သေသွားတာလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်”

ချင်လင်းဟာ ထပ်မမေးတော့ပါဘူး။ ချင်လင်းဟာ သူ့ဆရာသခင်ကို မကြိုက်ပါဘူး။ သူ့ဆရာသခင်က သူ့ကို ဘာမှ သင်ပေးခဲ့တာ မဟုတ်ပါဘူး။

ဒီလိုမတော်တဆ အဖြစ်အပျက်တွေက ပဋိပက္ခ ကောင်းကင်လမ်းထဲမှာ သာမန်ပါပဲ။ ကောင်းကင်တာအို သက်ရှိတွေ ပဋိပက္ခကို ဦးတည်တာက အခွင့်အရေးရှာဖို့တင် မဟုတ်ဘဲ ပျောက်ဆုံးသွားတဲ့ ဆွေမျိုးသားချင်းတွေကို လိုက်ရှာတာလည်း ပါပါတယ်။

ကောင်းကင်တာအိုသက်ရှိတွေ ပဋိပက္ခဆီ ဦးတည်တာက တစ်ဟုန်ထိုးကို တိုးတက်လာတဲ့အတွက် ကောင်းကင်တာအို အကိုင်းအခက်တွေကလည်း အလွန်လျင်မြန်တဲ့ အရှိန်နှုန်းနဲ့ ပဋိပက္ခမှာ ပျံ့နှံ့ တည်ရှိလာပါတယ်။

ကောင်းကင်တာအိုသက်ရှိတွေ ရပ်တန့်တဲ့နေရာက မကြာခင်မှာ ကောင်းကင်တာအို ကံတရား အထောက်အပံ့ ဖြစ်တည်လာပြီး ကောင်းကင်တာအို နယ်မြေကို ချဲ့ထွင်ပါတယ်။

နှစ်တစ်သောင်းဟာ မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားပါတယ်။

ဟန်ကျွယ်ရဲ့ဘဝဟာ တစ်ဖန် ပြန်ပြီးတော့ အေးချမ်းသွားပါတယ်။ ဘယ်သူမှ ဟန်ကျွယ်ကို မနှောင့်ယှက်ပါဘူး။ ရှုံဟွာအင်အားစုထဲ ပုန်းနေတဲ့ လီတောက်ခုံးကလည်း ဖိတ်ခေါ်ပညာရပ် မသုံးပါဘူး။ လောလောဆယ် ဘာအန္တရာယ်မှ မရှိသေးတဲ့ပုံပါပဲ။

လွန်ခဲ့တဲ့နှစ်တွေမှာ နောက်ထပ် ကောင်းကင်တာအိုပညာရှိတစ်ပါး မွေးဖွားလာပါတယ်။ ဒီတာအိုပညာရှိကတော့ ရွမ်လိန့်ကျောင်းတော်က ဖြစ်ပြီး လီထိုက်ကူလို့ ခေါ်ပါတယ်။ ရွမ်လိန့်ကျောင်းတော်ရဲ့ အရှိန်အဟုန်ကလည်း လျင်မြန်စွာ ကြီးထွားလာပြီး တပည့် အမြောက်အမြား လက်ခံပါတယ်။

လက်ရှိ အင်မော်တယ်ကမ္ဘာက လုံးဝကို စည်ကားနေတာပါ။ ဂိုဏ်းတစ်ဂိုဏ်း မျိုးနွယ်စုတစ်စုက အကြွင်းမဲ့ အင်အားကြီးနေတာ မရှိပါဘူး။

လူသားမျိုးနွယ်စုက ကောင်းကင်တာအို မျိုးနွယ်စု ဆိုပေမဲ့ တာအိုပညာရှိတွေရဲ့ ညွှန်ကြားမှုအောက်မှာ တခြားမျိုးနွယ်စုတွေကို မဖိနှိပ်ပါဘူး။ ရှေးဟောင်းမျိုးနွယ်စုတွေကလည်း သေမျိုးကမ္ဘာမှာ ပိုပိုပေါ်လာပြီး ပဋိပက္ခကို ဦးတည်နိုင်ဖို့ အင်အားတိုးချဲ့ကြပါတယ်။

ကောင်းကင်တာအိုကနေ ထွက်ခွာပြီးရင် ဘယ်မျိုးနွယ်စုပဲဖြစ်ဖြစ် ကောင်းကင်တာအို သက်ရှိဆိုရင် အချင်းချင်း ရင်းနှီးတယ်လို့ ပိုခံစားကြရပါတယ်။ ဒါကလည်း ခေတ်ရေစီးကြောင်းပါ။ ဒါပေမဲ့ အလင်းအမှောင်က ဒွန်တွဲနေသလို ပဋိပက္ခကောင်းကင်လမ်းမှာ ခိုးဆိုးလုယက်သတ်ဖြတ်ပြီး ဒုစရိုက်မှုတွေ ကျူးလွန်တဲ့ ကပ်ပါးကောင်တွေလည်း ရှိနေကြပါတယ်။

ဒီကိစ္စအတွက် ပန်ရှင်းဟာ ကောင်းကင်တာအို ကင်းစစ်တပ်ကို အထူးတလည် ဖွဲ့စည်းလိုက်ပါတယ်။ ဒီစစ်တပ်က လူအားလုံးဟာ ပန်ကူးမျိုးဆက်တွေ ဖြစ်ကြပါတယ်။ ပန်ရှင်းဟာ ပန်ကူးနာမည်နဲ့ ပန်ကူးမျိုးဆက် အများစုကို စည်းရုံးသိမ်းသွင်းပြီး ပန်ကူးမျိုးနွယ်စုကို တည်ထောင်ခဲ့ပါတယ်။

ဟန်ကျွယ်ဟာ စာစောင်တွေကို စပြီးတော့ စစ်ဆေးလိုက်ပါတယ်။

တချို့က အခွင့်အရေးတွေ ရကြပြီး တချို့ကတော့ အဆော်ခံနေရတုန်းပါပဲ။ တချို့ကတော့ နယ်မြေအသစ်တွေကို ရှာတွေ့သွားကြပါတယ်။ ဘာပဲဖြစ်ဖြစ် စိတ်ဝင်စားဖို့တော့ ကောင်းပါတယ်။ ဒါပေမဲ့ ဟန်ကျွယ် အာရုံကို ဆွဲ‌ဆောင်နိုင်တဲ့ စာစောင်တော့ မရှိပါဘူး။

စာစောင်တွေကို ဖတ်ပြီးနောက် ဟန်ကျွယ်ဟာ မတ်တတ်ရပ်ကာ ရှင်းဟုန်ရွှမ်ရဲ့ တာအိုဘုံကျောင်းဆီ သွားပါတယ်။

ရှင်းဟုန်ရွှမ်က ကျင့်ကြံအားထုတ်နေတုန်းပါ။ ရှင်းဟုန်ရွှမ်ရဲ့ ကျင့်ကြံမှုက တာအိုပညာရှိအတု နောက်ဆုံးအဆင့်ကို ရောက်နေပါပြီ။ ဒီကျင့်ကြံမှုအလျင်က တပည့်ရင်းတွေရဲ့ ကျင့်ကြံမှုအလျင်ထက် အများကြီး ကျော်လွန်ပါတယ်။

ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်က သူ့သား အရည်အချင်းကို ခိုးနေတယ်လို့တောင် သံသယ ဝင်မိသွားပါတယ်။

ဟန်ကျွယ် လာလည်တာက ရှင်းဟုန်ရွှမ်ကို အတော်လေး ပျော်ရွှင်စေပါတယ်။ သူတို့နှစ်ယောက်ဟာ အိပ်ရာပေါ်ထိုင်ပြီး စကားစမြည် ပြောဆိုကြပါတယ်။

ရှင်းဟုန်ရွှမ်ဟာ အရမ်းစိတ်လှုပ်ရှားနေပြီး သူ့ကျင့်ကြံမှုအလျင် အကြောင်းကို ဂုဏ်ယူစွာ ပြောပါတယ်။ ရှင်းဟုန်ရွှမ်ဟာ နောက်နှစ်တစ်သိန်းအတွင်း တာအိုကို ရယူနိုင်မယ်လို့တောင် ခံစားနေရပါတယ်။

ဟန်ကျွယ်က မေးလိုက်ပါတယ် “ဒီကလေးက ဘယ်တော့မှ မမွေးဖွားဘူးဆိုရင် မင်းအတွက် အဆင်ပြေပါ့မလား”

ရှင်းဟုန်ရွှမ်ဟာ ပြုံးလိုက်ပါတယ် “မဟုတ်ဘူး၊ သူက အချိန်ကြာကြာ ပျိုးထောင်ရလေလေ သူ့အရည်အချင်းက ထက်မြက်လေလေပဲ၊ ဘာပဲဖြစ်ဖြစ် သူက မမွေးဖွားသေးဘူးဆိုရင်တောင် မိန်းမကို ကျင့်ကြံအားထုတ်ဖို့ ကူညီပေးနိုင်တယ်”

ရှင်းဟုန်ရွှမ်ဟာ သူ့ဗိုက်ကို တို့ထိပြီး ချိုမြန်စွာ ပြုံးလိုက်ပါတယ်။ ရှင်းဟုန်ရွှမ်ဟာ သူ့သားက ကျေးဇူးသိတတ်တယ်လို့တောင် ခံစားနေရပါတယ်။

ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ကိုကြည့်ပြီး ဆွံ့အသွားပါတယ် ‘ငါ့မိန်းမက တော်တော် အကောင်းမြင်တတ်တာပဲ’

ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ် စိုးရိမ်မှာစိုးတဲ့အတွက် အမှန်ကို မပြောပါဘူး။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters