လီယောင်
Vol. 70 Ch. 741
“မူလလောကဦး ခေါင်းတလားနဲ့ လောကဦးပဋိပက္ခ ကမ္ပည်းတိုင်က ဘယ်ရောက်သွားတာလဲ”
ဟန်ကျွယ်ဟာ ကောင်းကင်လျှို့ဝှက်ချက် လုပ်ဆောင်ချက်ကိုပဲ ထပ်သုံးလိုက်ရပါတယ်။
[သက်တမ်း ၂၀၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
ဟန်ကျွယ်စိတ်ထဲမှာ ရုပ်သွင်တစ်ခု ပေါ်လာပါတယ်။ ဟွမ်ဇွမ်တျန်ပါ။
ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။ ဒီတွက်ချက်မှုက အကျိုးမရှိဘူးလို့ ထင်ရပေမဲ့ အနည်းဆုံးတော့ တခြားလူတွေ မယူသွားဘူးဆိုတာ ကျိန်းသေသွားပါတယ်။
မူလလောကဦးနဲ့ ဟွမ်ဇွမ်တျန်က အမြင့်ကို ရောက်လာနိုင်ပါတယ်။ လုံဟောင်နဲ့ ဟောင်တျန်ရဲ့ ဆက်ဆံရေးလိုမျိုးပေါ့။
လုံဟောင် အကြောင်း ပြောရရင် သူ့ရဲ့ တိုးတက်မှုကလည်း မဆိုးလှပါဘူး။ နဂါးမျိုးနွယ်စုဟာ ကောင်းကင်တာအိုထဲမှာ ထိပ်တန်းမျိုးနွယ်စုတစ်စု ဖြစ်နေပြီး သူတို့အင်အားစုတွေက ပဋိပက္ခကိုလည်း ပျံ့နှံ့သွားပါတယ်။
နောက်ကျရင် ဟန်ကျွယ်ဟာ လုံဟောင်အတွက် ကောင်းကင်တာအိုပညာရှိနေရာကို ကူပြောပေးမှာပါ။ လုံဟောင်က ဂနာသိပ်မငြိမ်ဘူးဆိုပေမဲ့ ဟန်ယွီကိုတော့ ကောင်းကောင်း ဆက်ဆံပါတယ်။ ဒါ့အပြင် နဂါးမျိုးနွယ်စုကလည်း တိတ်ဆိတ်ဂိုဏ်းတပည့်တွေကို ဂရုစိုက်ပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ ဒုတိယ တာအိုစက်ကွင်းကို သွားပါတယ်။
ဟန်ကျွယ်ဟာ သူ့အာရုံကို ဖြန့်ကြက်လိုက်တဲ့အခါ ပဋိပက္ခနတ်ဘီလူး အကုန်လုံး တိုးတက်လာတာကို တွေ့လိုက်ရပါတယ်။ လီယောင်ကတော့ တခြားလူတွေထက်အရင် လောကဦးပဋိပက္ခ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် ဖြစ်သွားပါပြီ။
လီယောင်ဟာ ပဋိပက္ခနတ်ဘီလူး မဖြစ်လာခင်ကတည်းက တာအိုပညာရှိအတု အဆင့်မှာ ရှိနေတာပါ။ ဒါကြောင့် လီယောင် ပဋိပက္ခနတ်ဘီလူး ဖြစ်လာပြီးနောက်ပိုင်း တာအိုကို မြန်မြန်ဆန်ဆန် ရယူနိုင်တာ အံ့ဩစရာတော့ မရှိပါဘူး။
လီယောင်ဟာ မျက်လုံးဖွင့်လိုက်တဲ့အခါ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အတွက် ချက်ချင်း မတ်တတ်ရပ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “မင်းက ငါ့မိန်းမပဲ... ဒီလောက်ကြီး ယဉ်ကျေးနေစရာ မလိုပါဘူး၊ မင်းပုံစံက အနေဝေးနေသလိုပဲ”
“ကျွန်မက စွမ်းအားကြီးလာလို့ မောက်မာပြီး ဘဝမေ့သွားမှာကို ကြောက်တာပဲ၊ ကျွန်မ ရှင်ရဲ့ ကြင်နာမှုကို မမေ့ချင်ဘူး”
‘ငါ့လိုပဲ သတိ တော်တော်ကြီးတာပဲ... ဒါပေမဲ့ ငါက ရှင်းဟုန်ရွှမ်ကို အချစ်ဆုံးပဲ’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ သက်ပြင်းချလိုက်ပါတယ်။ ရှင်းဟုန်ရွှမ်က သူ့ကို အနေဝေးတယ်လို့ ခံစားရအောင် ဘယ်တော့မှ မလုပ်ပါဘူး။ အခြေအနေတွေကိုလည်း ဖန်တီးယူတတ်ပါတယ်။
ဟန်ကျွယ်ဟာ လီယောင်နဲ့ စကားခဏပြောပြီးနောက် ပင်မတာအိုစက်ကွင်းကို ပြန်ကာ ဆက်လက် ကျင့်ကြံ အားထုတ်ပါတယ်။ ဟန်ကျွယ်ဟာ အဆင့်မတက်တာ အတော်ကြာပြီဖြစ်တဲ့အတွက် ဘယ်လိုမှ နေလို့ထိုင်လို့ မကောင်းပါဘူး။
ဟန်ကျွယ်ဟာ အဆင့်မတက်တဲ့နှစ်ကို ရေတွက်ကြည့်တဲ့အခါ နှစ် ၁၂၀,၀၀၀ ရှိသွားပြီဆိုတာ တွေ့လိုက်ရပါတယ်။ ဟန်ကျွယ်ဟာ ဒီအရေအတွက်ကိုကြည့်ပြီး ခေါင်းကျိန်းသွားပါတယ်။
အချိန်ဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။
နှစ်တစ်သောင်းကျော်က တဒင်္ဂလိုပါပဲ။
ဒီတစ်ကြိမ်မှာတော့ ဟန်ကျွယ်ဟာ အနားမယူဘဲ အသက် ၄၀၀,၀၀၀ ပြည့်တဲ့အထိ ဆက်လက် ကျင့်ကြံပါတယ်။
[သင်သည် အသက် ၄၀၀,၀၀၀ ပြည့်ပြီ ဖြစ်သောကြောင့် သင့်ဘဝတွင် နောက်ထပ် ခြေတစ်လှမ်း ထပ်လှမ်းလိုက်ပါပြီ။ သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]
[၁။ ဂူအောင်းကျင့်ကြံရာမှာ ချက်ချင်းထွက်၍ လောကဦးနတ်ဘီလူး၏ ဂုဏ်သတင်းကို မြှင့်တင်ပါ။ ဆုလာဘ်အဖြစ် ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံး၊ မဟာတာအို အပိုင်းအစ တစ်စ၊ ကောင်းကင်တာအို စိတ်ဝိညာဉ် ကျောက်တုံး တစ်တုံးနှင့် စနစ်၏ လုပ်ဆောင်ချက် အသစ်တစ်ခုအား ရရှိမည်။]
[၂။ သင်၏ မူလ ရည်ရွယ်ချက်အတိုင်း သိုသိုသိပ်သိပ် ဆက်လက်ကျင့်ကြံပါ။ ဆုလာဘ်အဖြစ် ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် မဟာတာအို အပိုင်းအစ တစ်စအား ရရှိမည်။]
ဟန်ကျွယ်ဟာ လုပ်ဆောင်ချက်အသစ်ရမဲ့ ရွေးချယ်မှုကို တွေ့လိုက်ရတဲ့အခါ စနစ်ကို ကျိန်ဆဲချင်စိတ် သွားပါတယ်။ သူ့ကို အပြင်ထွက်ဖို့ ထပ်မျှားခေါ်ပြန်ပြီ မဟုတ်ပါလား။
လောကဦးနတ်ဘီလူးရဲ့ ဂုဏ်သတင်းကို မြှင့်တင်တာ ကိုယ့်သေတွင်း ကိုယ်တူးတာနဲ့ အတူတူပါပဲ။
ဟန်ကျွယ်ဟာ နံပါတ်နှစ်ကို ရွေးချယ်လိုက်ပါတယ်။ ဒီတစ်ခါ မွေးနေ့က ဟန်ကျွယ်ကို စိတ်ပျက်စေပါတယ်။ ဒီလိုဆိုပေမဲ့ နောက်ထပ် ပဋိပက္ခနတ်ဘီလူးတစ်ပါး ထပ်ရှိနိုင်တာက ကောင်းတဲ့ကိစ္စပါ။
ဟန်ကျွယ်ဟာ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံးကို ထုတ်ယူပြီး လောကဦးကမ္ဘာကို အာရုံစိုက်လိုက်ပါတယ် ‘ငါ ဘယ်ပဋိပက္ခနတ်ဘီလူးကို ပျိုးထောင်သင့်လဲ’
ဟန်ကျွယ်ဟာ ထုတ်ဖော် နတ်ဘီလူးကို ရွေးချယ်လိုက်ပါတယ်။
ထုတ်ဖော် နတ်ဘီလူးက ကံတရားမျိုးစုံ၊ ဆန်းကြယ်စွမ်းအားတွေ၊ ပုံရိပ်ယောင်တွေနဲ့ တခြားအရာတွေကို ထိုးဖောက်မြင်နိုင်ပါတယ်။ သူ့စွမ်းအားက နတ်ဘီလူးတွေထဲမှာ ထိပ်တန်း မဟုတ်ပေမဲ့ အကူနေရာမှာဆိုရင်တော့ တော်တော်လေးကို အသုံးဝင်တဲ့ နတ်ဘီလူးပါ။
ဟန်ကျွယ်ဟာ ချက်ချင်းလှုပ်ရှားပြီး ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံးကို နတ်ဘီလူးချီနဲ့ ပေါင်းစပ်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။
အချိန်ဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ အဆင့်လေးတစ်ဆင့် ထိုးဖောက်နိုင်ဖို့ အားသွန်ခွန်စိုက် ကြိုးစားပါတယ်။ မဟုတ်ရင် ရင်ထဲမှာ မွန်းကျပ်လွန်းလို့ သေနိုင်လောက်ပါတယ်။
ဒီအတောအတွင်း အေးချမ်းနေတယ်ဆိုပေမဲ့ ဟန်ကျွယ်ဟာ စိတ်အေးလက်အေး မနေရဲပါဘူး။ အမြန်ဆုံး စွမ်းအားကြီးလာဖို့ ကြိုးစားအားထုတ်ပါတယ်။ တစ်နေ့ကျလို့ ရန်သူတွေ ရောက်လာရင် ဟန်ကျွယ်ဟာ ရန်သူတွေကို တစ်ချက်တည်းနဲ့ ချေမွဖျက်ဆီးပစ်ချင်တာပါ။ ရန်သူလိုက်လို့ ထွက်ပြေးရတဲ့ ဘဝကို မလိုချင်ပါဘူး။
ရန်သူတွေသာ သူ့ကျင့်ကြံမှု အခြေအနေကို လုံးဝနားလည်မယ်ဆိုရင် ဟန်ကျွယ် သေတာ ရေလို့တောင်ရမှာ မဟုတ်ပါဘူး။ ဟန်ကျွယ်ဟာ ကျင့်ကြံမှုထဲ စိတ်နှစ်မြှုပ်လိုက်တဲ့အခါ အချိန်ကို မေ့သွားပါတယ်။
ကောင်းကင်တာအိုဟာ တစ်နေ့တခြား ပြောင်းလဲလာပြီး နှစ်တစ်သောင်းတိုင်းမှာ ခြေလှမ်းကြီးတစ်လှမ်း လှမ်းပါတယ်။ ဒီအတောအတွင်း အင်မော်တယ်ကမ္ဘာမှာ ပါရမီရှင်တွေ အမြောက်အမြား ထွက်ပေါ်လာပါတယ်။ တချို့ဆိုရင် သူတို့ရဲ့ နာမည်တွေကို ပဋိပက္ခထိရောက်အောင် ဖြန့်ကြက်နိုင်ကြပါတယ်။
သူတို့အထဲမှာ ချင်လင်းလည်း ပါပါတယ်။ ဒါပေမဲ့ ချင်လင်းက တခြားလူတွေနဲ့ ယှဉ်ရင် ထူးထူးခြားခြား မရှိသေးပါဘူး။
တာအိုပညာရှိအသစ် လီထိုက်ကူဟာ ပဋိပက္ခကောင်းကင်လမ်းကို ဓားတစ်ချောင်းနဲ့ အုပ်ချုပ်ပြီး နာမည်ကျော်လာပါတယ်။ ပြီးခဲ့တဲ့ ကောင်းကင်တာအို အနန္တကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့တဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ လီထိုက်ကူရဲ့ အရည်အချင်းက လီတောက်ခုံးနဲ့ သိပ်မကွာဘူးလို့ မှတ်ချက် ချကြပါတယ်။ နောက်ပြီး လီထိုက်ကူကလည်း လီတောက်ခုံးထက် သာလွန်လိုတဲ့ ရည်ရွယ်ချက်နဲ့ ကြိုးစားကျင့်ကြံပါတယ်။
လီတောက်ခုံးက ပျောက်သွားတာ အတော်ကြာပြီမလို့ လီထိုက်ကူဟာ ကောင်းကင်တာအိုရဲ့ နံပါတ်တစ် ဓားတာအိုပညာရှိအဖြစ် တဖြည်းဖြည်း လူသိများလာပါတယ်။
နှစ်ငါးသောင်းဟာ လျှပ်တစ်ပြက်အတွင်း ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ကာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။ အဲဒီနောက် အကြောဆန့်လိုက်ပါတယ်။
‘ကောင်းလိုက်တာ...’ ဟန်ကျွယ်ဟာ နှစ်ငါးသောင်း ဂူအောင်းကျင့်ကြံအားထုတ်ပြီးနောက် သူ့ကျင့်ကြံမှုက အများကြီး တိုးလာတာကို ခံစားမိလိုက်ပါတယ်။ ဒါက နှစ်တစ်သောင်း ဂူအောင်းကျင့်ကြံတာ နှိုင်းယှဉ်လို့မရတဲ့ အရာပါ။
ပဋိပက္ခစွမ်းအားကြီးပုဂ္ဂိုလ်တွေက နှစ်တစ်သန်း၊ နှစ်ဆယ်သန်း၊ နှစ်သန်းတစ်ရာ ဂူအောင်းကျင့်ကြံကြတာ သိပ်တော့ အံ့ဩစရာမရှိပါဘူး။ ဟန်ကျွယ်လို အရည်အချင်းရှိတဲ့လူတောင် တိုးတက်လာတယ်လို့ ခံစားရဖို့အတွက် နှစ်တစ်သောင်းကျော် ဂူအောင်းကျင့်ကြံရတယ် မဟုတ်ပါလား။
ဟန်ကျွယ်ဟာ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ချင်ပေမဲ့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကောင်းကင်အရှင်ရွှမ်တု အသံလွှင့်စကား ပြောခဲ့တာကို သတိရသွားပါတယ်။ အဲဒီတုန်းက ဟန်ကျွယ်ဟာ သူ ဂူအောင်းကျင့်ကြံရာကနေ ထလာရင် တွေ့ဆုံမယ်လို့ အချိန်းအချက် ပြုခဲ့ပါတယ်။
ဟန်ကျွယ်ဟာ မတ်တတ်ရပ်ပြီး ဒုတိယ တာအိုစက်ကွင်းဆီသွားကာ ထုတ်ဖော် နတ်ဘီလူးကို လွှတ်လိုက်ပါတယ်။ အဲဒီနောက် ထုတ်ဖော် နတ်ဘီလူးကို မုရုံချီလက်ထဲ အပ်လိုက်ပါတယ်။
နှစ်ငါးသောင်းကျော် ကြာပြီးနောက် အချိန်နတ်ဘီလူး၊ ဖြတ်သန်း နတ်ဘီလူးနဲ့ မြူခိုးနတ်ဘီလူးတို့ဟာ တစ်ပါးပြီးတစ်ပါး တာအိုရသွားကြပါပြီ။ တုန်ကျိုးကလွဲရင် ဒုတိယ တာအိုစက်ကွင်းထဲမှာ တာအိုပညာရှိအဆင့်ရှိတဲ့ နတ်ဘီလူးကိုးပါး ရှိသွားပါပြီ။
ဒီနေရာမှာ ကောင်းကင်တာအို ကန့်သတ်မှု မရှိပါဘူး။ ဒါကြောင့် နတ်ဘီလူးတွေဟာ ကိုယ့်စွမ်းကိုယ်စနဲ့ တာအိုကိုရယူတဲ့ လမ်းစဉ်ကို လျှောက်လှမ်းကြပါတယ်။ ဒါကြောင့် တာအိုပညာရှိနေရာက အကန့်အသတ် မရှိပါဘူး။
ဒုတိယ တာအိုစက်ကွင်းရဲ့ စိတ်ဝိညာဉ်ချီကလည်း ပေါကြွယ်ဝပါတယ်။ အထဲက အာကာသကလည်း သူတို့တွေ ရှင်သန်နေထိုင်ဖို့ လုံလောက်တဲ့ ကျယ်ပြောမှု ရှိပါတယ်။
ဟန်ကျွယ်ဟာ နတ်ဘီလူးတွေရဲ့ ကျင့်ကြံမှု တိုးတက်လာတာနဲ့ ပတ်သက်ပြီး အတော်လေး အားရပါတယ်။ နတ်ဘီလူးစစ်တပ်က နောက်နှစ်ဆယ်သန်းကျော်ကြာမှ သူတို့စွမ်းအားကို ပြသကောင်း ပြသနိုင်မှာပါ။
လီယောင်နဲ့ စကားပြောပြီးနောက် ဟန်ကျွယ်ဟာ ပင်မတာအိုစက်ကွင်းကို ပြန်ကာ ကောင်းကင်ဘုံ ၃၃ ဘုံကို ခုန်တက်ပြီး စကြဝဠာခန်းမဆီ သွားပါတယ်။
ဟန်ကျွယ်ပေါ်လာတာကို တွေ့တာနဲ့ ကောင်းကင်အရှင်ရွှမ်တုဟာ ကောင်းကင်တာအိုထဲမှာ ရှိနေသေးတဲ့ တာအိုပညာရှိအားလုံးကို အသံလွှင့်ပြီး ဆင့်ခေါ်လိုက်ပါတယ်။
မကြာခင်မှာပဲ တောင်ဘက်စွန်း ကောင်းကင်အရှင်၊ ဂိုဏ်းချုပ်တျန်ကျွယ်၊ ဧကရာဇ်ရှောင်၊ ကောင်းကင်အရှင်ဝူဖာ၊ ချုံရှီလိုင်၊ ဖန်းလျန်၊ ကျင်းရှန်၊ ရွှီတုတောက်၊ စုချီနဲ့ လီထိုက်ကူတို့ ရောက်လာကြပါတယ်။
တာအိုပညာရှိတွေဟာ ဟန်ကျွယ်နဲ့ ကောင်းကင်အရှင်ရွှမ်တုကို မျက်နှာမူပြီး အတန်းလိုက် ထိုင်လိုက်ကြပါတယ်။
ကောင်းကင်အရှင်ရွှမ်တုဟာ လီထိုက်ကူကို ဟန်ကျွယ်နဲ့ မိတ်ဆက်ပေးပါတယ်။ ကြည့်ရတာ ကောင်းကင်အရှင်ရွှမ်တုက လီထိုက်ကူကို အတော်ကျေနပ်ပုံပါပဲ။ မျက်နှာတစ်ခုလုံး ပြုံးပျော်နေပါတယ်။
“ဂျူနီယာလီထိုက်ကူ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို ဂါရဝပြုပါတယ်” လီထိုက်ကူဟာ တလေးတစား ပြောလိုက်ပါတယ်။ လီထိုက်ကူဟာ ရွှီတုတောက်လိုမျိုး ဟန်ကျွယ်ကို တစ်ခါတည်း မုန်းတီးခြင်း မရှိပါဘူး။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပြီး ခေါင်းညိတ်လိုက်ပါတယ် “ကြိုးစားကျင့်ကြံပြီး ကောင်းကင်တာအိုကို ကာကွယ်စောင့်ရှောက်ချည်၊ နောက်ကျလို့ မင်းကျင့်ကြံမှုမှာ အခက်အခဲတွေ့ရင် ငါ့ကို လာရှာနိုင်တယ်၊ ဒီအခွင့်အရေးက တစ်ကြိမ်ပဲ ရှိတာနော်”
[လီထိုက်ကူသည် သင့်အပေါ် အကောင်းမြင်စိတ် ဝင်သွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်သုံးပွင့်။]
လီထိုက်ကူဟာ စိတ်လှုပ်ရှားတဲ့မျက်နှာနဲ့ ဟန်ကျွယ်ကို ချက်ချင်း ကျေးဇူးတင်စကား ဆိုပါတယ်။
တကယ်တော့ လီထိုက်ကူဟာ ဟန်ကျွယ်ကို လေးစားအားကျနေတာပါ။ တာအိုမရရှိခင်တုန်းက လီထိုက်ကူဟာ အင်မော်တယ်ကမ္ဘာကို တုန်လှုပ်စေတဲ့ ပါရမီရှင်တစ်ပါးပါ။ ဒါပေမဲ့ ဒီခေတ်မှာ ပါရမီရှင် အကုန်လုံးကို အပေါ်စီးကနေ ကြည့်နိုင်တဲ့ လူတစ်ယောက် ရှိနေပါတယ်။
အဲဒီလူကတော့ အနန္တကုသိုလ်ကံရှင် ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိပါ။ တာအိုကို နှစ်သုံးသောင်းတည်းနဲ့ ရယူနိုင်တာက ရှေးခေတ်ကစလို့ လက်ရှိအချိန်အထိ ဘယ်သူမှ မစွမ်းဆောင်နိုင်ခဲ့တဲ့ အောင်မြင်မှုပန်းတိုင်တစ်ခု ဖြစ်ပါတယ်။
အကျိုးဆောင်တာချင်း ယှဉ်လိုက်ရင်လည်း ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ကောင်းကင်တာအိုကို အကြိမ်များစွာ ကယ်တင်ခဲ့ပါတယ်။ ဒီလိုသာ ကယ်တင်မခံရဘူးဆိုရင် ကောင်းကင်တာအို ပြိုလဲသွားတာ ကြာလှပါပြီ။
တာအိုပညာရှိတွေက တကယ်ကို အလုပ်ကောင်းကောင်း လုပ်ထားတာပါ။ သူတို့ဟာ ဟန်ကျွယ်ရဲ့ အောင်မြင်မှုကို လုံးဝကြည့်ကောင်းအောင် ထုပ်ပိုးထားပါတယ်။ ဒီကိစ္စက ဟန်ကျွယ်ကို တော်တော်လေး ပျော်ရွှင်စေပါတယ်။
တခြားတာအိုပညာရှိတွေဟာ ပြုံးပြီး ခေါင်းညိတ်လိုက်ကြပါတယ်။
တောင်ဘက်စွန်း ကောင်းကင်အရှင်နဲ့ ဧကရာဇ်ရှောင်ပဲ နည်းနည်း နေရထိုင်ရ ခက်သွားပါတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ဟာ သူတို့ရဲ့ စိတ်အခြေအနေကို ခပ်မြန်မြန်ပဲ ထိန်းညှိလိုက်ပါတယ်။
ရွှီတုတောက်ဟာ မျက်နှာပူသွားပါတယ်။ ဟန်ကျွယ်နဲ့ ယှဉ်ရင် သူက ဘာမှမဟုတ်ပါဘူး။ အတိတ်က ကိစ္စကလည်း တိုက်ဆိုင်မှုတစ်ခုပါ။ အခုအချိန်မှာ ရွှီတုတောက်ဟာ ဟန်ကျွယ်ဆီ တွယ်ကပ်နိုင်လိုက်တာကိုပဲ အတော်လေး ဝမ်းသာနေပါတယ်။
ကောင်းကင်အရှင်ရွှမ်တုက ပြောလိုက်ပါတယ် “ဒီအစည်းအဝေးမှာ ဆွေးနွေးမှာက အကြောင်းအရာတစ်ခုပဲ ရှိတယ်၊ ကောင်းကင်တာအို ထပ်ပြီးတော့ အန္တရာယ်ကျတော့မယ်”
မြန်မာပြည် ငြိမ်းချမ်းပါစေ။