← Chapters

ကောင်းကင်တာအို ပြိုလဲခြင်း

Vol. 70 Ch. 743

ကောင်းကင်တာအို ပြိုလဲခြင်း

Vol. 70 Ch. 743

‘ပုရွက်ဆိတ်ကများ ကောင်းကင်တာအိုကို လှုပ်ခါချင်တယ်... ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ’ ဟန်ကျွယ်ဟာ နှာခေါင်းရှုံ့လိုက်ပါတယ်။

ဟန်ကျွယ်ဟာ ကျိုးဖန်ကို ချက်ချင်း အိပ်မက်ပေးပြီး ဒီတာအိုပညာရှိရဲ့ ပုံရိပ်နဲ့ ကံတရားကို အပ်နှင်းကာ အပြတ်ရှင်းခိုင်းပါတယ်။

ဟန်ကျွယ်ဟာ ဒီတာအိုပညာရှိကို သတ်နိုင်ပါတယ်။ ဒါပေမဲ့ မလုပ်ပါဘူး။ သူတို့နှစ်ယောက်ရဲ့ ကျင့်ကြံမှုက ကွာခြားလွန်းတယ် မဟုတ်ပါလား။

ကျိုးဖန်ဟာ ဒီကိစ္စကို ချက်ချင်းပဲ သဘောတူလိုက်ပါတယ်။ ကျိုးဖန်ဟာ အရမ်းစိတ်လှုပ်ရှားနေပါတယ်။ ဟန်ကျွယ်က သူ့ကို တစ်ခုခုလုပ်ဖို့ ခိုင်းခဲပါတယ်။ ဒါက သူ့အစွမ်းအစကို သက်သေပြဖို့ အခွင့်အရေးပါ။

အဲဒီနောက် ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ကို အိပ်မက်ပေးလိုက်ပါတယ်။ အိပ်မက်မပေးခင်မှာ ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ရဲ့ အခြေအနေကို အရင်ဆုံး တွက်ချက်ကြည့်ပါတယ်။ ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ကို အန္တရာယ်ကြားထဲ ရောက်မနေတာ သေချာမှ အိပ်မက်ပေးလိုက်တာပါ။

ပြီးခဲ့တဲ့တစ်ခေါက်က သူ အိပ်မက်ပေးမှုကြောင့် ကျိုးဖန်တစ်ယောက် သေလုနီး ဖြစ်ခဲ့ရပါတယ်။ ဟန်ကျွယ်ဟာ ဒီလိုတူညီတဲ့ အမှားမျိုးကို နောက်ထပ် မဖြစ်စေချင်ပါဘူး။

အိပ်မက်နယ်မြေက ဖူစန်းသစ်ပင်ပါ။

လက်ရှိ ဝူတောက်ကျန့်က အရင်လိုမျိုး ရိုးရှင်းတဲ့ မိန်းကလေးတစ်ယောက် မဟုတ်တော့ပါဘူး။ သူမက ထိုက်စုတျန်နဲ့ တော်တော်လေး တူလာပါတယ်။ သူမရဲ့ ကိုယ်ဟန်က အရင်လိုမျိုး ကြော့မော့နေပေမဲ့ မျက်နှာကတော့ အေးစက်လာပါတယ်။ သူမရဲ့ သွင်ပြင်ကလည်း တစ်မူထူးခြားလာပြီး ထိပ်သီးကျင့်ကြံသူတစ်ယောက်ရဲ့ အမူအရာမျိုး အပြည့်ရှိနေပါတယ်။

ဒါပေမဲ့ ဝူတောက်ကျန့်ဟာ မျက်လုံး မဖွင့်ပါဘူး။ သူမရှေ့က ကမ္ဘာကြီး ပြိုလဲသွားရင်တောင် ပြောင်းလဲမဲ့ပုံ မရှိပါဘူး။

ဝူတောက်ကျန့်ဟာ မျက်လုံးဖွင့်လိုက်တဲ့အခါ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အတွက် မှင်တက်သွားပါတယ်။ ဝူတောက်ကျန့်ဟာ သူမမျက်လုံးကို မယုံကြည်နိုင်တဲ့အတွက် မျက်တောင် လေးငါးခါ ခတ်လိုက်ပါတယ်။

ဟန်ကျွယ်အတွက် အချိန်က လျှပ်တစ်ပြက် ကုန်ဆုံးသွားတယ်ဆိုပေမဲ့ ဝူတောက်ကျန့်နဲ့ အပြင်ဘက်မှာရှိတဲ့ တပည့်တွေ အတွက်တော့ ဒီလို မဟုတ်ပါဘူး။ နောက်ဆုံးတစ်ခေါက် သူတို့တွေ တွေ့ဆုံခဲ့တာနဲ့ နှိုင်းယှဉ်ရင် လောကကြီးက ပြောင်းလဲသွားပါပြီ။

ဝူတောက်ကျန့်ဟာ ချက်ချင်း ဦးညွှတ်လိုက်ပါတယ် “သခင်”

ဟန်ကျွယ်ရှေ့မှာ ဝူတောက်ကျန့်ဟာ မယ်တော်ဂိုဏ်းချုပ်ရဲ့ ဂုဏ်သိက္ခာတွေ မရှိတော့ဘဲ သာမန်တပည့်တစ်ဦးလို ဖြစ်သွားပါတယ်။

“မင်းက ဒုက္ခရောက်နေတာတောင် ဘာဖြစ်လို့ အကူအညီ မတောင်းတာလဲ၊ ငါ့ကို အကူအညီ မတောင်းချင်ရင်တောင် တခြားလူတွေကို အနန္တကမ္ဘာ မြင်ကွင်းကျယ်ကနေ အကူအညီ တောင်းလို့ရနေတာပဲ၊ ဘာဖြစ်လို့ ဒီလောက်‌ ခေါင်းမာရတာလဲ”

ဝူတောက်ကျန့်ဟာ ရှက်ရွံ့သွားပြီး ရင်ထဲမှာ ထိသွားပါတယ်။ ဝူတောက်ကျန့်ဟာ ဟန်ကျွယ်က သူ့ကို မေ့သွားပြီလို့ ထင်နေတာပါ။

ဝူတောက်ကျန့်က ပြန်ဖြေပါတယ် “ကျွန်မက ဆက်တောင့်ခံထားနိုင်တယ်လို့ ထင်လို့၊ တခြားလူတွေ အကုန်လုံးက ထိုက်သင့်သလောက် အောင်မြင်နေကြပြီ၊ ကျိုးဖန်ကလည်း မဟာတာအိုမျှော်စင်ကို တည်ထောင်ထားတယ်၊ ဟောင်အာကလည်း နဂါးမျိုးနွယ်စုကို ထိန်းချုပ်ထားတယ်၊ စုချီကလည်း ငရဲပြည်ရဲ့ ပြန်လည်မွေးဖွားခြင်း စက်ဝန်းကို ချုပ်ကိုင်ထားတယ်၊ ကျွန်မ...”

“ဟွန်း... ငါသာ ကျိုးဖန်ကို မကယ်ခဲ့ရင် အဲဒီကောင် ဘယ်လိုလုပ်ပြီး မဟာတာအိုမျှော်စင်ကို ရမှာလဲ၊ လုံဟောင်နဲ့ စုချီကလည်း ငါ့ကြောင့်သာ မဟုတ်ရင် ဒီနေ့အထိ အသက်ရှင်နေဦးမလား၊ အင်အားကို ဘယ်လိုအသုံးပြုရမလဲဆိုတာ မင်း နားလည်ဖို့လိုတယ်၊ အင်အားဆိုတာက တစ်ဦးကိုတစ်ဦး ကူညီထောက်ပံ့ဖို့ပဲ၊ ဒီနေ့ မင်းက သူတို့ကို ရှက်လို့ လိုက်မရှာဘူးဆိုရင် သူတို့ဒုက္ခရောက်တဲ့ အချိန်ကျရင်လည်း သူတို့က ရှက်လို့ဆိုပြီး မင်းဆီကို အကူအညီ လာတောင်းကြမှာ မဟုတ်ဘူး၊ ဒီလိုဆိုရင် တပည့်ရင်းတွေကြားထဲမှာရှိတဲ့ ဆက်ဆံရေးက ဘာဖြစ်သွားပြီလဲ၊ ခင်မင်ရင်းနှီးမှုဆိုတာ ပျော်ရွှင်မှုကိုပဲ ဝေမျှဖို့ မဟုတ်ဘူး၊ ခက်ခဲတဲ့အချိန်ကျရင်လည်း အချင်းချင်း ကူညီဖေးမပြီး ဖြတ်သန်းဖို့လည်းပါတယ်”

ဝူတောက်ကျန့်ဟာ ဟန်ကျွယ်ရဲ့ စကားကြောင့် တော်တော်ရှက်သွားပြီး မြေကြီးထဲ တွင်းတူးကာ ဝင်ပုန်းချင်စိတ် ပေါက်သွားပါတယ်။

ဝူတောက်ကျန့်ဟာ ဟန်ကျွယ်ရဲ့ စကားကြောင့် အမြင်မှန် ရသွားပါတယ်။ သူမက တကယ်ကို သဘောထား သေးသိမ်ခဲ့တာပါ။ သူမရဲ့ မျက်နှာပျက်မခံချင်တဲ့ စိတ်ကြောင့် မယ်တော်ဂိုဏ်းက တပည့်အများကြီး အသက်ဆုံးခဲ့ရပါတယ်။

ဝူတောက်ကျန့်ဟာ သူမရဲ့ ခံစားချက်တွေကို ဘယ်လိုမှ မထိန်းချုပ်နိုင်တော့ပါဘူး။ ဝူတောက်ကျန့်ဟာ မြေကြီးပေါ် ဒူးထောက်ပြီး နဖူးကို မြေကြီးနဲ့ထိတဲ့အထိ ဦးညွှတ်ကာ ငိုသံပါကြီးနဲ့ တောင်းဆိုလိုက်ပါတယ်။

“သခင်... ကျေးဇူးပြုပြီး မယ်တော်ဂိုဏ်းကို ကယ်တင်ပေးပါ”

“ငါ ကျိုးဖန်ကို ပြောပြီးပြီ၊ တကယ်လို့ သူ အနိုင်မယူနိုင်တဲ့ ရန်သူကို တွေ့ရင် ဖိတ်ခေါ်ပညာရပ်ကို သုံးလို့ရတယ်”

“မင်း ပင်ပန်းရင် အချိန်မရွေး ပြန်လာလို့ရတယ်၊ မင်းစိတ်ရှိရင် မယ်တော်ဂိုဏ်းကို တခြားတပည့်ဆီ လွှဲပေးလို့ရတယ်”

အဲဒီနောက် အိပ်မက်ဟာ ကွဲကြေသွားပါတယ်။

ဝူတောက်ကျန့်ဟာ ရုက်တရက် နိုးသွားပါတယ်။ သူမရှေ့မှာတော့ သူတို့တွေ ပုန်းနေတဲ့ လိုဏ်ဂူပါ။ အလင်းရောင်က မှေးမှိန်နေပြီး အမျိုးသမီးတပည့် တစ်ရာကျော်ဟာ တရားထိုင်ကာ ဒဏ်ရာတွေ ကုသနေကြပါတယ်။

ဝူတောက်ကျန့်ဘေးက အမျိုးသမီး တပည့်တစ်ဦးဟာ ရင်တဒိတ်ဒိတ်နဲ့ မေးလိုက်ပါတယ် “ဂိုဏ်းချုပ် ဘာဖြစ်လို့လဲ”

ဝူတောက်ကျန့်ဟာ သတိပြန်ဝင်လာပြီး တပည့်အားလုံးကို တစ်ချက်ဝေ့ကြည့်လိုက်ပါတယ်။ အဲဒီနောက် သူမရဲ့ မျက်လုံးတွေဟာ လုံးဝ ပြတ်သားသွားပါတယ်။

ဝူတောက်ကျန့်ဟာ ညင်သာစွာ ပြုံးလိုက်ပါတယ် “ဘာမှ မဟုတ်ဘူး၊ ငါတို့တွေ ထပ်ပြီးတော့ ဒုက္ခခံစရာ မလိုတော့ဘူး၊ တကယ်တော့ ငါက သဘောထား သေးသိမ်နေခဲ့တာ၊ ငါတို့ရှေ့မှာရှိတဲ့ အန္တရာယ်က တကယ်တော့ ဘာမှ မဟုတ်ဘူး”

ဝူတောက်ကျန့်ရဲ့ စကားကြောင့် တပည့်တွေဟာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး စိုးရိမ်သွားကြပါတယ် ‘ဂိုဏ်းချုပ်က ရူးသွားတာလား....’

.....

ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ကို အိပ်မက်ပေးပြီးတာနဲ့ ဆက်ကျင့်ကြံ အားထုတ်ပါတယ်။ ဟန်ကျွယ်ရဲ့ အမြင်မှာ ရှန်ပေါင် တာအိုကျင့်ကြံသူက ကောင်းကင်တာအိုရဲ့ နောက်ဆုံးရန်သူ ဖြစ်မှာ မဟုတ်ပါဘူး။ ဒါကြောင့် သူအနေနဲ့ အမြန်ဆုံး စွမ်းအားကြီးလာအောင် ကြိုးစား အားထုတ်ရပါမယ်။

ကောင်းကင်တာအိုက ကောင်းကင်အရှင်ဝူဖာပြောတဲ့ တာအိုဘိုးဘေးလက်ချက်နဲ့ ဖျက်ဆီးခံလိုက်ရတဲ့ ရှေးဟောင်းကမ္ဘာ ဖြစ်လာလို့ မဖြစ်ပါဘူး။

ဒီလိုနဲ့ တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးသွားပါတယ်။

နှစ် ၈၀,၀၀၀ မပြည့်ခင်မှာပဲ မဟာတာအိုမျှော်စင်ရဲ့ ဂုဏ်သတင်းက အင်မော်တယ်ကမ္ဘာအနှံ့ ပျံ့နှံ့သွားပါတယ်။ သူတို့ရဲ့ ကူညီမှုကြောင့် ပဋိပက္ခ ကောင်းကင်လမ်း ပတ်ဝန်းကျင်က ပိုလုံခြုံလာပါတယ်။ ကျိုးဖန်ဟာ ကောင်းကင်တာအို ကံတရား အထောက်အပံ့ဂိုဏ်းတွေကို လိုက်တိုက်နေတဲ့ တာအိုပညာရှိကိုလည်း မဟာတာအိုမျှော်စင်ထဲမှာ ဖိနှိပ်လိုက်ပါတယ်။

ကျိုးဖန် တာအိုပညာရှိ ဖြစ်လာတဲ့ သမိုင်းကလည်း တူးဆွခံလိုက်ရပါတယ်။

ကျိုးဖန်ကလည်း ပါရမီရှင်တစ်ပါးပါ။ ကျိုးဖန်ဟာ အသက် ၄၀၀,၀၀၀ မပြည့်ခင်ကတည်းက တာအိုပညာရှိတစ်ပါးကို အနိုင်ယူနိုင်နေပါပြီ။ နောက်ပြီး သူက အနန္တကုသိုလ်ကံရှင် ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ တပည့်လည်း ဖြစ်ပါတယ်။

ကျိုးဖန်ကြောင့် အနန္တကုသိုလ်ကံရှင် ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိဟာ သက်ရှိအားလုံးရဲ့ အဓိက ဆွေးနွေးစရာတစ်ခု ဖြစ်လာခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ တာအိုပညာရှိတွေဟာ “ကောင်းကင်တာအိုအတွက် တိုက်ခိုက်မယ်၊ သေရမယ်ဆိုရင်တောင် နောင်တမရဘူး” ဆိုတဲ့ ဟန်ကျွယ်ရဲ့ ဆောင်ပုဒ်ကို သက်ရှိအားလုံးဆီ ဖြန့်ကြက်ပါတယ်။ ပိုပြီးတော့ သက်ရောက်မှု ရှိစေဖို့အတွက် တာအိုပညာရှိတွေရဲ့ တပည့်တွေဟာ အနန္တကုသိုလ်ကံရှင် ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ ကောင်းကင်တာအို ကာကွယ်ပုံတွေကို ထည့်ပေါင်းပြောပြပါတယ်။ ဒီအကြောင်းအရာတွေကို ကြားရတဲ့ ကျင့်ကြံသူတိုင်းဟာ သွေးတွေ ဆူပွက်လာကြပါတယ်။

အချိန်ကြာလာတာနဲ့အမျှ ဒီအတွေးအခေါ်ကို လိုက်နာကျင့်ကြံသူတွေ များပြားလာပါတယ်။

ကျင့်ကြံသူ အမြောက်အမြားဟာ အင်မော်တယ်ကမ္ဘာ အစွန်းက ပဋိပက္ခမြို့မှာ ပေါ်လာပြီး လေးလေးနက်နက် စောင့်ဆိုင်းကြပါတယ်။ ပဋိပက္ခ ကောင်းကင်လမ်းကိုတောင် ကျင့်ကြံသူ အမြောက်အမြား စောင့်ကြပ်နေကြပါတယ်။ ကောင်းကင်တာအိုဟာ ရှန်ပေါင်ကျင့်ကြံသူ လာတိုက်ခိုက်တာကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေပါပြီ။

မသိမသာနဲ့ နှစ်ပေါင်း ၃၆,၀၀၀ ကုန်ဆုံးသွားပါတယ်။

တာအိုပညာရှိတွေဟာ သတိကြီးကြီးထားပြီး ဆက်စောင့်ပါတယ်။ ဒါပေမဲ့ ကောင်းကင်တာအို သက်ရှိ တချို့ကတော့ ရန်သူလာပါ့မလားလို့ စပြီးတော့ သံသယဝင်လာကြပါတယ်။

အကြွင်းမဲ့ မှောင်မိုက်ပြီး လုံးဝ ဘာမှမတည်ရှိတဲ့ အာကာသနယ်မြေတစ်ခုမှာ ရုတ်တရက်ဆိုသလို လက်တစ်လက် ပေါ်လာပါတယ်။ ဒီလက်ရဲ့ လက်ဖဝါးနဲ့ လက်ဖမိုးဟာ မဆိုစလောက် အလင်းရောင်ကို ထုတ်လွှတ်နေပေမဲ့ အမှောင်ထုထဲမှာ ဖြစ်တဲ့အတွက် လုံးဝကို မျက်စိကျိန်းစရာပါ။

ဒီလက်ဟာ ရုတ်တရက် မှောက်သွားပြီး အောက်ကိုဖိချလိုက်တဲ့အခါ ရေစက်တစ်စက် ပြုတ်ကျသွားပါတယ်။ ဒီရေစက်ရဲ့ ကျဆင်းမှုအလျင်ဟာ တဖြည်းဖြည်း မြန်လာပြီး အဆုံးမရှိဘူးလို့ ထင်ရတဲ့ အမှောင်ထုကို ဖြတ်သန်းသွားပါတယ်။

အချိန်တစ်ခု အကြာမှာတော့ အောက်မှာ အလင်းရောင် ပေါ်လာပါတယ်။ အပေါ်စီးကနေကြည့်ရင် ဒီအလင်းရောင်က တိမ်တိုက်တစ်ခုလိုပါပဲ။ အဲဒီနောက် ဒီတိမ်တိုက်ဟာ တဖြည်းဖြည်း ကြီးလာပြီး အရေအတွက်လည်း များလာပါတယ်။ တိမ်တွေနားမှာတော့ ရေတွက်ဖို့ မဖြစ်နိုင်တဲ့ ကြယ်တွေ စုဝေးနေကြပြီး မြို့တွေကို အရပ်ဆယ်မျက်နှာမှာ တည်ဆောက်ထားကြပါတယ်။ လမ်းတစ်ခုကလည်း နက်ရှိုင်းတဲ့ အမှောင်ထုထဲကို သွယ်တန်းနေပြီး အဆုံးကို မမြင်ရပါဘူး။

ဒါက ကောင်းကင်တာအိုပါ။

ရေစက်ဟာ ကောင်းကင်တာအိုရဲ့ ထိပ်ဆုံး ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်ကို ဆင်းသက်ပါတယ်။

မမြင်နိုင်တဲ့ အင်အားတစ်ခုဟာ ဒီရေစက်ကို ကာဆီးလိုက်ပါတယ်။ ရေစက်ဟာ မမြင်နိုင်တဲ့ အင်အားနဲ့ ဝင်တိုက်မှုကြောင့် ရေစက်တွေ လွင့်စဉ်သွားပြီး မမြင်နိုင်တဲ့ အင်အားကို မှန်တစ်ချပ်လို ကွဲကြေသွားစေပါတယ်။

အဲဒီနောက် မရေမတွက်နိုင်တဲ့ ရေစက်လေးတွေ အသွင် ပြောင်းလဲပြီး ဆက်ပြီးတော့ ကျဆင်းပါတယ်။ ရေစက်လေးတိုင်းက ချက်ချင်းဆိုသလို လှံတစ်ချောင်းလို ရှည်လျားသွားပြီး လှံသွားတွေက အေးစက်တဲ့ အလင်းရောင်တွေ ထုတ်လွှတ်နေပါတယ်။ တစ်ချိန်တည်းမှာပဲ တာအိုပညာရှိတွေဟာ သူတို့ရဲ့ တာအိုစက်ကွင်း အပြင်ဘက်မှာ ပေါ်လာပြီး မော့ကြည့်လိုက်ပါတယ်။

ကောင်းကင်မှာ ပြည့်နှက်နေတဲ့ မြားမိုးဟာ ဟင်းလင်းပြင် တိမ်တိုက်တွေကို ထိုးဖောက်ပြီး အင်မော်တယ်ကမ္ဘာဆီ ဆက်ကျပါတယ်။ ဒီမြားမိုးက သိပ်သည်း ထူထပ်လွန်းတဲ့အတွက် ကောင်းကင်တာအိုက ပြိုလဲသွားတဲ့အတိုင်းပါပဲ။

“အို... မကောင်းတော့ဘူး၊ ကောင်းကင်တာအို စွမ်းအား ကွဲကြေသွားပြီ”

ကောင်းကင်အရှင်ရွှမ်တုရဲ့ အသံကို ကြားလိုက်ရတဲ့ တာအိုပညာရှိတွေဟာ ထိတ်လန့်သွားကြပါတယ်။

ကောင်းကင်အရှင်ရွှမ်တုဟာ သူ့ရဲ့ မြင်းမြီးယပ်ကို ဝှေ့ယမ်းလိုက်ပါတယ်။ မြင်းမြီးယပ်ရဲ့ အဖြူရောင် သားမွေးတွေဟာ ပင်လယ်ကြီးတစ်စင်းလို ပြောင်းလဲသွားပြီး ကောင်းကင်ကို ပြည့်နှက်နေတဲ့ မြားမိုးကို ရိုက်ထုတ်ဖို့ ကြိုးစားပါတယ်။ နောက်ဆုံးမှာတော့ မြားမိုးဟာ အဖြူရောင် သားမွေးတွေကို ဆုတ်ဖြဲပြီး တားဆီးမရတဲ့ အရှိန်အဟုန်နဲ့ ဆက်ကျပါတယ်။

တာအိုပညာရှိတွေဟာ မန္တန်တွေ တစ်ခုပြီးတစ်ခု ထုတ်သုံးပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ဓမ္မစွမ်းအားက မြားမိုးကို ဘယ်လိုမှ မကာဆီးနိုင်ပါဘူး။ မျက်တောင်တစ်ခတ်အတွင်း တာအိုပညာရှိအကုန်လုံး မြားမိုး ထိမှန်ပြီး ဖျက်ဆီးခံလိုက်ရပါတယ်။ ကောင်းကင်အရှင်ရွှမ်တုလည်း မလွတ်ပါဘူး။

ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်က တာအိုစက်ကွင်းတွေနဲ့ အဆောက်အဦး အကုန်လုံးလည်း ဖျက်ဆီးခံလိုက်ရပါတယ်။

စွမ်းအားကြီးမားလှတဲ့ မြားမိုးဟာ တိမ်ပင်လယ်ကို ထိုးဖောက်ပြီး အောက်ကို ဆက်ကျပါတယ်။ ဒီအတိုင်း ဆက်သွားရင် ကောင်းကင်တာအိုတစ်ခုလုံး ပြိုလဲသွားဖို့က ကျိန်းသေနေပါပြီ။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters