မင်လင်းမယ်တော်
Vol. 70 Ch. 744
တာအိုဘုံကျောင်းထဲမှာ ကျင့်ကြံအားထုတ်နေတဲ့ ဟန်ကျွယ်ဟာ ရုတ်တရက် မျက်လုံးဖွင့်ပြီး မော့ကြည့်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်ဘုံ ၃၃ ဘုံမြောက်ကို မရေမတွက်နိုင်တဲ့ မြားမိုးတွေ ဖောက်ဝင်သွားတာ တွေ့လိုက်ရပါတယ်။ ကောင်းကင်ဘုံ ၃၂ ဘုံမြောက်လည်း ဒုက္ခရောက်တော့မှာပါ။ ကောင်းကင်ဘုံ ၃၂ ဘုံမြောက်မှာက ပင်မ နေမင်းနဲ့ ပင်မ လမင်း ရှိနေတာပါ။ ဒီအလွှာသာ ဖျက်ဆီးခံလိုက်ရရင် ကောင်းကင်တာအိုကို ကြီးကြီးမားမား ထိခိုက်စေမှာပါ။
ဟန်ကျွယ်ဟာ ကောင်းကင်တာအိုရဲ့ စွမ်းအား ကွဲကြေသွားတာကို ရှင်းရှင်းလင်းလင်းကြီး ခံစားပါတယ်။ တခြားစကားနဲ့ ပြောရရင် အခုအချိန်မှာ ပဋိပက္ခ တာအိုပညာရှိတွေက ကောင်းကင်တာအိုထဲကို အားသုံးပြီး ဝင်လာလို့ ရနေပါပြီ။
ဟန်ကျွယ်ဟာ ကောင်းကင်ဘုံ ၃၂ ဘုံမြောက်မှာ ချက်ချင်း ပေါ်လာပါတယ်။ နတ်ဘီလူးဓမ္မရုပ်တုတွေဟာ ဟန်ကျွယ် ခေါင်းထက်မှာ ပေါ်လာပြီး တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားပါတယ်။ ဒီနတ်ဘီလူးဓမ္မရုပ်တုကတော့ မီးနတ်ဘီလူးပါ။
မီးနတ်ဘီလူးဟာ ဟိန်းဟောက်ပြီး မြားမိုးကို လက်သီးနဲ့ ထိုးထုတ်လိုက်ပါတယ်။ အဆုံးမဲ့ မီးလျှံတွေဟာ တားဆီးမရတဲ့အရှိန်အဟုန်နဲ့ ကောင်းကင်ကို ထိုးတက်သွားပြီး ကောင်းကင်ကို ပြည့်နှက်နေတဲ့ မြားမိုးတွေနဲ့ ဝင်တိုက်ပါတယ်။
ရုတ်ခြည်းဆိုသလို ရေစက်ကနေ အသွင်ပြောင်းလာတဲ့ မြားမိုးဟာ အငွေ့ပျံကုန်ပါတယ်။
ကြောက်မက်ဖွယ်ဖိအားဟာ ကောင်းကင်ဘုံ ၃၂ ဘုံမြောက်ကို တသိမ့်သိမ့် တုန်သွားစေပါတယ်။ တိမ်ပင်လယ်ဟာလည်း ပြင်းထန်စွာ လှုပ်ခါသွားသလို အောက်မှာရှိတဲ့ ကောင်းကင်လည်း အတူတူပါပဲ။
အင်မော်တယ်ကမ္ဘာရဲ့ သက်ရှိအားလုံးဟာ မီးနတ်ဘီလူးရဲ့ ဟိန်းဟောက်သံကို ကြားရတာကြောင့် ကြောက်လန့်တကြား အပေါ်ကို မော့ကြည့်လိုက်ပါတယ်။ ကောင်းကင်ပြင်ဟာ နီရဲနေပြီး တိမ်တွေကလည်း မွှေနှောက်ခံထားရပါတယ်။ ကြောက်မက်ဖွယ်ဖိအားဟာ အင်မော်တယ်ကမ္ဘာ တစ်ခုလုံးကို လွှမ်းမိုးထားပါတယ်။
အကုန်လုံး အုတ်အော်သောင်းနင်း ဖြစ်သွားကြပါတယ် ‘ဘာတွေ ဖြစ်ကုန်တာလဲ’
သက်ရှိတွေဟာ ဒီလိုနိမိတ်မျိုးကို ပထမဆုံးအကြိမ် တွေ့ကြုံဖူးတာပါ။ ကြောက်မက်ဖွယ်ဖိအားဟာ သက်ရှိတွေကို စိတ်လေးစေပြီး ကြောက်ရွံ့စေတဲ့အပြင် စိတ်ဓာတ်လည်း ကျဆင်းစေပါတယ်။
“အားလုံးပဲ... မကြောက်ကြနဲ့၊ ဒါက ရန်သူကို ခုခံတဲ့ အနန္တကုသိုလ်ကံရှင် ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ စွမ်းအားပဲ”
ကောင်းကင်အရှင်ရွှမ်တုရဲ့အသံဟာ ကောင်းကင်တာအိုတစ်ခွင် ပဲ့တင်ထပ်သွားပါတယ်။
ကောင်းကင်တာအိုဟာ ထိပ်ဆုံးအလွှာပဲ ထိုးဖောက် ဖျက်ဆီးခံရတာ ဖြစ်တဲ့အတွက် တာအိုပညာရှိတွေဟာ တကယ် မသေပါဘူး။ ခပ်မြန်မြန်ပဲ ပြန်မွေးဖွားလာပါတယ်။
အနန္တကုသိုလ်ကံရှင် ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိလို့ ကြားလိုက်တာနဲ့ သက်ရှိတွေဟာ သက်သာရာ ရသွားကြပါတယ်။
လွန်ခဲ့နှစ်တစ်သိန်းအတွင်း တာအိုပညာရှိတွေရဲ့ တွန်းပို့မှုနောက်မှာ အနန္တကုသိုလ်ကံရှင် ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက သက်ရှိအားလုံးရဲ့ နှလုံးသားထဲမှာ ပြိုင်ဘက်ကင်းတဲ့ နတ်ဘုရားတစ်ပါး ဖြစ်လာပါပြီ။ အကျိုးဆောင်မှုချင်းယှဉ်ရင် သူက ပန်ကူးထက် ပိုသာပါတယ်။
သေမျိုးကမ္ဘာမှာဆိုရင် ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိနဲ့ ပန်ကူးအကြား ဘယ်သူက စွမ်းအားပိုကြီးတယ်၊ ဘယ်သူက ကောင်းကင်တာအိုကို အကျိုးပိုပြုတယ်ဆိုပြီး မကြာခဏ ငြင်းခုံပွဲတွေ ဖြစ်ကြပါတယ်။
သေမျိုးတွေက ငြင်းခုံဆွေးနွေးရတာကို တော်တော် သဘောတွေ့ပါတယ်။
ကောင်းကင်ဘုံ ၃၂ ဘုံမြောက်မှာ မီးနတ်ဘီလူးရဲ့ မီးလျှံတွေက မြားမိုးကို ဖယ်ရှားလိုက်တဲ့အတွက် မြားမိုးဟာ အစအနတောင် မကျန်တော့ပါဘူး။
ဟန်ကျွယ်ဟာ ပတ်ဝန်းကျင်ကို ချက်ချင်း စစ်ဆေးကြည့်ပေမဲ့ ဘယ်ထိပ်သီးကျင့်ကြံသူကိုမှ မတွေ့ရပါဘူး။ အဲဒါကြောင့် တာအိုဘုံကျောင်းထဲကို ပြန်ခုန်ဆင်းလိုက်ပါတယ်။
“ဒါ ဘယ်သူ့ လက်ချက်လဲ”
[သက်တမ်း ၅၀၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဟန်ကျွယ် နှလုံးသားဟာ ရေထဲနှစ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီတန်ဖိုးက မဟာတာအိုထက် မြင့်နေလို့ပါ။
ဆက်တွက်မယ်။
ဟန်ကျွယ် စိတ်ထဲမှာ ရုပ်သွင်တစ်ခု ပေါ်လာပါတယ်။ ဒီရုပ်သွင်က တင့်တယ်လှပတဲ့ အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။ ဟန်ကျွယ်ဟာ ဒီအမျိုးသမီးကို ကြည့်ပြီး လျှို့ဝှက်ဆန်းကြယ်မှုနဲ့ ထူးဆန်းမှုတွေ ရှိနေတယ်လို့ ခံစားလိုက်ရပါတယ်။
[မင်လင်းမယ်တော်: မဟာတာအို အထွတ်အထိပ် နောက်ဆုံးအဆင့်၊ မဟာတာအို နတ်စိတ်ဝိညာဉ်။]
‘ငါ ထင်တော့ ထင်သားပဲ’
ဟန်ကျွယ်ဟာ ရင်တုန်သွားပါတယ်။ ဒီလိုတည်ရှိမှုကသာ ကောင်းကင်တာအိုကို တိုက်ခိုက်မယ်ဆိုရင် ဟန်ကျွယ်ဟာ ကောင်းကင်တာအိုကို ဘယ်လိုမှ ကာကွယ်နိုင်မှာ မဟုတ်ပါဘူး။
“မင်လင်းမယ်တော်က ကောင်းကင်တာအိုကို ဘာဖြစ်လို့ တိုက်ခိုက်ရတာလဲ”
[သက်တမ်း ၅၀၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
ဟန်ကျွယ်ဟာ ပုံရိပ်ယောင်ထဲ ဝင်သွားပါတယ်။
ဟန်ကျွယ် မျက်လုံးဖွင့်လိုက်တဲ့ ကောင်းကင်ပြာအောက်ကို ရောက်သွားပါတယ်။ ဟန်ကျွယ်ရဲ့ အောက်မှာတော့ အဆုံးမဲ့ ပင်လယ်ပြင်ကြီး ရှိနေပြီး ကုန်းမြေကို တစ်စွန်းတစ်စတောင် မမြင်ရပါဘူး။ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးဟာ ပင်လယ်အဆုံးမှာ ရှိနေပါတယ်။ ဒီစွမ်းအားကြီးပုဂ္ဂိုလ်ရဲ့ ခန္ဓာကိုယ် အပေါ်ပိုင်းက ပင်လယ်ရေပြင်ထက်မှာ ပေါလောမျောနေပြီး ခေါင်းထက်မှာတော့ နေတစ်စင်း ရှိနေပါတယ်။
မင်လင်းမယ်တော်။
မင်လင်းမယ်တော်ရှေ့မှာ ရုပ်သွင်တစ်ခု ရှိနေပါတယ်။ ရှန်ပေါင် တာအိုကျင့်ကြံသူကလွဲပြီး ဘယ်သူ ဖြစ်နိုင်ဦးမှာလဲ။
ရှန်ပေါင်တာအိုကျင့်ကြံသူဟာ အပြုံးနဲ့ ပြောလိုက်ပါတယ် “မင်လင်းမယ်တော်... ကောင်းကင်တာအိုကို ထိုးဖောက်ဖို့ ကျွန်တော်ကို ကူညီရမယ်နော်၊ ကျွန်တော်က ပဋိပက္ခအာဏာကို ကာကွယ်ပြီး မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်အတွက် ကလဲ့စားချေပေးတာ”
ရှန်ပေါင် တာအိုကျင့်ကြံသူရဲ့ စကားအဆုံးမှာ လေးနက်တည်ကြည်တဲ့ မင်လင်းမယ်တော်ရဲ့အသံ ထွက်ပေါ်လာပါတယ် “ကောင်းကင်တာအိုက ပန်ကူးနဲ့ တာအိုဘိုးဘေး ထောက်ပံ့ထားတဲ့ ကံတရားကြီးတစ်ခုပဲ၊ ငါ မင်းကို မဟာတာအို နတ်စိတ်ဝိညာဉ်တစ်ပါးနဲ့ အကြံပေးလိုက်မယ်၊ ဒီကံတရားထဲ ဝင်မပါနဲ့”
“ကျွန်တော်က ကောင်းကင်တာအိုကို ဖျက်ဆီးချင်တာ မဟုတ်ပါဘူး၊ ကျွန်တော်က ကောင်းကင်တာအို ပညာရှိတွေကို ဖျက်ဆီးပြီး ကောင်းကင်တာအိုကို နဂိုအတိုင်း ပြန်ဖြစ်စေချင်တာပါ၊ အတိတ်မှာတုန်းကလည်း တာအိုဘိုးဘေးက ကောင်းကင်တာအိုကို အင်အားကြီးထွားစေပြီး ပဋိပက္ခကို ထိခိုက်အောင် မလုပ်ပါဘူးလို့ ကျွန်တော်တို့ မဟာတာအို နတ်စိတ်ဝိညာဉ်တွေကို ကတိပေးခဲ့တယ်လေ၊ အခု တာအိုဘိုးဘေးက ပျောက်နေတာ ကြာပြီ၊ ကောင်းကင်တာအိုကို အုပ်ချုပ်သူတွေကလည်း စည်းကျော်လာပြီ၊ အဲဒါကြောင့် သူတို့ကို နောက်မလုပ်ရဲအောင် သင်ခန်းစာ ကောင်းကောင်း ပေးရလိမ့်မယ်”
“မယ်တော်... ကျွန်တော်ကို ကောင်းကင်တာအိုစွမ်းအား ချိုးဖျက်ဖို့ပဲ ကူညီပေးပါ၊ ကျန်တာကို ကျွန်တော့်တာဝန်ထား... ကျွန်တော် ဒီကိစ္စကို လူမသိစေရပါဘူး၊ ဒီကိစ္စက မယ်တော်နဲ့ ဘာမှမဆိုင်ဘူး”
မင်လင်းမယ်တော်ဟာ တိတ်ဆိတ်သွားပါတယ်။
ရှန်ပေါင် တာအိုကျင့်ကြံသူက ဆက်ပြောပါတယ် “ကျွန်တော်ကို နောက်ဆုံးအကြိမ် ကူညီတယ်လို့ပဲ သဘောထားပါ၊ ကျွန်တော် မယ်တော်ရဲ့ ကျင့်ကြံမှုကို နောက်ထပ် မနှောင့်ယှက်တော့ပါဘူး”
“ကောင်းကင်တာအိုထဲမှာ အရမ်းစွမ်းအားကြီးတဲ့ မဟာတာအိုပညာရှိတစ်ပါး ပုန်းနေတယ်၊ မင်း သေရေးရှင်ရေး အခြေအနေရောက်ရင် ငါ ကူညီမှာ မဟုတ်ဘူး”
“ဟီးဟီး... မစိုးရိမ်ပါနဲ့၊ ကျွန်တော် လုံးဝ ပြင်ဆင်ပြီးပါပြီ”
“အင်း”
ပုံရိပ်ယောင်ဟာ ကွဲကြေသွားပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပေမဲ့ မျက်မှောင်ကြုတ်တုန်းပါပဲ “ငါ ရှန်ပေါင် တာအိုကျင့်ကြံသူကို သတ်ဖို့လုပ်ရင် မင်လင်းမယ်တော်က ဝင်ကယ်မှာလား”
[သက်တမ်း ၅၀၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[မကယ်ပါ။]
ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။ ဟန်ကျွယ်ဟာ မင်လင်းမယ်တော်ကို ရင်ဆိုင်ရမယ်ဆိုရင် ထွက်ပြေးဖို့ အသင့်ပြင်ထားမှာပါ။ ဒီသာလွန် စွမ်းအားကြီးပုဂ္ဂိုလ်တွေက ကိုယ့်စည်းနဲ့ကိုယ်နေလို့ တော်ပါသေးတယ်။
“ရှန်ပေါင် တာအိုကျင့်ကြံသူက ကောင်းကင်တာအိုကို လာတိုက်ရင် ငါ သေနိုင်ခြေရှိလား”
[သက်တမ်း ၂၀၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[ဖြစ်နိုင်ခြေ မဆိုစလောက် ရှိသည်။]
“ဘယ်လို မဆိုစလောက်လဲ”
[ပြန်မတိုက်ခိုက်လျှင်။]
ဟန်ကျွယ်ဟာ စနစ်ကို ကျိန်ဆဲလိုက်ပါတယ် ‘ဒီကောင် ငါ့ကို လာလှောင်နေတာလား...’
ဟန်ကျွယ်ဟာ မတ်တတ်ရပ်ပြီး ကောင်းကင်ဘုံ ၃၃ ဘုံမြောက်ကို ပြန်ခုန်တက်လိုက်ပါတယ်။ ဒီအချိန်မှာ တာအိုပညာရှိတွေက ကောင်းကင်တာအို ထိပ်ဆုံးကို ကံတရား အထောက်အပံ့တွေ လောင်းထည့်ပြီး ပြန်ပြင်နေပါတယ်။ ဟန်ကျွယ်က ကောင်းကင်တာအိုပညာရှိ မဟုတ်တဲ့အတွက် ဝင်ကူညီလို့ မရပါဘူး။
ဟန်ကျွယ်ဟာ ကောင်းကင်အရှင်ရွှမ်တုနား ကပ်ပြီး မေးလိုက်ပါတယ် “ဘယ်လောက်ကြာမှာလဲ”
ကောင်းကင်အရှင်ရွှမ်တုဟာ အလေးအနက် ပြန်ပြောပါတယ် “အနည်ဆုံး နှစ်တစ်ထောင်ပဲ”
‘နှစ်တစ်ထောင်...’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ဒီလောက်တောင် ထိခိုက်သွားတာလား...’
ဒီအတောအတွင်း တိုက်ခိုက်မှာက ရှန်ပေါင်ကျင့်ကြံသူပဲ မဖြစ်နိုင်လောက်ပါဘူး။ ဟန်ကျွယ်ဟာ ရွေးချယ်စရာမရှိဘဲ မဟာဟင်းလင်းပြင်ဝိညာဉ်ကို တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲကနေ အပြင်ထုတ်လိုက်ရပါတယ်။
“နောက်ကျရင် မင်း ဒီမှာနေပြီး ကောင်းကင်တာအို ပြန်မကောင်းမချင်း ကောင်းကင်တာအိုကို ကာကွယ်ရလိမ့်မယ်”
မဟာဟင်းလင်းပြင်ဝိညာဉ်ဟာ နဂိုမူလပုံစံ ပြန်ရောက်နေပြီး ရောင်ဝါနက်ဆိုလို့ မှဲ့တစ်ပေါက်တောင် မရှိတော့ပါဘူး။
“ဟုတ်ကဲ့ပါ” မဟာဟင်းလင်းပြင်ဝိညာဉ်ဟာ လက်သီးဆုပ်ပြီး တလေးတစား ပြန်ဖြေပါတယ်။
ဟန်ကျွယ်ဟာ မဟာဟင်းလင်းပြင်ဝိညာဉ်ကို လိုတာညွှန်ကြားပြီးတာနဲ့ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ပြန်ပါတယ်။
တာအိုပညာရှိတွေဟာ မဟာဟင်းလင်းပြင်ဝိညာဉ်ကို တအံ့တဩ ကြည့်လိုက်ပါတယ် ‘ဒီလူက ဘယ်သူလဲ’
ကောင်းကင်အရှင်ဝူဖာဟာ ရုတ်တရက် မျက်လုံးပြူးသွားပါတယ် “ခင်ဗျားက မဟာဟင်းလင်းပြင်ဝိညာဉ်မလား၊ ပဋိပက္ခအစွန်းမှာ ဖိနှိပ်ခံထားရတာ မဟုတ်ဘူးလား”
မဟာဟင်းလင်းပြင်ဝိညာဉ်ဟာ ကောင်းကင်အရှင်ဝူဖာကို တစ်ချက်ကြည့်လိုက်ပါတယ် “အတိတ်အကြောင်း မပြောဘဲ နေရအောင်”
ကောင်းကင်အရှင်ဝူဖာဟာ လန့်သွားပါတယ်။ ကောင်းကင်အရှင်ဝူဖာဟာ စကား မှားသွားပြီဆိုတာ သိတဲ့အတွက် အမြန်ခေါင်းညိတ်လိုက်ပါတယ်။ အဲဒီနောက် ကောင်းကင်အရှင်ဝူဖာရဲ့ မျက်နှာမှာ အပြုံးတစ်ခု ပေါ်လာပါတယ်။ မဟာဟင်းလင်းပြင်ဝိညာဉ် ရှိနေတဲ့အတွက် ကောင်းကင်တာအိုက နည်းနည်းတော့ ပိုလုံခြုံမှာပါ။
အဲဒီနောက် ကောင်းကင်အရှင်ဝူဖာဟာ တခြားတာအိုပညာရှိတွေကို အသံလွှင့်ပြီး အကျိုးအကြောင်း ပြောပြလိုက်ပါတယ်။
မဟာဟင်းလင်းပြင်ဝိညာဉ်က မဟာတာအိုပညာရှိမှန်း သိလိုက်ရတဲ့အခါ တာအိုပညာရှိတွေဟာ စိတ်လှုပ်ရှားသွားကြပါတယ်။ တစ်ချိန်တည်းမှာပဲ သူတို့ဟာ ဟန်ကျွယ်က မဟာဟင်းလင်းပြင်ဝိညာဉ်ကို ဘယ်လိုစည်းရုံး သိမ်းသွင်းလိုက်လဲဆိုတာ စိတ်ဝင်စားသွားပါတယ်။
‘သူက ကောင်းကင်တာအိုထဲမှာ အမြဲတမ်း ဂူအောင်းကျင့်ကြံနေတာ မဟုတ်ဘူးလား...’
လီထိုက်ကူဟာ မဟာဟင်းလင်းပြင်ဝိညာဉ်ကို ကြည့်ပြီး အတွေးတစ်ခု ဝင်လာပါတယ်။ အဲဒါကတော့ လက်ရည်စမ်းပြီး သူ့စွမ်းအား ဘယ်လောက်ရှိလဲဆိုတာကို သိချင်တာပါ။ ဟန်ကျွယ် ရှိနေတဲ့အတွက် မဟာဟင်းလင်းပြင်ဝိညာဉ်က သူ့ကို သတ်မှာ မဟုတ်ပါဘူး။
ဒါပေမဲ့ လီထိုက်ကူဟာ လောလောဆယ်တော့ သူ့အကြံကို အကောင်အထည် မဖော်နိုင်သေးပါဘူး။ ကောင်းကင်တာအိုကို ကာကွယ်ဖို့က ဒီထက် အရေးပိုကြီးတယ် မဟုတ်ပါလား။
တာအိုဘုံကျောင်းထဲကို ပြန်ရောက်သွားတဲ့ ဟန်ကျွယ်ဟာ ရောက်လာမဲ့ တိုက်ပွဲအတွက် အသွင်တူ လက်ရည်စမ်းပွဲထဲကို ထပ်ဝင်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ အချိန်တိုအတွင်း အဆင့် မတက်နိုင်မှန်း သိတာကြောင့် တိုက်ခိုက်နိုင်စွမ်းကို မြှင့်တင်ဖို့ ဆုံးဖြတ်လိုက်တာပါ။
ဟန်ကျွယ်ဟာ တာအိုပညာရှိအထက်က တည်ရှိမှုတိုင်းကို အသွင်တူ လက်ရည်စမ်းပွဲထဲထည့်ပြီး တစ်ခါတည်း အကုန်လုံးနဲ့ တိုက်ခိုက်ပါတယ်။ တစ်ဦးချင်း တိုက်ခိုက်တာက ဟန်ကျွယ်ကို အားမရစေတော့ပါဘူး။ ဖိအား မခံစားရစေတော့ပါဘူး။
ဖိအားကသာ လူတွေကို ပိုသန်မာလာအောင် လုပ်နိုင်တာပါ။
ဟန်ကျွယ်ဟာ ပထမဆုံး အသွင်တူ လက်ရည်စမ်းပွဲမှာ ရှုံးသွားပါတယ်။ အသွင်တူ လက်ရည်စမ်းပွဲက အပြင်နဲ့ မတူပါဘူး။ ပြိုင်ဘက်ကတွေက စကားတစ်လုံးမှ အပိုမပြောဘဲ တန်းပြီးတော့ တိုက်တာပါ။ ဒါကြောင့် ဟန်ကျွယ်ရဲ့ အငိုက်ဖမ်းတဲ့ ပရိယာယ်က ဒီနေရာက အသုံးမဝင်ပါဘူး။
ဒါက ဘိုးဘေးရှီတျန် တစ်ရာထက် ပိုပြီးတော့ အထင်ကြီးဖို့ ကောင်းပါတယ်။ ဘိုးဘေးရှီတျန်တစ်ရာက တူညီတဲ့ နည်းလမ်းကိုပဲ အသုံးပြုပါတယ်။ ဒါပေမဲ့ အခု ဟန်ကျွယ်ဟာ မတူညီတဲ့ ရန်သူတွေကို ရင်ဆိုင်တာ ဖြစ်တဲ့အတွက် မတူကွဲပြားတဲ့ မဟာတာအိုစွမ်းအားတွေနဲ့ ပညာရပ်တွေကို ရင်ဆိုင်တိုက်ခိုက်ရပါတယ်။
ဟန်ကျွယ်ဟာ ရှုံးနိမ့်ပေမဲ့ စိတ်ပျက်မသွားဘဲ ဆက်ပြီးတော့ တိုက်ခိုက်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။