← Chapters

ဝှက်ဖဲ

Vol. 70 Ch. 745

ဝှက်ဖဲ

Vol. 70 Ch. 745

အမှောင်တားမြစ်နယ်မြေမှာ သစ်ရွက်ဝါတွေဟာ လျင်မြန်စွာ ရွေ့လျားနေပါတယ်။ သေချာကြည့်လိုက်မယ်ဆိုရင် သစ်ရွက်ဝါတိုင်းက မရေမတွက်နိုင်တဲ့ သက်ရှိတွေကို သယ်ဆောင်လာပါတယ်။ ဒီသက်ရှိတွေက ရုပ်မျိုးစုံ ပုံစံမျိုးစုံရှိပြီး သူတို့အရွယ်အစားတွေကလည်း မတူညီကြပါဘူး။

ဒီလိုသစ်ရွက်ဝါတွေက အနည်ဆုံး တစ်သောင်းနီးပါး ရှိပါတယ်။

ဒီသစ်ရွက်ဝါတွေရဲ့ နောက်မှာတော့ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး ပေါ်လာပါတယ်။ ဒီစွမ်းအားကြီးပုဂ္ဂိုလ်ရှေ့မှာ ဒီသစ်ရွက်ဝါတွေက သဲမှုန်လောက်တောင် မရှိပါဘူး။ ဒီစွမ်းအားကြီးပုဂ္ဂိုလ်ကတော့ ရှန်ပေါင် တာအိုကျင့်ကြံသူပါ။

ရှန်ပေါင် တာအိုကျင့်ကြံသူဟာ ရှေ့ကိုကြည့်ပြီး တစ်လှမ်းချင်း လျှောက်ပါတယ်။ ရှန်ပေါင် တာအိုကျင့်ကြံသူရဲ့ ပခုံးပေါ်မှာတော့ ရုပ်သွင်နှစ်ခု မတ်တတ်ရပ်နေပါတယ်။

တစ်ဦးက ကျိန်စာနတ်ဘီလူး ဖြစ်ပြီး ကျန်တစ်ဦးကတော့ အမျိုးသမီးတစ်ဦးပါ။

အမျိုးသမီးရဲ့ ခန္ဓာကိုယ်အောက်ပိုင်းဟာ မီးခိုးငွေ့နဲ့တူပြီး ခန္ဓာကိုယ် အထက်ပိုင်းမှာတော့ ချပ်ဝတ်တွေ ဝတ်ဆင်ထားပါတယ်။ သူမရဲ့ ခေါင်းက တော်တော်လေး သေးငယ်ပေမဲ့ မျက်နှာကတော့ ချောမောလှပပါတယ်။ သူမရဲ့ မျက်လုံးတွေက မှောင်မိုက်ပြီး စူးရှပါတယ်။ တစ်ချက်ကြည့်ရုံနဲ့ သာမန်မဟုတ်မှန်း သိနိုင်ပြီး အလွန်အန္တရာယ်ရှိတဲ့ အငွေ့အသက်ကို ခံစားနိုင်ပါတယ်။

ကျိန်စာနတ်ဘီလူးက မနေနိုင်ကာ မေးလိုက်ပါတယ် “နတ်မင်း... ဒီခရီးက ၁၀၀ ရာခိုင်နှုန်း သေချာလို့လား၊ အဲဒီဟန်ကျွယ်က လျှော့တွက်လို့ မရဘူးနော်၊ သူက အဆင့်တူတွေထဲမှာ ပြိုင်ဘက်ကင်းတယ်နော်”

ကျိန်စာနတ်ဘီလူးဘေးက အမျိုးသမီးဟာ ပါးစပ်အုပ်ပြီး ရယ်မောလိုက်ပါတယ် “ခစ်..ခစ်... ရှင်က ပဋိပက္ခနတ်ဘီလူးရော ဟုတ်ရဲ့လား... ဒီပုံစံအတိုင်းဆို ရှင် မဟာတာအို နတ်စိတ်ဝိညာဉ် ဖြစ်လာမှာ မဟုတ်ဘူး၊ အဲဒီဟန်ကျွယ် ပြိုင်ဘက်ကင်းနေတာက ကျွန်မတို့နဲ့ မတွေ့သေးလို့ပါ”

“မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ် ရှုံးသွားတာက မောက်မာလို့ပဲ၊ နောက်ပြီး တာအိုရောင်းရင်း ရှန်ပေါင်ကလည်း မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်ကို အနိုင်ယူနိုင်တာပဲ”

ကျိန်စာနတ်ဘီလူးဟာ မျက်မှောင်ကြုတ်သွားပါတယ်။ သူ့မျက်နှာပေါ်က အဆိပ်ပိုးကောင်တွေဟာလည်း ရပ်သွားပါတယ်။

ရှန်ပေါင် တာအိုကျင့်ကြံသူက ပြုံးလိုက်ပါတယ် “မစိုးရိမ်ပါနဲ့၊ ငါ့စွမ်းအားကို ငါယုံကြည်တယ်၊ နောက်ပြီး ငါ ဝှက်ဖဲလည်း ပြင်ထားပြီးပြီ၊ သူက မဟာတာအို အထွတ်အထိပ် အဆင့်ကို ရောက်နေရင်တောင် ငါ သူ့ကို သတ်နိုင်သေးတယ်၊ ဟန်ကျွယ်က မဟာတာအို အထွတ်အထိပ် အဆင့်ကို ရောက်နေလို့လား”

“ဘယ်လိုလုပ်ပြီး အဲဒီအဆင့် ရောက်ဦးမှာလဲ” ကျိန်စာနတ်ဘီလူးက ချက်ချင်းပဲ ပြန်ဖြေလိုက်ပါတယ်။ ကျိန်စာနတ်ဘီလူးဟာ ဟန်ကျွယ်ရဲ့ အရည်အချင်းက ယုတ္တိမရှိဘူးဆိုတာကို သိပါတယ်။ ဒါပေမဲ့ မဟာတာအို အထွတ်အထိပ် အဆင့်ကိုတော့ ဘယ်လိုနည်းနဲ့မှ ဒီလောက်မြန်မြန် ရောက်နိုင်မှာ မဟုတ်ပါဘူး။

အရည်အချင်း ရှိပါတယ်ဆိုတဲ့ မဟာတာအို နတ်စိတ်ဝိညာဉ်တွေထဲမှာတောင် လက်တစ်ဆုပ်စာလူတွေပဲ မဟာတာအို အထွက်အထိပ်အဆင့်ကို ရောက်ပြီး မဟာတာအိုပညာရှိချုပ် ဖြစ်နိုင်ကြတာပါ။

ကျိန်စာနတ်ဘီလူးရဲ့ နှလုံးသားထဲမှာ မျှော်လင့်ချက်ရောင်ခြည် သမ်းလာပါတယ်။ ရှန်ပေါင် တာအိုကျင့်ကြံသူက ဟန်ကျွယ်ကို သတ်နိုင်ရင် အကောင်းဆုံးပါ။

ကျိန်စာနတ်ဘီလူးဟာ မွေးဖွားလာတုန်းက ဟန်ကျွယ်ကို ကျိန်းသေပေါက် သတ်ပစ်မယ်လို့ ကြုံးဝါးခဲ့ပါတယ်။ ဟန်ကျွယ်ရဲ့ စိတ်ကြိုက် ကျိန်စာတိုက်တာကိုလည်း အခွင့်ကောင်းယူပြီး လက်အောက်ငယ်သားတွေ စုစည်းခဲ့ပါတယ်။

ဒါပေမဲ့ လက်ရှိဟန်ကျွယ်က သူ နှိုင်းယှဉ်လို့ရတဲ့ တစ်စုံတစ်ယောက် မဟုတ်ဘူးဆိုတာကို နတ်ဒေါင်းအရှင်က ကောင်းကောင်းကြီး သတိပေးလိုက်ပါတယ်။

“အဲဒီအချိန်ကျရင် မင်း ဘာမှလုပ်စရာ မလိုလောက်ဘူး၊ ငါတစ်ယောက်တည်းနဲ့ ကောင်းကင်တာအိုကို ပြားပြားဝပ်အောင် လုပ်နိုင်တယ်... ခစ်..ခစ်..” အမျိုးသမီးဟာ လှပစွာ ပြုံးလိုက်ပေမဲ့ သူမရဲ့ ရုပ်သွင်က တော်‌တော် ဆိုးရွားလှပါတယ်။ သူမနဲ့ ကျိန်စာနတ်ဘီလူးကို နှိုင်းယှဉ်ဖို့က တော်တော်ခက်ပါတယ်။ နှစ်ယောက်စလုံးက တစ်မျိုးစီ ရုပ်ဆိုးနေကြတာ မဟုတ်ပါလား။

ရှန်ပေါင် တာအိုကျင့်ကြံသူက ပြောလိုက်ပါတယ် “မင်း အောင်မြင်ရင် မင်းရဲ့လူတွေက ကောင်းကင်တာအိုမှာ နေထိုင်ခွင့် ရလိမ့်မယ်၊ ကောင်းကင်တာအိုကိုလည်း ငါ့အတွက် ထိန်းချုပ်ပေးရမယ်၊ ဒါပေမဲ့ မင်း စည်းမျဉ်း စည်းကမ်းတွေကိုတော့ လိုက်နာရလိမ့်မယ်”

အမျိုးသမီးဟာ ပြုံးလိုက်ပါတယ် “မစိုးရိမ်ပါနဲ့၊ ကောင်းကင်တာအို ကြီးပြင်းလာတာကလည်း ကျွန်မအတွက် ကောင်းတဲ့ကိစ္စ မဟုတ်ဘူး”

ကျိန်စာနတ်ဘီလူးဟာ တိတ်ဆိတ်သွားပြီး နှလုံးသားထဲမှာ မနာလိုဝန်တိုမှုတွေ ပြည့်နှက်သွားပါတယ်။ ဒီလူနှစ်ယောက်ရဲ့ အမူအရာက ကျိန်စာနတ်ဘီလူးကို တော်တော်လေး စိတ်မချမ်းမသာ ဖြစ်စေပါတယ်။ ဒါပေမဲ့ ကျိန်စာနတ်ဘီလူးဟာ ရွေးချယ်စရာ မရှိတာကြောင့် ဦးညွှတ်ရုံကလွဲပြီး ဘာမှမတတ်နိုင်ပါဘူး။

‘တစ်နေ့ကျရင် ငါ မဟာတာအို နတ်စိတ်ဝိညာဉ်တွေနဲ့ ရင်ပေါင်တန်း ရပ်နိုင်ရမယ်... မဟုတ်ဘူး... မဟာတာအို နတ်စိတ်ဝိညာဉ်တွေကို တက်နင်းပြီး သူတို့ထက် စွမ်းအားကြီးတဲ့ တည်ရှိမှု ဖြစ်ရမယ်’

ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်၊ စကြဝဠာခန်းမရှေ့။

တာအိုပညာရှိတွေဟာ အတူစုစည်းပြီး ကောင်းကင်တာအိုကို ကြိုးစား ပြုပြင်နေကြပါတယ်။ သူတို့နဲ့ မလှမ်းမကမ်းမှာရှိနေတဲ့ မဟာဟင်းလင်းပြင်ဝိညာဉ်ဟာ ရုတ်တရက် မျက်လုံးပွင့်လာပြီး ပြောလိုက်ပါတယ် “သူတို့တွေ ရောက်လာပြီ၊ မဟာတာအိုပညာရှိနှစ်ပါးနဲ့ ဧရာမမျိုးနွယ်စုတစ်စု”

မဟာဟင်းလင်းပြင်ဝိညာဉ်ရဲ့ စကားဟာ တာအိုပညာရှိတွေကို လန့်သွားစေပါတယ်။

ကောင်းကင်အရှင်ရွှမ်တုက ချက်ချင်းပဲ အမိန့်ပေးလိုက်ပါတယ် “မင်းတို့အကုန်လုံး ကံတရား အထောက်အပံ့ဂိုဏ်း အသီးသီးကို ပဋိပက္ခမြို့တွေနဲ့ ကောင်းကင်ပဋိပက္ခလမ်းကို တင်းတင်းကျပ်ကျပ် စောင့်ကြပ်ဖို့ အမိန့်ပေးလိုက်၊ ကောင်းကင်တာအို ပြုပြင်တာကို ငါ့တာဝန်ထား၊ မင်းတို့တွေ ကိုယ်နေရာကို ကိုယ်စောင့်ကြပ်ကြတော့”

“ကောင်းပြီ”

တာအိုပညာရှိတွေဟာ ချက်ချင်း ပျောက်ကွယ်သွားကြပါတယ်။

ကောင်းကင်အရှင်ရွှမ်တုဟာ မဟာဟင်းလင်းပြင်ဝိညာဉ်ကို လှည့်ကြည့်ပြီး မေးလိုက်ပါတယ် “ယုံကြည်ချက်ရှိလား”

“ဟွန်း” မဟာဟင်းလင်းပြင်ဝိညာဉ်က နှာခေါင်းရှုံ့လိုက်ပါတယ်။ ဒါကိုကြည့်ပြီး ကောင်းကင်အရှင်ရွှမ်တုဟာ စိတ်သက်သာရာ ရသွားပါတယ်။ ယုံကြည်ချက်ရှိတာက မရှိတာထက်တော့ ပိုကောင်းတယ် မဟုတ်ပါလား။

မဟာဟင်းလင်းပြင်ဝိညာဉ်က ပြောလိုက်ပါတယ် “မရှိဘူး၊ ငါက ဘယ်လိုလုပ်ပြီး နှစ်ယောက်တစ်ယောက် အနိုင်တိုက်နိုင်မှာလဲ”

ကောင်းကင်အရှင်ရွှမ်တုရဲ့ မျက်နှာဟာ ရှုံ့တွသွားပါတယ်။ အမြဲတမ်း တည်တည်တံ့တံ့ ရှိနေခဲ့တဲ့ ကောင်းကင်အရှင်ရွှမ်တုဟာ ဒီတစ်ကြိမ်မှာတော့ ဆဲချင်စိတ် ပေါက်သွားပါတယ်။ ကောင်းကင်အရှင်ရွှမ်တုဟာ သူ ဘယ်လိုအပြုအမူမျိုးနဲ့ မဟာဟင်းလင်းပြင်ဝိညာဉ်ကို ရန်စမိလဲဆိုတာ နားမလည်နိုင်ပါဘူး။

မကြာခင်မှာပဲ ကောင်းကင်တာအို ဘေးအန္တရာယ် ကျရောက်တော့မယ် ဆိုတာကို အင်မော်တယ်ကမ္ဘာတစ်ခုလုံး သိသွားပါတယ်။ ကံတရား အထောက်အပံ့ဂိုဏ်း အကုန်လုံးဟာ ပဋိပက္ခမြို့အသီးသီးကို အပြေးသွားကြပါတယ်။ ဂူအောင်းကျင့်ကြံနေတဲ့ တပည့်တွေကိုလည်း အတင်းခေါ်ထုတ်ပါတယ်။ ဒီလိုအဖြစ်အပျက်မျိုးက ဖုံးကွယ်လို့ရတဲ့အရာ မဟုတ်ပါဘူး။

အချိန်တစ်ခုအတွင်း အင်မော်တယ်ကမ္ဘာဟာ ရုတ်ရုတ်သဲသဲ ဖြစ်သွားပါတယ်။ တချို့က ချောက်ချားကုန်သလို တချို့ကလည်း ရင်တုန်ပန်းတုန် ဖြစ်ကုန်ကြပါတယ်။ တချို့ကတော့ ဒီသတင်းကို မယုံကြည်ဘဲ တချို့ကတော့ စိတ်လှုပ်ရှားလာကြပါတယ်။

စိတ်လှုပ်ရှားတဲ့လူ အကုန်လုံးက ပါရမီရှင်တွေ မဟုတ်ရင် စွမ်းအားကြီးပုဂ္ဂိုလ်တွေချည်းပါပဲ။ သူရဲကောင်းတွေက ခေတ်ပျက်မှာ ပေါ်ထွက်လာကြတာပါ။ သူတို့ရဲ့ နာမည်ကို သမိုင်းမှာ ထာဝရ ထင်ကျန်စေချင်ရင် ရန်သူကို သတ်ဖြတ်ပြီး ထွင်းရမှာပါ။

“နောက်ဆုံးတော့ ရောက်လာခဲ့ပြီ”

“ကောင်းကင်တာအိုအတွက် တိုက်ခိုက်မယ်၊ သေရင်တောင် နောင်တမရဘူး... ဒီလိုဆိုတော့ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ဒီလိုဖြစ်လာမယ်ဆိုတာ ကြိုတွက်ထားပြီးသားလား”

“မီးလျှံမျိုးနွယ်စုနဲ့ ကပ်ဘေးမျိုးနွယ်စု တိုက်ခိုက်တုန်းက စစ်ပွဲက အရမ်းကြမ်းတမ်း ရက်စက်တယ်တဲ့၊ ဒီတစ်ခါ ရန်သူက အင်အားပိုကြီးလာဖို့ပဲ ရှိတယ်”

“ငါတို့ ကျင့်ကြံသူတွေ နှစ်ထောင်ချီ ကျင့်ကြံအားထုတ်ကြတာက ဒီလိုမျိုး တိုက်ပွဲအတွက် မဟုတ်ဘူးလား၊ ဘဝတစ်ခုရဲ့ တန်ဖိုးကို သက်သေပြဖို့ မဟုတ်ဘူးလား၊ တာအိုရောင်းရင်းတို့... အင်မော်တယ်ကမ္ဘာအစွန်းကို အတူတူ သွားရအောင်”

“ကောင်းတယ်... အချိန်ကောင်းပဲ”

“ငါတို့တွေ ဧကရာဇ်အဆင့်တောင် မရောက်သေးတဲ့ ကျင့်ကြံသူတွေ တိုက်ပွဲထဲသွားတာက နယ်ရုပ်နဲ့ ဘာထူးမှာလဲ”

ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲမှာပဲ ရှိနေပါသေးတယ်။ ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲမှာ တစ်ကိုယ်လုံး ရတနာတွေ ဆင်မြန်းထားတဲ့အတွက် ရန်သူတွေ လက်ချက်နဲ့ တစ်ချက်တည်း အသတ်မခံရတော့ပါဘူး။ ဒီလိုပဲ ဟန်ကျွယ်ကလည်း ရန်သူတွေကို တစ်ချက်တည်း မသတ်နိုင်ပါဘူး။

ဟန်ကျွယ်ဟာ တိုက်ပွဲပေါင်း ထောင်ချီ တိုက်ခိုက်ပြီးတာတောင် ရန်သူတွေကို တစ်ချက်တည်း အပြတ်ရှင်းနိုင်မဲ့ နည်းလမ်းကို ရှာမတွေ့သေးပါဘူး။

ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲကို အဆုံးသတ်ပြီး နောက်တစ်ပွဲစဖို့ ပြင်လိုက်ပါတယ်။ ဒီအချိန်မှာပဲ စွမ်းအားကြီးရောင်ဝါနှစ်ခု ကောင်းကင်တာအိုဆီ ချဉ်းကပ်လာတာကို ဟန်ကျွယ် ခံစားမိလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ချက်ချင်းပဲ အသွင်တူ လက်ရည်စမ်းပွဲကို အသုံးပြုလိုက်ပါတယ်။ လက်ရှိစနစ်က အရင်ကထက် အများကြီး ပိုကောင်းနေပြီ ဖြစ်တဲ့အတွက် ကောင်းကင်တာအို အပြင်ဘက် နယ်မြေတွေမှာရှိတဲ့ ထိပ်သီးကျင့်ကြံသူတွေကို လှမ်းထောက်လှမ်းလို့ ရနေပါပြီ။

ဟန်ကျွယ်ဟာ တာအိုပညာရှိအောက်မှာရှိတဲ့ ကျင့်ကြံသူတွေကို ဖယ်ထုတ်လိုက်တဲ့အတွက် အသစ်ရောက်လာတဲ့ လူနှစ်ယောက်ကို ချက်ချင်း ရှာတွေ့သွားပါတယ်။

[ရှန်ပေါင် တာအိုကျင့်ကြံသူ: မဟာတာအို လောကဦးပဋိပက္ခ ထိပ်ဆုံးအဆင့်၊ မဟာတာအို နတ်စိတ်ဝိညာဉ်။]

[ဟန့်ဖေး: မဟာတာအို လောကဦးပဋိပက္ခ ထိပ်ဆုံးအဆင့်၊ တာအိုဖြတ်ကျော် ဆရာကြီး။]

ဟန်ကျွယ်ဟာ အလျင်မလိုပါဘူး။ အပြင်ဘက်မှာ မဟာဟင်းလင်းပြင်ဝိညာဉ် ရှိသေးတယ် မဟုတ်ပါလား။

ဟန်ကျွယ်ဟာ မတော်တဆဖြစ်မှာ စိုးတဲ့အတွက် အသွင်တူ လက်ရည်စမ်းပွဲထဲမှာ ပထဆုံး တိုက်ခိုက်ကြပါတယ်။ ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး အသွင်တူ လက်ရည်စမ်းပွဲထဲ ဝင်လိုက်ပါတယ်။

အသက်ရှူကြိမ် ဆယ်ကြိမ် ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ရုတ်တရက် မျက်လုံးဖွင့်လိုက်ပါတယ်။

“သေစမ်း... ဘာလဲဟ...”

ဟန်ကျွယ်ဟာ ကျိန်ဆဲပြီး အသွင်တူ လက်ရည်စမ်းပွဲထဲ ထပ်ဝင်လိုက်ပါတယ်။ အသက်ရှူကြိမ် နှစ်ဆယ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး အသက်ရှူထုတ်လိုက်ပါတယ်။

‘တော်သေးတယ်၊ ငါ အသွင်တူ လက်ရည်စမ်းပွဲထဲဝင်ပြီး တိုက်ခိုက်ကြည့်ပေလို့... မဟုတ်ရင် ငါ ဒုက္ခရောက်မှာ...’

ပထမတိုက်ပွဲမှာ ဟန်ကျွယ်ဟာ အငိုက်မိပြီး ရှန်ပေါင် တာအိုကျင့်ကြံသူရဲ့ လျှို့ဝှက်ဆန်းကြယ် အကောင်းစား ရတနာကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပါတယ်။ ဟန်ကျွယ်ဟာ သူ့ခန္ဓာကိုယ်ကို ဘယ်လိုမှ လှုပ်ရှားလို့ မရတဲ့အတွက် အသွင်တူ လက်ရည်စမ်းပွဲကို ချက်ချင်း အဆုံးသတ်လိုက်ပါတယ်။ ဒါက စနစ် တွက်ချက်ထားတဲ့ ဖြစ်နိုင်ခြေနဲ့ အတူတူပါပဲ။

ဒုတိယတိုက်ပွဲမှာတော့ ဟန်ကျွယ်ဟာ အစားထိုး နတ်ဘီလူးရဲ့ စွမ်းအားကို အသုံးပြုပြီး လျှို့ဝှက်ဆန်းကြယ် အကောင်းစား ရတနာရဲ့ တိုက်ခိုက်မှုကို ရှောင်ရှားလိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ရှန်ပေါင် တာအိုကျင့်ကြံသူကို အသာလေး ဖိနှိပ်လိုက်ပါတယ်။

ဒီအကောင်းစား ရတနာက တစ်ခါပဲ အသုံးပြုလို့ရလို့ တော်ပါသေးတယ်။

ရှန်ပေါင်တာအိုကျင့်ကြံသူက လုံးဝကို ပြင်ဆင်လာတာပါ။

ဟန်ကျွယ်ဟာ နိုးနိုးကြားကြား ဖြစ်သွားပြီး နောက်ကျရင်လည်း စိတ်လိုက်မာန်ပါ မလုပ်ဖို့ ကိုယ့်ကိုယ်ကိုယ် သတိပေးလိုက်ပါတယ်။ ကျင့်ကြံမှုအဆင့်က တူပေမဲ့ ဓမ္မရတနာတွေက မကုန်ဆုံးနိုင်အောင် ရှိနေတာပါ။

ဟန်ကျွယ်ဟာ ရှန်ပေါင် တာအိုကျင့်ကြံသူက ဒီရတနာကို တခြားလူတစ်ယောက်ဆီက ငှားလာတာလို့ ခန့်မှန်းလိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ ကြိုတင်တွက်ချက်မှုကြောင့်သာ မဟုတ်ရင် ဟန်ကျွယ် အသတ်ခံရ‌ကောင်း အသတ်ခံရနိုင်ပါတယ်။ ဟန်ကျွယ်သာ အသတ်ခံရရင် ကောင်းကင်တာအို ဖျက်ဆီးခံရဖို့က ၁၀၀ ရာခိုင်နှုန်း ကျိန်းသေပါတယ်။ ဟန်ကျွယ်ဟာ ပိတ်မိနေတုန်းမှာလည်း ရန်သူက ကောင်းကင်တာအိုကို ဖျက်ဆီးနိုင်ကောင်း ဖျက်ဆီးနိုင်လောက်ပါတယ်။

ဟန်ကျွယ်ဟာ ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ မျက်လုံးထဲမှာလည်း သတ်ဖြတ်ငွေ့ လျှံထွက်သွားပါတယ်။ တစ်ဖက်လူက သတ်ကွက် ရှိတဲ့အတွက် သူ့ကို ပစ်မှတ်ထားတယ်ဆိုတာ သိသာလှပါတယ်။

ဟန်ကျွယ်ဟာ တစ်စုံတစ်ခုကို တွေးမိပြီး စိတ်ထဲမှာ မေးလိုက်ပါတယ် “ရှန်ပေါင် တာအိုကျင့်ကြံသူမှာ နောက်ခံရှိသေးလား”

[သက်တမ်း ၃၀၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[မရှိပါ။]

ဟန်ကျွယ်ဟာ ပြုံးပြီး တာအိုဘုံကျောင်းထဲကနေ ခုန်ထွက်ဖို့ ပြင်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ တစ်စုံတစ်ခုကို ထပ်တွေးမိတာကြောင့် ခုန်မထွက်သေးဘဲ စနစ်ကို ထပ်မေးလိုက်ပါတယ် “ရှန်ပေါင် တာာအိုကျင့်ကြံသူ ဖိတ်ခေါ်ထားတဲ့ အစွမ်းအထက်ဆုံး ကူညီသူက ဘယ်သူလဲ”

[သက်တမ်း ၃၀၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

‘ဘီလီယံ ၃၀၀ တောင်...’

ရုတ်တရက်ဆိုသလို ဟန်ကျွယ်ဟာ ဆဲချင်စိတ် ပေါက်သွားပါတယ် ‘ဒီခွေးကောင်က ဝှက်ဖဲ ရှိနေသေးတာလား...’

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters