မထိုက်တန်သေးဘူး
Vol. 9 Ch. 17
လင်ဒါက လေ့ကျင့်ရေးကွင်းကို တိုက်ရိုက်ဝင်သွားတယ်။ ဝင်သွားပြီးမကြာခင်မှာပဲ ပလာဒင်နည်းပညာချပ်ဝတ်တွေဝတ်ထားပြီး ပစ်မှတ်တွေကို ရိုင်ဖယ်နဲ့ချိန်ပစ်နေတဲ့ အထူးရဲတပ်ဖွဲ့ဝင် ငါးယောက်ကိုသူတို့မြင်လိုက်ရတယ်။ အဲဒီလူတွေနဲ့အတူ ထိပ်ပြောင်ပြောင်အရာရှိကြီးတစ်ယောက်ကို ထပ်တွေ့ရပြန်တယ်။
“အရာရှိ၊ ဘာလို့အထက်လူကြီးတွေအကုန်လုံးက ထိပ်ပြောင်နေကြတာလဲဟင်။” ဆိုင်းရပ်က ခေါင်းကုပ်လိုက်ရင်း လင်ဒါကိုမေးတယ်။ လင်ဒါကတော့ ဘယ်လိုပြန်ဖြေရမှန်းမသိဘဲ ဆွံအသွားပါလေရော။
“တပ်ဖွဲ့မှူး၊ ကျွန်မက လင်ဒါပါ။ ရဲမှူးချုပ်က အထူးတပ်ဖွဲ့ရဲ့ဝတ်စုံနဲ့ပတ်သက်ပြီး ရှင်အကူအညီလိုနေတယ်ဆိုလို့ လွှတ်လိုက်တာပါ။”
လင်ဒါရဲ့စကားကြောင့် တပ်မှူးကြီးက လှည့်ကြည့်တယ်။ ဒီတပ်မှူးက လွန်ခဲ့တဲ့နှစ်တွေတုန်းက နယူးယောက်တိုက်ခိုက်မှုမှာ တာဝန်ယူခဲ့တဲ့ S.W.A.T တပ်မှူးကို ဆက်ခံတဲ့သူပါ။ လင်ဒါကိုမြင်တော့ သူ့မျက်နှာက ချက်ချင်းဝင်းပသွားတယ်။
“အရာရှိလင်ဒါပါလား၊ ခင်ဗျားနဲ့တွေ့ရတာ ဂုဏ်ယူစရာပဲ။” တပ်မှူးက လင်ဒါကို လက်ဆွဲနှုတ်ဆက်တယ်။ အဲဒီနောက် လင်ဒါက လေ့ကျင့်နေတဲ့တပ်ဖွဲ့ဝင်တွေကို ကြည့်လိုက်ပြီးတဲ့နောက် စားပွဲပေါ်မှာတင်ထားတဲ့ စမ်းသပ်ပုံစံလက်နက်တွေကိုကြည့်ကာ မေးလိုက်တယ်။
“အလင်းဒြပ်စင်လက်နက်တွေကို စမ်းသုံးကြည့်ဖို့ပြင်ဆင်နေတာလား။” စားပွဲပေါ်က လက်နက်တချို့က မဟာမိတ်ကတီထွင်ထားတဲ့ လက်နက်တွေပါ။
“ဟုတ််တယ်၊ ဒါပေမဲ့ ဒီလက်နက်တွေက ပြန်ကန်အားကောင်းလွန်းတယ်။ ဒီတော့ ပုံမှန်ပလာဒင်ဝတ်စုံတွေက အဲဒီအားကို တောင့်မခံနိုင်ဘူးဖြစ်နေတာ။”
တပ်မှူးက ပြောလိုက်ပြီး စံရိုင်ဖယ်တစ်ခုနဲ့တူတဲ့ ဒြပ်စင်လက်နက်ကို လင်ဒါလက်ထဲထည့်ပေးလိုက်ပြီးပြောပါတယ်။ လင်ဒါက သေနတ်နဲ့မော်ဒယ်နဲ့ထုတ်လုပ်သူကိုစစ်ကြည့်တော့ ပန်ဒရာဂွန်လုပ်ငန်းစုက ထောက်ပံပေးထားတာမှန်း ချက်ချင်းသတိထားမိလိုက်လေရဲ့။
“ကြည့်ရတာ မဟာမိတ်က သူတို့အဖွဲ့ဝင်တွေရဲ့တိုက်ပွဲစွမ်းအားကို အလျင်အမြန်တိုးမြှင့်ဖို့လုပ်နေပုံပဲ။”
လင်ဒါက ပြောလိုက်တော့ တပ်မှူးကလည်း ပြန်ဖြေတယ်။ “ဟုတ်တယ်၊ ပြဿနာက ပလာဒင်ဝတ်စုံတွေရဲ့စွမ်းရည်က ဒီအတွက်မလုံလောက်ဘူး။ ဒီအလင်းဒြပ်စင်မော်ဒယ် Junoက ပိုးကောင်တွေကိုဖျက်ဆီးဖို့ အထူးဖန်တီးထားပေမဲ့ သာမန်စစ်သည်တွေက သူ့ကို မသုံးနိုင်ဘူး။”
“ကျွန်မ စမ်းကြည့်လို့ရမလား။” လင်ဒါက မေးတော့ တပ်မှူးကလည်း ခေါင်းညိတ်ပြတဲ့အတွက် လင်ဒါက ဆိုင်းရပ်ကိုကြည့်လိုက်တယ်။
“ထိုင်စရာနေရာတစ်ခုခုရှာပြီး ထိုင်စောင့်နေလိုက်။ ဒီမှာနည်းနည်းကြာမယ်ထင်တယ်။”
ဆိုင်းရပ်လည်း လင်ဒါ့အကြံအတိုင်းပဲ စမ်းသပ်ခန်းထဲက ခုံတန်းတစ်ခုမှာ သေတ္တာနဲ့အတူဝင်ထိုင်နေလိုက်တယ်။ လင်ဒါကတော့ အထူးတပ်ဖွဲ့က ဝတ်စုံတစ်ခုကိုဝတ်လိုက်ပြီး ပစ်ကွင်းမှာ အလင်းဒြပ်စင်သေနတ်နဲ့အတူ ရပ်လိုက်ပါတယ်။
ဘုန်း....
လင်ဒါက သေနတ်မောင်းကိုဆွဲလိုက်တာနဲ့ အားပြင်းတဲ့ အလင်းဒြပ်စင်ပစ်ချက်ထွက်ပေါ်လာတယ်။ မစ်ရှင်အဖွဲ့က အလင်းဒြပ်စင်လက်နက်တွေနဲ့ယှဥ်ရင် သိပ်ပြီးအားမပြင်းပေမဲ့ တင့်ကားအပေါ့စားတစ်ခုကို ဖျက်ဆီးပစ်နိုင်လောက်အောင် အားပြင်းတဲ့ပစ်ချက်ပါ။ ဒါပေမဲ့ လင်ဒါက အဲဒီတစ်ချက်ကိုပစ်ပြီးတာနဲ့ ဟန်ချက်ပျက်ကာ လေထုထဲမြောက်တက်သွားပြီး နံရံနဲ့ဝင်တိုက်မိတော့မလိုဖြစ်သွားတယ်။
“ဟုတ်ပြီ၊ ပြဿနာကိုလည်း ကိုယ်တိုင်ခံစားရပြီးပြီဆိုတော့ ဘာလုပ်ရမလဲ သိပြီထင်တာပဲ။”
လင်ဒါက သေနတ်ကို နေရာတကျပြန်ထားလိုက်ပြီး ပလာဒင်ဝတ်စုံကို ချွတ်လိုက်တယ်။ အဲဒီနောက် တပ်မှူးကိုကြည့်လိုက်ပြီး “ဝတ်စုံက တကယ်ပဲပြန်ကန်အားကိုမခံနိုင်ပေမဲ့ အကြီးစားပြင်ဆင်မှုလိုအပ်တဲ့ပုံတော့မပေါ်ဘူး။ ကျွန်မတို့တွေ အထောက်အပံပစ္စည်းတစ်ခုတပ်ပေးရုံနဲ့တင် အဆင်ပြေလိမ့်မယ်ထင်တယ်။”
“အင်း၊ ဒါက ဆိုးတော့မဆိုးပေမဲ့ ငါတို့ရဲဌာနချုပ်မှာက အဲဒီလိုအကူပစ္စည်းမျိုးဒီဇိုင်းဆွဲနိုင်မယ့် ပညာရှင်မျိုးမရှိမှာစိုးရတယ်။ ဒီဌာနမှာက ပြုပြင်ထိန်းသိမ်းရေးလောက်ပဲလုပ်တာလေ။”
“စိတ်မပူပါနဲ့၊ ကျွန်မ လူတစ်ယောက်ကိုသိတယ်။” လင်ဒါက တပ်မှူးကိုပြောလိုက်ပြီး ခါးပတ်မှာချိတ်ထားတဲ့ ဖုန်းကိုဖြုတ်ယူကာ နံပါတ်တစ်ခုကိုရိုက်နှိပ်လိုက်တယ်။
...
“နင်ရောက်လာတာကောင်းတယ် နျူရေ၊ ငါက နင်မလာလောက်ဘူးထင်နေတာ။” လီဆာက စမ်းသပ်ခန်းထဲဝင်လာတဲ့ နူရေကို ပြောလိုက်တယ်။ နျူရေက ခါတိုင်းလိုကျောင်းဝတ်စုံဝတ်မထားဘဲ လက်ပြတ်အင်္ကျီနဲ့ ဂျင်းဘောင်းဘီကိုဝတ်ထားတာ။ သူက လင်ဒါကိုတွေ့တော့ အခုလိုပြောလိုက်တယ်။
“ကျောင်းပိတ်ရက်ဆိုတော့ အိမ်မှာဘာမှလုပ်စရာမရှိတာနဲ့ အီဗန်နဲ့အွန်လိုင်းမှာ အခုနာမည်ကြီးနေတဲ့ သုခရိပ်မြုံဂိမ်းကစားနေတာလေ။ ပြီးတော့ ဆရာမရဲ့သတို့သားလောင်းလေးဆီကနေ အကူအညီတောင်းတာကို ဘယ်လိုလုပ်လစ်လျူရှုလို့ရမှာလဲ။”
လင်ဒါကတော့ စကားတတ်လွန်းတဲ့ နျူရေကြောင့် လေပေါ်မြောက်တက်တော့မယ်။ မျက်နှာတစ်ခုလုံး နီမြန်းနေတာပဲ။ တကယ်လည်း လင်ဒါက သတို့သားလောင်းတစ်ယောက်လိုဝတ်ပြီး မက်ဒါနာကို ချိန်းတွေ့ဖူးတာကိုး။ ဆိုင်းရပ်ကတော့ အဲဒီစကားစုကို နားလည်တဲ့ပုံမပေါ်ဘူး။
“နားလည်ပြီ၊ သေနတ်ပစ်လိုက်တိုင်း နောက်ကိုပြန်ကန်မထွက်အောင် ကူညီပေးနိုင်မယ့် ကိရိယာမျိုးကို လိုတာပေါ့။ စိတ်ထဲတွေးထားတာတော့ရှိတယ်။ ဒီဇိုင်းဆွဲဖို့အတွက် နေရာရှိလား။”
လင်ဒါက နျူရေပြဿနာကို ကိုယ်တိုင်မြင်နိုင်အောင် ထပ်ပြီးသရုပ်ပြတယ်။ နျူရေက ချက်ချင်းပဲ ပြဿနာကိုသတိထားမိသွားပြီး ဒီဇိုင်းစဆွဲဖို့လုပ်ပါတယ်။ တပ်မှူးကြီးကတော့ ဒီလောက်ငယ်တဲ့ ကလေးမလေးတစ်ယောက်က ဟီးရိုးအကူပစ္စည်း ဒီဇိုင်နာဖြစ်နေတာကို အံ့ဩပြီးမယုံနိုင်လောက်အောင် ဖြစ်နေပေမဲ့ လင်ဒါကိုယုံစားပြီး ဌာနချုပ်စမ်းသပ်ခန်းရဲ့ကွန်ပျူတာခန်းဆီ လမ်းပြပေးတယ်။
....
ကွန်ပျူတာခန်းရောက်တော့ လင်ဒါက ခုံအလွတ်တစ်လုံးမှာ ထိုင်ချလိုက်ပြီး နာကျင်နေတဲ့ပခုံးကို ထပ်ပြီးဆုပ်ကိုင်ထားလိုက်တယ်။ အရိပ်တကြည့်ကြည့်လုပ်နေတဲ့ ဆိုင်းရပ်ကတော့ လင်ဒါကိုကြည့်နေရင်း စိုးရိမ်လာတယ်။
“အရာရှိ၊ ဒဏ်ရာက နာနေပြန်ပြီလား။” ဆိုင်းရပ်က မေးတော့ လင်ဒါက ပြန်ပြုံးပြတယ်။
“သိပ်တော့ စိုးရိမ်စရာမရှိပါဘူး၊ နည်းနည်းလှုပ်ရှားမိလိုက်လို့ထင်တယ်။”
လင်ဒါနဲ့စကားပြောနေရင်းကနေ ဆိုင်းရပ်က လင်ဒါ့ဝတ်စုံကို ပြင်မယ့်နေရာဆီ မပို့ရသေးတာ သတိရသွားပြီ။ “အရာရှိ၊ ကျွန်တော်ပြုပြင်ရေးဌာနဆီ ဝတ်စုံသွားပို့လိုက်ဦးမယ်။ ဒါမှ အသုံးလိုရင် အသင့်ဖြစ်နေမှာမဟုတ်လား။”
ဆိုင်းရပ်ကို လင်ဒါက ခေါင်းညိတ်ပြတယ်။ ဆိုင်းရပ်လည်း ကွန်ပျူတာခန်းထဲကနေ ထွက်သွားလေရဲ့။ လင်ဒါကတော့ နျူရေအကူပစ္စည်းကို ဒီဇိုင်းဆွဲနေတာကို ဆက်စောင့်ကြည့်တယ်။
....
“ပြီးသွားပြီ။” နာရီပေါင်းများစွာ ကြာသွားပြီးနောက်တော့ နျူရေက အကျောဆန့်လိုက်ရင်း ပြောလိုက်တယ်။ ဒီဇိုင်းဆွဲလို့ပြီးသွားပြီဖြစ်ပြီး နမူနာပစ္စည်းထုတ်ဖို့အတွက်ကလည်း ဘယ်လောက်မှမခက်ခဲဘူး။ သူတို့က စမ်းသပ်ခန်းမှာမဟုတ်လား။
တစ်ခုပဲရှိတာက ဆိုင်းရပ်တစ်ယောက် အိပ်ပျော်သွားပြီး နျူရေအသံထွက်လာမှ ထယောင်ပြီးအော်မိတာပဲ။ နောက်မှ သူက ရှက်သွားပြီး အကုန်လုံးကို လိုက်တောင်းပန်တယ်။
“ဒီပစ္စည်းက နည်းပညာဝတ်စုံရဲ့ဖနောင့်နေရာမှာတပ်လို့ရတဲ့ဟာ။ အလင်းဒြပ်စင်လက်နက်ကိုပစ်တဲ့အခါတိုင်း ဝတ်စုံစနစ်က သူ့ကိုအသက်သွင်းပြီး ကုပ်အားပိုရအောင် ကျောက်ဆူးကိုမြေကြီးထဲစိုက်သွင်းပေးလိမ့်မယ်။ ဒါဆိုရင် ဟန်ချက်ထိန်းဖို့အဆင်ပြေသွားလိမ့်မယ်။” နျူရေက နမူနာပစ္စည်းကို ချက်ချင်းပဲ အထူးဒရီးဒီပရင့်တာနဲ့ပရင့်ထုတ်လိုက်ပြီး ပြောတယ်။
လင်ဒါက အပိုပစ္စည်းကိုကြည့်လိုက်တယ်။ ခပ်သေးသေးပဲဖြစ်ပြီး မြင်းခွာနဲ့တူပါတယ်။ “တကယ်အလုပ်ဖြစ်မဖြစ် စမ်းကြည့်ကြမလား။”
နျူရေလည်း လင်ဒါကို ခေါင်းညိတ်ပြလိုက်တယ်။ လင်ဒါက ပလာဒင်ဝတ်စုံတစ်စုံမှာ အဲဒီမြင်းခွာပုံစံကိရိယာကိုတပ်ပြီး ဝတ်စုံပြည့်ဝတ်လိုက်တယ်။ နောက်တော့ အလင်းဒြပ်စင်သေနတ်ကိုကိုင်ပြီး ဆက်စမ်းသပ်တယ်။ အရင်တစ်ခါလို ပြန်ကန်မထွက်တော့ဘူး။
“အရာရှိလင်ဒါက တခြားသူတွေကို ကူညီဖို့လုပ်နေရင်းနဲ့ သူ့ကိုယ်တိုင်လုပ်ရမယ့်ကိစ္စတွေကိုတောင် မေ့နေတာလဲ။”
ဆိုင်းရပ်က လေ့ကျင့်ရေးကွင်းထဲ အလုပ်ရှုပ်နေတဲ့ လင်ဒါကိုကြည့်ရင်း ခေါင်းခါလိုက်တယ်။ နျူရေက ဆိုင်းရပ်ကို လှည့်ကြည့်ပြီး မေးလိုက်တယ်။
“အစ်မကြီးလင်ဒါမှာ အရေးကြီးကိစ္စတစ်ခုခုလုပ်စရာရှိလို့လား။”
ဆိုင်းရပ်က လင်ဒါရဲ့ဝတ်စုံက ငွေရောင်စစ်သည်နဲ့တူလွန်းပြီး လင်ဒါမှာကိုယ်ပိုင်တိုက်ခိုက်ရေးပုံစံမရှိဖြစ်နေတဲ့အကြောင်း ရှင်းပြလိုက်တယ်။ နျူရေကတော့ သူ့ပေါင်ကိုသူ ပုတ်လိုက်ပြီး
“နားလည်ပြီ၊ အခုကိစ္စပြီးရင် အစ်မကြီးလင်ဒါနဲ့ကိုက်မယ့် လက်နက်အမျိုးအစားတစ်ခုခု ရွေးပေးတာကောင်းမယ်ထင်တယ်။”
သူတို့စကားပြောနေတုန်း လင်ဒါက လေ့ကျင့်ရေးကွင်းထဲကနေ ပြန်ထွက်လာတယ်။ တစ်ပြိုင်နက်တည်းဆိုသလိုပဲ ပြုပြင်ရေးအဖွဲ့က လင်ဒါရဲ့ပြင်ပြီးတဲ့ဝတ်စုံကို ဆိုင်းရပ်ဆီလာပေးပါတယ်။
“ဆိုင်းရပ်၊ ဝတ်စုံကိစ္စလည်းပြီးပြီဆိုတော့ ငါတို့စခန်းပြန်ရအောင်။” လင်ဒါကပြောတော့ ဆိုင်းရပ်က ခေါင်းခါပြတယ်။
“အရာရှိ၊ ဝတ်စုံကိစ္စက မပြီးသေးပါဘူး။ ကျွန်တော်တို့ အရာရှိလင်ဒါနဲ့လိုက်မယ့် တိုက်ခိုက်ရေးပုံစံကိုရှာဖို့လိုတယ်။”
“ဟမ်...”
....
“အဟမ်း... အဟမ်း... စမ်းသပ်ချက်အမှတ်စဥ် ၂၂။ဒီတစ်ခါတော့ ဧရာမဒိုင်းကြီးကိုကိုင်ပြီး စမ်းကြမယ်။
ရန်သူကတော့ ခါတိုင်းလိုပဲ စမ်းသပ်ခန်းသုံးစက်ရုပ်တွေပါ။”
နျူရေနဲ့ဆိုင်းရပ်က လေ့ကျင့်ရေးကွင်းအလယ်မှာ ဒိုင်းနက်ကြီးတစ်ခုနဲ့အတူရပ်နေတဲ့ လင်ဒါကိုစောင့်ကြည့်နေတယ်။ လင်ဒါက စက်ရုပ်တွေကို အနိုင်ယူခဲ့ပေမဲ့ သူ့တိုက်ပုံခိုက်ပုံက ဒီတစ်ခါလည်း အသားမကျပြန်ပါဘူး။ အကုန်လုံးကို ငါးမိနစ်နဲ့အနိုင်ယူပြီးတဲ့နောက်တော့ သူက နျူရေတို့နဲ့အတူပြန်လာထိုင်တယ်။
“ဒီတစ်ခါလည်း အဆင်မပြေပြန်ဘူး၊ သုံးလို့ကရပေမဲ့ ငါနဲ့လိုက်တယ်လို့ကို နည်းနည်းမှမထင်တာ။” လင်ဒါက နဖူးပေါ်လက်တင်ရင်း မျက်နှာကျက်ကိုပဲ စိုက်ကြည့်နေမိတယ်။ နျူရေလည်း အကြံကုန်နေပြီဖြစ်ပြီး ရူးချင်စိတ်တောင် ပေါက်လာပါပြီ။
“ရဲဌာနချုပ်မှာရှိသမျှ လက်နက်တွေနဲ့စမ်းကြည့်ပြီးသွားပြီဥစ္စာကို ဘာလို့သူနဲ့တစ်ခုမှမကိုက်တာလဲ။” သူတို့ရောက်နေတဲ့နေရာက ရဲဌာနချုပ်စမ်းသပ်ခန်းမလို့သာ တော်တော့တယ်။ ဒီနေရာမှာက စမ်းသပ်ဖို့အတွက် လက်နက်အမျိုးအစားပေါင်းစုံရှိပါတယ်။ မစ်ရှင်အဖွဲ့ရဲ့ကျောင်းစမ်းသပ်ခန်းမှာက မက်ဒါနာရဲ့လက်နက်နမူနာတွေရှိပေမဲ့ ဒီလောက်ပုံစံမစုံဘူး။
“ဒီတလောကလုံးမှာ ငါနဲ့ကိုက်မယ့်လက်နက်မရှိဘူးထင်တာပဲ၊ ပြန်ကြရအောင်။” လင်ဒါက စိတ်ပျက်ပျက်နဲ့နည်းပညာဝတ်စုံကို ပြန်သိမ်းပြီးစမ်းသပ်ခန်းထဲက ထွက်ဖို့ပြင်တယ်။ ဆိုင်းရပ်ကတော့ မခံမရပ်နိုင်တဲ့ပုံစံနဲ့ နောက်ကလိုက်လာတယ်။ ဒါပေမဲ့ လင်ဒါက စင်္ကြံလမ်းပေါ်ကိုရောက်နေပြီမလို့ အတော်ကြာမှ လိုက်မီလာပြီး လင်ဒါ့ရှေ့ကိုပြေးတက်ကာ လမ်းကိုပိတ်ရပ်လိုက်တယ်။
“အရာရှိက ဘာအတွက်ဟီးရိုးတစ်ယောက်ဖြစ်လာတာလဲ။ ဟီးရိုးတစ်ယောက်က အလွယ်တကူလက်မလျှော့သင့်ဘူးမဟုတ်လား။”
လင်ဒါက ဆိုင်းရပ်ကို မယုံနိုင်တဲ့အကြည့်တွေနဲ့ ကြည့်လိုက်တယ်။ ဒီကောင်လေး ဘာကြောင့်စိတ်အားထက်သန်နေမှန်း သူမသိဘူး။ တခြားတစ်ဖက်မှာလည်း သူလက်လျှော့မိတဲ့အတွက် ဆိုင်းရပ်ကို မျက်နှာချင်းမဆိုင်နိုင်ပြန်ဘူး။ အဲဒီအစား မျက်လွှာကိုချပြီး ကြမ်းပြင်ကိုပဲ ငုံကြည့်နေမိတယ်။ သူတို့နောက်က လိုက်ထွက်လာတဲ့နျူရေရတော့ အခြေအနေကို ငြိမ်ပြီးကြည့်နေပါတယ်။
“ငါက... ဘယ်တုန်းကမှ ဟီးရိုးဖြစ်ချင်ခဲ့တာ မဟုတ်ဘူးလေ။ ဒီအတိုင်း... ရဲအရာရှိတစ်ယောက်ပါပဲ။”
တကယ်လည်း လင်ဒါက ဘယ်တုန်းကမှ ဟီးရိုးဖြစ်ချင်တာမဟုတ်ဘူး။ မစ်ရှင်အဖွဲ့ထဲရောက်လာရတာကလည်း မက်ဒါနာကြောင့်ပါ။ အဲဒီဝတ်စုံကြောင့်သာမဟုတ်ရင် ဒီက S rankလို့ပြောလို့ရပါ့မလား။ ပြီးတော့ သူ့စွမ်းအားက အမြဲတမ်းအလုပ်ဖြစ်တဲ့အရာမျိုးမဟုတ်ဘူး။
“အဓိပ္ပါယ်မရှိတာပဲဗျ၊ ဒီလောက်ကြီးမားတဲ့စွမ်းအားကို ပိုင်ဆိုင်ထားပြီး ဟီးရိုးတစ်ယောက်ရဲ့တာဝန်တွေကို ထမ်းဆောင်နေရမယ့်သူက ဟီးရိုးမဖြစ်ချင်တာနဲ့ ရဲတစ်ယောက်ပြန်လာလုပ်နေတာလား။”
“ဟုတ်တယ်... ငါ့က ဟီးရိုးဖြစ်မလာနိုင်တဲ့အတွက် ရဲတစ်ယောက်ပြန်လုပ်ဖို့ ဆုံးဖြတ်ခဲ့တာပဲ။”
လင်ဒါက တီးတိုးပြန်ပြောတဲ့အတွက် ဆိုင်းရပ်က သည်းမခံနိုင်တော့ဘဲ လင်ဒါရဲ့ပခုံးနှစ်ဖက်ကို လက်နဲ့ဖမ်းဆုပ်ပြီး လင်ဒါရဲ့ခန္ဓာကိုယ်ကိုနံရံနဲ့ကပ်ထားလိုက်တယ်။
“ဒါဆိုရင် ဘာလို့ခင်ဗျားက ရဲတစ်ယောက်ဖြစ်လာတာလဲ။ ရဲတစ်ယောက်ရဲ့တာဝန်က လူတွေကိုကာကွယ်ဖို့နဲ့ ဥပဒေကိုထိန်းကြောင်းဖို့မဟုတ်လား။ ရဲတစ်ယောက်ရဲ့တာဝန်တွေကို ဟီးရိုးအဖြစ်နဲ့ ထမ်းဆောင်လို့ရနေတာပဲ။ ခင်ဗျားက ဟီးရိုးမဖြစ်လာနိုင်ဘူးဆိုရင် ရဲကောင်းတစ်ယောက်လည်း မဖြစ်လာနိုင်ဘူးလို့ ဆိုလိုတာပဲ။”
“ရဲကောင်းတစ်ယောက် ဖြစ်မလာနိုင်ဘူး....” လင်ဒါက ဆိုင်းရပ်ကို တုန်လှုပ်နေတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်မိတယ်။ သူ့စိတ်ထဲမှာ တစ်စုံတစ်ယောက်ရဲ့ကျောပြင်ကို မြင်ယောင်လာလို့ပါ။
‘ဟီးရိုးတစ်ယောက်အဖြစ်နဲ့ ရဲတစ်ယောက်တဲ့တာဝန်ကို ထမ်းဆောင်ရမယ်...’ ဒါက သူရင်းနှီးနေတဲ့စကားနဲ့ အတိအကျကြီးမတူပေမဲ့ သိပ်ကိုဆင်တူနေတဲ့စကားမဟုတ်လား။ ‘ကျုပ်က ဟီးရိုးလည်းဖြစ်သလို ရှေ့နေလည်းဖြစ်တဲ့ မစ္စတာဂျက်စတစ်ပဲ။’
“ခင်ဗျားအဖေက ရှေ့နေဟီးရိုးမဟုတ်လား၊ ခင်ဗျားက သူ့သမီးအနေနဲ့ သူ့မျက်နှာကို အိုးမည်းသုတ်နေတာပဲ။”
ဆိုင်းရပ်က လင်ဒါကို လွှတ်ပေးလိုက်တယ်။ လင်ဒါရဲ့မျက်လုံးကနေ မျက်ရည်တွေစီးကျလာတယ်။ သူအတိတ်က အရာတွေကို ပြန်တွေးမိရင်း နှလုံးသားထဲမှာ သိပ်ကိုနာကျည်းလာမိတယ်။ ငယ်ငယ်တည်းက သူက သူ့အဖေလိုပဲ ဖြစ်ချင်ခဲ့တာ။ အဖေလုပ်တဲ့သူလုပ်ကြံမှုတစ်ခုကြောင့် ဟီးရိုးလောကကနေ အနားယူလိုက်ရကတည်းက သူ့ကိုယ်သူ တရားမျှတမှုရဲ့မှတ်တိုင်တစ်ခုလိုဖြစ်လာဖို့ ပန်းတိုင်ချမှတ်ခဲ့တာ။ ဒါပေမဲ့ သူက တကယ်ရောအဲဒီလိုဖြစ်လာဖို့ အရည်အချင်းပြည့်မီရဲ့လား။
“ဟုတ်တယ်၊ ငါက တကယ့်ကို အရည်အချင်းမရှိ အသုံးမကျတဲ့ မစ်ရှင်အဖွဲ့ဝင်ပဲ။ ငါ့ကိုယ်ငါလက်ခံလိုက်တော့မယ်။”
လင်ဒါက သူ့ပခုံးက ကြယ်ပွင့်တွေအားလုံးကို ဆွဲဖြုတ်ပစ်လိုက်တယ်။ ဆိုင်းရပ်ကတော့ အဲဒီမြင်ကွင်းကို မယုံနိုင်စွာနဲ့ ကြည့်နေမိပါတယ်။ “နင်ပြောတာမှန်တယ်၊ ငါက အလကား သူရဲဘောကြောင်တဲ့ မိန်းမတစ်ယောက်ပဲ။ ငါက ဟီးရိုးမဖြစ်ထိုက်သလို ရဲကောင်းတစ်ယောက်လည်း မဟုတ်တော့ဘူး။”
လင်ဒါက ပြန်ထရပ်လိုက်ပြီး စမ်းသပ်ခန်းအပြင်ကို ဖြည််းဖြည်းချင်း လှမ်းလျှောက်ထွက်သွားတယ်။ “ငါမနက်ဖြန် နှုတ်ထွက်စာတင်တော့မယ်။ နင်ဘာသာနင် လုပ်ချင်လုပ်တော့။” လင်ဒါက စမ်းသပ်ခန်းထဲကနေ ပျောက်ကွယ်မသွားခင် အခုလိုပြောခဲ့တယ်။ ဆိုင်းရပ်ကတော့ အရူးတစ်ယောက်လိုမျိုး နောက်ကနေ လှမ်းအော်နေတုန်းပဲ။
“အရာရှိ၊ ခင်ဗျားရူးနေပြီလား။” ဆိုင်းရပ်က လည်ချောင်းကွဲမတတ် အော်ဟစ်ပြီးမှ သူ့လက်ထဲက သေတ္တာကို သတိရသွားတယ်။ နျူရေကတော့ သူတို့ကို လက်ပိုက်ပြီးကြည့်နေတုန်းပဲ။
“ကောင်မလေး၊ နင်က မစ်ရှင်အဖွဲ့ရဲ့ကျောင်းမှာတက်နေတာမလား။ ဒီဝတ်စုံကို သူတို့ဆီ ပြန်ပေးလိုက်တော့။ ဒီဝတ်စုံကို သူမလိုတော့ဘူးထင်တယ်။”
ဆိုင်းရပ်က နျူရေရဲ့လက်ထဲ သေတ္တာထည့်ပေးလိုက်တယ်။ “ကျွန်မပြန်မအပ်သေးဘူး။ သူအသင့်သုံးလို့ရအောင် လိုအပ်တဲ့အဆင့်မြှင့်တင်မှုတွေ လုပ်ထားလိုက်မယ်။ သူပြန်လာမှာပါ။”
...
ဓားနတ်ဆိုးက ရေဆိုးမြောင်းတစ်ခုထဲကို ခုန်ချလိုက်ပြီး နားနဲ့ပတ်ဝန်းကျင်ကို စူးစမ်းနားထောင်တယ်။ ခနနေတော့ သူ့မျက်နှာပေါ်မှာ အပြုံးပေါ်လာပြီး အော်ဟစ်ပြောလိုက်ပါတယ်။
“ဟေး၊ ကောင်းဘွိုင်ဦးထုပ်နဲ့ကောင်။ မင်းမှာထွက်ပြေးစရာမြေမရှိတော့ဘူးကွ။ နယူးယောက်က မစ်ရှင်အဖွဲ့ရဲ့ဌာနချုပ်ပဲ။ အခုစွမ်းအင်တံတိုင်းနဲ့ မြို့ကိုပိတ်ချထားတယ်။ မင်းဒီထဲမှာပဲ သေရလိမ့်မယ်။”
“ဟားဟားဟား....” တစ်ဖက်ကနေ ဓားနတ်ဆိုးကို သရော်တဲ့ ခနဲ့တဲ့တဲ့ရယ်သံ ထွက်ပေါ်လာပါတယ်။ အဲဒီနောက် သိပ်မကြာခင်မှာပဲ ကောင်းဘွိုင်ဆီကနေပြီး တုံ့ပြန်တဲ့စကားကို ဓားနတ်ဆိုးကြားလိုက်ရပါပြီ။
“ငါက ထွက်ပြေးစရာမလိုပါဘူးကွ၊ ဘာလို့ဆိုရင် ငါ့ကိုလာခေါ်မယ့်သူတွေ ရှိနေပြီမလို့လေ။”
ချောက်... ချောက်... ချောက်....
ရုတ်တရက် ခြေသံတွေအများကြီးကို ကြားလိုက်ရတဲ့အတွက် ဓားနတ်ဆိုး မျက်လုံးပြူးသွားတယ်။ သူက မမြင်ရပေမဲ့ ခြေသံတွေအရ ပိုးကောင်အရေအတွက်ဟာ အနည်းဆုံးရာဂဏန်းအထက်မှာရှိကြောင်း ချက်ချင်းသတိပြုမိသွားတယ်။ ပြီးတော့ သူ့ရန်သူက သူနဲ့အဆင့်တူပါ။ ရန်သူသာ အရေအတွက်အသာစီးနဲ သူ့ကိုတိုက်ခိုက်လာမယ်ဆိုရင် သူချက်ချင်းလွှမ်းမိုးခံရလိမ့်မယ်။
“မင်းက ငါ့ကိုစမ်းချင်တာလား။” သူ့လက်က ချက်ချင်းဓားပေါ်ရောက်သွားတယ်။ ဒူရမ်ဒဲလ်ဓားရဲ့ကျောက်မျက်တွေက လင်းထိန်လာခဲ့ပါပြီ။
...
“မမလေး၊ ပိုးကောင်တွေဘက်က စစ်ကြေညာချက်ထွက်လာပါတယ်။ အရှေ့ဘက်ကမ်းရိုးတန်းကိုသိမ်းဖို့ ဘာရွန်ကိုယ်တိုင် တပ်မကြီးကိုဦးဆောင်ပြီး တက်လာတယ်လို့ဆိုပါတယ်။”
အယ်လိုဟင်က တီဗီကြည့်ပြီးငြိမ့်နေတဲ့ ဖရာလီတာရဲ့အခန်းထဲကို ဝင်လာပြီးတော့ သူရထားတဲ့သတင်းကို ချက်ချင်းသတင်းပို့လိုက်တယ်။ ဖရာလီတာလည်း မျက်လုံးပြူးသွားပြီး
“ဘာ၊ ငါတို့အင်အားက အတူတူပဲမလို့ သူတို့ငါတို့ဆီလာမတိုက်လောက်သေးဘူးထင်နေတာ။ ကြည့်ရတာသူတို့အတင့်ရဲလာတဲ့ပုံပဲ။ ကျန်တဲ့သူတွေကိုခေါ်လိုက်၊ ငါတို့ခံစစ်ပြင်ရမယ်။”
“ဟုတ်ကဲ့၊ မမလေး။”