← Chapters

အာရုဏ်ဦး စစ်သည် ဝူယု

Vol. 63 Ch. 869

အာရုဏ်ဦး စစ်သည် ဝူယု

Vol. 63 Ch. 869

“ကာကွယ်သူဟန်...”

ကျန်းကျိရီက နောက်တစ်ကြိမ် ‌စောဓက တက်ဖို့ ဟန်ပြင်လိုက်၏။ သို့သော်လည်း သူမ၏ စကား မဆုံးသေးခင်မှာပင် ဟန်ယုဟိုင်က အော်ဟစ်လိုက်လေသည်။

“ငါ ဘာလုပ်နေတယ် ဆိုတာ ငါသိတယ်... ကိုယ့် အလုပ်ကို အာရုံစိုက်ကြစမ်း...”

ကျန်းကျိရီ၏ မျက်နှာက ဖြူရော်သွား၏။ ဟန်ယုဟိုင်၏ လေသံ ထိုမျှ အေးစက်နေသည်ကို သူမ တစ်ခါမှ မကြုံဖူးပါချေ။

ကုန်းလော့က မျက်မှောင်ကြုတ်ကာ အကြွင်းမဲ့ ဒြပ်စင်၊ ပရမတ် ကျောက်စိမ်း အစီအရင်ဖြင့် ဖန်တီးထားသည့် ပုလဲ ကိုးဆယ့်ကိုးခုကို လှမ်းကြည့်လိုက်သည်။ ထို့နောက် စိတ်ရှုပ်ထွေးသည့် မျက်လုံးများနှင့် ဝေ့ဝူယင်ကို လှမ်းကြည့် လိုက်သည်။ အဆုံးသတ်သို့ အရောက်တွင်တော့ သူ သက်ပြင်းတစ်ချက် ချလိုက်၏။

ကုန်းလော့မှာ အမြဲတမ်း အခြေအနေကို နားလည်သူ တစ်ယောက် ဖြစ်သည်။ ထို့ကြောင့်ပင် ဟန်ယုဟိုင်၏ ရည်ရွယ်ချက်ကို ကောင်းစွာ နားလည်ပေသည်။ အကယ်၍ သင့်အနေဖြင့် လူငယ် ပါရမီရှင် တစ်ယောက်ကို စော်ကားမိလျှင် မကြီးထွားခင် သတ်ဖြတ်ရန် လိုအပ်ပေသည်။

လက်ရှိ သူတို့ထံတွင် အကြွင်းမဲ့ အားသာချက် ရှိနေပေသည်။ ဝေ့ဝူယင်ဘက်တွင်တော့ ဖီးနစ်ငှက် တစ်ကောင်၊ မြေကြီးရှန့်ထို တစ်ပါးနှင့် သေမျိုး တစ်ယောက်သာ ရှိပေသည်။ မီးဖီးနစ်နှင့် ပတ်သက်နေသည့် နယ်မြေခြား လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက် အကြောင်း သူတို့ ကြားဖူးသည့်တိုင် ထိုပညာရှင်မှာ ယခု ပါလာပုံ မရချေ။

သူတို့ဘက်တွင်မူကား... နယ်မြေ ဝင်္ကပါမှာ တည်ဆောက်ပြီးစီးခဲ့ပြီ ဖြစ်သည့် အပြင် ဂြိုဟ်အကာအကွယ် အစီအရင်မှာလည်း အသက်ဝင် နေခဲ့ပြီ ဖြစ်သည်။ မြေကြီးရှန့်ထို သုံးယောက် အပြင် လျှို့ဝှက် အာဏာရှင် စစ်တပ် တစ်ခုလည်း ရှိပေသည်။ ဝူယုမှာ အစွမ်းထက်သည် ဆိုသည့်တိုင် မကြာသေးခင်ကမှ လောလောလတ်လတ် အဆင့်တက်လှမ်းထားသည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။ မီးဖီးနစ်မှာလည်း သေမျိုးတစ်ပိုင်း အရှင် တစ်ယောက်နှင့်သာ နှိုင်းယှဉ်နိုင်ပေသည်။

ထာဝရ အစည်းအရုံးက သက်တံ့ကောင်းကင် ကိစ္စကို မတော်တဆမှု တစ်ခုဟု သတင်း ထုတ်ပြန်ထားသည့်တိုင် အရူးများသာ ထိုအလိမ်အညာကို ယုံကြည်ကြလိမ့်မည် ဖြစ်သည်။ အကယ်၍ သူတို့သာ ဝေ့ဝူယင်ကို သတ်နိုင်ပါက ထိုအတွက် ထာဝရ အစည်းအရုံး ဆုချကောင်းချနိုင်ပေသည်။ ထို့အပြင် မီးဖီးနစ်ကို ဖမ်းဆီးကာ အင်ပါယာ ကလန် လက်ထဲသို့ အပ်လိုက်ပါက ထိုမှ အကျိုးအမြတ်များ ရရှိလာနိုင်သေးသည်။ ထိုကဲ့သို့ ပြုလုပ်ခြင်းဖြင် နယ်မြေခြားသား မြေကြီးရှန့်ထို၏ ဦးတည်ရာကိုလည်း ရှောင်လွှဲပြီးသား ဖြစ်ပေလိမ့်မည်။

“ခင်ဗျား ကိစ္စက သေချာရဲ့လား ကာကွယ်သူဟန်...”

ကုန်လော့က အစီအစဥ်ကို အတည်ပြုသည့် သဘောဖြင့် သေချာအောင် ထပ်မေးလိုက်၏။ ဟန်ယုဟိုင်က ခိုင်မာစွာပင် ခေါင်းညိတ်ပြလိုက်သည်။ သူ့ မျက်လုံးများကတော့ ဝေ့ဝူယင်တို့ အုပ်စုထံမှ အနည်းငယ်ပင် လွှဲဖယ်ခြင်း မရှိပါချေ။

ကွမ်လော့တို့ ထင်နေသည့် အရာနှင့် ခြားနားစွာပင် သူ၏ အမှန်တကယ် ပစ်မှတ်က ဝေ့ဝူယင် မဟုတ်ပါချေ။ အာရုဏ်ဦး စစ်သည် ဝူယုပင် ဖြစ်လေသည်။

“...”

မျက်မှောင်ကြုတ်ထားသည့် ဝေ့ဝူယင်၏ မျက်ခုံးများက အနည်းငယ် လှုပ်ရှားသွား၏။ အလွန်အမင်း ပြင်းထန်လွန်းလှသည့် သတ်ဖြတ်ခြင်း အငွေ့အသက်များ ချဥ်းကပ်လာသည်ကို သူ ခံစားရပေသည်။ အကယ်၍ ဟန်ယုဟိုင်၏ အာရုံက ဝူယု တစ်ယောက်တည်း အပေါ် ကျရောက်နေသည် ဆိုလျှင် ကုန်းလော့၏ သတ်ဖြတ်လိုစိတ်က သူ့အပေါ် အပြည့်အဝ ကျရောက်နေပေသည်။

အခြား သေမျိုး တစ်ယောက်သာ ထိုကဲ့သို့သော အခြေအနေမျိုးနှင့် ရင်ဆိုင်တွေ့မည် ဆိုပါက အလွန်အမင်း ထိတ်လန့်နေလိမ့်မည် ဖြစ်သော်လည်း... ဝေ့ဝူယင်ကတော့ လျှို့ဝှက် အာဏာရှင် အဆင့် တစ်ထောင်နှင့် ရင်ဆိုင်ခဲ့သူ ဖြစ်သည်။ ထိုအရာနှင့် ယှဉ်ပါက ကုန်းလော့၏ သတ်ဖြတ်လိုစိတ်မှာ ပမွှားမျှသာ ဖြစ်ပေသည်။

သို့သော်လည်း... ဝမ်မင်ယာ၏ မျက်နှာကတော့ အနည်းငယ် ရှုံ့မဲ့ သွား၏။ သူမ၏ လောကနယ်မြေမှာ ပုံပန်းပန်းပျက် ဖြစ်သွားလောက်အောင် တစ်စုံတစ်ရာ၏ ဖိအားပေးမှုကို ခံနေရသည်။

ပိုင်လင်က နိဗာန မီးတောက်များကို ထုတ်ဖော်ကာ ဝေ့ဝူယင်နှင့် ဝမ်မင်ယာတို့ကို ဖုံးအုပ်လိုက်၏။ သို့တိုင်အောင် တဂျစ်ဂျစ် အသံများ ထွက်ပေါ်နေဆဲ ဖြစ်ကာ တစ်စုံတစ်ရာက ထိုးဖောက်ဝင်ရောက်ရန် ကြိုးပမ်းနေကြောင်း ထင်ရှားလှသည်။

ဝူယုက နယ်မြေတစ်ခုလုံးကို ဝန်းရံနေသည့် ပုလဲ ကိုးဆယ့်ကိုးလုံးကို လှမ်းကြည့်လိုက်၏။ အချို့က နီးကပ်စွာ တည်ရှိနေကာ အကြမ်းဖျဉ်း မိုင်တစ်‌သောင်းခန့် အကွာအဝေး၌ ရှိကြပေသည်။ အချို့ကတော့ အလွန် ဝေးကွာကာ နယ်မြေစပ်မျဉ်းကိုပင် ထိလုနီးနီး ဖြစ်သည်။

တစ်ချိန်တည်း၌ ပါးလွှာ ကြည်လင်သည့် အလင်းလွှာ တစ်ခုမှာ နယ်စပ်မျဉ်း တစ်လျှောက် ကာဆီးထား၏။ ၎င်းက အာကာသကို ချိပ်ပိတ်ထားသည့် နောက်ထပ် ဝင်္ကပါတစ်ခုပင်။

“အခြေအနေ ဘယ်လိုလဲ...”

ဝေ့ဝူယင်က ဝူယုကို မေးလိုက်၏။

“ကျုပ် အကန့်အသတ်ထဲမှာပဲ ရှိ‌သေးတယ်...”

ဝူယု၏ မထီတရီ အပြုံးဖြင့် ပြန်ဖြေလိုက်၏။ ထို့နောက် သူက ပိုက်ထားသည့် လက်ကို ဖြည်းညင်းစွာပင် ပြန်လည် ဖြေလိုက်၏။

“ခင်ဗျားက ဒါကို သဘောကျနေတာမလား...”

ဝေ့ဝူယင် ခေါင်းကို ခါယမ်းလိုက်၏။ ဝူယုမှာ အ‌စောကြီးတည်းက အစစ်အမှန် ဒြပ်စင်ဂိုဏ်း တစ်ခုလုံးကို အမှောက်သိပ်ကာ လိုချင်တာကို ရယူဖို့ သူ့ကို အကြံပေးခဲ့ခြင်း ဖြစ်သည်။ ထိုအာရုဏ်ဦး စစ်သည်တော်၏ ယုံကြည်ချက် မြင့်မားမှုက စိုးရိမ်ဖွယ်ရာပင်။

“နည်းနည်းပေါ့... သခင်လေးရာ...”

ဝူယု၏ နှုတ်ခမ်းထက်၌ အပြုံးက ပိုမို တောက်ပလာ၏။ သူ၏ မျက်လုံးများကတော့ လျှို့ဝှက် အစီအရင်များ၏ အလှုပ်အခတ်ကို အာရုံစိုက်နေဆဲ ဖြစ်သည်။ ထိုဝင်္ကပါများ အတွင်း ပါဝင်နေသည့် စွမ်းအားကို သူ ခံစားနိုင်သော်လည်း သူ့ကိုယ်ပိုင် စွမ်းအားနှင့် နှိုင်းယှဉ်ကြည့်လိုက်သော အခိုက်၌ သိသာ ခြားနားသည့် ပြောင်းလဲမှု တစ်ခု ရှိနေသည်ကို သတိပြုမိပေသည်။

ဝေ့ဝူယင် ပင့်သက်တစ်ချက် ရှိုက်လိုက်မိ၏။ အလွန် ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်ကို ခံစားမိပြီး နောက်တွင် သူ အရာရာကို ဝူယုအား ဆုံးဖြတ်ခွင့် ပေးထားလိုက်ပြီ ဖြစ်သည်။ အချိန်မှီ အခါမှီ နောက်ပြန်ဆုတ်ကောင်း ဆုတ်နိုင်သော်လည်း မျက်လုံးများ အတွက် အဖြေရှာရန် အခွင့်အရေးမှာ ဝေးကွာသထက် ဝေးကွာသွားတော့မည် ဖြစ်သည်။

“အားလုံးကိုတော့ မသတ်နဲ့...”

ဝေ့ဝူယင် ဝူယုကို သတိပေးလိုက်၏။ သက်တံ့ကောင်းကင်တုန်းကလို အဖြစ်အပျက်မျိုး နောက်တစ်ကြိမ် တစ်ခါ သူ ထပ်မံ မကြုံတွေ့ချင်တော့ပေ။ ထို့အပြင်... ဝိညာဥ်အာရုံကို ဆန့်ထုတ်ကာ မူလဂြိုဟ်ကို စစ်ဆေး ကြည့်ခဲ့ချိန်၌ အလွန် ရင်းနှီးသည့် အော်ရာ တစ်ခုကို ခံစားမိခဲ့ပေသည်။

“အဲဒါက ပျော်စရာမှ မဟုတ်တာ...”

ဝူယုက ပြောလိုက်၏။ ထို့နောက် သူက ညာဘက်လက်ကို ပိုင်လင်၊ ဝေ့ဝူယင်နှင့် ဝမ်မင်ယာတို့ထံ ဆန့်ထုတ်ကာ အတွင်းပိုင်း လောကနှင့် ချိတ်ဆက်လိုက်သည်။ အတွင်းပိုင်းလောက အကြောင်းကို သွေးမူလ နည်းလမ်းမှ တစ်ဆင့် သူ ကောင်းစွာ လေ့လာပြီး ဖြစ်ပေသည်။ ထိုအထဲ၌ အတွင်းပိုင်း လောက တစ်ခု အကြောင်း အခြေခံ မိတ်ဆက်သာလျှင် မက... မည်သည့် မည်ပုံ ခိုင်ခံ့တည်ငြိမ်အောင် လုပ်နိုင်ကြောင်း နည်းလမ်းများပင် ပါဝင်နေပေသည်။

ဝှစ်...

မျက်တောင် တစ်ခပ်စာ အချိန်အတွင်းမှာပင် ဝေ့ဝူယင်တို့ သုံးယောက်မှာ ဝူယု၏ ထျန်းတျန် အတွင်းရှိ သီးသန့် ဟင်းလင်းပြင်ထဲသို့ ရောက်ရှိသွားကြသည်။ ယခု၌ အာရုဏ်ဦး စစ်သည်တော် တစ်ဖြစ်တည်း ဝူယု တစ်ယောက်တည်းသာလျှင် ကျန်ရှိပေတော့သည်။

“အန္တရာယ်များမယ် ဆိုရင် ကျုပ်တို့ ရှောင်သွားလို့ ရတယ်... သိပ် မတင့်မရဲနဲ့”

ဝေ့ဝူယင်က နောက်ဆုံး အနေဖြင့် မှာကြားလိုက်၏။ ဝူယုမှာ ထိုအသံထဲမှ စိုးရိမ် ပူပန်မှုတို့ကို ခံစားလိုက်ရရာ နှလုံးသား တစ်ခုလုံး နွေးထွေးသွားခဲ့သည်။ မသိမသာ ခေါင်းတစ်ချက် ညိတ်လိုက်ပြီးနောက် သူက ဟန်ယုဟိုင်ကို လှမ်းကြည့်လိုက်၏။

“ယုကလေး... ကြည့်ရတာ မင်းအဖေ ကိုယ်စား ငါ မင်းကို နောက်တစ်ခါ ထပ်ပြီး သင်ခန်းစာ ပေးရတော့မယ် ထင်တယ်”

ဝေ့ဝူယင်တို့ ထိခိုက်မည်ကို စိုးရိမ် ပူပန်စရာ မလိုတော့လေရာ ဝူယုမှာ နည်းနည်းလေးမျှ ထိန်ချန် မထေားတော့ချေ။ သူ့လျှို့ဝှက် အော်ရာက အပြည့်အဝပင် ထွက်ပေါ်လာခဲ့လေတော့၏။

ဘုန်း...

အနာဂတ်ကို အဆုံးအဖြတ်ပေးနိုင်သည့် တိုက်ပွဲကြီး တစ်ခုကား ဒြပ်စင် နယ်မြေ အတွင်းတွင် အစပျိုး နေခဲ့ပြီ ဖြစ်လေသည်။

ထိုအရာများ ဖြစ်ပေါ်ရန် တာဆူနေချိန်တွင် ဝေ့ဝူယင်၊ ဝမ်မင်ယာနှင့် ပိုင်လင်တို့မှာ ဝူယု၏ အတွင်းပိုင်း လောက အတွင်း ပထမဆုံး အကြိမ် အဖြစ် ရောက်ရှိလာကြ၏။

၎င်းက အလွန် ကျယ်ပြန့်သည့် လွင်ပြင်ကျယ် တစ်ခု ဖြစ်ကာ ကမ္ဘာပြား ကုန်းမြေတိုက်ကြီး တစ်ခုနှင့် တူပေသည်။ မြေပြင်မှာ သိပ်သည်း မာကြောကာ မြူနှင်းနှင့် ရောင်စုံကြယ်များမှာ နေရာ အနှံ့ လွင့်မြော နေ၏။ ၎င်းတို့က ဝူယု လျှို့ဝှက်တစ်ပိုင်း အဆင့်ကို ထုတ်ဖော်တိုင်း ထွက်ပေါ်လာတတ်သည့် အဆုံးမဲ့ ကြယ်များနှင့် ဆင်တူပေသည်။ ၎င်းတို့က အကြမ်းဖျဉ်း မြေပြင်မှ တစ်ပေကျော် ခန့်အထိ ဖုံးလွှမ်း လွင့်မြောနေကြကာ ဝေ့ဝူယင်နှင့် ဝမ်မင်ယာတို့၏ ဒူးအောက်ပိုင်းကို ဖုံးအုပ်ထားပေသည်။

အတွင်းပိုင်း လောကထဲတွင် အပူချိန်၊ အလင်း၊ လေထု စသည်တို့ ပြည့်စုံစွာ ရှိနေပေသည်။ ၎င်းက သိုလှောင် လက်စွပ် တစ်ခု၏ အရည်အသွေးများနှင့် ချိတ်ဆက်ထားသည့် လောကနယ်မြေ တစ်ခုနှင့်ပင် တူနေသေးသည်။ အမှန်တကယ်အားဖြင့် လေထုမှာ အရည်အသွေး ကြွယ်ဝကာ ချိုမြိန်သည့် အရသာပင် ပါဝင်နေ၏။

အလင်းတွင်တော့ ဇစ်မြစ် တစ်ခု ရှိနေပေသည်။ အကယ်၍ အပေါ်သို့ မော့ကြည့်ပါက နေကြယ်ကဲ့သို့ ဖြစ်တည်မှု တစ်ခု လွင့်မြောနေကြောင်း တွေ့မြင်ရလိမ့်မည် ဖြစ်သည်။ ၎င်းက နူးညံ့နွေးထွေးသည့် အလင်းတစ်ခုကို ဧရိယာ တစ်ခုလုံးကို ဖြန့်ကျက် လွှမ်းမိုးထားသည်။ ယင်းနေကြယ်မှာ ဝူယု၏ လျှို့ဝှက် ဝိညာဥ် ရောင်ပြန်ဟပ်မှု တစ်ခုပင် ဖြစ်လေသည်။

ကြယ်တာရာ အသိုက်နှင့် မတူညီစွာပင်... ဝူယု၏ အတွင်းပိုင်း လောကတွင် ဧရိယာ အကန့်အသတ် ရှိပေသည်။ ပြန့်ပြူးသော မြေပြင်၊ နေကြယ်တို့ကို ဝန်းရံကာ ငွေရောင် နံရံကြီး တစ်ခုက စက်ဝိုင်း သဏ္ဌာန် ဖုံးအုပ်ထားပေသည်။ အကယ်၍ အနီးကပ် ကြည့်မည်ဆိုပါက ထိုငွေရောင် နံရံတွင် အဖြူရောင် အစင်းကြောင်းများ ရှိနေသည်ကို တွေ့မြင်ရလိမ့်မည် ဖြစ်သည်။ ၎င်းတို့က မူလ အမတေ၏ ပြိုင်စံရှား အော်ရာကို ထုတ်လွှတ်နေ၏။

ဝေ့ဝူယင်မှာ သူ ကလေးဘဝတုန်းက ဆော့ကစားဖူးခဲ့သည့် လက်သီးဆုပ် အရွယ် ဖန်လုံးအိမ် ကလေးများကိုပင် ပြန်လည် သတိရလိုက်မိသည်။ လှုပ်ခါလိုက်တိုင်း ရောင်စုံ အမှုန်အမွှားလေးများက ကြွရွလာကာ အထဲရှိ ပန်းပုရုပ်ကလေးများပေါ် ဝေ့ဝဲ သွားကြသည်။ ဖန်တီးရှင်များမှာ အထဲရှိ ပန်းပု ရုပ်တုများကို ဒဏ္ဍာရီလာ သက်ရှိများ၊ တည်နေရာများ၏ ရုပ်သဏ္ဌာန် အဖြစ် မကြာခဏ ဆိုသလို ပုံဖော်လေ့ ရှိကြသည်။ ဝေ့ဝူယင် ထိုကဲ့သို့သော အရာများကို အလွန်ပင် နှစ်ခြိုက်ကာ တွေ့တိုင်း ဝယ်ယူ စုဆောင်းလေ့ ရှိသည်။

“ဘယ်လို ရလဒ် ထွက်လာမလဲ ကျွန်မ ကြိုးစားကြည့်ဦးမယ်”

ဝမ်မင်ယာက ပြောလိုက်၏။ သူမ၏ အမူအရာက တည်ငြိမ်နေသည်။ နည်းနည်းလေးမျှ စိတ်လှုပ်ရှားပုံ မပေါ်ချေ။

အမှန်တကယ်အားဖြင့် ထိုစိတ်ပိုင်းဆိုင်ရာ အခြေအနေက ဝေ့ဝူယင်ထံမှ ကူးစက်လာခဲ့ခြင်း ဖြစ်သည်။ ဝေ့ဝူယင်မှာ မတုန်လှုပ်နိုင်သည့် စိတ်စွမ်းရည်ကို ပိုင်ဆိုင်ထားပုံ ရသည်။ မြေကြီးရှန့်ထို တစ်ယောက်၏ သတ်ဖြတ်လိုစိတ်နှင့် ရင်ဆိုင်ခဲ့ချိန်တွင်ပင် သူက မယုံကြည်နိုင်လောက်အောင် တည်ငြိမ်ခဲ့သည်။ ဝေ့ဝူယင်ကို ကြည့်ရင်း အရာရာက အဆင်ပြေ ချောမွေ့သွားလိမ့်မည် ဆိုသည့် ခံစားချက်မျိုး သူမ ခံစားရပေသည်။

အကယ်၍ လိုအပ်ပါက... အသက်အင်အား အချို့အဝက်ကို စတေးရန် ဝမ်မင်ယာ ဆုံးဖြတ်ထားပြီး ဖြစ်သည်။ မြေကြီးရှန့်ထိုများမှာ သူတို့ အပေါ် နိမိတ်ဖိတ်မှုများကို တင်းကြပ်စွာ တားမြစ်ထားသည့်တိုင် အဖျားအနား လောက်ကိုတော့ ကြည့်ရှုနိုင်ပေလိမ့်မည်။ ထိုအရာကပင် သူမတို့ သုံးယောက်ကို သက်တံ့ကောင်းကင် ပျက်စီးမှုမှ လွတ်မြောက် စေခဲ့သည် မဟုတ်ပါလား။

ဝေ့ဝူယင်က အပြုံးနှင့် ဝမ်မင်ယာဘက်သို့ လှည့်ကြည့်လိုက်၏။

“မလုပ်နဲ့တော့... ဝူယု အကြောင်း ငါတို့ သိတာပဲ... သူ ထွက်မပြေးဖို့ ရွေးချယ်ထားကတည်းက တိုက်ပွဲ ရလဒ်က ပေါ်နေပြီ”

ထို့နောက် သူက အေးအေးဆေးဆေးပင် ပိုင်လင်၏ နူးညံ့သော သားမွေးများကို ပွတ်သပ်ကာ အနာဂတ် အစီအစဉ်များကို စဉ်းစား လိုက်တော့သည်။ ဤတိုက်ပွဲက သူ ထည့်သွင်း စဉ်းစား မထားသည့် ရလဒ်ထဲတွင် ပါဝင်နေလေရာ သုံးသပ်စရာများ ရှိလာခဲ့ပြီ ဖြစ်ပေသည်။

***

All Chapters