← Chapters

အာရုဏ်ဦး စစ်သည် ဝူယု

Vol. 63 Ch. 870

အာရုဏ်ဦး စစ်သည် ဝူယု

Vol. 63 Ch. 870

အလွန် လွှမ်းမိုးနိုင်စွမ်း ရှိသည့် အော်ရာမှာ ဝူယုထံမှ ထွက်ပေါ်နေ၏။ အမှောင်ဟင်းလင်းပြင် အတွင်းရှိ ပတ်ဝန်းကျင်မှာ ထိုအော်‌ရာ၏ လွှမ်းမိုးမှုကို ခံရကာ စတင်ကာ ပြောင်းလဲ နေခဲ့သည်။ ကျောက်စိမ်း ပုလဲ ကိုးဆယ့် ကိုးခုပင်လျှင် စတင်တုန်ရီလာကာ နေရာချထားမှုတွင် သက်ရောက်မှုများ စတင် ရှိလာခဲ့၏။

လျှို့ဝှက် အာဏာရှင် အဆင့်များ၏ အမြင်အာရုံ၌ ချောမော ခန့်ညားသော ဝူယုမှာ အရေအတွက် သောင်းပေါင်း များစွာသော လျှို့ဝှက် သင်္ကေတ မုန်တိုင်း တစ်ခုကို ဝန်းရံ၍ ရပ်နေခဲ့သည်။ သင်္ကေတများမှာ တဖျပ်ဖျပ် တောက်ပ၍ အရောင်အသွေးစုံလင်ကာ အမျိုးမျိုး ကွဲပြားနေကြသည်။ ဝူယုမှာ ဘာကိုမှ ဖုံးကွယ်ထားခြင်း မပြုချေ။ မြေကြီးရှန့်ထို သုံးယောက်မှာ သူတို့၏ လျှို့ဝှက် ရည်ရွယ်ချက်များက တုန့်ပြန်နေသလို ခံစားနေကြရသည်။

ကျန်းကျိရီ၏ မျက်နှာက အနည်းငယ် ဖြူရော်နေ၏။ ဝူယု၏ စွမ်းအားများ အကြောင်းကို သူ ကြားဖူးပေသည်။ သင်္ကေတ တစ်ခု လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက် အနေဖြင့် လျှို့ဝှက် သင်္ကေတများ၏ အရေးပါပုံကို သူမ ရှင်းလင်းစွာ နားလည်ပေသည်။ ၎င်းတို့က ခွန်အား၊ အကန့်အသတ်နှင့် ပါရမီတို့ကို ညွှန်ပြနေသည့် အရာများပင် ဖြစ်သည်။

အာကာသ ပဲ့တင်သံ အဆင့်လိုပင် လျှို့ဝှက် သင်္ကေတ တစ်ခုချင်းစီမှာ အလွန် ကြောက်မက်ဖွယ် ကောင်းသည့် စွမ်းရည် တစ်မျိုးကို ပိုင်ဆိုင်ထားသည်။ ထို့အပြင် လျှို့ဝှက် သင်္ကေတ များလေလေ ထိုစွမ်းရည်များ၏ အစွမ်းက ပိုမို မြင့်မားလေလေ ဖြစ်သည်။ ဥပမာ ဆိုရသော်... အာကာသ အဆင့် လျှို့ဝှက် သင်္ကေတကို နားလည်ထားသည့် မြေကြီး ရှန့်ထို တစ်ယောက်မှာ သူ၏ လောက အကျဉ်းထောင်ကို အခြား မြေကြီး ရှန့်ထိုများထက် ပိုမို ခိုင်မာစွာ တည်ဆောက်နိုင်ပေသည်။ သို့သော်လည်း... အာကာသ အဆင့် အပါအဝင် လျှို့ဝှက် သင်္ကေတ နှစ်ခုကို နားလည်ထားသည့် အခြား မြေကြီး ရှန့်ထိုတစ်ယောက်နှင့် နှိုင်းယှဉ်လျှင်တော့ သူ့စွမ်းအားက လျော့နည်းလိမ့်မည် ဖြစ်သည်။

လျှို့ဝှက်လမ်းစဉ်ဟု ခေါ်ဆိုသည့် စွမ်းရည် ကိုးခု ရှိကြောင်း သူမ သိရှိထားပေသည်။ ၎င်းတို့ တစ်ခုချင်းစီက ပြည့်စုံသည့် လျှို့ဝှက် သင်္ကေတ တစ်ခုချင်းစီကို ကိုယ်စားပြုပေသည်။ ၎င်းတို့မှာ မန်နာ၊ လိပ်ပြာ၊ ‌ရောင်စဉ်၊ အာကာသ၊ လောကီ၊ သမုဒ္ဒရာ၊ ဖြည့်သွင်းမှု၊ တည်မြဲမှုနှင့် ပြောင်းလဲခြင်းတို့ပင် ဖြစ်လေသည်။ ၎င်းတို့ထဲမှ အချို့က ကြယ်တာရာ အမြုတေ အဆင့် အတွင်းရှိ ကျော်ကြားသော စွမ်းအင်များကို ပိုမို အဆင့်မြှင့်ထားသည့် ပုံစံများနှင့် ဆင်တူပေသည်။

ကြယ်တာရာ အမြုတေ အဆင့်ရှိ စွမ်းရည်များကို အစပျိုးမှု အဖြစ် သတ်မှတ်မည် ဆိုလျှင် ၎င်းတို့က လုံးဝ ပြီးပြည့်စုံသည့် ပုံစံများ ဖြစ်ပေလိမ့်မည်။ ကျင့်ကြံခြင်း လမ်းစဉ်၌ နိုးထခြင်း အဆင့် လျှို့ဝှက် ရည်ရွယ်ချက်ကို ပိုင်ဆိုင်ထားသည့် မြေကြီးရှန့်ထို အဆင့်နှင့် အထက် ကျင့်ကြံသူများသာလျှင် ထိုစွမ်းအင်များ၏ အစစ်အမှန် အရည်အသွေးကို အသုံးပြုနိုင်စွမ်း ရှိသည်။

ဥပမာ အားဖြင့်... လောကီမျက်လုံး အဆင့်နှင့် အထက် ကျင့်ကြံသူတိုင်း လောကီ အချိန် ပြောင်းပြန်လှန်ခြင်း စွမ်းရည်ကို အသုံးပြုနိုင်သည် ဆိုသော်လည်း ထိုနည်းလမ်းကို အသုံးပြုရန် အသက်အင်အားများကို စတေးရန် လိုအပ်သည်။ သို့သော်လည်း ‌လောကီမျက်လုံး အဆင့် လျှို့ဝှက် သင်္ကေတကို ပိုင်ဆိုင်ထားပါက သင့်အနေဖြင့် ထိုစွမ်းရည်ကို ထိခိုက်မှု မရှိပဲ အပြည့်အဝ အသုံးပြု နိုင်လိမ့်မည် ဖြစ်သည်။

ကျန်းကျိရီမှာ မန်နာ အဆင့် လျှို့ဝှက် သင်္ကေတကိုသာ နားလည်ထားကာ အလွန် မြင့်မားသည့် ကောင်းကင် ဖိအားပုံစံ တစ်မျိုးကို ထုတ်ဖော်နိုင်စွမ်းရှိသည်။ ၎င်းမှာ ထိုးထွင်းသိမြင်ရန် အလွယ်ကူဆုံးသော လျှို့ဝှက် သင်္ကေတလည်း ဖြစ်ပေသည်။

သို့သော်လည်း... ဝူယုကို ဝန်းရံနေသည့် သောင်းပေါင်းများစွာသော သင်္ကေတများထဲတွင် မတူကွဲပြားသည့် သင်္ကေတ ရှစ်ခုကို သူ တွေ့မြင် နေရသည်။ သို့ဖြစ်လေရာ သူမ မည်ကဲ့သို့ မထိတ်လန့်ပဲ နေပါမည်နည်း။ မတုန်လှုပ်ပဲ နေပါမည်နည်း။ သူမ၏ နှလုံးသားက မထိန်းချုပ် နိုင်အောင် စတင်၍ တုန်ရီလာသည်။ နှလုံးခုန်သံများကို အသိစိတ် ပင်လယ်ထဲမှပင် သူမ ကြားနေရ၏။

“သင်္ကေတ ရှစ်ခု...”

ကျန်းကျိရီ တစ်ယောက်တည်းသာလျှင် မကပါချေ။ ကွမ်းလော့မှာလည်း ထိုမြင်ကွင်းကို ရှင်းလင်းစွာ မြင်တွေ့ နေရ၏။ သူ့ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသည့် ပြင်းထန်သော သတ်ဖြတ်လိုစိတ်တို့ကား နွေဦး ရောက်သည့် နှင်းထုကဲ့သို့ အရည်ပျော် သွားခဲ့ပြီ ဖြစ်သည်။ နောင်တရသည့် ခံစားချက် တစ်ခုမှာ သူ့စိတ်အတွင်း ဖြည်းညင်းစွာ ပေါ်လာခဲ့၏။

သင်္ကေတ ရှစ်ခု...

သင်္ကေတ ရှစ်ခု မြေကြီး ရှန့်ထို...

မည်ကဲ့သို့ ဖြစ်နိုင်ပါမည်နည်း။

အခြားတစ်ဖက်၌ ဟန်ယုဟိုင်၏ ကိုးရောင်ခြယ် မျက်ဝန်းများမှာလည်း မယုံကြည်နိုင်မှုတို့နှင့် အတူ ပြူးကျယ် နေခဲ့ပြီ ဖြစ်လေသည်။ လျှို့ဝှက် အာဏာရှင် အဆင့်ကို စတင် ဝင်ရောက်ခဲ့သည့် နေ့၌ ဝူယုမှာ သင်္ကေတ ခုနစ်ခု ကျင့်ကြံသူ တစ်ယောက်ဟု သူ သိထားခဲ့သည်။ ထိုအဘိုးကြီးတွင် ရှစ်ခု အထိ ရှိလိမ့်မည်ဟု သူ ထင်ပင် ထင်မှတ် မထားခဲ့ချေ။

သင်္ကေတ ရှစ်ခု...

ထိုအရာ သူ နှစ်ထောင်ပေါင်းများစွာ အချိန်ဖြုန်းကာ မရေမတွက်နိုင်သည့် ရင်းမြစ်တို့ကို မှီဝဲခဲ့သည့်တိုင်အောင် အလှမ်းမမှီနိုင်ခဲ့သည့် အဆင့်လည်းဖြစ်ပေသည်။ ပြောရလျှင် ရရှိ ပိုင်ဆိုင်ထားသည့် လျှို့ဝှက် သင်္ကေတ အရေအတွက် လျော့ကျ မသွားအောင်ပင် သူ အလွန် ဂရုစိုက်ခဲ့ရသည်။

ကျန်းကျိရီမှာ လျှို့ဝှက် ဝိညာဥ် အဆင့်ကို သင်္ကေတ သုံးခုဖြင့် အဆင့်တက်လှမ်းခဲ့သူ ဖြစ်သည်။ သို့သော်လည်း မြေကြီးရှန့်ထို အဆင့် လျှို့ဝှက် ရည်ရွယ်ချက်ကို နိုးထခဲ့ချိန်တွင်တော့ မန်နာ အမျိုးအစား သင်္ကေတ တစ်ခုတည်းကိုသာ အောင်မြင် ခဲ့သည်။ မိန်းကလေးထံတွင် လျှို့ဝှက် သင်္ကေတ သုံးခု အထိ နိုးထနိုင်သည့် အလားအလာ ရှိသည့်တိုင် အလားအလာက အလားအလာသာ ဖြစ်ပေသည်။

သူ ကိုယ်တိုင် ပင်လျှင် မြေကြီး ရှန့်ထို အဆင့်ကို ရောက်ရှိပြီးနောက် အစွမ်းအစ ရှိသမျှ ကြိုးပမ်း အားထုတ်ခဲ့ပြီး တိုးတက်မှု များစွာ ရရှိခဲ့သည့် တိုင်အောင် ငါးခုမြောက် သင်္ကေတကတော့ ယခုထက်ထိ အလှမ်း ကွာဝေးနေသေးဆဲ ဖြစ်သည်။ သီးသန့် ဖန်တီးထားသည့် အဂ္ဂိရတ် ထုတ်ကုန်များနှင့် ပြိုင်စံရှား ရတနာတို့ မရှိပဲ ထိုကဲ့သို့ ပြုလုပ်ရန် မဖြစ်နိုင်သလောက်ပင်။

သို့သော်လည်း ဝူယုကတော့ လျှို့ဝှက် သင်္ကေတ ရှစ်ခု အထိ ပိုင်ဆိုင်ထားသည်။ လျှို့ဝှက်ဝိညာဥ် အဆင့်ကို ခြေချခဲ့စဉ်တုန်းကထက်ပင် တစ်ခု ပိုများ နေခဲ့သေးသည်။ ထိုအရာက အဘယ်ကြောင့်နည်း။

ပါရမီလော။ မြင့်မားသည့် နားလည်နိုင်စွမ်း ကြောင့်လော။ ရင်းမြစ် ကြွယ်ဝမှုကြောင့်လော။ ကျင့်ကြံခြင်း နည်းလမ်းများကြောင့်လော။

ခံပြင်းဒေါသထွက်မှုများက ဟန်ယုဟိုင်၏ ရင်ထဲ အလိပ်လိုက် ရစ်တက်လာခဲ့သည်။ သူ့ မျက်လုံးများထဲရှိ ကိုးရောင်ခြယ် အလင်းက ပိုမို ဖရိုဖရဲ ဆန်လာခဲ့၏။

အခြားတစ်ဖက်၌ ဝူယုမှာ သူ့ခန္ဓာကိုယ် အတွင်းရှိ စွမ်းအားများကို ခံစားနေခဲ့၏။ သူ၏ လျှို့ဝှက် ဝိညာဥ်က ပိုမို၍ တက်ကြွစွာ သက်ဝင်လှုပ်ရှားလာနေသည်။ အကြွင်းမဲ့ ဒြပ်စင် ပရမတ် ကျောက်စိမ်း အစီအရင်ထံမှ ဖိအားများမှာ သူ့ထံ တိုးဝင်လာနေသော်လည်း လျှို့ဝှက် သင်္ကေတ သောင်းပေါင်းများစွာက ၎င်းတို့ကို တားဆီး ချေမှုန်း နေ၏။

မြေကြီးရှန့်ထို တစ်ယောက် အနေဖြင့် ကျင့်ကြံခြင်း အခြေခံကို သိပ်သည်း အခြေချခဲ့ပြီး နောက်တွင် ဝူယုမှာ သူ၏ အကန့်အသတ်ကို သိချင်လာခဲ့သည်။ ချင်းဖုန်းနှင့် ဆွေးနွေးခဲ့မှုက သူ့ကို မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ စွမ်းအား ဖြန့်ကျက်မှု အကြောင်း နားလည်မှုကို နက်ရှိုင်း စေခဲ့သည်။ ချင်းဖုန်းထံမှ အရေးကြီးသည့် အချက်အလက် အချို့ကို နှိုက်ထုတ်ရန် အတွက် ဝူယုမှာ ကြယ်တာရာမိုး အချို့နှင့်ပင် လဲလှယ်ခဲ့သေးသည်။

ဟန်ယုဟိုင်တို့၏ အံ့သြ ထိတ်လန့်နေသည့် အမူအရာကို တွေ့မြင်လိုက်ရသော အခိုက်၌ ကျေနပ်သည့် ခံစားချက် တစ်ခုမှာ ဝူယု၏ စိတ်အတွင်း ဖြစ်ပေါ်လာသည်။ သူတို့ လူမှား၍ အပြစ်ပြုမိကြောင်း သက်သေပြရန် အချိန်ကား ရောက်ရှိလာခဲ့ချေပြီ ဖြစ်လေသည်။

ဝူယု လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ အနန္တ ဧကရာဇ် ပုရပိုက် ထွက်ပေါ်လာခဲ့၏။ ၎င်း၏ မူလ အသွင်အပြင်က စာအုပ် တစ်အုပ် သဏ္ဌာန်ဖြစ်သော်လည်း ဝူယု၏ လက်နှင့် ထိတွေ့သွားသော အခိုက်၌ လှံတစ်စင်း အသွင် ပြောင်းလဲ သွားသည်။ ၎င်းက ကောင်းကင် ကြယ်တာရာများဖြင့် ထုဆစ်ထားဟန် ရကာ ဝူယုမှာ အမှောင်ဟင်းလင်းပြင် အတွင်း ညကောင်းကင်ကို အစိုးရသူ တစ်ယောက် အလား ရပ်တည် နေခဲ့လေ၏။

ဝူယုက လှံရိုးကို ကိုင်၍ ဝှေ့ယမ်းကာ ကျောက်စိမ်း ပုလဲ ကိုးဆယ့်ကိုးလုံးထဲမှ တစ်လုံးထံ ပစ်လွှတ်လိုက်သည်။ လမ်းကြောင်းတစ်လျှောက်၌ ရောင်စုံကြယ်များ ကဲ့သို့ အမြီးတန်း တစ်ခု ပေါ်လာခဲ့၏။ ၎င်းက အလွန်တရာ လှပလှကာ ပတ်လည်ရှိ အမှောင် ဟင်းလင်းပြင် ပင်လျှင် ပြိုကျ လာခဲ့သည်။

ဘုန်း...

ဖရဲသီး တစ်လုံးကို ပေါက်ခွဲလိုက်သည့် အလား ပုလဲလုံးမှာ တုန့်ဆိုင်းခြင်း မရှိ ပေါက်ကွဲ သွား၏။ ရောင်စုံ မီးပွားများက အမှောင် ဟင်းလင်းပြင် အတွင်း လှပစွာ ထွန်းတောက် သွားသည်။ ပုလဲ ကိုးဆယ့် ကိုးလုံးမှာ အရောင် မှေးမှိန်သွားကာ စည်းလုံးမှု ပြိုကွဲသွား၏။ ၎င်းတို့ထံမှ ထုတ်လွှတ်နေသည့် ဖိအားများမှာ ကြီးမားစွာ အားနည်းသွားသည်။

လက်တစ်ဖက် ဝှေ့ယမ်းလိုက်သည်နှင့် လှံမှာ ဝူယု၏ လက်ထဲတွင် ပြန်လည် ပေါ်လာခဲ့၏။

“တော်တော် လွယ်တာပဲ...”

သူက ခေါင်းခါရင်း ရေရွတ်လိုက်လေသည်။ အခြား တစ်ဖက်တွင်တော့ ဟန်ယုဟိုင်၏ မျက်လုံးများမှာ တဖြည်းဖြည်း ပြန်လည် တည်ငြိမ်လာခဲ့လေသည်။ သူက လက်ဟန်မုဒြာ တစ်ခုကို ဖန်တီး လိုက်၏။

ဘုန်း...

ခပ်အုပ်အုပ် ပေါက်ကွဲသံ တစ်ချက် ထွက်ပေါ်လာကာ တစ်လောကလုံးမှာ တုန်ရီသွား၏။ မူလဂြိုဟ် အပါအဝင် ဒြပ်စင်နယ်မြေ အတွင်းရှိ ဂြိုဟ်ပေါင်းများစွာထက်တွင် ငလျင် လှုပ်ခတ်မှု တစ်ခု ဖြစ်ပွား သွားခဲ့သည်။ ထို့နောက် မျက်တောင် တစ်ခပ်စာမျှ အတွင်းမှာပင် ထိုဂြိုဟ်များမှာ အပူချိန်နှင့် စွမ်းအင်တို့ လျော့ကျ လာခဲ့ကြ၏။

ဟန်ယုဟိုင်၏ လျှို့ဝှက် အော်ရာက မယုံကြည်နိုင်လောက်သည့် အကန့်အသတ် အထိ စတင်ကာ မြင့်တက် လာသည်။ သူ့ခန္ဓာကိုယ် ပတ်လည်ကို ကျောက်စိမ်းရောင် ဖျော့ဖျော့နှင့် ကိုးရောင်ခြယ် အလင်းပျောက်များက ဝန်းရံ ထား၏။ ဖျက်ဆီး ခံလိုက်ရသည့် ပုလဲက တဒင်္ဂ အတွင်း ပြန်လည် ဖွဲ့စည်းလာကာ ချိတ်ဆက်မှုမှာ ယခင်ကထက် ပိုမို၍ပင် အားကောင်းလာသည်။

“လောကဂိုဏ်း တစ်ခုရဲ့ စွမ်းအားကို ဒီနေ့ ခင်ဗျားကို ပြမယ် ဝူယု... နယ်မြေ အစီအရင် တစ်ခုရဲ့ အစစ်အမှန် စွမ်းအားဆိုတာ ခင်ဗျား သိစေရမယ်”

ဟန်ယုဟိုင်က ဟိန်းဟောက်လိုက်၏။ တစ်ချိန်တည်း၌ ကျောက်စိမ်း ပုလဲ ကိုးဆယ့်ကိုးခုမှာ စတင်ကာ ပြောင်းလဲ လာခဲ့လေတော့သည်။

***

All Chapters