← Chapters

လောကဂိုဏ်းကြီး တစ်ခု၏ စွမ်းအား

Vol. 63 Ch. 871

လောကဂိုဏ်းကြီး တစ်ခု၏ စွမ်းအား

Vol. 63 Ch. 871

ဝူယုက လှောင်ရယ်လိုက်၏။ ဟန်ယုဟိုင်၏ ဒေါသတကြီး ဟိန်းဟောက်မှုက သူ့အပေါ် သက်ရောက်မှု မရှိသလောက်ပင် ဖြစ်သည်။ လောကဂိုဏ်းကြီး တစ်ခု၏ စွမ်းအား... ပြချင်သပဆိုလည်း သူက ကြည့်ရုံသာ ရှိပေသည်။

အခြားတစ်ဖက်၌ ဟန်ယုဟိုင်မှာလည်း ထိုကဲ့သို့ ပြုလုပ်ရန် အပြည့်အဝပင် ရည်ရွယ်ထားပြီး ဖြစ်သည်။ ဒြပ်စင် နယ်မြေတွင် အဓိက ဝင်္ကပါ နှစ်ခု ရှိသည်။ ဒြပ်စပ် ကိုးငါး ကြယ်တာရာ အစီအရင်နှင့် အကြွင်းမဲ့ ဒြပ်စင် ပရမတ် ကျောက်စိမ်း အစီအရင်တို့ပင်။ ဒြပ်စင် ကိုးပါး ကြယ်တာရာ အစီအရင်မှာ အဓိကဂြိုဟ် ဖြစ်သည့် မူလဂြိုဟ်ထံမှ စွမ်းအားများကို ထုတ်ယူ အသုံးပြုသည့် ဂြိုဟ်အကာအကွယ် အစီအရင်ကြီး ဖြစ်သည်။ ထိုဂြိုဟ်ကြီးမှာ သူတို့၏ မူလ အစတည်းကပင် တည်ရှိခဲ့ကာ မျိုးဆက်ပေါင်းများစွာ လက်ဆင့်ကမ်း၍ ပြုပြင် မွမ်းမံ ခဲ့ကြသည်။ ၎င်းက လျှို့ဝှက်အဆင့် စွမ်းအား များစွာကို သိုလှောင် သိမ်းဆည်း ထားပေသည်။

ဒုတိယမြောက် တစ်ခုကတော့ လျှို့ဝှက်နယ်မြေ နှစ်ခု ဖြစ်သည့် အကြွင်းမဲ့ ဒြပ်စင် နယ်မြေနှင့် ပရမတ် ကျောက်စိမ်း နယ်မြေတို့ထံမှ စွမ်းအင်များကို ဆွဲယူ အသုံးပြုသည့် နယ်မြေ အစီအရင်ကြီး ဖြစ်သည်။ ထိုလျှို့ဝှက် နယ်မြေ နှစ်ခုမှာ အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ ဒုတိယံပိ အိမ်များ သဖွယ် ဖြစ်ကာ မူလဂြိုဟ်ထက် ပိုမို၍ အစွမ်း မထက်လျှင်ပင် ထိုအောက် လျော့နည်းခြင်း မရှိလှချေ။

ထိုလျှို့ဝှက် နယ်မြေ နှစ်ခုမှာ နယ်မြေကြီး အတွင်းရှိ ဂြိုဟ်အားလုံးထံမှ သန့်စင်သော ကြယ်တာရာ အမတေနှင့် လျှို့ဝှက် အမတေများကို စုပ်ယူကာ ၎င်းတို့၏ အခြေခိုင်မာမှုကို တည်ဆောက်ကြသည်။ လငယ်နှင့် ဂြိုဟ်သိမ် ဂြိုဟ်မွှားလေးများက အစ... နယ်မြေကြီး တစ်ခုလုံးမှာ ထိုလျှို့ဝှက် နယ်မြေ နှစ်ခုနှင့် ချိတ်ဆက် နေပေသည်။

ထိုဝင်္ကပါကြီး နှစ်ခု အပြင် ဟန်ယုဟိုင်မှာ အမျိုးမျိုးသော အစီအရင်၊ ဝင်္ကပါများကိုပါ အသက်သွင်း ထားလေ၏။ ထိုအထဲ၌ ကြယ်တာရာ အဆင့် ပံ့ပိုးမှု ဝင်္ကပါများ၊ လျှို့ဝှက် အဆင့် စွမ်းအားဖြည့် ဝင်္ကပါများလည်း ပါဝင်နေပေသည်။

သူက သော့ချက်ကို ကိုင်ဆောင်ကာ အလုံးစုံသော စွမ်းအားများ၏ ဦးတည်ရာကို ထိန်းချုပ်ထားသည်။ များစွာသော စွမ်းအားများမှာ သူ့ ထျန်းတျန် အတွင်း ရွှေ့ပြောင်း ဝင်ရောက်လာကာ လျှို့ဝှက် အော်ရာမှာ ကြောက်မက်ဖွယ် အဆင့်များ အထိ မြင့်တက် လာခဲ့သည်။

ထိုအခိုက်၌ ဟန်ယုဟိုင်မှာ အရှိန်အဟုန်ဖြင့် တိုက်ခိုက်နေသည့် စွမ်းအင် ဆုံမှတ် တစ်ခု ဖြစ်သွားသည်။သူ၏ မျက်လုံးများမှာ ကိုးရောင်ခြယ် အလင်းရောင်များနှင့် ပြည့်နှက်နေကာ ပင်လယ် တစ်ခု သဖွယ် ဖြစ်သွား၏။ အဖြူရောင် အလင်းများက သူ၏ အရည်ပြားထက်၌ မြောလွင့်နေကာ ချောမွေ့ ကြည်လင်သည့် ကျောက်စိမ်း တစ်ခု သဖွယ် ဖန်တီးနေသည်။

“...”

ဝူယု၏ မျက်ခုံးများမှာ အနည်းငယ် လှုပ်ရှားသွား၏။ ဟန်ယုဟိုင်ထံမှ ထုတ်လွှတ်နေသည့် အော်ရာက အလွန်တရာ ကြမ်းတမ်း ခက်ထန်ကာ နယ်မြေတစ်ခုလုံး၏ အင်အားများ ပါဝင်နေပေသည်။ ကျောက်စိမ်း ပုလဲ ကိုးဆယ့်ကိုးခုမှာ သေမျိုးများကို မျက်လုံး ကွယ်စေနိုင်သည့် ရောင်စဉ်တန်းများကို ထုတ်လွှတ်နေ၏။ နယ်မြေ တစ်ခုလုံးမှာ ထိုအလင်းများ အကြားတွင် နစ်မြုပ်နေသည်။

ကံကောင်းထောက်မတာ တစ်ခုက ဂြိုဟ်ပေါင်းများစွာကို အမျိုးမျိုးသော ကောင်းကင် အလွှာများဖြင့် ဝန်းရံထားခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် ဂြိုဟ်များထက်ရှိ သေမျိုးများနှင့် အမျိုးမျိုးသော သက်ရှိများမှာ အလင်းများ၏ သက်ရောက်မှုကို တိုက်ရိုက် ခံစားရခြင်း မရှိပဲ လုံခြုံနေဆဲ ဖြစ်သည်။

တဒိတ်ဒိတ် ခုန်နေသည့် ကွမ်းလော့၏ ရင်ဘတ်က ပြန်လည်၍ တည်ငြိမ်လာခဲ့သည်။ လျှို့ဝှက် သင်္ကေတ ရှစ်ခု ဆိုသည့် ဝူယု၏ ပုံရိပ်က သူ့အတွင်းစိတ် တစ်ခုလုံးကို ဆူနာမီ တစ်ခုလို ဗြောင်းဆန်စေခဲ့သော်လည်း ဟန်ယုဟိုင်၏ ထုတ်ဖော်နေသည့် စွမ်းအားကို တွေ့မြင်ပြီး နောက်တွင်တော့ ယုံကြည်ချက် တစ်ချို့ ပြန်လည် ရရှိလာခဲ့သည်။

ထို့အပြင် သူ့အနေဖြင့် နောက်ဆုတ်မလား၊ ဟန်ယုဟိုင်နှင့် ပူးပေါင်းကာ ရန်သူကို ရင်ဆိုင်မလား ဆုံးဖြတ်နိုင်သေးသည်။ သို့သော်လည်း ဟန်ယုဟိုင်သာ ဝူယုကို သတ်ဖြတ်ရန် ကျရှုံးခဲ့ပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်က မတွေးဝံ့စရာ ဖြစ်သည်။ အထူးသဖြင့် ဝေ့ဝူယင်လို မွန်းစတား တစ်ယောက်ကို ကျောထောက်နောက်ခံ ပြုထားသည့် အခြေအနေတွင်ပင်။

လက်ရှိ၌ အစစ်အမှန် ဒြပ်စင်ဂိုဏ်းမှာ ထိုကဲ့သို့သော လူများကို ဆန့်ကျင်ခဲ့မိပြီ ဖြစ်လေရာ အမြစ်မှ ဆွဲ၍ နှုတ်ပစ်နိုင်ပါက အကောင်းဆုံးဖြစ်သည်။ ထို့အပြင်... ဤစိန်‌ခေါ်မှုကိုသာ အောင်အောင် မြင်မြင် ကျော်လွှား နိုင်ပါက ရရှိနိုင်သည့် အကျိုးအမြတ် များစွာ ရှိပေသည်။ ဝူယုကို သတ်ဖြတ်နိုင်ခြင်း တစ်ခုတည်းကပင် ထာဝရ အစည်းအရုံးထံမှ ဆုလာဒ်များကို ရရှိနိုင်ပေသည်။

“ကာကွယ်သူဟန်...”

ကုန်းလော့က ခေါ်လိုက်၏။ ဟန်ယုဟိုင်က ကုန်းလော့ကို တစ်ချက် လှမ်းကြည့် လိုက်ကာ အမူအရာမှ တစ်ဆင့် ဆုံးဖြတ်ချက်ကို ရှင်းရှင်းလင်းလင်း သိလိုက်၏။ စိတ်လှုပ်ရှားမှုများက သူ့မျက်လုံးများ အတွင်း ပေါက်ကွဲ ထွက်ပေါ် လာသည်။ မြေကြီး ရှန့်ထို နှစ်ယောက်သာ ပူးပေါင်း ပါဝင်လာပါက ဝူယုကို သတ်ဖြတ်ရန် ပိုမို အခွင့်အရေး များသွားပေလိမ့်မည်။ သူက လက်ဟန် ချိပ်စည်း တစ်ခုကို ဖန်တီးလိုက်ရာ ကျောက်စိမ်း ပုလဲ ကိုးဆယ့် ကိုးလုံးမှာ အနည်းငယ် လှုပ်ရှားသွား၏။

အလွန် သန်မာသည့် စွမ်းအား တစ်ခုက ခန္ဓာကိုယ် အတွင်း စီးဆင်း ဝင်ရောက်လာသည်ကို ကုန်းလော့ ခံစား လိုက်ရသည်။ ၎င်းက သူ့လျှို့ဝှက် ဝိညာဥ်နှင့် တိုက်ရိုက်ပင် ဆက်သွယ်သွားသည်။ သူ၏ မျက်လုံးများက အရောင် ကိုးခုဖြင့် ပြည့်နှက်သွားကာ အရည်ပြားမှာ ကျောက်စိမ်း ကဲ့သို့ ကြည်လင်လာ၏။ သူ၏ လျှို့ဝှက် အော်ရာက အဆပေါင်းများစွာ မြင့်တက် လာခဲ့၏။

တစ်ချိန်တည်း၌ ဒြပ်စင်နယ်မြေ အတွင်းရှိ ဂြိုဟ်ပေါင်းများစွာမှာ ငလျင် တစ်ခု ဖြစ်ပွားသွားသည့် အလား တဆတ်ဆတ် လှုပ်ခါသွားသည်။ ၎င်းတို့၏ အမြုတေများများမှ စွမ်းအင်များ အလုံးလိုက် အရင်းလိုက် စီးထွက် သွားကြခြင်းပင်။ ထိုဆုံးရှုံးမှုက ရာစုနှစ်ချီ ကြာရှည်သည့် အကျိုးဆက်ရလဒ်များကို ဖြစ်ပေါ် စေလိမ့်မည် ဖြစ်သည်။

ကျန်းကျိရီမှာ အထီးကျန်မှုနှင့် စိတ်ရှုပ်ထွေးမှုတို့ကို အခံစားရဆုံးလူ ဖြစ်သည်။ မြေကြီး ရှန့်ထို တစ်ယောက် အနေဖြင့် သူမ အလွန် လျှင်မြန်စွာ တွေးနိုင်သည့် တိုင်အောင် အခြေအနေက သူမကို ရှုဒေါင့် ပေါင်းစုံမှ စဉ်းစားခွင့်ပင် မပေးပါချေ။

လက်ရှိ သူမ၌ ရွေးချယ်စရာ နှစ်ခုသာ ရှိသည်။ ဟန်ယုဟိုင်နှင့် ပူးပေါင်းကာ ဂိုဏ်း အတွက် တိုက်ခိုက်မည်လား သို့မဟုတ် နောက်ဆုတ် ခေါင်းရှောင်မည်လား ဟူ၍ပင်။

အစစ်အမှန် ဒြပ်စင်ဂိုဏ်းဝင် တစ်ယောက် အနေဖြင့် သူမ ဘာကို ရွေးချယ်မည်နည်း။ ပထမ တစ်ခုဆိုတာကတော့ သံသယ ရှိစရာပင် မလိုပါချေ။

“ကာကွယ်သူဟန်...”

ကျန်းကျိရီက ဆုံးဖြတ်ပြီးဟန်နှင့် ခေါ်လိုက်၏။ သူမကို လှည့်ကြည့်ရင်း ဟန်ယုဟိုင်၏ မျက်လုံးများက စိတ်လှုပ်ရှားမှုနှင့် ပိုမို တောက်ပလာခဲ့သည်။ သူက အလျှင်အမြန်ပင် နောက်ထပ် လက်ဟန် တစ်ခုကို ဖန်တီး လိုက်သည်။ ကျန်းကျိရီမှာ သူတို့နှင့် တူညီသည့် ဖြစ်စဉ် တစ်ခု အတွင်း ကျရောက်သွားသည်။

အော်ရာများ တရိပ်ရိပ် မြင့်တက်လာနေသည့် မြေကြီး ရှန့်ထို သုံးယောက်ကို ကြည့်ရင်း ဝူယု၏ မျက်လုံးများက တဖျပ်ဖျပ် တောက်ပလာခဲ့၏။ ထိုအတွေးများနှင့် ဖြစ်စဉ်များကို ဖော်ပြရသည်မှာ ကြာမြင့်လှသည့်တိုင် အမှန်တကယ်တွင် တစ်စက္ကန့်မျှ အတော အတွင်း ဖြစ်ပျက် သွားခဲ့ခြင်း ဖြစ်သည်။

“မင်းတို့ ပြီးပြီလား...”

ဝူယုက လှံကို အနည်းငယ် လှည့်လိုက်၏။ ဟန်ယုဟိုင်မှာ ဝူယု၏ အလွန်အမင်း ယုံကြည်ချက် ရှိနေပုံကို ကြည့်ကာ အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ ထိုတောသားက လောကဂိုဏ်းကြီး တစ်ခု၏ အစစ်အမှန် စွမ်းအားကို မသိလေသည်လား။ သင်္ကေတ ရှစ်ခု အဆင့်ကို ပိုင်ဆိုင်ရုံဖြင့် ကိုယ့်ကိုယ်ကို ပြိုင်ဘက်ကင်းပြီ ထင်နေသည်လား။ မည်မျှ မောက်မာလိုက်သနည်း။

သို့သော်လည်း... တကယ်တမ်း ပြောရစတမ်း ဆိုလျှင် ဝူယုနှင့် မောက်မာမှု ဆိုသည်မှာ ဟိုယခင်တည်းက ဒွန်တွဲ နေခဲ့ခြင်း ဖြစ်သည်။

ထာဝရ ကြယ်တာရာ နယ်မြေ၏ ရှေးဟောင်းခေတ်များတုန်းက ဆိုလျှင် ထိုလူအိုကြီးမှာ အသူရာ နတ်ဆိုးသခင်ကို ဆယ်ရက် တိတိ ဒူးထောက်ရန် စေခိုင်းခဲ့ဖူးသည့် အချိန်တစ်ခုပင် ရှိခဲ့သည်။ အကြောင်းပြချက်လား... သူ အိပ်နေတာကို အသံကျယ်ကျယ်ဖြင့် နှောက်ယှက်မိသောကြောင့်ပင်။

တစ်ခါတုန်းက ဝူယုမှာ သူ့ဇနီးကို ဝမ်းကွဲ အကို ပြုပြင် ဖန်တီးထားသည့် ဂြိုဟ်တစ်ခုထံ ခေါ်ဆောင် သွားခဲ့သည်။ ဝမ်းကွဲ အကိုမှာ ထိုဂြိုဟ်ကို အလွန်တရာ လှပသည့် နေရာ တစ်ခုဖြစ်အောင် ဆယ်စုနှစ် နှစ်ခုတိုင်တိုင် ခွန်အား စိုက်ထုတ် ကြိုးပမ်းထားခဲ့ခြင်း ဖြစ်သည်။

ဝူယုက ဂြိုဟ်ပေါ်ရှိ လူအားလုံးကို နေရာရွှေ့ပြောင်းစေကာ သုံးရက်တိတိ နေထိုင်ခဲ့သည်။ အဆုံးသတ်၌ သူက ထိုဂြိုဟ်ကိုပါ သိမ်းပိုက်ခဲ့သည်။

အဘယ်ကြောင့်နည်း။ သူ့ဇနီးက ၎င်းကို သဘောကျ နှစ်ခြိုက်သောကြောင့်ပင်။ သူက ဂြိုဟ်တစ်ခုလုံးကို သူမထံ လက်ဆောင်ပေးခဲ့ခြင်းပင်။

တစ်ခါတုန်းက... အတိအကျ ပြောရလျှင် ဟန်ယုဟိုင် လောကသခင် အဆင့်တွင် ရှိစဉ်တုန်းက ဝမ်းကွဲ အကိုနှင့် အတူ ဝူယုနှင့် တွေ့ဆုံခဲ့သည်။ ထိုအရာက သူတို့၏ ပထမဆုံး အကြိမ် တွေ့ဆုံမှုလည်း ဖြစ်သည်။ ကံဆိုးစွာပင် ထိုနေ့၌ သူ အမှားသေး‌‌သေးလေး တစ်ခု လုပ်မိခဲ့ပြီး လဂြိုဟ်တစ်ခု၏ အမြုတေထဲတွင် သုံးလ တိတိ အကျဉ်းချ ခံခဲ့ရသည်။

အရိုးသားဆုံး ဝန်ခံရပါက သူ လုပ်ခဲ့သမျှက ရိုးသားသည့် အမှားကလေးသာ ဖြစ်သည်။ သို့သော်လည်း ဝူယုက သူ့ကို အပြစ်ပေးခဲ့သည်။ အဘယ်ကြောင့်နည်း။ သူထံတွင် လုပ်နိုင်စွမ်း ရှိသောကြောင့်ပင်။

‘အခု ကျုပ် ခင်ဗျားကို သတ်မယ်... အကြောင်းပြချက်က ကျုပ်မှာ လုပ်နိုင်စွမ်း ရှိလို့ပဲ’

ဘုန်း...

မြေကြီး ရှန့်ထို သုံးယောက်၏ စွမ်းအားများမှာ တစ်ခုတည်း အဖြစ် ပေါင်းစည်း သွားကြ၏။ ၎င်းတို့က ကြမ်းတမ်း ခက်ထန်သည့် စွမ်းအင် မုန်တိုင်း အဖြစ် အချိန် စီးဆင်းမှုနှင့် ဟင်းလင်းပြင်ကိုပင် ပြိုကွဲစေကာ ဝူယုကို ဖိနှိပ်လိုက်သည်။

ဝူယုက လှံကို ပိုမို တင်းကြပ်စွာ ဆုပ်ကိုင်ရင် ကျေနပ်ဟန်ဖြင့် ခေါင်းတစ်ချက် ညိတ်လိုက်၏။ အလွန် ကြောက်မက်ဖွယ် ကောင်းသည့် စွမ်းအင်များနှင့် ရင်ဆိုင် နေရသည့်တိုင်အောင် သူ၏ အမူအရာက ပေါ့ပေါ့ပါးပါးပင် ရှိနေသေးဆဲ ဖြစ်သည်။ သို့သော်လည်း... ဟန်ယုဟိုင်၏ အမုန်းတရားကို ခံစားမိရာ ပေါ့ပေါ့တန်တန် လုပ်၍ မရကြောင်း သူ စွဲမှတ်ထားပြီး ဖြစ်သည်။

ဘုန်း...

ပေါင်းစပ်ထားသည့် လျှို့ဝှက် အော်ရာများကို ဝူယုက ရဲရင့်စွာပင် ထိပ်တိုက် ရင်ဆိုင်လိုက်၏။ ထိပ်တိုက် တွေ့ဆုံမှုက အမှောင် ဟင်းလင်းပြင် တစ်ခုလုံးကို တုန်ခါသွားစေကာ အမျိုးမျိုးသော ထူးဆန်း အံ့သြဖွယ် ဖြစ်စဉ်များကို ပေါ်လွင် လာစေခဲ့သည်။ ကိုးဆယ့်ကိုးခုသော ကျောက်စိမ်း ပုလဲများကတော့ မျက်စိကျိန်းလောက်သည့် အလင်းရောင်များကို ဆက်လက် ထုတ်လွှတ်နေဆဲ ဖြစ်သည်။

အော်ရာချင်း ထိပ်တိုက် တွေ့ပြီး နောက်တွင် ဝူယုမှာ လက်ဦးမှု ရယူကာ စတင် လှုပ်ရှား လိုက်၏။ သူက အမှောင် ဟင်းလင်းပြင်ကို ကန်ကျောက်လိုက်ကာ မြေကြီးရှန့်ထို သုံးယောက်ထံ တဟုန်ထိုး ပျံသန်း သွားသည်။ သူ၏ အမြန်နှုန်းက ကြောက်မက်ဖွယ် အဆင့် တစ်ခု၌ ရှိနေကာ မိုင်ရာပေါင်းများစွာကို မီလီ စက္ကန့်များ အတွင်း ကျော်ဖြတ်သွား၏။

သူက မြေကြီးရှန့်ထို သုံးယောက်၏ လျှို့ဝှက်အော်ရာ နယ်ပယ် အတွင်း တိုးဝင်ကာ လျှို့ဝှက် သင်္ကေတ သောင်းချီနှင့် တိုက်ရိုက် ရင်ဆိုင်လိုက်၏။ ရန်သူ သုံးယောက်၏ လျှို့ဝှက် သင်္ကေတများမှာ ကိုးရောင်ခြယ် အလင်းတန်းများနှင့် တွဲဆက်နေကာ ဒြပ်စင် ရည်ရွယ်ချက် ကိုးခုကို ထုတ်ဖော်ထား၏။ ၎င်းတို့ကို ကြည့်ရင်း ဝူယု၏ မျက်လုံးများက မျက်လုံးများက စူးရဲစွာ တောက်ပသွား၏။

သူက ချက်ချင်းလက်ငင်းပင် ပထမ အဆင့် မဟာ အသွင်ပြောင်းခြင်း အဆင့်ထဲကို ဝင်ရောက် လိုက်သည်။ သူ၏ အင်ပါယာ အော်ရာက မန်နာ လျှို့ဝှက် သင်္ကေတများနှင့် အတူ ပူးပေါင်းသွားကာ နောက်ထပ် သင်္ကေတ ခုနစ်ခု ထပ်မံ ဖြစ်ပေါ်လာသည်။ ထိုဖိနှိပ်မှု‌ အောက်တွင် ကိုးရောင်ခြယ် သင်္ကေတများမှာ ပြင်းထန်စွာ တုန်ရီသွားလေရာ မြေကြီး ရှန့်ထို သုံးယောက် သုံးယောက်၏ အမူအရာများက ဖြူရော် သွား၏။ ထိုအထဲ၌ ကျန်းကျိရီမှာ အခြေအနေ အဆိုးဆုံး ဖြစ်ကာ သွေးစီးကြောင်းများမှာ သူမ၏ နှာခေါင်း၊ ပါးစပ်တို့ထံမှ စီးကျ လာခဲ့လေသည်။

“တောင့်ထား...”

ကုန်းလော့က အော်ဟစ်ရင်း အနက်ရောင် စလွယ်ထဲမှ လက်နက် တစ်ခုကို ဆွဲထုတ် လိုက်၏။ ၎င်းက ရှစ်လက်မ အရှည်ရှိသည့် ဓားတစ်စင်း ဖြစ်သည်။

ထို့နောက် သူက မတုန့်မဆိုင်းပင် ထိုဓားမြှောင်နှင့် ဝူယုထံ တိုးဝင်သွားတော့၏။

***

All Chapters