လောကဂိုဏ်းကြီး တစ်ခု၏ စွမ်းအား (၂)
Vol. 63 Ch. 872
ကျန်းကျိရီ၊ ဟန်ယုဟိုင်တို့နှင့် ခြားနားစွာပင် ကုန်းလော့မှာ အနီးကပ် တိုက်ခိုက်မှု၌ အလွန် ကျွမ်းကျင်ကာ ထိုနယ်ပယ်ကို အလေးထား ကျင့်ကြံနေသူ ဖြစ်သည်။
လက်ရှိ၌ ဝူယုမှာ သူတို့ နယ်မြေ အတွင်း ဝင်ရောက်လာကာ မီတာ တစ်ရာမျှသာ ကွာဝေးပေတော့သည်။ ထိုအရာက သူ့အားသာချက်ကို အပြည့်အဝ အသုံးချနိုင်သည့် အကွာအဝေးလည်း ဖြစ်သည်။ သူက လျှို့ဝှက် မြေကြီး အဆင့်မြင့် ဓားမြှောင်ကို ကိုင်ဆိုင်ကာ ငွေရောင် အလင်းတန်း တစ်ခုလို ပျောက်ကွယ် သွားခဲ့လေ၏။
ဝူယုက ကုန်းလော့ ပျောက်ကွယ်သွားမှုကို အမှုမထားပါချေ။ သူက နေရာတွင်ပင် ရပ်ရင်း လှံကိုကာ ရေပြင်ညီမျဉ်း အလိုက် ခုတ်ပိုင်းလိုက်သည်။ သတ္တုချင်း ထိတွေ့သွားသည့် အသံတစ်ခု ထွက်ပေါ်လာကာ ကုန်းလော့မှာ ပြန်ပေါ်လာခဲ့၏။
သူ၏ အမူအရာက ဖြူရော်နေကာ ဓားကို ကိုင်ထားသည့် လက်က နောက်သို့ ပြန်လိမ် နေခဲ့သည်။ လက်မောင်း အရိုးကား သွင်သွင်ကျိုး သွားခဲ့ခြင်းပင်။
ဝူယုက ကုန်းလော့ကို ပြန်လည် ဟန်ချက်ထိန်းရန် အချိန် မပေးပါချေ။ သူက ဘယ်ဘက် လက်သီးကို ဆန့်ထုတ်ကာ ကုန်းလော့၏ ရင်ဘတ်ကို ထိုးနှက် လိုက်၏။ ကြယ်တာရာ အလင်းများက သူ့ လက်သီးကို ဝန်းရံနေကာ လေလွင့် ဥက္ကာခဲများ လေထုတစ်ခုထဲ ထိုးဖောက် ဝင်ရောက်သွားသည့် အလား ထင်မှတ်ရသည်။
ကုန်းလော့က လျှင်မြန်စွာပင် နောက်ဆုတ်လိုက်၏။ တစ်ချိန်တည်း၌ သူက အခြား လက်တစ်ဖက်ကို အသုံးပြုကာ တိုးဝင်လာသည့် တိုက်ခိုက်မှုကို ပြန်လည် ထိပ်တိုက် ရင်ဆိုင်ဖို့ ကြိုးပမ်းလိုက်သည်။ တစ်ခါတစ်ရံ၌ အကောင်းဆုံး ခံစစ်မှာ အဆုံးစွန်သော တိုက်ခိုက်မှုပင် ဖြစ်သည်။ ထိုတိုက်ခိုက်မှု၌ ရှိရှိသမျှ စွမ်းအား အကုန်လုံးကို သူ အသုံးပြုထား၏။
ဝူယုမှာ စိတ်ထဲမှ ရယ်မောလိုက်၏။ သူက အလိုက်သင့်ပင် လိုက်ပါ စီးမြောလိုက်ကာ လက်သီးချင်း ထိပ်တိုက် ရင်ဆိုင်လိုက်သည်။ ရလဒ်ကတော့ မျှော်လင့်ထားသည့် အတိုင်းပင်။
ဘုန်း...
ကုန်းလော့၏ လက်မှာ တိုက်ရိုက်ပင် ပေါက်ကွဲသွား၏။ အသွေးအသားများ၊ အရိုးစများနှင့် စွမ်းအင်လှိုင်းများက ကြမ်းတမ်း ခက်ထန်စွာ ပြန့်ကျဲလာရာ ဝူယုမှာ နောက်သို့ ဆုတ်ခွာ လိုက်သည်။ ထိုပေါက်ကွဲမှုက အလွန်ပင် ဖရိုဖရဲ နိုင်လှရာ သူ့ဝိညာဥ်အာရုံကိုပင် နှောက်ယှက်နေ၏။
ရုတ်တရက် ပြင်းထန်သည့် အင်အားတစ်ခုကို ခံစားလိုက်ရရာ ဝူယု၏ မျက်လုံးများက ကျဥ်းမြောင်း သွားသည်။ သူက ချက်ချင်းပင် လှံကို ဆုပ်ကိုင်ကာ နောက်ကို လှည့်၍ ထိုးနှက်လိုက်၏။ တစ်ဆက်တည်းပင် အပေါ်ကို ဝှေ့ယမ်းကာ တားဆီးလိုက်သည်။
ဘုန်း... ဘုန်း...
အမှောင်ဟင်းလင်းပြင် အတွင်း ပေါက်ကွဲသံ အချို့ ထွက်ပေါ်လာ၏။ ဝူယုက အလွန် လျှင်မြန်စွာပင် နောက်သို့ ဆုတ်သွားကာ ညာဘက် ရင်ဘတ်ကို လက်ဖြင့် ဖိလိုက်သည်။ သွေးများက သူ့လက်ချောင်းများ အကြားမှ စိမ့်၍ စီးကျလာနေခဲ့ကာ အပေါက် တစ်ခုက နောက်ကြော အထိ ထုတ်ချင်းပေါက် နေခဲ့သည်။ ဒဏ်ရာ၏ ထက်ရှမှု အရ ဓားမြှောင်တစ်စင်းနှင့် တိုက်ခိုက် ခံထားရခြင်းဖြစ်ကြောင်း ရှင်းလင်းပေသည်။
ဝူယုက မလှမ်းမကမ်းတွင် အတူတကွ ရပ်နေသည့် မြေကြီးရှန့်ထို သုံးယောက်ကို လှမ်းကြည့်လိုက်၏။ ကုန်းလော့မှာ မထိမခိုက်ပင် ရှိနေဆဲ ဖြစ်ကာ သူ၏ လက်နှစ်ဖက်မှာ အကောင်း ပကတိ ရှိနေပေသည်။ သို့သော်လည်း... ကျန်းကျိရီ၏ နှာခေါင်းများတွင်တော့ သွေးစီးကြောင်းများ ရှိနေဆဲ ဖြစ်ပေသည်။
“ဘာတွေ ဖြစ်နေတာလဲ...”
ရုတ်တရက် ပုံရိပ် သုံးခုက သုံးထောင် အဖြစ် ပြောင်းလဲ သွားလေရာရာ ဝူယု၏ မျက်လုံးများမှာ ပြူးကျယ် သွား၏။ မြေကြီးရှန့်ထို တစ်ယောက်ချင်းစီမှာ ကိုးရာကိုးဆယ့်ကိုးခုသော ကိုယ်ပွားများ ရှိနေခဲ့ချေပြီ ဖြစ်သည်။ ၎င်းတို့က ဝူယုကို အရပ်မျက်နှာ ပေါင်းစုံမှ ဝန်းရံထား၏။
“ပိုပြီးတော့ စိတ်ဝင်စားစရာ ကောင်းလာပြီ...”
စိတ်လှုပ်ရှားသည့် အပြုံးတစ်ခုက ဝူယု၏ နှုတ်ခမ်းထက်တွင် နေရာယူ လာခဲ့လေတော့၏။ သူ တိုက်ပွဲတစ်ခု၌ ဒဏ်ရာ မရခဲ့သည်မှာ အလွန်ပင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သူ ရင်ဘတ်ကို တင်းတင်းကြပ်ကြပ် ဖိထားဆဲ ဖြစ်ကာ သွေးများက လက်ချောင်းများ အကြားမှ စီးထွက်နေဆဲ ဖြစ်သည်။ ထိုမြင်ကွင်းက အတော်လေး ထိတ်လန့်စရာ ကောင်းလှ၏။
သို့သော်လည်း... ရန်သူများ အတွက်တော့ ၎င်းက ကြည်နူးဖွယ်ရာ မြင်ကွင်း တစ်ခုပင်။ အာရုဏ်ဦး စစ်သည်ဟု ခေါ်သည့် ဝူယုမှာ ပြိုင်ဘက် မကင်းပါချေ။ သင်္ကေတ ရှစ်ခုကို ပိုင်ဆိုင်ထားသည့်တိုင် သူသည်လည်း ဒဏ်ရာ ရနိုင်၊ သေနိုင်ပေသေးသည်။
ဝှစ်... ဝှစ်...
လျှို့ဝှက်အဆင့် အချိန်စွမ်းအင်များမှာ သူ့ လက်ချောင်းထိပ်တွင် စုစည်းလာကာ ထောင်ပေါင်းများစွာသော လောကီ အချိန် သင်္ကေတများ အဖြစ် ပြောင်းလဲ သွား၏။ ဝူယုမှာ သင်္ကေတ ရှစ်ခု မြေကြီး ရှန့်ထို တစ်ယောက် ဖြစ်လေရာ လောကီ အချိန် ပြောင်းပြန်လှန်ခြင်း စွမ်းအား အပါအဝင် စွမ်းအား များစွာကို အခြား မြေကြီး ရှန့်ထိုများ စိတ်ကူးသာယဉ်နိုင်သည့် အတိုင်းအတာ အထိ ကျွမ်းကျင်စွာ အသုံးပြုနိုင်စွမ်း ရှိပေသည်။ အခြား လျှို့ဝှက် သင်္ကေတများမှာလည်း တောက်ပလာကာ ၎င်းတို့၏ စွမ်းအားကို လောကီအချိန် သင်္ကေတထံ အဆက်မပြတ် ပို့လွှတ် လာကြ၏။
သေမျိုး မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် ဝူယု၏ ဒဏ်ရာက လျှင်မြန်စွာ ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်သည်။ စုတ်ပြဲနေသည့် သူ့အဝတ်များ ပင်လျှင် မူလက အတိုင်း ပြန်လည် ဖြစ်သွား၏။
“လောကီ အချိန် ပြောင်းပြန်လှန်ခြင်း စွမ်းအား...”
ထောင်နှင့်ချီသည့် ကျိန်းကျိရီ၏ မျက်လုံးများမှာ အံ့အားသင့်စွာဖြင့် ပြူးကျယ်သွား၏။
“မဟူရာသွေး ဓားမြှောင်နဲ့ ထိခိုက်မိတဲ့ ဒဏ်ရာကို အချိန် ပြောင်းပြန်လှန်ခြင်းနဲ့ ကုလို့ မရဘူး မလား”
အံ့အားသင့်နေသည်က သူမ တစ်ယောက်တည်း မဟုတ်ပါချေ။ ကုန်းလော့ကလည်း မယုံကြည်နိုင်စွာဖြင့် သူ့ဓားကို ငုံ့ကြည့်လိုက်၏။ ၎င်းက အချိန်နှင့် စွမ်းအင်ကို သက်ရောက်နိုင်သည့် ပြိုင်စံရှား စွမ်းအား တစ်မျိုးကို သယ်ဆောင်ထားပေသည်။ ထိုစွမ်းအားကပင် အဆိပ် တစ်ခုလိုမျိုး ပြုမူနိုင်ကာ မည်သည့် ဒဏ်ရာကို မဆို ကုသနိုင်စွမ်း မရှိအောင် တားမြစ်ထားနိုင်သည်။ သို့သော်လည်း... ယခု မည်ကဲ့သို့ ဖြစ်ရသနည်း။
“အာရုံစိုက်ထား...”
ဟန်ယုဟိုင်က အော်ဟစ် အမိန့်ပေးလိုက်၏။ ဟန်ယုဟိုင် တစ်ထောင်မှာ စတင် လှုပ်ရှားလာကာ မတူကွဲပြားသည့် လက်ဟန် တစ်ထောင်ကို ဖန်တီးလိုက်ကြသည်။
မြေကြီး ရှန့်ထို နှစ်ယောက်မှာ သူတို့၏ မေးခွန်းများကို စိတ်ထဲတွင် သိမ်းဆည်းလိုက်ကြကာ နောက်ထပ် တိုက်ခိုက်မှု အတွက် စတင် ပြင်ဆင်လိုက်ကြ၏။ ကုန်းလော့၏ ကိုယ်ပွဲများမှာ ကိုယ်ပိုင် မဟူရာသွေး ဓားမြှောင်များကို ကိုင်ဆောင်ထားသည်။ ထို့နောက် သူတို့၏ ခန္ဓာကိုယ်များမှာ ပျောက်ကွယ်သွား၏။
တစ်ချိန်တည်း၌ ကျန်းကျိရီက အဖြူရောင် ရာဇလှံတံ တစ်ခုကို ထုတ်ယူလိုက်သည်။ ၎င်း၏ ထိပ်ဖျားတွင်တော့ အစိမ်းရောင် မီးတောက်များ တောက်လောင်နေသည့် လက်သီးဆုပ် အရွယ် ပုလဲကြီး တစ်လုံး ရှိနေ၏။
ဝူယုမှာ လောကီ အချိန် ပြောင်းပြန်လှန်ခြင်း စွမ်းအားနှင့် အတူ အပြည့်အဝ ပြန်လည် ကောင်းမွန်လာခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ထိုကဲ့သို့ ပြုလုပ်ရန် အတွက် သူ လျှို့ဝှက် စွမ်းအင် ပမာဏ အမြောက်အများကို အသုံးပြုခဲ့ရသည်။ ဝူယု ပင့်သက်တစ်ချက် ရှိုက်လိုက်ရင်း ပတ်လည်ကို ကြည့်ကာ မြေကြီး ရှန့်ထိုများကို အာရုံခံဖို့ ကြိုးစားလိုက်၏။ အထူးသဖြင့် ဟင်းလင်းပြင်နှင့် ပေါင်းစပ်ကာ ပုန်းအောင်းနေသည့် ကုန်းလော့ကိုပင်။ သူ၏ ကျင့်ကြံခြင်း အခြေခံက အထင်ကြီးစရာ မကောင်းသည့်တိုင် အာကာသ အမျိုးအစား လျှို့ဝှက် သင်္ကေတကို ပိုင်ဆိုင်ထားသည်မှာ ထင်ရှားလှသည်။
‘ပုလဲ ကိုးဆယ့်ကိုးလုံးက ပုံရိပ်ယောင် အမြင်အာရုံ တစ်ခုကို တည်ဆောက်ထားတာလား...”
ဝူယု တွေးတောရင်း လှံကို ဘယ်ဘက်သို့ ဦးတည်ကာ ထိုးနှက်လိုက်၏။ သတ္တုချင်း ထိတွေ့သံများ နောက်တစ်ကြိမ် ထွက်ပေါ်လာကာ ကုန်းလော့၏ ပုံရိပ်မှာ ပုန်းကွယ် နေရာမှ ထွက်ပေါ်လာသည်။ ထို့နောက် သူက အလွန် လျှင်မြန်သည့် အရှိန်ဖြင့် စက္ကန့်ပိုင်းအတွင်း မိုင်ထောင်ပေါင်းများစွာ ဆုတ်ခွာသွား၏။ မကြာခင်မှာပင် သူ၏ ခန္ဓာကိုယ်က အလင်းတန်းများ အဖြစ် ပြိုကွဲသွားသည်။
ဝူယုက မျက်မှောင်ကြုတ်လိုက်၏။ သို့သော်လည်း သူက ရပ်တန့်နေခြင်း မရှိပဲ ခြေလှမ်းများကို စတင်ကာ အမှောင် ဟင်းလင်းပြင်ကို ဖြတ်ကျော်လိုက်၏။ ခြေတစ်လှမ်းချင်းစီတိုင်း၌ သူက မီတာ ရာပေါင်းများစွာကို ဖြတ်ကျော်သွားကာ လက်သီးတစ်ချက်ချင်းစီကို ထုတ်ဖော်လိုက်၏။ သူ၏ လက်သီးတစ်ချက်ချင်းစီက ကုန်းလော့ တစ်ယောက်ကို အလင်းများ အဖြစ် ပေါက်ကွဲသာ သေဆုံး သွားစေခဲ့သည်။ တစ်ခါတစ်ရံ သူက ပုလဲလုံး ကိုးဆယ့်ကိုးလုံးထဲမှ တစ်လုံးကို လှံဖြင့် လှမ်း၍ ပစ်ခတ် ဖျက်ဆီး၏။
သို့သော်လည်း ဖျက်ဆီးခံလိုက်ရသည့် အရာအားလုံးက တစ်ခဏ အတွင်းမှာပင် ပြန်လည် ပေါ်လာကြလေရာ သူ၏ တိုက်ခိုက်မှု မှန်သမျှက အချည်းနှီးသာ ဖြစ်သွားခဲ့ရပေသည်။
သုံးစက္ကန့်မျှ အတွင်းမှာပင် ဝူယုမှာ ကုန်းလော့၏ ကိုယ်ပွား ငါးရာခန့်မျှနှင့် ရင်ဆိုင်ခဲ့ပြီး ဖြစ်ကာ ပုလဲလုံး ဒါဇင်ပေါင်းများစွာကို ဖျက်ဆီး ခဲ့ပြီး ဖြစ်သည်။ အခြားတစ်ဖက်၌ ကျန်းကျိရီ၏ ရာဇလှံတံမှာ အလင်တန်းများနှင့် အတူ အဆက်အပြတ် ပိုမို တောက်ပလာနေခဲ့ပြီ ဖြစ်သည်။ ၎င်း၏ ထိပ်ဖျားရှိ ကျောက်စိမ်း ပုလဲမှာ နေကြယ် တစ်ခု အလား လင်းလက်နေ၏။ သို့သော်လည်း... အလွန်ကြီးမားသည့် ကျောက်စိမ်း ပုလဲ ကိုးဆယ့်ကိုးလုံး၏ တောက်ပမှုအောက်တွင် ၎င်းက သိပ်ထင်သာ မြင်သာ မရှိလှပါချေ။
အရေအတွက် တစ်ထောင်မျှသော ကျန်းကျိရီများမှာ သူတို့၏ ရာဇလှံတံများကို ခေါင်းများထက် မြှောက်လိုက်ကြ၏။ ကျောက်စိမ်း ရည်ရွယ်ချက်လှိုင်း တစ်ခုက ပေါက်ကွဲ ထွက်ပေါ်လာ၏။ မိန်းကလေး၏ ပြင်ဆင်မှု အားလုံးကား ပြီးဆုံးလုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်လေသည်။
ဝူယုမှာ နောက်ထပ် ကုန်းလော့ တစ်ယောက်ကို လည်ပင်းအား ချိုးကာ သတ်ဖြတ်လိုက်၏။ ထို့နောက် သူက ကျန်းကျိရီနှင့် ဟန်ယုဟိုင်တို့ကို အေးစက်စက် မျက်လုံးများနှင့် လှမ်းကြည့် လိုက်သည်။ တဒင်္ဂ အတွင်းမှာပင် သူ၏ ခန္ဓာကိုယ်မှာ မူလနေရာမှ ပျောက်ကွယ်သွား၏။ အံ့အားသင့်သည့် အသံများက အမှောင် ဟင်းလင်းပြင် အတွင်း ပျံ့လွင့်ကာ ထွက်ပေါ်လာသည်။ ၎င်းတို့က ကုန်းလော့၏ လက်ကျန် ကိုယ်ပွား ငါးရာထံမှ အသံများပင်။
ဝူယုမှာ ကျန်းကျိရီ တစ်ယောက်၏ ရှေ့သို့ ရောက်ရှိလာ၏။ ထို့နောက် သူက တုန့်ဆိုင်းခြင်း မရှိပဲ လက်ထဲရှိ လှံနှင့် မိန်းကလေး၏ ခေါင်းကို ထိုးစိုက်လိုက်သည်။ ကျန်းကျိရီ၏ မျက်လုံးများမှာ ပြူးကျယ် ဝိုင်းစက် သွား၏။ သို့သော်လည်း... သူမ တုန့်ပြန်ခြင်း မပြုနိုင်ခင်မှာပင် လှံသွားက ဦးခေါင်းခွံကို ဖောက်ထွက် သွားခဲ့ပြီ ဖြစ်သည်။ သွေးနှင့် အရည်ကြည်များမှာ ပန်းကာ ထွက်ပေါ်လာ၏။
ဝူယုက လှံကို တစ်ချက် လှည့်၍ ဝှေ့ယမ်းလိုက်ရာ ကျန်းကျိရီ၏ ဦးခေါင်းက အစိတ်စိတ် အမွှာမွှာ ကွဲထွက်သွားသည်။ ထို့နောက် ကုန်းလော့လိုပင် အလင်းတန်းများ အဖြစ် ပြောင်းလဲကာ ပျောက်ကွယ် သွား၏။
တစ်ထောင်သော ဟန်ယုဟိုင်များကတော့ အမျိုးမျိုးသော လက်ဟန် ချိပ်စည်းများကို ဖန်တီးကာ သုန်မှုန်သော မျက်လုံးများနှင့် ဝူယုကို လှမ်းကြည့် နေခဲ့ကြသည်။ သူ၏ မျက်နှာထက်၌ အပြုံး မရှိချေ။ သို့သော်လည်း သူ၏ ကိုးရောင်ခြယ် မျက်လုံးများက ရွှင်မြူးမှုများနှင့် ပြည့်နှက်နေကြောင်း ဝူယု ရှင်းလင်းစွာပင် ခံစားနိုင်၏။
“ဘာတွေလဲ...”
ဝူယု စိတ်ထဲမှ ဆက်လက်၍ မေးခွန်းများ ထုတ် နေမိ၏။ သူ ဟန်ယုဟိုင်ကို တိုက်ခိုက်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ မကြာခင်မှာပင် ဟန်ယုဟိုင်မှာလည်း ထူးမခြားနား ဖြစ်ကြောင်း သူ သဘောပေါက် သွား၏။ ကုန်းလော့ ဖြစ်စေ၊ ကျန်းကျိရီ ဖြစ်စေ၊ ဟန်ယုဟိုင် ဖြစ်စေ... သူတို့ အားလုံးကို သတ်ဖြတ်ရသည်က အလွန် လွယ်ကူပေသည်။ ဘာအကျိုးရလဒ်မှ ထွက်ပေါ်လာခဲ့ခြင်း မရှိချေ။
သို့သော်လည်း... သူတို့၏ အော်ရာများက အတိအကျပင် တူညီနေကြောင်း ဝူယု သတိထားမိလိုက်၏။ မည်သည့် ကွဲပြားမှုကိုမှ ရှာမတွေ့ပါချေ။ ပထမ၌ ကျန်းကျိရီ၊ ကုန်းလော့နှင့် ဟန်ယုဟိုင်တို့မှာ ထိုပုံရိပ်ယောင်များ အကြားတွင် ပုန်းနေခြင်းဖြစ်လိမ့်မည်ဟု သူ ထင်မိခဲ့သေးသည်။ သို့တည်းမဟုတ် သူက ပုံရိပ်ယောင် ဝိညာဥ် အစီအရင် တစ်ခု အတွင်း ကျရောက်နေခြင်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
သို့သော်လည်း... ထူးဆန်းစွာပင် သူ၏ ဝိညာဥ်အာရုံ၊ မျက်လုံး အစီအရင်နှင့် လျှို့ဝှက် ဝိညာဥ်တို့မှာ မည်သည့် ထူးခြားမှုကိုမှ ရှာမတွေ့ခဲ့ပါချေ။
ကုန်းလော့၊ ဟန်ယုဟိုင်နှင့် ကျန်းကျိရီတို့ တစ်ယောက်ချင်းစီမှာ ပုံမှန် ကျင့်ကြံသူများ အသုံးပြုလေ့ ရှိသည့် ကိုယ်ပွားများလိုပင် ဖြစ်သည်။ သို့သော်လည်း... မြေကြီးရှန့်ထို တစ်ယောက်၏ ကြောက်မက်ဖွယ် အော်ရာများမှ တစ်ပါး သူတို့ထံတွင် အခြား မည်သည့် စွမ်းအင် အမျိုးအစားမှ မရှိပါချေ။
ရန်သူ သုံးထောင် အနက် ထက်ဝက်ခန့်ကို သတ်ဖြတ်ပြီး ဖြစ်သည့်တိုင် ကျန်းကျိရီမှာ သူမ၏ ရာဇလှံတံကို ဆက်လက် အသက်သွင်းနေဆဲ ဖြစ်ကာ ဟန်ယုဟိုင်မှာလည်း လက်ဟန် ချိပ်စည်းများကို ဆက်လက် ဖော်ဆောင်နေဆဲ ဖြစ်၏။ တစ်ချိန်တည်း၌ ကုန်းလော့မှာလည်း ဝူယုကို နောက်ထပ် ဒဏ်ရာ တစ်ခု ပေးရန် မဟူရာသွေး ဓားမြှောင်နှင့် ဆက်လက် တိုက်ခိုက်နေဆဲပင်။
ဝူယု၏ အတွေးများမှာ ပိုမို၍ ရှုပ်ထွေးလာ၏။ သူတို့က ဘာလုပ်ရန် ကြိုးပမ်း နေကြသနည်း။ လောကဂိုဏ်း တစ်ခု၏ အစစ်အမှန်စွမ်းအား ဆိုသည်က အဘယ်မှာနည်း။
***