လောကဂိုဏ်းကြီး တစ်ခု၏ စွမ်းအား (၃)
Vol. 63 Ch. 873
“...”
ဝူယုက ပတ်လည်ကို ကြည့်လိုက်၏။ ကျိန်းကျိရီနှင့် ဟန်ယုဟိုင်တို့မှာ ပုံမှန် အတိုင်း ဆက်လက် လှုပ်ရှား နေကြဆဲ ဖြစ်ပေသည်။ တစ်စုံတစ်ရာက မှားယွင်းနေပြီ ဖြစ်ကြောင်း ဝူယု ပြင်းထန်စွာပင် ခံစား နေမိ၏။ သို့ပေမဲ့... မည်သည့် အရာနည်း။
ထိုကဲ့သို့ ဝူယု ကိုယ်ပိုင် အတွေးများနှင့် အလုပ်ရှုပ် နေစဉ်တွင်... ကျောက်စိမ်း ပုလဲတိုင်းမှ သေးငယ်သည့် စွမ်းအင် စီးကြောင်းကလေးများမှဦ မျက်စိကျိန်းလောက်သည့် ရောင်စဉ်များကို အကာအကွယ် ယူ၍ ကျန်းကျိရီ၏ ရာဇလှံတံဆီ တိတ်တဆိတ်ပင် စီးဝင်နေခဲ့လေသည်။
တစ်ချိန်တည်း၌ မူလဂြိုဟ်၏ နေကြယ် အသွင်မှာ စတင်ကာ ကြီးမားလာ၏။ ရောင်စုံ နေမီးတောက်များက အရှိန်အဟုန်နှင့် တောက်လောင်လာသည်။ မူလဂြိုဟ်၏ စွမ်းအင် အတက်အကျများမှာ မကြုံစဖူး အထွတ်အထိပ်သို့ ရောက်ရှိလာသည်။ ထိုစွမ်းအင်များက ဆန်းကြယ် ဒြပ်စင် ကိုးပါး ကြယ်တာရာ အစီအရင်မှ လာကြောင်း ရှင်းလင်းလှပေသည်။
အလုံးတစ်ရာမြောက် ကျောက်စိမ်း ပုလဲကို စိုက်ကြည့်ရင်း ထောက်ချောက် အတွင်း၌ ဝူယု၏ ခန္ဓာကိုယ်မှာ အလွန် လျှင်မြန်စွာ လှုပ်ရှားနေ၏။ သို့သော်လည်း သူ ဘယ်လောက်ပင် ပြေးစေကာမူ လဂြိုဟ်တစ်ခု အရွယ်အစား ရှိသည့် ပုလဲ၏ မူလ အကာအဝေး အတိုင်း ရှိနေသေးဆဲ ဖြစ်သည်။ ၎င်းက သူ့ရှေ့တိုးလျှင် နောက်ဆုတ်သွားကာ နောက်ဆုတ်လျှင် ရှေ့တိုးလာသယောင် ထင်ရ၏။
ကုန်းလော့၏ မျက်နှာက ဖြူရော်နေသည်။ သူက ကျန်းကျိရီ၏ နံဘေးတွင် ဒူးတစ်ဖက် ထောက်လျှက် အနေအထားဖြင့် ရှိနေခဲ့၏။ သူ၏ ညာဘက်လက်က လုံးဝ ပျောက်ဆုံး သွားခဲ့ပြီ ဖြစ်ကာ အခြား လက်တစ်ဖက်မှာလည်း လိမ်ကောက်နေသည်။ လောကီ အချိန် ပြောင်းပြန်လှန်ခြင်း စွမ်းအားဖြင့် ထိုဒဏ်ရာကို ကုသရန် သူ ကြိုးပမ်းခဲ့သေးသော်လည်း စွမ်းအင် အော်ရာ တစ်ခုက ထိုကဲ့သို့ မပြုလုပ်အောင် တားဆီးထားသည်။ သူ ပိုမို၍ စောင့်ဆိုင်းလေလေ... လျှို့ဝှက် စွမ်းအားနှင့် သက်တမ်း ကုန်ကျမှုက ပိုမို၍ ကြီးမားလေလေ ဖြစ်သည်.
“ဒါက အဆုံးမဲ့ ကောင်းကင် အော်ရာလား... ဘာလို့ သူ့ရဲ့ လျှို့ဝှက် အော်ရာမှာလည်း အဲဒီလို အကျိုးသက်ရောက်မှု ရှိနေရတာလဲ”
ကုန်းလော့မှာ သူ့ခန္ဓာကိုယ် အတွင်းရှိ ဝူယု၏ အင်ပါယာ ကောင်းကင် အော်ရာကို စစ်ဆေးရင်း ထိတ်လန့်စွာ တွေးလိုက်မိ၏။ အကယ်၍ သူသာ ပြင်းပြင်းထန်ထန် ဖိနှိပ် မထားပါက ထိုအော်ရာမှာ သွေးကြောများနှင့် လျှို့ဝှက်ဝိညာဥ် အတွင်းကိုပင် ရောက်ရှိ နေလောက်ပြီ ဖြစ်သည်။
ကျန်းကျိရီမှာ ရာဇလှံတံကို ဆက်လက် အာရုံစိုက်နေဆဲ ဖြစ်သည်။ အချိန်တိုင်း၌ သူမ၏ မျက်နှာမှာ ပိုမို၍ ဖြူရော် လာနေခဲ့၏။
“ကျောက်စိမ်းလောကကို ငါ အကြာကြီး ဆက်ပြီးတော့ ထိန်းမထားနိုင်တော့ဘူး... သူ့ရဲ့ လောကဖိအားက အရမ်း အစွမ်းထက်တယ်”
ရာဇလှံတံကို ကိုင်ထားသည့် သူမ၏ လက်ချောင်းများ၌ သွေးစများက စတင်ကာ စီးကျ လာနေခဲ့သည်။ ထိုအခိုက်၌ သူမမှာ ပရမတ် ကျောက်စိမ်း နယ်မြေနှင့် အကြွင်းမဲ့ ဒြပ်စင် နယ်မြေတို့ထံမှ စွမ်းအားများကို ငှားယမ်းကာ အလွန် ထူးဆန်းသည့် လောက တစ်ခုကို တည်ဆောက် နေခဲ့ခြင်း ဖြစ်လေသည်။ ၎င်းက အစစ်အမှန် လောက မဟုတ်သည့်တိုင် ပုံရိပ်ယောင် ကမ္ဘာ တစ်ခုလည်းမဟုတ်ပါချေ။ မူလဒြပ်စင် ရည်ရွယ်ချက်၊ ကျောက်စိမ်း ရည်ရွယ်ချက်တို့နှင့် အတူ ဖန်တီးထားသည့် လုံးဝ ကွဲပြားခြားနားသော ကမ္ဘာတစ်ခုပင် ဖြစ်လေသည်။
တစ်နည်းဆိုရပါက... ထိုအရာမှာ လောကတစ်ခုလုံးကို ပြင်ပလောကသို့ ပြီးပြည့်စုံစွာ ရွှေ့ပြောင်းခြင်း တစ်မျိုးပင်။ ဝူယုမှာ ပုံရိပ်ယောင် လောကတစ်ခု အတွင်း ရောက်ရှိနေခြင်း မဟုတ်ချေ။ ၎င်းက သူနားလည်ထားသည့် လောကကို အတုယူကာ အမြဲမပြတ် မွမ်းမံမှုတို့နှင့် အတူ တည်ဆောက်ထားသည့် လောက တစ်ခုပင်။ ပုလဲ ကိုးဆယ့်ကိုးခုမှာ ပတ်ဝန်းကျင် အတွက် ပုံရိပ်ဖမ်း ကိရိယာများလိုပင် ဖြစ်သည်။ ကိုယ်ပွားများလား... ၎င်းတို့က မြေကြီးရှန့်ထိုများ၏ ရောင်ပြန် ဖြစ်တည်မှုများပင်။
“အဆင်သင့် ဖြစ်ပြီလား...”
ကုန်းလော့က လက်ဟန် ချိပ်စည်းများ အဆက်မပြတ် ဖော်ဆောင်နေသည့် ဟန်ယုဟိုင်ကို ကြည့်ကာ မေးလိုက်၏။ သူတို့၏ အဓိက ဝှက်ဖဲက ပရမတ်ကျောက်စိမ်း အကြွင်းမဲ့ ဒြပ်စင် အစီအရင် မဟုတ်ချေ။ ဒြပ်စင်ကိုးပါး ကြယ်တာရာ အစီအရင်ပင် ဖြစ်လေသည်။ ထိုအရာက သူတို့၏ တစ်ခုတည်းသော တိုက်ခိုက်ရေး ဝင်္ကပါ ဖြစ်ကာ မြေကြီးရှန့်ထိုများ အပါအဝင် အစစ်အမှန် ဒြပ်စင်ဂိုဏ်းတစ်ခုလုံး၏ ရရှိနိုင်သမျှ စစ်မှန်သော စွမ်းအားများနှင့် ဆက်သွယ်ထားသည်။
အင်ပါယာ ကလန်ပင်လျှင် ထိုကြယ်ကြွေလာမည်ကို ကြောက်ရွံ့ရသည်။ ၎င်းက ဒြပ်စင် နယ်မြေတစ်ခုလုံးတွင် မူလဂြိုဟ် အရေးအပါဆုံး ဖြစ်နေရသည့် အကြောင်းရင်းပင်။
ဟန်ယုဟိုင်၏ သွေးကြောများမှာ ပေါက်ထွက်လုမတတ် ဖောင်းကား နေ၏။
“နီးလာပြီ...”
သူက သွားကြားထဲမှ ထွက်လာသည့် လေသံနှင့် ပြောလိုက်သည်။ လက်ရှိ၌ ဒြပ်စင်ကိုးပါး ကြယ်တာရာ အစီအရင်၏ စွမ်းအား ဆယ်ပုံတစ်ပုံမျှကိုပင် သူ အသုံးမပြုနိုင်သေးချေ။ ဝူယု မလွတ်မြောက်စေရန် အတွက် အစီအရင်၏ စွမ်းအား အလုံးစုံကို သူ ထုတ်ဖော်ရန် လိုအပ်သည်။
ကံမကောင်းစွာပင် စွမ်းအား အထွတ်အထိပ်ကို ရောက်ရှိရန် အတွက် အချိန် အတိုင်းအတာ တစ်ခု လိုအပ်ပေသည်။ အတိအကျ ဆိုရလျှင် ကိုးစက္ကန့်တိတိ လိုအပ်ပေသည်။
အစီအရင် အပြည့်အဝ အသက်ဝင်ပါက လောကရှန့်ထို တစ်ယောက်ပင် ထိုတိုက်ခိုက်မှုကို တောင့်ခံနိုင်လိမ့်မည် မဟုတ်ပါချေ။
“ပုလဲကို ရပ်ဖို့ အဆင်သင့်ပြင်ထား...”
ဟန်ယုဟိုင်က သတိပေးလိုက်၏။ အချိန်က ငါးစက္ကန့် တိတိ ကုန်လွန် သွားခဲ့ပြီ ဖြစ်သည်။
“အား...”
ကျန်းကျိရီထံမှ အော်ငြီးသံများ ထွက်ပေါ်လာ၏။ သူမ၏ လက်ချောင်းထိပ်များမှာ ကျောက်စိမ်းရောင် သွေးများနှင့် ပြည့်နှက် နေခဲ့ပြီ ဖြစ်သည်။
“မြန်မြန်...”
သူမက အော်ဟစ်လိုက်သည်။ ထိုအခိုက်၌ သူမ၏ လျှို့ဝှက် စွမ်းအားများမှာ ကုန်ဆုံးလု နီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ လျှို့ဝှက် နယ်မြေ နှစ်ခု၏ အမြုတေများမှ စွမ်းအားဆိုလျှင် ပိုမို၍ပင် ခမ်းခြောက် နေခဲ့ပြီ ဖြစ်၏။
အခြားတစ်ဖက်၌ ဝူယုမှာ မြေကြီးရှန့်ထို သုံးယောက်၏ နောက်ဆုံးသော ကိုယ်ပွားကို ရှင်းလင်း ပစ်လိုက်ပြီ ဖြစ်သည်။ သို့သော်လည်း... နောက်ထပ် ကိုယ်ပွား သုံးထောင်မှာ ပေါ်လာခဲ့ပြန်၏။ ဝူယုက ဟန်ယုဟိုင် တစ်ယောက်ကို လှမ်းကြည့်လိုက်သည်။
”ယုကလေး... မင်းက တကယ်ကြီး လုပ်နေတာပဲကွ... တော်တော်လေး ချစ်ဖို့ ကောင်းတဲ့ ကောင်ပဲ... မင်း အဘွားက အဲ့လိုပဲ သင်ထားတာလား”
“...”
ဟန်ယုဟိုင်၏ အမူအရာက အပြောင်းအလဲ မရှိ တည်ငြိမ်နေတုန်း ဖြစ်သည်။ သူ၏ မျက်လုံးများက ရွှင်မြူးသော အငွေ့အသက်များကို ဆက်လက် ထိန်းသိမ်း ထား၏။ ဝူယုက မျက်မှောင်ကြုတ်ရင်း သူ့ အတွေးများက မှန်ကန်ကြောင်း အတည်ပြုလိုက်နိုင်သည်။ ဟန်ယုဟိုင်မှာ ဤနေရာတွင် မရှိချေ။ ထိုအရာ အားလုံးက ပုံရိပ်ယောင်များ ဖြစ်သည်။ သို့သော်လည်း ၎င်းတို့က အစစ်အမှန်နှင့် တူသည်ဟု သူ ခံစားရ၏။
“သူတို့က အစစ်တွေလည်း ဖြစ်ချင် ဖြစ်မှာပါ...”
ဝူယုက မျက်မှောင်ကြုတ်ကာ ကုန်းလော့၏ နောက်ထပ် တိုက်ခိုက်မှု တစ်ခုကို တားဆီးလိုက်၏။ အေးစက်စက် အလင်း တစ်ခုက သူ့မျက်လုံးထဲ ပြည့်နှက်သွားကာ ပတ်လည်ကို ကြည့်ရှုလိုက်သည်။
“သူတို့ရဲ့ နည်းလမ်းတွေက ငါ ဆန်းစစ်နိုင်တဲ့ အကန့်အသတ်ကို ကျော်လွန်နေတာတော့ သေချာတယ်... လောကဂိုဏ်း တစ်ခုက တကယ် ကြောက်ဖို့ ကောင်းတာ ဖြစ်လိမ့်မယ်... ဒါပေမဲ့ ငါ့ကို သတ်ဖို့တော့ မလုံလောက်သေးဘူး”
ဝူယုက သူ ထုတ်ဖော်ထားသည့် အင်ပါယာ အော်ရာကို ဆန်းစစ်လိုက်၏။ လက်ရှိ၌ သူက ပထမ မဟာ အသွင်ပြောင်းခြင်းအဆင့်၌ ရှိနေကာ အင်ပါယာ ဖိအားကို မန်နာအဆင့် လျှို့ဝှက် သင်္ကေတများနှင့် အားဖြည့် ထားခြင်းဖြစ်သည်။ သို့သော်လည်း... လက်ရှိ၌ ထိုအရာက လုံလောက်ပုံ မရလေရာ သူ ထပ်မံ၍ တိုးမြှင့်ရတော့မည် ဖြစ်လေသည်။
ဒုတိယ မဟာ အသွင်ပြောင်းခြင်း...
ဘုန်း...
ချက်ချင်းပင် ဝူယု၏ စွမ်းအားများက နောက်တစ်ဆင့်ကို ခုန်တက်သွား၏။ မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် သူ၏ လျှို့ဝှက် အော်ရာနှင့် အင်ပါယာ ဖိအားတို့ အပါအဝင် အရာရာက ငါးဆယ် ရာခိုင်နှုန်း အထိ ပိုမို မြင့်မား သွားခဲ့ပြီ ဖြစ်သည်။
ဘုန်း...
ဝူယု၏ အင်ပါယာ အော်ရာမှာ အရှိန်အဟုန်နှင့် အတူ မိုင်သောင်းပေါင်းများစွာကို ဖြန့်ကျက်သွား၏။ ၎င်းတို့က ကြမ်းတမ်း ခက်ထန်သည့် မုန်တိုင်း တစ်ခု အလား မြေကြီး ရှန့်ထို သုံးယောက်၏ ကိုယ်ပွား သုံးထောင်ကို တစ်စက္ကန့်မျှ အတွင်း ရှင်းလင်း ပစ်လိုက်သည်။
ဝူယု မျက်မှောင်ကြုတ်ကာ ပုလဲလုံး ကိုးဆယ့်ကိုးလုံးကို လှမ်းကြည့်လိုက်၏။ အင်ပါယာ အော်ရာ ဘယ်လောက်ပင် မြင့်မားလာစေကာမူ ၎င်းတို့မှာ သက်ရောက်မှု မရှိပဲ တည်ရှိနေဆဲ ဖြစ်သည်။ ၎င်းတို့ အားလုံး ပေါက်ကွဲ သွားစေဖို့ မျှော်လင့် မထားသည့်တိုင် အနည်းဆုံး မဆိုသလောက်လေး လှုပ်ရှားသွားဖို့တော့ သူ မျှော်လင့်ထားခဲ့ခြင်း ဖြစ်သည်။
ဝှစ်... ဝှစ်...
ရုတ်တရက် ကိုယ်ပွား သုံးထောင်မှာ ပြန်လည် ဖွဲ့စည်းလာ၏။ အကယ်၍ ထိုလောက၏ အပြင်ဘက်ကို မြင်နိုင်ပါက ကျန်းကျိရီထံမှ အလွန်တရာ နာကျင်လှသော အော်သံများကို ကြားရလိမ့်မည် ဖြစ်ပေသည်။
ဝူယု၏ မျက်လုံးများမှာ ပိုမို၍ ကျဉ်းမြောင်းသွားကာ လျှပ်စီး ကဲ့သို့ အလင်းများနှင့် တောက်ပလာ၏။ အပြုံးတစ်ခုနှင့် အတူ သူက လက်ဟန်မုဒြာ တစ်ခုကို ဖန်တီးလိုက်သည်။ တိုက်ပွဲများတွင် သူ ထိုအဆင့်ကို တစ်ကြိမ် တစ်ခါမှပင် မထုတ်ဖော် ဖူးခဲ့ပါချေ။
တတိယ အသွင်ပြောင်းခြင်း...
“ငါ ထိန်းမထားနိုင်တော့ဘူး... အဲဒါကို သုံးတော့”
ကျန်းကျိရီက အသည်းအသန် အော်ဟစ်လိုက်၏။ သူမ၏ လက်ထဲရှိ ရာဇလှံတံက အဆက်မပြတ် တုန်ရီလာကာ မျက်တောင် တစ်ခပ်စာ အတွင်း ပေါက်ကွဲ သွားသည်။ ထိုပေါက်ကွဲမှု အတွင်း ကျန်းကျိရီ၏ လက်နှစ်ဖက်ပါ ပါသွားခဲ့သည်။
ဝှစ်... ဝှစ်...
ရာဇလှံတံ ပေါက်ကွဲ သွားသည်နှင့် တစ်ပြိုင်နက် ပုလဲ ကိုးဆယ့်ကိုးလုံးမှာ အလင်းတန်းများ အဖြစ် ပြောင်းလဲကာ ဝူယုကို တားဆီးထားသည့် မူလပုလဲထံ တိုးဝင် သွားကြ၏။ ဝူယု၏ ပြင်းထန်သော အော်ရာ အောက်၌ ထိုပုလဲ၏ မျက်နှာပြင်တွင် အက်ကြောင်းများ စတင် ပေါ်လာခဲ့သည်။ တစ်ခဏ အတွင်းမှာပင် ၎င်းက ပြိုကျသွားတော့မယောင် ထင်ရ၏။
ကျန်းကျိရီက အံကို တင်းတင်းကြိတ်ရင်း ရှိရှိသမျှ စွမ်းအား အကုန်လုံးကို အစီအရင်ထံ ပို့လွှတ်လိုက်၏။ အချိန် တစ်စက္ကန့်မျှ ထပ်မံ ဆွဲနိုင်လျှင်ပင် ထိုအရာက အလွန် အဖိုးတန်နေပြီ ဖြစ်သည်။ သူမက အလွန် မောပန်းနေကာ လက်နှစ်ဖက်ကို ဆုံးရှုံးခဲ့ပြီး ဖြစ်သည်။ တစ်ချိန်တည်း၌ သူမ၏ အော်ရာမှာလည်း အနိမ့်ဆုံး အကန့်အသတ် အထိ ထိုးဆင်း ကျသွား၏။
ဟန်ယုဟိုင် အံကို တင်းတင်းကြိတ်လိုက်သည်။ အစီအရင်က ခုနစ်ဆယ် ရာခိုင်နှုန်းမျှဿာ အောင်မြင် ပေသေးသည်။ သို့သော်လည်း ရာဇလှံတံ၏ ပေါက်ကွဲမှုကို တွေ့မြင်လိုက်ရသော အခိုက်၌ အစီအရင်ကို ဤနေရာတွင် ရပ်တန့်ရမည် ဖြစ်ကြောင်း သူ သိရှိလိုက်ပြီ ဖြစ်သည်။ သူက လက်ဖဝါး နှစ်ဖက်ကို ရှေ့သို့ ဦးတည်၍ တွန်းထုတ်လိုက်ရာ မူလဂြိုဟ်၏ မျက်နှာပြင်မှာ ရိုင်းစိုင်းစွာ တုန်ခါလာ၏။
ဘုန်း...
ဒြပ်စင် မူလ စွမ်းအားများ စုစည်းထားသည့် အလင်းတန်း တစ်ခုမှာ မူလဂြိုဟ်ထံမှ အလွန် ပြင်းထန်သည့် အဟုန်ဖြင့် လွင့်ပျံလာ၏။ ၎င်းတို့၏ ဦးတည်ရာကတော့ ဝူယုပင် ဖြစ်လေတော့သည်။
***