ဝူယု
Vol. 63 Ch. 874
ထိုအခိုက်၌... ဟန်ယုဟိုင်၏ မျက်လုံး၊ အမြင်အာရုံနှင့် အတွေး အလုံးစုံမှာ ဝူယု တစ်ယောက်တည်း အပေါ် စုစည်း ကျရောက်နေ၏။
ပြင်းထန်စွာ စုစည်းထားသည့် စွမ်းအားလှိုင်းများ အောက်တွင် ဝူယုသေဆုံးသွားပုံ၊ ခန္ဓာကိုယ် အကြွင်းအကျန်များကို ဒြပ်စင် စွမ်းအားဖြင့် ချေမှုန်းလိုက်ပုံ စသည်ဖြင့် ပုံရိပ်များမှာ သူ့ အသိစိတ်ပင်လယ်ထဲတွင် ပေါ်လွင်နေ၏။ ဆန္ဒနှင့် အတွေးတို့ကို ရောင်ပြန်ဟပ်၍ အပြုံးတစ်ခုမှာ သူ့နှုတ်ခမ်းထက်၌ ဖွဲ့စည်းလာ၏။
သူ့နှလုံးသားထဲရှိ စိုးရိမ် ပူပန်မှုနှင့် ထိတ်လန့်မှုများမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ အရာအားလုံးက အစီအစဉ် တကျပင် ရှိနေကာ ခုနစ်ဆယ် ရာခိုင်နှုန်းသော တိုက်ခိုက်မှုကပင် မည်သည့် မြေကြီးရှန့်ထိုကို မဆို သတ်ဖြတ်ရန် လုံလောက်ပေသည်။ သူတို့၏ မြေကြီးရှန့်ထိုများ ဒဏ်ရာ အသီးသီး ရရှိခဲ့သည့်တိုင် ထိုအရာက လုံလောက်ပေသည်။
‘သေစမ်း...’
ကုန်းလော့၏ မျက်နှာ အမူအရာက အလွန် ခက်ထန်နေ၏။ သူ၏ ညာဘက်လက်က နောက်သို့ ပြန်လည် လိမ်ကောက်နေသည်။ ထိုနာကျင်မှုက အလွန်ပင် ပြင်းထန်လှကာ ချွေးစေးများမှာ သူ့နဖူးထက်တွင် စီးကပ် နေ၏။ ဖြစ်နိုင်လျှင် သူ ထိုလက်ကို ဖြတ်ထုတ်ပင် ပစ်ချင် နေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း တိုက်ခိုက်မှု ဝူယုထံ တိုးဝင်သွားသည်ကို တွေ့မြင်လိုက်ရသော အခိုက်တွင်တော့ သူ့မျက်နှာထက်၌ ကျေနပ်သည့် အပြုံးတစ်ခု ဖြစ်ပေါ်လာ၏။
တစ်ချိန်တည်း၌ သူ့ရင်ထဲတွင် စိုးရိမ်မှု တစ်ခု ရှိနေပေသည်။ မီးဖီးနစ်မှာ ဝူယု၏ အတွင်းပိုင်း ကမ္ဘာထဲတွင် ရှိနေပေသည်။ အကယ်၍ ထိုသတ္တဝါသာ သေဆုံးသွားပါက သူတို့၏ အကျိုးအမြတ် အချို့ လျော့နည်း သွားလိမ့်မည် ဖြစ်သည်။ ဘယ်လောက်တောင် ကံမကောင်းလိုက်သနည်း။
ဘယ်လိုပဲ ဖြစ်ဖြစ်... မဟာ သေမျိုး အဂ္ဂိရတ် အာဏာရှင်နှင့် မြေကြီး ရှန့်ထို တစ်ပါး၏ လက်စွပ်များထဲတွင် မယုံကြည်နိုင်လောက်သည့် ပစ္စည်းများ ပါဝင် နေမှာ သေချာပေည်။ ထိုအရာများက ပင်လျှင် သူတို့ ဆုံးရှုံးခဲ့ရသည့် အရာများကို ပြန်လည် ကာမိဖို့ လုံလောက်ပေလိမ့်မည်။
အခြားတစ်ဖက်၌ ကျန်းကျိရီမှာ အံကို တင်းတင်းကြိတ် ထား၏။ သူမ၏ လက်နှစ်ဖက်က အပြီးတိုင် ဖျက်ဆီး ခံလိုက်ရပြီ ဖြစ်သည်။ သွေးကြောများ ပိတ်ထားသည့်တိုင် သူမ၏ မျက်နှာက တစ္ဆေ တစ်ကောင်လိုမျိုး ဖြူရော် နေသည်။
သူမ ဒြပ်စင်အလင်းတန်းကို မျက်တောင် မခပ် ငေးကြည့်နေ၏။ ဒြပ်စင်ကိုးပါး ကြယ်တာရာ အစီအရင်၏ တိုက်ခိုက်မှုမှာ မည်သည့် မြေကြီး ရှန့်ထိုကို မဆို အသေသတ်ပစ်ရန် လုံလောက်ပေသည်။ အရာရာ အစီအစဉ်တကျ ဖြစ်သွားပါက မကြာခင် အိပ်မက်ဆိုးကြီးမှာလည်း အဆုံးသတ် သွားတော့မည် ဖြစ်သည်။
ထိုအတွေးနှင့် အတူ ကျန်းကျိရီ၏ စိတ်ဖိစီးမှုများမှာ အနည်းငယ် ပြေလျော့သွား၏။ တိုက်ပွဲ စတင်ချိန် ကတည်းက ဖြစ်ပေါ် စေခဲ့သည့် ခေါင်းကိုက်မှုမှာလည်း ဖြည်းညင်းစွာပင် သက်သာသွား၏။ သူမ စိတ်ထဲမှ ပင့်သက်ရှည်ကြီး တစ်ချက် ရှိုက်လိုက်မိ၏။
လူသုံးယောက်မှာ မတူကွဲပြားသော အတွေးများနှင့် ရပ်နေခဲ့ကြပေသည်။ ဘယ်လိုပဲ ဖြစ်ဖြစ်... အရေး အကြီးဆုံးက အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ မြေကြီး ရှန့်ထို သုံးယောက်မှာ အတူတကွ ပူးပေါင်းကာ ရန်သူကို ရင်ဆိုင် ခဲ့ကြခြင်းဖြစ်သည်။ ထိုသတင်းသာ ပျံ့နှံ့သွားပါက အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ ဂုဏ်သတင်းက ထိုးတက် သွားလိမ့်မည် ဖြစ်သည်။ လောကဂိုဏ်းကြီး တစ်ခု အနေဖြင့် သူတို့ကို မည်သူကမှ လျှော့တွက် ရဲကြတော့မည် မဟုတ်ချေ။
ဘုန်း...
ဒြပ်စင် အလင်းတန်း၏ အရှိန်မှာ အလွန်ပင် လျှင်မြန်လှ၏။ မျက်တောင် တစ်ခပ်စာမျှ အချိန်အတွင်းမှာပင် ၎င်းက ဝူယုကို ကျောက်စိမ်း ကြားခံလောက အတွင်း လှောင်ပိတ်ထားသည့် အလုံးတစ်ရာမြောက် ပုလဲထံ ရောက်ရှိ သွားသည်။ ၎င်း ဖြတ်သန်းသွားသည့် လမ်းတစ်လျှောက်၌ အမှောင် ဟင်းလင်းပြင်၏ အအေးဓာတ် ပင်လျှင် ထူးဆန်းစွာ အေးခဲ သွားသည်။
တိုက်ခိုက်မှု စွမ်းအားမှာ အလွန်ပင် ပြင်းထန်လွန်းရကား ထုတ်လွှတ်ရုံ တစ်ခုတည်းဖြင့်ပင် မူလဂြိုဟ်မှာ နောက်သို့ မိုင်သောင်းပေါင်းများစွာ ဘက်ကန် ထွက် သွားခဲ့သည်။ အကယ်၍ အမျိုးမျိုးသော အကာအကွယ် ဝင်္ကပါများကြောင့်သာ မဟုတ်ပါက ဂြိုဟ်ပေါ်ရှိ သက်ရှိအားလုံး ပျက်စီး သွားလောက်ပြီ ဖြစ်လေသည်။
ခရက်... ခရက်...
ဝူယု၏ ပြင်းထန်သော အော်ရာ ဖိအားအောက်တွင် ကြားခံလောက ပုလဲ၏ မျက်နှာပြင်ထက် အဆက်မပြတ် အက်ကွဲ လာနေခဲ့၏။ ကျန်းကျိရီမှာ နောက်ဆုံး မီးတောက် တစ်ခု အနေဖြင့် ပုလဲ ကိုးဆယ့်ကိုးလုံးကို ထိန်းချုပ်ကာ ဝူယုကို လွတ်ထွက် မသွားအောင် တားဆီးထားသည်။
သူမ၏ မျက်လုံးများက မျှော်လင့်ချက် မီးတောက်များနှင့် တောက်လောင်နေသည်။ ဝူယုကို စက္ကန့်ပိုင်းမျှ ထိန်းသိမ်းရန် ကြိုးစားခဲ့သည့် အတွင်းမှာပင် သူမ၏ လက်နှစ်ဖက်လုံး ဆုံးရှုံးခဲ့ရကာ လျှို့ဝှက် ရာဇလှံတံမှာလည်း ပျက်သုဉ်းခဲ့ရသည်။ ထိုမျှမက... ဂြိုဟ်များနှင့် လျှို့ဝှက်နယ်မြေများမှာလည်း ကြီးမားသော ဆုံးရှုံးမှုများနှင့် ကြုံတွေ့ခဲ့ရ၏။
၎င်းတို့က လုံးဝ ခမ်းခြောက်လုနီးပါး အထိ ဖြစ်သွားခဲ့ကြခြင်း ဖြစ်သည်။ ထိုအရာက တစ်ခါမှ မကြုံဖူးသည့် ကပ်ဘေးပင် ဖြစ်ကာ အမတေများ၏ သန့်စင်မှုမှာ အရည်အသွေး အနိမ့်ဆုံး အဆင့်ထိ ထိုးကျ သွားခဲ့၏။ မသိပါက... လောကကြီးတစ်ခုလုံး အဆုံးသတ်သို့ ရောက်ရှိလာသည့် အလားပင်။
ဘယ်လိုပဲ ဖြစ်ဖြစ်... အဓိက အရေးအကြီးဆုံးက သူတို့ ရည်မှန်းချက် အောင်မြင်ခဲ့ခြင်းပင် ဖြစ်လေတော့သည်။
ဒြပ်စင်အလင်းမှာ ပုလဲပေါ်သို့ ကျရောက် သွား၏။ အက်ကွဲကြောင်းများမှာ အဖြူရောင် ဒြပ်စင် အလင်းများနှင့် ပြည့်နှက် သွားသည်။ ထို့နောက် တဒင်္ဂ အတွင်းမှာပင် ၎င်းက ပြင်ပ ကျူးကျော်မှုကို တားဆီးရန် မခုခံနိုင်သည့် အလား ကျိုးပျက်သွားကာ ဒြပ်စင် အလင်းများမှာ အရှိန်အဟုန်နှင့် မတားဆီးနိုင်သည့် ခွန်အား တစ်ခု အလား ထိုးဖောက် ဝင်ရောက်သွား၏။
ပေါက်ကွဲမှု ဖြစ်ပေါ်လာခြင်း မရှိချေ။ ထို့နည်းတူစွာ ရန်သူ၏ ထိတ်လန့်တကြား အော်ဟစ်သံကိုလည်း မကြားရချေ။
အလင်းတန်းများက ပုလဲကို လုံးလုံးလျားလျားပင် ဝါးမျိုလိုက်ကာ တစ်စက္ကန့်မျှ အတောအတွင်း ၎င်း၏ တည်ရှိမှု မှန်သမျှကို ဖျက်ဆီး ပစ်လိုက်၏။ အလင်းတန်းက အရှိန်အဟုန်နှင့် အတူ ဆက်လက် ရွေ့လျားသွားကာ ဒြပ်စင် နယ်မြေ၏ အနားသတ်ကို ရောက်ရှိသွား၏။ ထို့နောက် ၎င်းက ချိုးဖျက်၍ မရနိုင်သည့် နံရံ တစ်ခုနှင့် တိုက်မိလိုက်ဟန် ရကာ ရောင်စဉ်များ အဖြစ် ကြဲပြန့်သွားသည်။ ၎င်းတို့က ရောင်စုံ မီးရှူးမီးပန်းများလို အရပ် မျက်နှာ ပေါင်းစုံကို ခွဲထွက်သွားကာ အလွန် လှပသည့် မြင်ကွင်းတစ်ခု ပေါ်လာခဲ့လေ၏။
ဒြပ်စင် နယ်မြေ အတွင်းရှိ မရေမတွက်နိုင်သော သက်ရှိ များစွာမှာ အပေါ်ကို မော့ကြည့် နေမိကြသည်။ ကောင်းကင်တွင်တော့ ပုလဲ ကိုးဆယ့်ကိုးလုံးနှင့် အတူ အဖြူရောင် အလင်းများမှာ နဂါးများ အလား ကခုန်ရင်း ဟိုမှသည် ပျံဝဲနေကြ၏။ အချို့က ထိုမြင်ကွင်းကို ကြည့်ကာ စိတ်အေး သွားကြသည်။ အချို့ကတော့ လက်ညိုး ညွှန်ပြနေကြ၏။ အချို့ကတော့ ထိတ်လန့် တုန်လှုပ်မှုကို ခံစားနေကြရ၏။ ဘယ်လိုပဲ ဖြစ်ဖြစ်... သေချာတာ တစ်ခုကတော့ ထိုမြင်ကွင်းမှာ အလွန်တရာ လှပခြင်းပင် ဖြစ်လေသည်။
“ပြီးသွားပြီ...”
အမှတ်တရများနှင့် အတူ ခံစားချက်များက သက်သာသွားသယောင် ဟန်ယုဟိုင် ခံစားလိုက်ရသည်။ သူ ကြုံတွေ့ခဲ့ရသည့် နာကျင်မှုများ၊ ကြောက်ရွံ့မှုများ၊ အမုန်းတရားများက တဒင်္ဂ အတွင်း ပြီးဆုံး သွားခဲ့ပြီ ဖြစ်သည်။ အလင်းတန်းထဲတွင် အစီအရင်၏ ခုနစ်ဆယ် ရာခိုင်နှုန်းသာ ပါဝင်သည့်တိုင် မဟာစက်ဝန်း ကြယ်ကွင်းပြင် အတွင်းရှိ မည်သည့် မြေကြီးရှန့်ထိုကို မဆို သတ်ဖြတ်ရန်တော့ လုံလောက်ခဲ့ပေသည်။
ကျန်းကျိရီမှာ ခြေကုန်လက်ပမ်း ကျသလို ခံစားနေရ၏။ ပင်ပမ်း နွမ်းနယ်မှု လှိုင်းလုံးများက သူမ ခန္ဓာကိုယ် အနှံ့ နေရာယူနေသည်။
“...”
ကျန်းကျိရီ ဘာစကားမှ မပြောနိုင်ပါချေ။ သူမ၏ ခံစားချက်များမှာ အလွန်ပင် ရှုပ်ထွေး နေ၏။ ဝေ့ဝူယင်မှာ အဆုံးမဲ့ အလားအလာတို့နှင့် ပြည့်နှက်နေသည့် လူငယ်လေး ဖြစ်သည်။ ထို့အပြင်... နတ်ဘုရားတို့ ဖန်ဆင်းသည့် ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ထိုကဲ့သို့ လူငယ် ပါရမီရှင်လေး တစ်ယောက်မှာ စောစီးစွာပင် သေဆုံး သွားခဲ့ရပြီ ဖြစ်သည်။
ဝူယုက နှမြောတသဟန်ဖြင့် သက်ပြင်း တစ်ချက် ချလိုက်၏။ မီးဖီးနစ်... အကယ်၍ ဝူယုသာ သူတို့ကို ဘေးကင်းလွတ်ရာ တစ်နေရာ ပို့လိုက်ပါက ထိုသတ္တဝါကို ပိုင်ဆိုင်ရန် သူတို့ အခွင့်အရေး ရှိခဲ့လိမ့်မည် ဖြစ်သည်။ ဝေ့ဝူယင်ကတော့ သေချင်သေ... ရှင်ချင်ရှင် သူ သောက်ဂရုစိုက်ချေ။
“အိုးဟိုး...”
ရုတ်တရက် အသံ တစ်ခု ထွက်ပေါ်လာ၏။
“...”
မြေကြီး ရှန့်ထို သုံးယောက်၏ အမူအရာများက ပြောင်းလဲ သွားသည်။ ဟန်ယုဟိုင်၏ မျက်လုံးများမှာ အကန့်အသတ် ရောက်သည် အထိ ကျဉ်းမြောင်း သွား၏။
“အဟမ်း...”
အသံက လည်ချောင်း ရှင်းလိုက်သည်။ သူက ခြောက်သွေ့နေသည့် လည်ချောင်းကို ချောချူဖို့ ကြိုးစား နေသည့်ပုံ ရ၏။
“မဖြစ်နိုင်တာ...”
ဟန်ယုဟိုင်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ၏ လက်ချောင်းများက မထိန်းချုပ်နိုင်စွာဖြင့် စတင် တုန်ရီလာသည်။
“မင်း ငယ်ငယ်တုန်းက မဖြစ်နိုင်ဘူး ဆိုတဲ့ စကားလုံးကို မသုံးနဲ့လို့ ငါ မမှာထားခဲ့ဘူးလား... ယုကလေး... အဲဒါက မင်းရဲ့ အနာဂတ်ကို ကန့်သတ် သွားနိုင်တယ်”
အသံက မကျေမနပ်ဟန်ဖြင့် နှာခေါင်းရှုံ့လိုက်၏။
“ကြည့်ရတာ မင်းက ငါ့စကားကိုဆို ဘယ်တုန်းကမှ နားမထောင်ခဲ့တဲ့ ပုံပဲကွ”
မြေကြီး ရှန့်ထို သုံးယောက် အထက်၌ ဝူယုမှာ လက်ပိုက်လျှက်သား ပေါ်လာခဲ့သည်။ သူ၏ မျက်လုံးများက နက်မှောင် နေကာ အမှောင် ဟင်းလင်းပြင် တစ်ခု ရောင်ပြန် ဟပ်နေသယောင် ထင်ရသည်။
သူ၏ အသားအရည်က ကျန်းမာ လန်းဆန်း၍ နှင်းဆီယောင် သမ်းနေ၏။ ခန္ဓာကိုယ်က အနည်းငယ် ပိန်ပါးသည့်တိုင် ကြွက်သားများမှာ ပြီးပြည့်စုံစွာ တည်ရှိနေ၏။ သူ၏ ဆံနွယ်များက ခြေထောက်ထက် ကျော်လွန် ရှည်လျားလှကာ လေပြည်ညင်းခတ်သလို တိုးတိုးသဲ့သဲ့ ယိမ်းနွဲ့နေသည်။ တော်ဝင် အငွေ့အသက်များနှင့် ထုံလွှမ်းနေသည့် သူ၏ အော်ရာက မပြောင်းမလဲ ရှိနေဆဲ ဖြစ်လေသည်။
သူ့ခန္ဓာကိုယ် တစ်ဝိုက်တွင်တော့ မန်နာများမှာ ကောင်းကင်လျှပ်စီးများ အသွင်ဖြင့် အေးခဲ၍ လှည့်ပတ် နေ၏။ ၎င်းတို့က ရွှေရောင် အဆင်းများနှင့် အလွန် တင့်တယ်လှသည်။ ထိုအရာက သူ၏ တတိယမြောက် မဟာအသွင်ပြောင်းခြင်း၊ အင်ပါယာ ကောင်းကင် ခန္ဓာ၏ အဆုံးစွန်သော အကန့်အသတ် ပင် ဖြစ်လေတော့သည်။
***