← Chapters

တိုက်ပွဲ အဆုံးသတ်

Vol. 63 Ch. 875

တိုက်ပွဲ အဆုံးသတ်

Vol. 63 Ch. 875

ဝူယု၏ ပတ်လည်၌ မည်သည့် လျှို့ဝှက် သင်္တေက တစ်ခုမှ မရှိတော့ချေ။ ထိုအရာ အားလုံးက စုပ်ယူ ခံလိုက်ရပြီ ဖြစ်ကာ သူ့အသွေးအသားများထဲတွင် လည်ပတ် နေပေသည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးက လျှို့ဝှက် တာအိုကို ပုံဖော် ထားသလိုပင်။

“ဘယ်လိုလဲ...”

ဟန်ယုဟိုင် မယုံကြည်နိုင်စွာ ရေရွတ်လိုက်၏။ ဒြပ်စင်ကိုးပါး ကြယ်တာရာ အစီအရင်နှင့် ပရမတ် ကျောက်စိမ်း အကြွင်းမဲ့ ဒြပ်စင် အစီအရင် နှစ်ခုစလုံးမှာ အလွန်တရာ အစွမ်းထက်ကာ ဂိုဏ်း၏ အဓိက အစီအရင်ကြီးများ ဖြစ်ကြသည်။ ကျောက်စိမ်း ကြားခံလောက အတွင်း ဝူယု ပိတ်မိနေသည်ကို သူတို့ ရှင်းလင်းစွာပင် တွေ့မြင်ခဲ့ရသည်။ ထို့နောက်... ဒြပ်စင် အလင်းမှာလည်း အတိအကျပင် ပုလဲကို ဖြတ်ပိုင်း သွားခဲ့သည်။ သူက မည်ကဲ့သို့ လွတ်မြောက် သွားခဲ့သနည်း။

ဝူယု၏ မျက်လုံးများက တဖျပ်ဖျပ် တောက်ပနေကာ နှုတ်ခမ်းထက်၌ အပြုံးတစ်ခု တွဲလွဲခိုနေ၏။ သို့သော်လည်း ဖုံးကွယ်ထားသည့် အတွင်းပိုင်းတွင်တော့ သူ့နှလုံးသားက တုန်ရီနေသည်။ လောကဂိုဏ်း တစ်ခု၏ တိုက်ခိုက်မှုက မည်မျှ ကြောက်စရာ ကောင်းလိုက်သနည်း။

အခြားတစ်ဖက်၌ ကျန်းကျိရီနှင့် ကုန်းလော့တို့မှာ ပြောစရ စကား ကင်းမဲ့ နေကြ၏။ ပြီးခဲ့သည့် တိုက်ပွဲ အတွင်း သူတို့ နှစ်ယောက်စလုံး ရှိသမျှ ခွန်အား အလုံးစုံကို အသုံးပြုခဲ့ပြီး ဖြစ်သည်။ နယ်မြေ အစီအရင်ကြီး တစ်ခုကို ထိန်းချုပ်ရခြင်းက တော်ရုံတန်ရုံ လွယ်ကူသော ကိစ္စ တစ်ခု မဟုတ်ပါချေ။

ထို့ကြောင့်ပင် ဒုတိယမြောက် ထျန်းတျန် တစ်ခုကို ပိုင်ဆိုင်ထားခြင်းက တိုက်ပွဲများ၌ အလွန် အသုံးဝင်သည်ဟု ဆိုရခြင်း ဖြစ်သည်။ ကံမကောင်းစွာပင် သူတို့ထဲမှ တစ်ဦးတစ်ယောက်ကမှ သွေးမူလ ကဲ့သို့ နည်းလမ်းမျိုးကို ပိုင်ဆိုင်ထားခြင်း မရှိခဲ့ပါချေ။ အဆိုးဆုံး အခြေအနေ အတွက် အသက်ကို ရင်းကာ တိုက်ခိုက်သည့် နည်းလမ်းများသာ သူတို့ထံ၌ ရှိပေသည်။

ကုန်းလော့က လျှို့ဝှက်မြေကြီး အဆင့်မြင့် ပြန်လည် ကုသခြင်း ဆေးရည် တစ်ပုလင်ကို ထုတ်ယူကာ မော့ချလိုက်၏။ ထို့နောက် နောက်သို့ ဆုတ်ခွာရန် ဟန်ပြင်လိုက်စဉ်မှာပင် လျှပ်စီးတန်းများနှင့် ရောင်စုံ ကြယ်အလင်း တစ်ခုက သူ့ အရှေ့၌ ပေါ်လာခဲ့သည်။

“ကျုပ်...”

ကုန်းလော့က သူ့ အရှေ့၌ ပေါ်လာသည့် ပုဂ္ဂိုလ်ကို ဝိညာဥ်အာရုံဖြင့် ဆက်သွယ်ရန် ကြိုးပမ်း လိုက်၏။ သို့သော်လည်း သူ ထိုကဲ့သို့ ပြလုပ်ရန်ပင် အခွင့်အရေး မရလိုက်ချေ။ အလွန် ပြင်းထန်သည့် ဝိညာဥ်အင်အား တစ်ခုက အင်ပါယာ အော်ရာနှင့် သူ၏ ဝိညာဥ်အာရုံကို တားဆီးလိုက်ပြီ ဖြစ်လေသည်။

ထို့နောက်... လက်တစ်ဖက်က သူ့ လည်ပင်းအား ဆုပ်ကိုင်ရင် တိုးဝင်လာသည်ကို သူ တွေ့မြင်လိုက်ရသည်။ သူ့အမြင်အာရုံ၌ ထိုလက်မှာ အလွန် ‌နှေးကွေး၏။ မယုံကြည်နိုင်လောက်အောင် နှေးကွေး၏။

သို့သော်လည်း... ၎င်းက သူ့လည်ပင်းကို တိတိကျကျပင် ဆုပ်ကိုင်မိသွားသည်။ ရုတ်ချည်းပင် ခန္ဓာကိုယ်က အပေါ်သို့ မြင့်တက်သွားသလို ကုန်းလော့ ခံစားလိုက်ရသည်။ သူ့အသက်ရှူ လမ်းကြောင်းက ကျဉ်းမြောင်းလာကာ မျက်လုံးများမှာ ပြူးထွက်လာ၏။

ထိုအခိုက်၌ သူတွေ့မြင်နိုင်သမျှက မျက်ခုံး နက်နက်များ အောက်မှ မဟူရာ မျက်လုံးတစ်စုံပင် ဖြစ်သည်။ ထိုမျက်လုံးများက လောက၏ အဆုံးမဲ့သော ခေတ်ကာလများကို ရောင်ပြန်ဟပ် နေသယောင် ထင်မှတ် ရ၏။ ရုတ်တရက် အရည်ပျော်နေသည့်ခဲ ကဲ့သို့ စွမ်းအား တစ်ခု ခန္ဓာကိုယ် အတွင်း ဝင်ရောက်လာသလို ကုန်းလော့ ခံစားလိုက်ရသည်။

သူ၏ မျက်လုံးများက ထိတ်လန့် တုန်လှုပ်ခြင်းများနှင့် ပြည့်နှက်သွားကာ အခြား မြေကြီးရှန့်ထို နှစ်ယောက် ကယ်လို့ကယ်ငြား လှမ်းကြည့်လိုက်သည်။ သို့သော်လည်း... မည်သူမှ ပေါ်မလာခဲ့ချေ။ ကုန်းလော့မှာ ကူရာကယ်ရာမဲ့မှုကို ခံစား လာရ၏။ သေမျိုးဘဝ ကတည်းက မခံစားခဲ့ဖူးသည့် ကြောက်ရွံ့မှုက သူ့ နှလုံးသား တစ်ခုလုံးကို သိမ်းပိုက်လာသည်။

သူ အော်ချင်လာ၏။ ကုတ်ဖဲ့ချင်လာ၏။ တောင်းပန်ချင်၏။ သို့တည်းမဟုတ် အစွမ်းကုန် ခုခံချင်လာ၏။ သို့သော်လည်း... သူ့ လျှို့ဝှက်ဝိညာဉ်၏ ကြိုးပမ်းမှု မှန်သမျှကို ပြင်ပ စွမ်းအား တစ်ခုက ပြင်းထန်စွာပင် တားဆီး ထားသည်။ သူ လက်ချောင်း တစ်ချောင်းကိုပင် လှုပ်ရှားနိုင်စွမ်း မရှိတော့ချေ။

မကြာခင်မှာပင် ပြင်ပမှ ဝင်ရောက်လာသည့် အင်အားမှာ သူ့အသိစိတ် ပင်လယ် အတွင်း ကျူးကျော် လာသည်။ သူ့ အမြင်အာရုံမှာ စတင်ကာ မှောင်မိုက်လာ၏။ မှတ်ဉာဏ်နှင့် ခံစားချက်များက စတင် မှေးမှိန်လာကာ လွင့်ပါးလာခဲ့သည်။

ခရက်...

ဝူယုက ကုန်းလော့၏ လည်ပင်းကို တိုက်ရိုက်ပင် ချိုးပစ်လိုက်ပြီ ဖြစ်လေသည်။ မြေကြီး ရှန့်ထို တစ်ယောက် အတွက် ထိုမျှလောက်သော ဒဏ်ရာဖြင့် မသေနိုင်သည့်တိုင် မယုံကြည်နိုင်လောက်သည့် နာကျင် ကိုက်ခဲမှုများကို ခံစားရ မှာ သေချာသည်။ ကုန်းလော့၏ ခြေထောက်နှင့် လက်များမှာ အကြောဆွဲ သကဲ့သို့ တွန့်လိမ် သွားခဲ့၏။ ထိုအရာများကို ဖော်ပြရသည်မှာ ကြာမြင့်သည့်တိုင် လက်တွေ့တွင်တော့ တစ်စက္ကန့်မျှ အ‌တောအတွင်း ဖြစ်ပျက် သွားခဲ့ခြင်း ဖြစ်လေသည်။

ကျန်းကျိရီမှာ ထိုအရာ အားလုံးကို လက်မှိုင်ချကာ ကြည့်နေခဲ့မိ၏။ အံ့အားသင့်မှု၊ ထိတ်လန့်မှု၊ မယုံကြည်နိုင်မှုတို့နှင့် အတူ သူမ၏ ခန္ဓာကိုယ်က အေးခဲနေသည်။ လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက် အနေဖြင့် အသက်ရှူရန် မလိုအပ်သည့်တိုင် အဆုပ်များ ကျဉ်းမြောင်းသွားကာ အသက်ရှူ မွမ်းကြပ်လာသလို သူမ ခံစားနေရ၏။ ထိုခံစားချက်က လုံးဝ သက်တောင့်သက်သာ မရှိလှချေ။

ကံမကောင်းစွာပင် ဝူယု၏ အင်ပါယာ အော်ရာက သူမကို လွှမ်းခြုံ သွားခဲ့ပြီ ဖြစ်လေသည်။ မူလကတည်းက အားအင်ကုန်ခမ်းသည့် အခြေအနေ တစ်ခု၌ ရှိနေလေရာ သူမ၏ အဖြစ်က လက်ခုပ်ထဲမှ ငါးထက်ပင် ပိုမို၍ ဆိုးလှ၏။ အနည်းဆုံး သူမသာ ငါးတစ်ကောင် ဆိုပါက အသည်းအသန် ခုန်ထွက်၍ ထိုလက်ခုပ်ထဲမှ လွတ်မြောက်ကောင်း လွတ်မြောက်နိုင်ပေသေးသည်။ သို့သော်လည်း... သူမ၏ အဖြစ်သည်ကား...။

ဝူယုက သူမကို တစ်ချက်သာ ကြည့်ကာ ဟန်ယုဟိုင်ဘက်ကို လှည့်လိုက်၏။ ထိုကြွက်စုတ်ကလေးမှာ လက်ကျန် စွမ်းအား အလုံးစုံကို စုစည်းကာ လောင်းကြေးထပ် တိုက်ခိုက်ရန် ကြံစည်နေကြောင်း သူ မည်ကဲ့သို့ မသိပဲ နေပါမည်နည်း။ မည်မျှပင် အခြေအနေ ဆိုးရွားနေစေကာမူ သူ့ထံတွင် အစီအရင်ကြီး နှစ်ခု၏ ပံ့ပိုးမှု ရှိနေသေးဆဲ ဖြစ်သည်။ အကယ်၍ သူသာ ဆန္ဒရှိပါက ဝူယုကိုသာ အပါခေါ်ကာ သေရွာသို့ သွားရောက်နိုင်နေပေသေးသည်။

ဝူယုက သူ့ကို ကြည့်ကာ ခေါင်းအား ခါယမ်းလိုက်၏။

“ယုကလေး... ငါ မင်းကို သတ်ချင်ရင် ဟိုးနှစ်တွေတည်းက မင်း သေပြီးပြီ... မင်းက အမြဲတမ်း ကိုယ်လုပ်ချင်တာ ဇွတ်လုပ်တတ်တဲ့ ကလေး တစ်ယောက် ဖြစ်နေတုန်းပဲ... ကြည့်ရတာ မင်းရဲ့ ဝမ်းကွဲအကိုက မင်းကို ဘာမှ သင်မပေးခဲ့တဲ့ပုံ ရတယ်”

ဟန်ယုဟိုင်က အံကို တင်းတင်းကြိတ်ကာ ဝူယုကို မျက်ထောင့်နီနှင့် ကြည့်လိုက်၏။

“ကျုပ် ခင်ဗျားကို သတ်မယ်”

သူ၏ ဟိန်းဟောက်သံက ဒြပ်စင်နယ်မြေ တစ်ခုလုံးကို လွှမ်းခြုံကာ ထွက်ပေါ်လာသည်။ ဆက်တိုက် ဆိုသလိုပင် သူက လက်ဟန်မုဒြာ တစ်ခုကို ဖော်ဆောင်လိုက်၏။ ပုလဲ ကိုးဆယ့်ကိုးလုံးနှင့် မူလဂြိုဟ်တို့ အပါအဝင် ဂြိုဟ်များစွာမှာ ကြမ်းတမ်း ခက်ထန်စွာ ပြောင်းလဲလာကြ၏။ အမှောင် ဟင်းလင်းပြင်က မထိန်းချုပ်နိုင်အောင် တုန်ရီသွားသည်။

ဟူး... ဟူး...

အရပ်ရပ်မှ စွမ်းအားများမှာ ဟန်ယုဟိုင်ထံ စတင်ကာ စုဝေးလာ၏။ ရောင်စုံ အလင်းတန်းများက သူ့ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

ဒြပ်စင် ရည်ရွယ်ချက် ကိုးခု၏ ပံ့ပိုးမှုနှင့် အတူ ဟန်ယုဟိုင်၏ လျှို့ဝှက် အော်ရာက အဆမတန် မြင့်မား လာခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း... တတိယမြောက် မဟာ အသွင်ပြောင်းခြင်းကို ထုတ်ဖော်ထားသည့် ဝူယုနှင့် နှိုင်းယှဉ်လျှင်တော့ ၎င်းက နီးစပ်မှုပင် မရှိပဲ များစွာ နိမ့်ကျနေဆဲ ဖြစ်ပေသည်။

ဝူယုက သက်ပြင်းတစ်ချက် ချလိုက်၏။ သူနှင့် ဟန်ယုဟိုင်တို့ အကြားရှိ အကွာအဝေးက ကြီးမားခြင်း မရှိပါချေ။ မီတာ ဒါဇင် အနည်းငယ်ခန့်သာ ရှိပေလိမ့်မည်။ တစ်ချက် လှုပ်ရှားလိုက်ရုံဖြင့် ဝူယုမှာ ဟန်ယုဟိုင် အနားသို့ ရောက်ရှိသွား၏။ သူ၏ လက်ဝါးတစ်ဖက်က အလွန် လျှင်မြန်စွာ လှုပ်ရှားသွားသည်။

ဖောင်း...

အလွန် ကျယ်လောင်သည့် ရိုက်ခံတစ်ခု ထွက်ပေါ်လာ၏။ လျှို့ဝှက်နယ်မြေများမှ လူများ ပင်လျှင် ထိုအသံကို ကြားလိုက်ကြရသည်။ တဖြည်းဖြည်း မြင့်တက်လာနေသည့် ဟန်ယုဟိုင်၏ အော်ရာများမှာ အတားအဆီး မရှိ ပြန်လည် လျော့ကျသွား၏။ သူ၏ ပါးတစ်ဖက်က ရဲရဲနီနေကာ မျက်နှာမှာ တွေဝေ စိတ်ရှုပ်ထွေးခြင်းများနှင့် ပြည့်နှက်နေသည်။ သူ ကြောင်စီစီဖြင့် ဝူယုကို ကြည့်နေမိ၏။

သူ ထိန်းချုပ်ထားသည့် စွမ်းအားများက တဖြည်းဖြည်း လျော့ကျသွားသည်ကို ဟန်ယုဟိုင် ခံစားလိုက်ရသည်။ အရာအားလုံးက ဝူယု၏ ထိန်းချုပ်မှုအောက် ရောက်ရှိသွားခဲ့ကာ လျှို့ဝှက်ဝိညာဥ် ပင်လျှင် ချိပ်ပိတ် ခံလိုက်ရကြောင်း သူ သိရှိလိုက်၏။

သူတို့ နှစ်ယောက် အကြားရှိ ကွာခြားချက်က ထိုမျှ ကြီးမားသလော။ အမြဲတမ်း ထိုကဲ့သို့ ကြီးမား နေခဲ့လေသလော။

သူ့မျက်ဝန်းများမှာ စတင်ကာ စိုဆွတ်လာခဲ့၏။ အချိန်များက ပြောင်းပြန် စီးဆင်းကာ လွန်ခဲ့သည့် နှစ်ပေါင်း များစွာသို့ ပြန်လည် ရောက်ရှိသွားသလို သူ ခံစားလိုက်ရသည်။ ထိုစဉ်အခါက အကိုဝမ်းကွဲ၏ နောက်ခံဖြင့် သူက မာနကြီးသည့် လူငယ် တစ်ယောက် ဖြစ်ခဲ့သည်။ ပြိုင်ဘက်ကင်းမှုကို သူ ခံစားခဲ့ရသည်။ သူ့အနာဂတ်က အကန့်အသတ် ကင်းမဲ့လှ၏။

သို့သော်လည်း... ဝူယုနှင့် စတင် တွေ့ဆုံခဲ့သည့် နေ့တွင်ပင် သူ အကြီးအကျယ် အရှက်ရမှုကို ခံစားခဲ့ရသည်။ မာန အားလုံး ရိုက်ချိုးခံခဲ့ရသည်။

မဟာစက်ဝန်း ကြယ်ကွင်းပြင်သို့ ရောက်ရှိပြီး နောက်၌ ငယ်ရွယ်စဉ် အချိန်ကာလများက ကုန်လွန်ကာ အတိတ်များက ရွက်ဝါများလို ကြွေလွင့်သွားပြီဟု သူ ကိုယ့်စိတ်ကို ရိုက်သွင်းခဲ့သည်။ ဤသို့နှင့် မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ အစွမ်း အထက်ဆုံး ကျင့်ကြံသူ တစ်ယောက် သူ ဖြစ်လာခဲ့သည်။ အကိုဝမ်းကွဲကြောင့် မဟုတ်သည့် လေးစားမှုများကို သူ ရရှိလာခဲ့သည်။

သို့သော်လည်း ယနေ့တွင်တော့ ဝူယုမှာ နောက်တစ်ခါ ပြန်ပေါ်လာခဲ့ပြန်ပြီ ဖြစ်လေသည်။ ဟန်ယုဟိုင်၏ အတွေးများက ဝေဝါးသွားကာ မကြာခင အားလုံး ပျောက်ဆုံး သွားခဲ့တော့၏။

အခြားတစ်ဖက်၌ ဝူယုက နောက်ဆုံး ကျန်ရစ်သည့် မြေကြီးရှန့်ထိုဘက်သို့ လှည့်လိုက်၏။ ကျန်းကျိရီမှာ လက်နှစ်ဖက်စလုံး ဆုံးရှုံးထားကာ နေရာတွင်ပင် တုန်ရီနေ၏။ သူမက နည်းနည်းလေးမျှ လှုပ်ရှားရဲခြင်း မရှိပါချေ။ သိုလှောင် လက်စွပ်မှာလည်း ဖျက်ဆီးခံလိုက်ရပြီ ဖြစ်လေရာ အသက်ကယ် ပစ္စည်းများကိုပင် ထုတ်ဖော် နိုင်ခြင်း မရှိတော့ချေ။

ဝူယုက သူမကို ကြည့်ကာ ပြုံးလိုက်၏။

“ကျုပ်တို့ စကားပြောကြရင် ဘယ်လို သဘောရလဲ”

***

All Chapters