တတိယမြောက် မြေကြီး ရှန့်ထို
Vol. 63 Ch. 876
ပုလဲ ကိုးဆယ့်ကိုးလုံးမှာ ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်သည်။ မူလဂြိုဟ်ကို လွှမ်းခြုံထားသည့် ရောင်စုံ အလင်းတန်းများမှာ ဖြည်းညင်းစွာပင် မှေးမှိန်သွား၏။ ပတ်ဝန်းကျင် တစ်ခုလုံးက မူလ အခြေအနေသို့ ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်လေသည်။
အံ့သြမှင်သက်မှုနှင့် စိတ်သက်ရာ ရမှုတို့ ရောထွေးနေသည့် အသံများမှာ ဒြပ်စင် နယ်မြေတစ်ခုလုံးရှိ ဂြိုဟ်များထက်၌ ပျံ့နှံ့ ထွက်ပေါ်နေ၏။ ဂြိုဟ်များ အပျက်အစီး အထိအခိုက် မရှိပဲ ပြီးဆုံးသွားသည်ကို သူတို့ တကယ်ပင် ကျေးဇူးတင်မိနေကြသည်။ ဒြပ်စင်နယ်မြေမှာ သူတို့၏ မွေးရပ်မြေ ဖြစ်သည်။ အိမ်ဖြစ်သည်။ သက်တံ့ကောင်းကင်လို ကံကြမ္မာမျိုးနှင့် ကြုံတွေ့ရမည်ကို သူတို့ အမှန်တကယ် စိုးရိမ် နေခဲ့ကြခြင်း ဖြစ်သည်။
အခြားတစ်ဖက်၌ ဒြပ်စင်နယ်မြေ၏ စွမ်းအင်ကြောနှင့် ကျင့်ကြံခြင်း ရင်းမြစ်များကတော့ ကြီးမားစွာ ထိခိုက်သွားခဲ့ပေသည်။ သူတို့ အနေဖြင့် ပြန်လည် ထူထောင်ရန် ရာစုနှစ်နှင့်ချီ အချိန်ယူရပေလိမ့်မည် ဖြစ်သည်။
ဝူယုနှင့် မြေကြီးရှန့်ထို သုံးယောက်တို့၏ တိုက်ပွဲမှာ သေမျိုးများ အထူးသဖြင့် အဆင့်နိမ့် ကျင့်ကြံသူများ၏ အမြင်၌ အလွန် တိုတောင်းသည့် အချိန်ကာလ အတွင်း ဖြစ်ပျက် သွားခဲ့ခြင်းဖြစ်သည်။ အစမှ အဆုံးအထိ ဆယ့်နှစ်စက္ကန့်မျှလောက်သာ ကြာမြင့်ခဲ့ပေသည်။
ကြယ်တာရာ အမြုတေ အဆင့်နှစ် ကျင့်ကြံသူ တစ်ယောက်က နဖူးထက်ရှိ ချွေးများကို သုတ်ရင်း သူ့ စိုက်ခင်းများကို လှမ်းကြည့်လိုက်၏။ သစ်ပင်များက အဝါရောင်သမ်းနေကာ မကြာခင် ခြောက်သွေ့သွားတော့မည့် လက္ခဏာများကို ပြသ နေကြသည်။ သုံးနှစ်ကြာ သူ၏ ကြိုးပမ်း အားထုတ်ခဲ့မှုများမှာ သည်အတိုင်းပင် ပျက်စီးသွားခဲ့ပြီ ဖြစ်လေသည်။ သို့သော်လည်း မျက်မှောင်ကြုတ်ခြင်းမှ တစ်ပါး အခြား ဘယ်အရာကိုမှ သူ မတတ်နိုင်ခဲ့ပါချေ။
“ရန်သူက ဘယ်သူလို့ ထင်လဲ... အင်ပါယာ ကလန်လား...”
နူးညံ့ ချောမွေ့သည့် အသားအရေနှင့် အာကာသ ပဲ့တင်သံ အဆင့် မိန်းကလေး တစ်ယောက်က သူ၏ ဖခင် ကုန်သည်ကြီးကို မေးလိုက်၏။ ကုန်သည်ကြီးမှာ ပုပုလုံးလုံးနှင့် ဗိုက်ရွှဲရွှဲကြီးကို ပိုင်ဆိုင်ထားကာ မျက်လုံးများက မှိုစွဲနေသယောင် ထင်ရသည်။
“မဟုတ်လောက်ဘူး... တော်ဝင်ကလန်တွေထဲက တစ်ခု ဖြစ်မှာ သေချာတယ်... ကျန်းကလန် ဖြစ်ချင် ဖြစ်လိမ့်မယ်... မဟုတ်ရင်လည်း အဲဒီ မိစ္ဆာကောင် ခွေးမသားတွေပဲ နေမှာ”
သူက ဖြန့်ကျက်ထားသည့် လောကနယ်မြေကို ပြန်လည် ရုတ်သိမ်းရင်း ပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ်... အစစ်အမှန် ဒြပ်စင်ဂိုဏ်းကို လာရှုပ်လို့ မရဘူး ဆိုတာ သူတို့ သိသွားတာပေါ့ ဟုတ်တယ် မလား အဖေကြီး”
မိန်းကလေးက စိတ်လှုပ်ရှားစွာ ပြောလိုက်၏။ သူမ၏ လေသံက ဒြပ်စင်နယ်မြေသား တစ်ယောက် ဖြစ်ရသည်ကို ဂုဏ်ယူသည့် အငွေ့အသက်များနှင့် ပြည့်နှက်နေသည်။
“...”
ကုန်သည်ကြီးက တိတ်တဆိတ်ပင် မီးခိုးရောင် ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ကောင်းကင်အလွှာများက အတော်လေး အားနည်းသွားသည်ကို သူ ခံစားမိပေသည်။ ထိုအရာက ဂြိုဟ်အမြုတေ စွမ်းအင် အားနည်း သွားခြင်း၏ ရလဒ် တစ်ခု ဖြစ်ပေသည်။ ထို့အပြင်... ပတ်ဝန်းကျင်ရှိ အမတေများမှာလည်း အားနည်းသွားကာ သန့်စင်မှု ပမာဏ များစွာ လျော့ကျသွားခဲ့သည်။ သူတို့၏ ဂြိုဟ်ကား အမှောင် နေ့ရက်များဆီ ဦးတည် နေခဲ့ပြီ ဖြစ်လေသည်။
‘အစစ်အမှန် ဒြပ်စင်ဂိုဏ်းက လျော်ကြေးပေးမယ် ဆိုတဲ့ ကတိကို ဆက်ထိန်းနိုင်ဖို့ပဲ မျှော်လင့်ကြတာပေါ့လေ... သူတို့ ပေးရော ပေးနိုင်ပါ့ဦးမလား...’
သူ မျက်မှောင်ကြုတ်ကာ တွေးလိုက်မိ၏။ ရုတ်တရက်... တဆစ်ဆစ်နှင့် ခေါင်းက ကိုက်လာသလို သူ ခံစားလိုက်ရသည်။
သာမန် ကျင့်ကြံသူများ၏ မျက်လုံးများထဲ၌ အစစ်အမှန် ဒြပ်စင်ဂိုဏ်းမှာ နယ်မြေတစ်ခုလုံးကို ခြိမ်းခြောက်နိုင်သည့် အင်အားစု တစ်ခုနှင့် တိုက်ခိုက်ကာ အနိုင်ရခဲ့ပေသည်။ သူတို့က အဘယ်ကြောင့် ထိုကဲ့သို့ တွေးရသနည်း။ ရှင်းလင်းစွာပင် အစီအရင်နှင့် ဝင်္ကပါများ အားလုံး သဘာဝ အတိုင်း ရပ်တန့်သွားသောကြောင့်ပင်။ ရန်သူ၏ တိုက်ခိုက်မှု အောက်၌ ကျရှုံးခဲ့မည် ဆိုပါက အခြေအနေက လုံးဝ ခြားနား သွားလိမ့်မည် ဖြစ်သည်။
ထို့အပြင် ဒြပ်စင်နယ်မြေသားတို့၏ အသွေးအသားများထဲတွင် ဒြပ်စင် ကာကွယ်သူဟန် အပေါ် ကြီးမားသော ယုံကြည်မှုများ ကိန်းအောင်း နေပေသည်။ ထိုပုဂ္ဂိုလ်ကြီး ရှိနေသမျှ ကာလပတ်လုံး မည်သည့် မြေကြီးရှန့်ထိုမှ သူတို့ကို ခြိမ်းခြောက်နိုင်လိမ့်မည် မဟုတ်ပါချေ။
အချို့ဂြိုဟ်များထက်တွင် ဆိုလျှင် တရားဝင် ကြေညာချက် မထုတ်ပြန်ခင် အောင်ပွဲခံ အခမ်းအနားများကိုပင် စတင်ကာ ပြင်ဆင် နေခဲ့ပြီ ဖြစ်လေသည်။ ကြီးမားသော တိုက်ပွဲကြီး တစ်ခု၏ အဆုံးသတ်၌ သူတို့ အနိုင်ရရှိခဲ့သည်။ အသက်ရှင် ခဲ့သည်။ ထိုအရာက အောင်ပွဲခံဖို့ ထိုက်တန်သည် မဟုတ်ပါလား။
...
ထိုကဲ့သို့ ဂြိုဟ်ပေါင်းများစွာ အောင်ပွဲခံနေစဉ်၊ သက်ပြင်းများ ရှိုက်နေစဉ်၊ အမှောင် နေ့ရက်များ အတွက် ရင်းမြစ်များစွာ စုဆောင်း နေချိန်တွင် မူလဂြိုဟ်ထက်တွင်တော့ ဝူယုမှာ ဒူးထောက်နေသည့် မြေကြီး ရှန့်ထို သုံးယောက် ရှေ့တွင် မတ်တပ်ရပ် နေခဲ့သည်။
ကုန်းလော့၏ ကျိုးပဲ့သွားသည့် လည်ပင်းက မူလက အတိုင်း ရှိနေဆဲ ဖြစ်ကာ ဘယ်ဘက်သို့ သဘာဝ မကျစွာ လိမ်ကောက်နေသည်။ သူ အသက်ရှူလိုက်တိုင်း၌ ကျိုးကြေသည့် အသံများမှာ ကြက်သီးထဖွယ် ထွက်ပေါ် နေ၏။
ကျန်းကျိရီ၏ လက်များကတော့ ကုသ ပြီးသွားခဲ့ပြီ ဖြစ်သည်။ ဝူယုက သူမကို အချိန် ပြောင်းပြန်လှန်ခြင်း စွမ်းအား အသုံးပြုရန် ခွင့်ပြုခဲ့သည်။ အကယ်၍ သူမသာ ထိုကဲ့သို့ မလုပ်ပါက အချိန် ကြာမြင့်သည်နှင့် အမျှ ကုန်ကျမှုက ပိုမို တိုးမြင့် သွားလိမ့်မည် ဖြစ်သည်။ သူမက တစ်ဘဝလုံး လက်မရှိသည့် အမျိုးသမီး တစ်ယောက် ဖြစ်သွားနိုင်ပေသည်။
မြေကြီးရှန့်ထိုများ၏ ခန္ဓာကိုယ်ကို ပြန်လည် တည်ဆောက်ရန်မှာ အလွန်အမင်း ခက်ခဲလွန်းလှသည်။ ထာဝရ ပြန်လည် မွေးဖွားခြင်း ဆေးလုံးပင်လျှင် အလုပ်ဖြစ်လိမ့်မည် မဟုတ်ချေ။ ထိုကဲ့သို့ ပြုလုပ်ရန် အနည်းဆုံး လျှို့ဝှက်မြေကြီး အဆင့် အဂ္ဂိရတ် ထုတ်ကုန် တစ်မျိုး လိုအပ်ပေလိမ့်မည်။
အခြားတစ်ဖက်၌ ဟန်ယုဟိုင်ကတော့ အစောကြီးတည်းက ပြန်လည် သတိရ နေခဲ့ပြီ ဖြစ်သည်။ သူက ခေါင်းငိုက်စိုက်ချထားကာ မျက်နှာ အမူအရာကို ဖုံးကွယ်ထား၏။
ရှုံးနိမ့်ပြီးနောက် ဆယ်မိနစ် အတွင်း ဝူယုမှာ အစီအရင်နှင့် ဝင်္ကပါ အားလုံးကို လက်လွှဲ ရယူ ခဲ့သည်။ ထို့နောက် ၎င်းတို့ အားလုံးကို ပိတ်သိမ်း ပစ်ခဲ့သည်။ မိမိနယ်မြေ၏ အစီအရင်နှင့် ဝင်္ကပါများ ရန်သူ့ လက်အောက် ကျရောက်သွားခဲ့ရသည်မှာ အလွန်ပင် ရှက်စဖွယ် ကောင်းလှသော ကိစ္စ ဖြစ်ပေသည်။ ပြောရလျှင်... ကျန်းကျိရီ၏ ပူးပေါင်းပါဝင်ပေးမှုက ဝူယုကို ပိုမို၍ လွယ်ကူ သွားစေခဲ့ခြင်းပင် ဖြစ်သည်။
မိန်းကလေးမှာ အားအနည်းဆုံး အခြေအနေ၌ ရှိနေသည့်တိုင် အစီအရင်နှင့် ဗဟုသုတများ အပေါ် နားလည်မှု နက်ရှိုင်းနေဆဲ ဖြစ်သည်။ ထို့အပြင် သူမမှာ လင်းမျိုးနွယ် အုပ်စိုးမှု မတိုင်ခင် မူလ ကျောက်စိမ်းဒြပ်စင်ဂိုဏ်းမှ ဆင်းသက်လာသည့် ပြိုကွဲဒြပ်စင် အဖွဲ့မှ ဖြစ်သည်။ သူမ ဘိုးဘေးများ ထားရစ်ခဲ့သည့် အစီအရင် အကြောင်းကို သူမထက်ပို ဘယ်သူမှ သိလိမ့်မည် မဟုတ်ချေ။
ဒူးထောက်လျက်သား ရှိသေနည့် သူတို့ သုံးယောက်၏ ရှေ့တွင်တော့ ဝူယုမှာ လက်ပိုက်လျှက် မတ်တပ်ရပ် နေခဲ့၏။ သူ၏ မျက်လုံးများက တရားမျှတမှု အငွေ့အသက်များကို သယ်ဆောင်ထားကာ ကျောင်းသားများအား ဆူငေါက်ရန် ဟန်ပြင်နေသည့် ဆရာသခင် တစ်ပါးအလား ထင်ရသည်။
ဝူယုမှာ တတိယမြောက် မဟာအသွင်ပြောင်းခြင်းကို ပြန်လည် ရုတ်သိမ်းကာ မူလ အသွင်အပြင်ကို ပြန်လည် ပြောင်းလဲခဲ့ပြီး ဖြစ်သည်။ သူ၏ ပုံစံက အပြင်ပန်း အဆင်ပြေနေသည့်တိုင်အောင် လျှို့ဝှက် ဝိညာဥ်နှင့် ခန္ဓာကိုယ်တို့ကတော့ ပြန်လည် တည်ငြိမ်ရန် အရှိန်ယူ နေရဆဲ ဖြစ်သည်။
လျှို့ဝှက် သင်္ကေတများကို ခန္ဓာကိုယ်နှင့် ပေါင်းစပ်ထားသည့် မြေကြီးရှန့်ထို တစ်ယောက် အနေဖြင့် ဝူယုမှာ လျှို့ဝှက် တစ်ပိုင်း အဆင့်ကို အမြဲတမ်း ထုတ်ဖော်ထားပြီး ဖြစ်သည်။ သူ့အနေဖြင့် တကူးတက ဆင့်ခေါ် စရာပင် မလိုချေ။ ထိုအရာက သေမျိုးတစ်ပိုင်း အရှင်များနှင့် မြေကြီးရှန့်ထိုများ အကြားရှိ အရေးကြီးသော ခြားနားချက် တစ်ရပ်လည်း ဖြစ်သည်။
သို့သော်လည်း ကောင်းကင်အင်အာ အော်ရာကို အသုံးပြု၍ လျှို့ဝှက် ဝိညာဥ်ကို မဟာ အသွင်ပြောင်းခြင်း အဆင့်သို့ မြှင့်တင်ခြင်းမှာ လုံးဝ ခြားနားသည့် အဆင့် တစ်ခုကို ဖြစ်ပေါ်စေသည်။ ပထမ မဟာ အသွင်ပြောင်းခြင်းမှာ ကောင်းကင် အင်ပါယာ အော်ရာကို လောကဖိအားနှင့် ပေါင်းစပ်ကာ အင်ပါယာ ဖိအား တစ်ခု အသွင် ပြောင်းလဲခြင်းဖြစ်သည်။
ဒုတိယ မဟာအသွင်ပြောင်းခြင်းတွင်တော့ အင်ပါယာ ကောင်းကင် အော်ရာကို ထျန်းတျန်နှင့် ပေါင်းစပ်ကာ စွမ်းအင် အမျိုးအစား လေးခု စလုံးကို သက်ရောက်စေခြင်း ဖြစ်သည်။ ထိုနည်းဖြင့် သူက လျှို့ဝှက် စွမ်းအားကို တိုးမြှင့်နိုင်လိမ့်မည် ဖြစ်သည်။ ၎င်းကို လျှို့ဝှက် အဆင့် အင်ပါယာ အော်ရာ အဖြစ် ရည်ညွှန်းနိုင်ပေသည်။
အကယ်၍ ခန္ဓာကိုယ်ကို လုံလောက်သည့် အတိုင်းအတာ ပမာဏ အထိ သန့်စင်ခြင်း မပြုထားပါက မဟာ အသွင်ပြောင်းခြင်းကို ထုတ်ဖော်သည်နှင့် ခန္ဓာကိုယ်ကိုယ်က ချိန်ကိုက်ဗုံး တစ်လုံးလို ပေါက်ကွဲသွားလိမ့်မည် ဖြစ်သည်။ ထို့ကြောင့်ပင် မဟာ အသွင်ပြောင်းခြင်းများ၌ လိုအပ်ချက်များ တင်းကြပ်စွာ ချမှတ်ထားခြင်း ဖြစ်ပေသည်။
တတိယ အသွင်ပြောင်းခြင်းကတော့ လျှို့ဝှက် သင်္ကေတများကို ကောင်းကင် အင်ပါယာ အော်ရာနှင့် ပေါင်းစပ်ခြင်းပင် ဖြစ်လေသည်။ ထို့နောက် ၎င်းတို့ကို ရုပ်ခန္ဓာ အတွင်းရှိ အမျိုးမျိုးသော ဧရိယာများ အတွင်း ပေါင်းစပ်ရသည်။ တတိယမြောက် မဟာ အသွင်ပြောင်းခြင်းကို ထုတ်ဖော်ရန် သေမျိုးတစ်ပိုင်း အဆင့် ကျင့်ကြံခြင်း အခြေခံ လိုအပ်သည်။ သို့သော်လည်း မြေကြီး ရှန့်ထို အဆင့်မှာ တတိယမြောက် မဟာ အသွင်ပြောင်းခြင်း၏ စွမ်းအားကို အပြည့်အဝ ဖော်ထုတ်နိုင်သည့် အဆင့် ဖြစ်ပေသည်။
ဝူယု တတိယ အသွင်ပြောင်းခြင်း ဖြစ်စဉ်ထဲကို ဝင်ရောက်ချိန်၌ သောင်းပေါင်းများစွာသော ပြင်ပ သင်္ကေတ များစွာမှာ သူ့ခန္ဓာကိုယ် အတွင်းပိုင်းသို့ ဝင်ရောက် ပေါင်းစပ် လာကြသည်။ ထို့နောက် အင်ပါယာ ကောင်းကင် အော်ရာနှင့် ပေါင်းစပ်ကာ ကျင့်ကြံခြင်း အခြေခံကို ရောက်နိုင်သမျှ အမြင့်ဆုံးထိ ရောက်ရှိ စေခဲ့သည်။ ထိုအဆင့်ကို ထိန်းသိမ်းရန် အတွက် မယုံကြည်နိုင်လောက်အောင် များပြားသည့် လျှို့ဝှက် စွမ်းအင်နှင့် အင်ပါယာ အော်ရာ ပမာဏများ လိုအပ်ပေသည်။
ဝူယု ယခင်က တတိယမြောက် မဟာ အသွင်ပြောင်းခြင်း အဆင့်ကို စမ်းသပ် ထုတ်ဖော်ဖူးသော်လည်း လျှို့ဝှက် သင်္ကေတ တစ်ခု နှစ်ခုကိုသာ အများဆုံး ပေါင်းစပ် ကြည့်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း... ယခုတစ်ကြိမ်တွင်တော့ သူ ရှစ်မျိုးစလုံး အသုံးပြုခဲ့ခြင်းပင်။ ထိုမျှလောက်သော စွမ်းအားကို သူ တစ်ကြိမ် တစ်ခါမှ မခံစားဖူးခဲ့ချေ။
သို့သော်လည်း ထိုအရာက မလုံလောက်ခဲ့ချေ။ ဒြပ်စင် အလင်းတန်းနှင့် ရင်ဆိုင်ရချိန်၌ အရာ အားလုံးက ပြီးဆုံး သွားခဲ့ပြီ ဟုပင် သူ တွေးခဲ့မိသည်။ ပရမတ် ကျောက်စိမ်း အကြွင်းမဲ့ ဒြပ်စင် အစီအရင်က သူ့ကို လုံးဝ ရုန်းမထွက်နိုင်အောင် တားဆီး ထားခဲ့သည်။
တဖြည်းဖြည်း နီးကပ်လာသည့် အလင်းတန်းကို ကြည့်ရင်း ကျိန်းသေ သေဆုံးလိမ့်မည် ဖြစ်ကြောင်း ဝူယု သံသယ မြူမှုန်မျှပင် မရှိတော့ချေ။ ထိုတိုက်ခိုက်မှုက လောကရှန့်ထို တစ်ပါးပင် အမှုမထားပါက သေဆုံး သွားနိုင်သည့် တိုက်ခိုက်မှုမျိုး ဖြစ်သည်။ ကိုယ့်ကိုယ်ကို အလွန်အကျွံ ယုံကြည်ခဲ့မိသည့် အပေါ် ဝူယု နောက်တစ်ကြိမ် နောင်တရခဲ့သည်။ နောင်ဘယ်တော့မှ ရန်သူကို အခွင့်အရေး ပေးတော့မည် မဟုတ်ကြောင်း သူ ကျိန်ဆိုခဲ့သည်။ ကံကောင်းထောက်မစွာပင် နောက်ဆုံးသော အခိုက်အတန့်၌ သူ ကယ်တင်ခံခဲ့ရသည်။
ဝေ့ဝူယင်က ချိန်သားကိုက်ပင် ဟင်းလင်းပြင် ဂိတ်တံခါး တစ်ခု ဖွင့်ကာ သူ့ကို ကြားခံ လောကနယ်မြေ အပြင်ဘက် ကြယ်တာရာ နယ်မြေ အစွန်နားသို့ ပို့ဆောင် ပေးခဲ့သည်။ ထိုအရာက သေခြင်းတရား လာနေသည်ကို ကြိုမြင်နိုင်ခဲ့သည့် ကောင်းကင် ပုရောဟိတ် ဝမ်မင်ယာ၏ အကူအညီကြောင့်ပင် ဖြစ်သည်။ ဝေ့ဝူယင်က သူမ လမ်းညွှန်ချက် အတိုင်း တသွေမတိမ်း လိုက်နာခဲ့သည်။
ဝမ်မင်ယာ သူတို့၏ အသက်ကို ကယ်တင်ခဲ့သည်မှာ နှစ်ကြိမ်နှစ်ခါ ရှိသွားခဲ့ပြီ ဖြစ်သည်။ ဝူယုကတော့ ထိုကဲ့သို့ အဖြစ်မျိုး ဘယ်တော့မှ ထပ်မဖြစ်စေရကြောင်း ကိုယ့်ကိုယ်ကို ကတိပေးခဲ့၏။ နောက်ထပ် တစ်ကြိမ် ရန်သူနှင့် ထပ်မံ ရင်ဆိုင်ရပါက အမြင့်ဆုံးသော ခွန်အားကို အသုံးပြုကာ သူ မတုန့်မဆိုင်း တိုက်ခိုက် သတ်ဖြတ်မည် ဖြစ်သည်။
“ကျုပ်ကို မသတ်ပါနဲ့ဗျာ...”
ကုန်းလော့က တောင်းပန်လိုက်၏။ လည်ချောင်းနှင့် အသံပြွန်တို့ ပျက်စီးနေသဖြင့် သူ အသံက တည်ငြိမ်မှု မရှိပဲ လှုပ်ခါနေ၏။
ကုန်းလော့မှာ ဟန်ယုဟိုင်နှင့် ဝူယုတို့ အကြားရှိ ဆက်ဆံရေးကြောင်း အားလုံးကို ချမ်းသာပေးဖို့ တောင်းပန်ခြင်း မပြုချေ။ ဝူယုက ဟန်ယုဟိုင်ကို ကျိန်းသေ သတ်လိမ့်မည်ဟု သူ ယူဆထားသည်။ ထို့အပြင် ကျန်းကျိရီမှာ ချောမော လှပသည့် မြေကြီး ရှန့်ထိုမလေး တစ်ယောက် ဖြစ်သည်။ သူမက ဝူယု အတွက် များစွာ အသုံးဝင်နေဆဲ ဖြစ်နိုင်သည်။
သူ ကိုယ်တိုင်ဆိုလျှင်လည်း ထိုကဲ့သို့သာ ဆုံးဖြတ်မည် ဖြစ်သည်။ ငယ်ရွယ်စဉ် အခါက ဆိုလျှင် ကုန်းလော့မှာ ယောက်ျားများကို သတ်ဖြတ်ကာ မိန်းကလေးများကို ခိုးယူဖူးသည်။ သူက မြေကြီးရှန့်ထို အဆင့်ကို ကြင်နာ သနားတတ်သည့် နှလုံးသားဖြင့် ရောက်ရှိလာခဲ့သူ တစ်ယောက် မဟုတ်ချေ။
ဝူယုက ကုန်းလော့ကို တစ်ချက် လှမ်းကြည့်လိုက်၏။ သုံးယောက်ထဲတွင် ကုန်းလော့မှာ ဝေ့ဝူယင်ကို သတ်ဖြတ်ချင်ခဲ့သည့် တစ်ဦးတည်းသော ပုဂ္ဂိုလ် ဖြစ်သည်။ သူ့အတွေးနှင့် ကိုယ်ကျင့်စရိုက်က ခန့်မှန်းရ ခက်ခဲလှသည်။ ထို့အပြင် တစ်ယောက်တည်းကိုသာ ကွက်၍ အသက် ချမ်းသာပေးဖို့ တောင်းပန်ခြင်းကို ကြည့်ပါက သူ့ထံတွင် အသင်းအဖွဲ့ စိတ်ဓာတ် ရှိပုံ မရချေ။ ဟန်ရှဲ့နှင့် ယုကလေးတို့က အဘယ်ကြောင့် ထိုကဲ့သို့သော ပုဂ္ဂိုလ်ကို လူရာသွင်းထားကြောင်း သူ နားမလည်နိုင်ချေ။ ကြည့်ရသည်က ကပ်ပါး အင်အားစု ခေါင်းဆောင် တစ်ယောက် အနေဖြင့် နာမည်ကျော်လျှို့ဝှက် ကျိန်စာ၏ အကာအကွယ် တစ်ချို့ ရရှိထားသည့်ပုံပင်။
ကံကောင်းထောက်မစွာပင် သူထံ၌ မည်သည့် ကျိန်ဆိုမှုမှ မရှိပါချေ။
***