တတိယမြောက် မြေကြီး ရှန့်ထို (၂)
Vol. 63 Ch. 877
“အခြားမြေကြီး ရှန့်ထို တစ်ယောက်က ဘယ်မှာလဲ...”
အတွေးတစ်ခုမှာ ဝူယု၏ အတွေးထဲ ဝင်ရောက်လာခဲ့၏။ မာ့ကျန်း၏ အဆိုအရ ဆိုလျှင်... အစစ်အမှန် ဒြပ်စင်ဂိုဏ်း၌ တရားဝင် မြေကြီး ရှန့်ထို သုံးယောက် ရှိသည်ဟု ဆိုသည်။ ထို့အပြင် ကပ်ပါး အင်အားစုများ၌ နှစ်ယောက် ရှိပေသေးသည်။
ပထမ သုံးယောက်က အစစ်အမှန် ဒြပ်စင်ဂိုဏ်းကို လမ်းကြောင်း တစ်ခုပေါ် ထိန်းသိမ်းကာ တည့်မတ်ရန် ကြိုးပမ်း နေချိန်တွင် အခြား နှစ်ယောက်ကတော့ ကလန်များကို ဦးဆောင်ကာ ဂိုဏ်းကို ခြောက်သွေ့သွားအောင် စုပ်ယူကြသည်။
ဝူယု၏ မေးခွန်းကို ကြားသည်နှင့် ကုန်းလော့၏ အမူအရာက ပြောင်းလဲသွားကာ နဖူးထက်၌ ချွေးများ ပျံလာခဲ့၏။ လက်ရှိ သူ့အခြေအနေက ပိုက်ထဲ တိုးမိနေသည့် ငါးတစ်ကောင်လိုပင် ဖြစ်သည်။ ကျင့်ကြံခြင်း အခြေခံ ချိပ်ပိတ်ခံမထားရလျှင်ပင် သူ လုပ်နိုင်သည့် အရာ ဘာမှ မရှိချေ။ သေမျိုးတစ်ယောက်လို အားနည်းသည့် ခံစားချက်က သူ့နှလုံးသား တစ်ခုလုံးကို သိမ်းပိုက် စိုးမိုး လာခဲ့၏။
“သူက ဒဏ်ရာ ရထားပါတယ်... ရွှေရောင် အသက်နန်တော်ရဲ့ ကုသရေး နယ်မြေထဲမှာ ရှိနေလိမ့်မယ်လို့ ကျွန်မ ထင်ပါတယ်”
ကျန်းကျိရီက အဖြေပေးလိုက်သည်။ ကပ်ပါးအင်အားစုမှ ထိုမြေကြီးရှန့်ထိုမှာ လွန်ခဲ့သည့် လပေါင်းများစွာ ကတည်းက လျှို့ဝှက်စွာ ပျောက်ဆုံး နေခဲ့ခြင်း ဖြစ်သည်။ ကျန်းကျိရီမှာ ထိုကိစ္စကို လိုက်လံ စုံစမ်းခဲ့ကာ အဆုံးသတ်၌ မာ့မျိုးနွယ်ထံမှ အစအနတစ်ချို့ကို ရရှိခဲ့ခြင်းဖြစ်သည်။
“ဒဏ်ရာ ရနေတာလား... ဘယ်တုန်းကလဲ...”
ရုတ်တရက်... ပုံရိပ်တစ်ခုမှာ ပိုင်လင်ကို စီးနင်းရင်း ဝူယု ဘေးနား၌ ပေါ်လာခဲ့၏။ လက်ရှိ၌ မြေကြီးရှန့်ထို သုံးယောက် ဖိနှိပ်ခံထားရပြီ ဖြစ်လေရာ... ဝေ့ဝူယင်မှာ မူလဂြိုဟ်နှင့် ဒြပ်စင် နယ်မြေ အတွင်းရှိ မည်သည့် နေရာကို မဆို လွတ်လပ်စွာ သွားလာ၍ ရနေခဲ့ပြီ ဖြစ်သည်။
ဝေ့ဝူယင်၏ မူလဘူတ ရည်ရွယ်ချက်မှာ မူလဂြိုဟ်ကို မွှေနှောက်၍ ရင်းနှီးသည့် အော်ရာကို ရှာဖွေရန် ဖြစ်သည်။ သို့သော်လည်း... ဝမ်မင်ယာက မြေကြီး ရှန့်ထိုများထဲမှ တစ်ယောက်မှာ သူ ရှာဖွေနေသည့် အရာ အတွက် သော့ချက် ဖြစ်နိင်ကြောင်း ရှာဖွေ တွေ့ရှိခဲ့သည်။ ထို့ကြောင့် သူက ဝူယုတို့ ရှိရာသို့ ပြန်လာကာ ကြိုးပမ်းကြည့်ဖို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ကျန်းကျိရီက ဝေ့ဝူယင်ကို တစ်ချက် လှမ်းကြည့်လိုက်၏။ ထို့နောက် သူမက ဖီးနစ်ငှက်ကို အကဲခတ် လိုက်သည်။
“အတိအကျတော့ မမှတ်မိဘူး... ဒါပေမဲ့ မီးဖီးနစ် တိုက်ပွဲ အပြီးလောက်မှာ ဖြစ်မယ်”
ဝေ့ဝူယင်က စဉ်းစားလိုက်၏။ တစ်ခဏ အတွင်းမှာပင် သူ၏ မျက်လုံးများက နားလည် သဘောပေါက်မှုများနှင့် ပြည့်နှက်သွားကာ ဝူယုကို လှမ်းကြည့်သည်။ ထို့နောက် ကုန်းလော့ကို ညွှန်ပြ လိုက်၏။
“သူ့ကို သတ်လိုက်တော့...”
သူ၏ အသံက အေးစက်ခြင်း မရှိသည့်တိုင် လူတိုင်း၏ နှလုံးသားများကို အေးစက် သွားစေနိုင်သည့် ထူးဆန်းသော အရှိန်အဝါ တစ်မျိုးကို သယ်ဆောင်ထားသည်။
ဝူယုက ပြုံးလိုက်၏။ သူက တုန့်ဆိုင်းခြင်း မရှိပဲ လက်ညိုးကို ကုန်းလောထံ ညွှန်လိုက်သည်။ သူ၏ လျှို့ဝှက် စွမ်းအင်မှာ ညှာတာမှု မရှိပဲ ကုန်းလော့၏ ခန္ဓာကိုယ် အတွင်း စီးဝင်သွား၏။ တဒင်္ဂ အတွင်းမှာပင် သူ့ မျက်လုံးများမှာ ပြူးထွက်လာကာ သွေးများမှာ ဒွါရ ခုနစ်ပေါက်မှ စီးကျလာ၏။ သူ၏ ခန္ဓာကိုယ်က သေဆုံး သွားခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း ဝူယုမှာ အမှားမှတစ်ဆင့် သင်ယူခဲ့ပြီး ဖြစ်သည်။ သူက ဝိညာဥ်စွမ်းအားကို ကုန်းလော့၏ ထျန်းတျန် အတွင်းရှိ လျှို့ဝှက် ဝိညာဥ်ထံကို ပို့လွှတ်လိုက်၏။
ဘုန်း...
ဗုံးတစ်လုံး ပေါက်ကွဲသည့် အလား အလွန် ပြင်းထန်သည့် အသံ တစ်ခု ဖြစ်ပေါ်လာကာ ကုန်းလော့၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ ပေါက်ကွဲသွားတော့သည်။ သူက အမှန်တကယ် သေဆုံး သွားခဲ့ပြီ ဖြစ်လေ၏။
ကျန်းကျိရီမှာ ထိုမြင်ကွင်းကို ကြည့်ကာ တဆတ်ဆတ် တုန်ရီသွား၏။ ဟန်ယုဟိုင်ကတော့ အသက်မဲ့သည့် မျက်လုံးများနှင့် သွေးမှုန်များကို ငေးကြည့် နေခဲ့သည်။
ဝေ့ဝူယင်က သူတို့၏ တုန့်ပြန်မှုများကို ဂရုစိုက်ခြင်း မရှိပါချေ။ အနားသို့ ကပ်လာကာ ဝူယု၏ ပခုံးကိုသာ ထိတွေ့လိုက်၏။
ဘုန်း...
ရုတ်တရက် လောကကြီးမှာ အေးခဲသွား၏။
ကမ္မတန်ဖိုး... ၄၄၁၂၂.၉
ပထမကပ်ဘေး လွတ်မြောက်ခြင်း... ၇/၇
ဒုတိယကပ်ဘေး အောင်မြင်ခြင်း... ၁/၁
တတိယကပ်ဘေး တားဆီးခြင်း... ၁၅ နှစ်
...
ကမ္မတန်ဖိုး... ၄၄၆၅၉.၉
ပထမကပ်ဘေး လွတ်မြောက်ခြင်း... ၇/၇
ဒုတိယကပ်ဘေး အောင်မြင်ခြင်း... ၁/၁
တတိယကပ်ဘေး တားဆီးခြင်း... ၁၅ နှစ်
...
လောက၏ စီးဆင်းမှုက ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ အခြားတစ်ဖက်၌ မြေကြီး ရှန့်ထို နှစ်ယောက်၏ မျက်နှာ အမူအရာများက ဖြူရော် နေကြပြီ ဖြစ်လေသည်။ သူတို့မှာ သေမျိုး အကန့်အသတ်ကို ကျော်လွန်နေသည့် မြေကြီး ရှန့်ထိုများအနေဖြင့် သေခြင်းတရားကို မကြောက်လျှင်ပင် သူတို့ထံတွင် မပြီးပြတ်သေးသည့် လုပ်စရာများ၊ မှာကြားစရာများ ရှိပေနေပေးသည်။
ဟန်ယုဟိုင်က အံကို တင်းတင်းကြိတ်ကာ ဝူယုကို ကြည့်လိုက်၏။ ဝူယုက ပြုံးစစနှင့် သူ့ကို ပြန်လည် ကြည့်နေခဲ့သည်။ ထိုကဲ့သို့ အပြုံးမျိုးကို ဟန်ယုဟိုင် အကြိမ်ပေါင်း မရေမတွက်နိုင်အောင် မြင်ခဲ့ဖူးသည်။ အချိန် စီးဆင်းမှုက နှစ်ထောင်ပေါင်းများစွာ နောက်ပြန်ဆုတ်သွားကာ အခြား တစ်ယောက်၏ ဆန္ဒနှင့် ဦးညွှတ် ခဲ့ရသည့် အချိန်များကို ရောက်ရှိသွားသလို ဟန်ယုဟိုင် ခံစားလိုက်ရ၏။ သူ တုန်ရီနေသည့် လက်ချောင်းများကို တင်းတင်းကြပ်ကြပ် ဆုပ်လိုက်မိလေသည်။
“ဘာဖြစ်လို့...”
ကျန်းကျိရီက ဖြေရှင်းချက် တောင်းခံရန် ဟန်ပြင်လိုက်၏။ သို့သော်လည်း သူမက လမ်းခုလတ်တွင်ပင် ရပ်တန့် သွားသည်။
ကုန်းလော့၏ သေဆုံးမှုက အစစ်အမှန် ဒြပ်စင်ဂိုဏ်း အတွက် မကောင်းသည့် အရာတော့ မဟုတ်ပါချေ။ ထိုကုန်းလော့မှာ အစစ်အမှန် မူလ အဖွဲ့ ခေါင်းဆောင် ဖြစ်ကာ ကပ်ပါးကောင်များ၏ သူလျှိုလည်းဖြစ်သည်။ သို့သော်လည်း... အမျိုးမျိုးသော လျှို့ဝှက် ကျိန်စာများကြောင့် သူတို့ မြေကြီး ရှန့်ထိုများမှာ တစ်ယောက်ကို တစ်ယောက်၊ တစ်ဖွဲ့ကို တစ်ဖွဲ့ ထိပါးခွင့် မရှိပါချေ။ အစစ်အမှန် ဒြပ်စင်ဂိုဏ်းဝင် မဟုတ်သည့် ကပ်ပါး အင်အားစုများ အတွက်လည်း အလားတူပင် ဖြစ်သည်။
သို့သော်လည်း ဝူယုကတော့ မည်သည့် လျှို့ဝှက် ကျိန်စာ၏ ချည်နှောင်မှုကိုမှ ခံထားရခြင်း မရှိပါချေ။ ထိုအရာက အခွင့်အရေး တစ်ခုလော။
မြေကြီးရှန့်ထို နှစ်ယောက် အတွေးများနှင့် ဗျာများ နေချိန်တွင် ဝူယုက သူ့လက်ဝါးကို ကြည့်လိုက်၏။ မြေကြီး ရှန့်ထို တစ်ယောက် မိမိလက်ချက်ဖြင့် သေဆုံးသွားသည်ကို မြင်ရခြင်းက အလွန်ပင် ကျေနပ်ဖွယ် ကောင်းသည့် ခံစားချက် တစ်ခု ဖြစ်သည်။ သို့သော်လည်း... စောစောပိုင်းက အလင်းတန်းကို ပြန်လည် မြင်ယောင် လိုက်မိသော အခိုက်၌ ဂြိုဟ်ကြွရန် ဟန်ပြင်နေသည့် ဘဝင်က ပြန်လည် ပြုတ်ကျသွားသည်။ မျက်နှာထက်ရှိ အပြုံးက ဖြည်းညင်းစွာပင် ပြန်လည် ပျောက်ကွယ်သွား၏။
‘၅၃၇...’
ဝေ့ဝူယင် စိတ်ထဲမှ ပင့်သက် တစ်ချက် ရှိုက်လိုက်မိ၏။ ထိုပမာဏက ကုန်းလော့ကို အစစ်အမှန် မွေးဖွားခြင်း၏ အဖွဲ့ဝင် တစ်ယောက် ဖြစ်ကြောင်း သတ်မှတ်ဖို့ မလွယ်ကူသည့်တိုင် အပြစ်သား တစ်ယောက် ဖြစ်ကြောင်းတော့ ထင်ရှားပေသည်။ အငှားလက်ဖြင့် သတ်ဖြတ်ခြင်းကပင် ကမ္မတန်ဖိုး ၅၃၇ ကို ရရှိစေခဲ့လေရာ ကုန်းလော့ ကျူးလွန်ထားသည့် ကမ္မ အပြစ်များက မနည်းလှချေ။
‘ကြည့်ရတာ ကျန့်ကျန့် လက်ချက်နဲ့ ဒဏ်ရာရ ထွက်ပြေးသွားတဲ့ တတိယမြောက် မြေကြီး ရှန့်ထိုက အစစ်အမှန် ဒြပ်စင်နယ်မြေရဲ့ မျိုးနွယ်စု ခေါင်းဆောင် တစ်ယောက်ပဲ ဖြစ်လိမ့်မယ်... မဟုတ်ရင် ဒီလောက် တိုက်ဆိုင်မှာ မဟုတ်ဘူး... သကောင့်သားက ခြေရာခံမိမှာ စိုးတဲ့ အတွက် ဒြပ်စင်နယ်မြေကို တန်းမပြန်ရဲတာပဲ ဖြစ်ရမယ်”
ကျန်းကျိရီ၏ စကားသာ မှန်ကန်ပါက ထိုပုဂ္ဂိုလ်မှာ မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ ထိပ်သီး အင်အားစု တစ်ခု ဖြစ်သည့် ရွှေရောင် အသက်နန်းတော်တွင် ရှိနေပေလိမ့်မည်။ ဝေ့ဝူယင်၏အတွေးများက ဆက်လက် လှည့်ပတ်နေကာ အမျိုးမျိုးသော အတွေးအမြင်သစ်များကို ဆန်းစစ်ကြည့် နေခဲ့၏။
ကျန့်ကျန့်၏ စကားအရ ဆိုလျှင် ထန်းလန် အဆိပ် ဧကရီမှာ ထွက်ပြေး လွတ်မြောက်သွားခဲ့သော်လည်း ချက်ချင်း သေနိုင်လောက်သည့် ဒဏ်ရာများနှင့် မဟုတ်ချေ။ အခြေအနေဆိုးသည် ထားဦး...။ မြေကြီး ရှန့်ထို တစ်ယောက် အနေဖြင့် အသက်ကို အနည်းဆုံး နှစ်ဆယ်ဂဏန်းလောက်တော့ ဆွဲဆန့်ထားနိုင်လိမ့်မည် ဖြစ်သည်။ သို့သော်လည်း သူမ၏ အလောင်းကို ရက်ပိုင်းအတွင်းမှာပင် အနီးအနား၌ ရှာဖွေ တွေ့ရှိခဲ့သည်။
‘အစစ်အမှန်မွေးဖွားခြင်းက လူတွေကို တစ်ယောက်ယောက် ဒါမှမဟုတ် တစ်ဖွဲ့ဖွဲ့က အမဲလိုက်နေတာများလား...”
ဝေ့ဝူယင် တွေးလိုက်မိ၏။ ထိုကဲ့သို့ စဉ်းစား၍ ရနိုင်သည့် အခြား သက်သက် အထောက်အထား အချို့လည်း ရှိနေပေသေးသည်။
ထို့အပြင်... အစစ်အမှန် ဒြပ်စင်ဂိုဏ်း အဖွဲ့ဝင်များ ကျရှုံးပြီးနောက်၌ ဝိညာဥ်မြှင့်တင်ခြင်း ရှန့်ထို ခြေရာဖျောက် သွားပုံကလည်း ထူးဆန်းသည်။ ထိုအရာအားလုံး၏ နောက်ကွယ်တွင် အရိပ်တစ်ခု ရှိနေသည်လား။
ကြယ်တာရာ နယ်မြေ အကြောင်း ပိုမို သိရှိရန် ရွှေရောင် ဂိတ်တံခါး နန်းတော်ထံ သွားသင့်သည်ဟု ဝေ့ဝူယင် တွေးလိုက်မိ၏။ ထို့အပြင် သက်တမ်းရှည် ပုဂ္ဂိုလ်ကြီး မာ့ကျန်းမှာလည်း သူ့ကို အဖြေများ ပေးကောင်းပေးနိုင် ပေသည်။ သူ လုပ်စရာ ကိစ္စများကား ပိုမို၍ များပြားလာခဲ့ပြီ ဖြစ်သည်။
“သခင်လေး... ဒီနှစ်ယောက်ကိုရော ဘယ်လို စီရင်မလဲ...”
ဝူယုက မေးလိုက်၏။ ဝေ့ဝူယင်၏ အတွေးရထားက ရပ်တန့်သွားကာ ခပ်လေးလေး ပင့်သက် တစ်ချက် ရှိုက်လိုက်မိသည်။
သူ၏ တုန့်ပြန်မှုက ဟန်ယုဟိုင်နှင့် ကျန်းကျိရီတို့ နှစ်ယောက်ကို တုန်ရီ သွားစေခဲ့၏။ ကျန်းကျိရီမှာ စကားပြောချင် နေသော်လည်း ဝူယုက သူမ၏ လည်ချောင်းကို လျှို့ဝှက် စွမ်းအင်ဖြင့် ပိတ်ဆို့ထားသည်။ ဆူညံ တစ်ချို့ ဖန်တီးရုံမှ လွဲ၍ သူမ စကားတစ်ခွန်းမှ ဆိုနိုင်ခြင်း မရှိပါချေ။
“ပထမဆုံး အနေနဲ့...”
ဝေ့ဝူယင်က ဟန်ယုဟိုင်ကို ကြည့်လိုက်၏။
“ဒြပ်စင်နယ်မြေထဲကို ဆူညံ့ ပွက်လောရိုက်အောင် လုပ်မိတဲ့ အတွက် တောင်းပန်ချင်ပါတယ်... ကုန်းလော့က ခင်ဗျားတို့ နှစ်ယောက်ကို လှည့်စားပြီး ကျုပ်ကို တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့တဲ့ အတွက် ကျုပ်ဘက်ကလည်း ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ လုပ်ခဲ့ရတာပါ... သူ့ရဲ့ သစ္စာဖောက်တဲ့ လုပ်ရပ်ကို ခင်ဗျားတို့ နှစ်ယောက်က သိမြင်ပြီး အစီအရင်ကို အချိန်မီ ရပ်တန့်လိုက်နိုင်တဲ့ အတွက် ကျုပ် အသက်ရှင်ခဲ့ရပါတယ်... အဲဒီ အတွက် ခင်ဗျားတို့ကို အမြဲတမ်း ကျေးဇူးတင်နေမှာပါ...”
“ခင်ဗျားတို့ အားနည်းနေတဲ့ အချိန်ကို အခွင့်ကောင်းယူ တိုက်ခိုက်မိတာကတော့ တကယ် မတော်တဆ ဖြစ်သွားတာပါ... ကျုပ် အမှားပါပဲ...”
“...”
ကျန်းကျိရီနှင့် ဟန်ယုဟိုင်တို့ နှစ်ယောက် စလုံးမှာ ဆွံ့အသွားကြတော့၏။
***