← Chapters

မီးတောက်ကိုးခု ထာဝရ ဝိညာဥ်

Vol. 63 Ch. 878

မီးတောက်ကိုးခု ထာဝရ ဝိညာဥ်

Vol. 63 Ch. 878

ဝေ့ဝူယင်၏ ဇာတ်လမ်းကို နားထောင်ရင်း ဝူယုမှာ စိတ်ထဲမှ ကြိတ်ကာ ပြုံးလိုက်မိ၏။ ထိုလူငယ်မှာ အလိမ်အညာများနှင့် တန်ဆာဆင်၍ အမှားကို အမှန်ဖြစ်အောင် ပြောတတ်လိမ့်မည်ဟု သူ လုံးဝ ထင်မှတ် မထားခဲ့ချေ။

ထိုအခိုက်၌ ဒြပ်စင်နယ်မြေ အနှံ့အပြားရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ အဖြစ်မှန်ကို သိရှိကြခြင်း မရှိသေးပဲ အင်အားကြီး ရန်သူများနှင့် တိုက်ခိုက်ခဲ့သည်ဟု ယခုတိုင် ထင်မှတ်နေကြဆဲ ဖြစ်သည်။ သို့သော်လည်း... မူလဂြိုဟ်ထက်ရှိ လူများကတော့ မည်သည့် အရာများဖြစ်ပျက်သွားသည်ကို သိရှိကြပေသည်။ အဆင့်မြင့် ကျင့်ကြံသူ အချို့ဆိုလျှင် နောက်ဆုံး ရလဒ်ကိုပင် သိမြင်ကြ၏။ အချို့ဆိုလျှင် တိုက်ပွဲကို ပုံရိပ်ဖမ်း ကျောက်တုံးများဖြင့်ပင် မှတ်တမ်းတင် ထားကြသည်။

သိုသော်လည်း ဝေ့ဝူယင်က ဇာတ်လမ်း တစ်ခု ဖန်တီးကာ အပြစ်အားလုံးကို ကုန်းလော့ အပေါ် ပုံချခဲ့သည်။ ဂိုဏ်း၏ သစ္စာဖောက် တစ်ယောက် ဖြစ်ကြောင်း အတည်ပြုခဲ့သည်။ ကုန်းလော့၏ ထိုအလွဲသုံးစား လုပ်ရပ် အတွက် သူ့အဖွဲ့ထံတွင် တာဝန်ရှိလိမ့်မည် ဖြစ်သည်။

ဝေ့ဝူယင်မှာ အစစ်အမှန် ဒြပ်စင်ဂိုဏ်း ရင်ဆိုင်နေရသည့် ဘဏ္ဍာရေး ပြဿနာ အပြင် ကုန်းလော့၏ အဖွဲ့ မည်မျှ ချမ်းသာကြောင်းကိုလည်း နားလည်ထားသည်မှာ ရှင်းလင်းပေသည်။

“ဘာလို့လဲ...”

အချိန် အတန်ကြာ တိတ်ဆိတ်ပြီး နောက်၌ ဟန်ယုဟိုင်က မေးလိုက်၏။ ထိုအရာက သူ့ ဆုံးဖြတ်ချက် ဖြစ်သည်။ ကုန်းလော့ သေဆုံးသွားသည်ကို တွေ့မြင်ပြီးနောက် သူ စိတ်ကို ဒုန်းဒုန်း ချထားခဲ့ခြင်း ဖြစ်သည်။ နောက်တစ်ယောက်က သူ ဖြစ်လိမ့်မည်ဟု ကျိန်းသေပင် တွက်ဆခဲ့သည်။ မည်သို့ပင် ဆိုစေ... သူက ဝူယုကို နယ်မြေ တစ်ခုလုံးနှင့် ရင်းကာ တိုက်ခိုက်ခဲ့သူ မဟုတ်ပါလား။ ထိုကဲ့သို့ အခြေအနေမျိုးနှင့် ကြုံတွေ့ပြီးနောက် အသက်ရှင်ခွင့်ရရန် သူ လုံးဝ မျှော်လင့် မထားခဲ့ချေ။

ဝေ့ဝူယင်က ဝူယုဘက်ကို လှည့်ကြည့်လိုက်၏။

“ဘာလို့လဲ ဆိုတော့ ဝူယုကြောင့်ပေါ့ဗျာ... ကျုပ် တကယ် ဒေါသထွက်သွားတာ... ဝူယုကြောင့်သာ မဟုတ်ရင် ခင်ဗျားတို့ အားလုံးကို သတ်ပစ်ပြီး အစစ်အမှန် ဒြပ်စင်ဂိုဏ်း တစ်ခုလုံးကိုပါ မီးလောင်တိုက် သွင်းပစ်တယ်... ဒါပေမဲ့ ဝူယုက ခင်ဗျားကို ဂရုစိုက်တယ် ဆိုတော့ ကျုပ်ကလည်း စိတ်လျှော့ရတော့တာပေါ့...”

ဝေ့ဝူယင်က ဟန်ယုဟိုင်ဘက်ကို ပြန်လှည့်ကာ ဆက်ပြောလိုက်သည်။

“တကယ်လို့ ခင်ဗျားတို့ဘက်က လျှို့ဝှက် ကျိန်စာ တစ်ခု ကျိန်ဆိုပေးမယ် ဆိုရင်ပေါ့လေ”

“...”

ဟန်ယုဟိုင်မှာ ဆွံ့အသွား၏။ သူ မထိန်းချုပ်နိုင်ပဲ ဝူယုကို ကြည့်လိုက်မိသည်။ ဂရုစိုက်သည်လား။ သူက သေလောက်အောင် သတ်ဖြတ်ချင်နေချိန်တွင် သူက ဂရုစိုက်ပေးသေးသည်လား။ သူ လုံးဝ မယုံကြည်နိုင်အောင် ဖြစ်သွား၏။

ထိုလူယုတ်မာက ဘယ်တုန်းက အခြားလူ တစ်ယောက် အတွက် ထည့်စဉ်းစားပေးတတ်လို့နည်း။ ဘယ်တုန်းက ဂရုစိုက်တတ်သွားသနည်း။ ပြန်တွေးလိုက်တိုင်း ဝူယုနှင့် ပတ်သက်၍ ပေါ်လာသမျှ မှတ်ဉာဏ်တိုင်းက အမုန်းတရားများ၊ ဒေါသများ၊ သတ်ဖြတ်လိုစိတ်များသာ ဖြစ်သည်။ ကောင်းသော မှတ်ဉာဏ်၊ ကောင်းသော ခံစားချက် တစ်ခုမှ မရှိပါချေ။ သို့သော်လည်း သူက ဂရုစိုက်သည်ဟု သိရသည်။

ဟန်ယုဟိုင် စိတ်ရှုပ်ထွေးသွားခဲ့၏။ လောကကြီးက လွန်ခဲ့သည့် မိနစ်ပိုင်းကနှင့် ခြားနားသွားသယောင် သူ ခံစားလိုက်ရသည်။

“ယုကလေး... အများကြိး မတွေးနဲ့... မင်း သေချင်တယ် ဆိုရင် အခု ငါ မင်းကို သတ်ပေးမယ်”

ဝူယုက အေးစက်စက် လေသံဖြင့် ပြောလိုက်၏။ ဟန်ယုဟိုင်မှာ ချက်ချင်းပင် အတွေးထဲမှ ပြန်လည် နိုးထလာသည်။ သူက လျှင်မြန်စွာပင် ဝေ့ဝူယင်ကို အဖြေပေးလိုက်၏။

“ကျုပ် လုပ်ပါ့မယ်... ကျုပ် လျှို့ဝှက် ကျိန်စာ ကျိန်ဆိုပါ့မယ်”

မြေကြီးရှန့်ထို တစ်ယောက် အတွက် အသက် ချမ်းသာပေးရန် တောင်းပန်ရခြင်းက ရှက်ဖွယ်လိလိ ဖြစ်သည့်တိုင် ထိုအရာက ကိစ္စ မရှိပါချေ။ အသက်ရှင်သန်နေသေးသမျှ ရွေးချယ်စရာ များစွာ ရှိပေသည်။ သူက အလွန် ငယ်ရွယ်သေးသည်။ သူ့အတွက် သက်တမ်း နှစ်သောင်းနှစ်ထောင်ကျော် ကျန်ရှိနေသေးသည်။

ဝေ့ဝူယင် ခေါင်းညိတ်လိုက်၏။ ဇာတ်ကြောင်းကို အနည်းငယ် ပြောင်းလိုက်ရသည့်တိုင်အောင် ထိုအရာက အကောင်းဆုံး ဖြစ်သည်။ ကျန်းကျိရီကတော့ ပြောစရာပင် မလိုချေ။ သဘောတူပြီး ဖြစ်သည်။

မကြာခင် လျှို့ဝှက် ကျိန်စာ ကျိန်ဆို ပြီးစီး သွား၏။ အထူးသဖြင့် ဝေ့ဝူယင်က သူ့လုံခြုံရေး အတွက် အလေးပေးကာ သူတို့ကို တိုင်တည် ခိုင်းခဲ့သည်။ ထို့အပြင် ဝေ့ဝူယင် အဆုံးမဲ့ ကောင်းကင်တွင် ရှိနေသမျှ ကာလပတ်လုံး အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ အကျိုးနှင့် သူတို့ အသက်များကို မထိပါးသေးသရွေ့ သူတို့ အနေဖြင့် ဝေ့ဝူယင်ကို ကူညီရမည် ဖြစ်သည်။ ထို့အပြင် ကျိန်စာက သက်တမ်း အကန့်အသတ်နှင့် ဖြစ်ကာ နှစ်ပေါင်း သုံးထောင် ကြာသည်နှင့် အလိုအလျောက် ပျက်ပြယ်သွားလိမ့်မည် ဖြစ်သည်။ မြေကြီးရှန့်ထိုများ အတွက် နှစ်ပေါင်း သုံးထောင်က ရှည်ကြာသည့် ကာလ တစ်ခု မဟုတ်ချေ။

ထို့အပြင် သူတို့က သူ့ကျေးကျွန်များ ဖြစ်လာလိမ့်မည် မဟုတ်သလို လက်အောက်ငယ်သားများ ဟူ၍လည်း မဆိုနိုင်ပါချေ။ သူ လိုအပ်သည့် အချိန်တွင် ကူညီရမည့် မဟာမိတ်များ သဖွယ် ဖြစ်သည်။

မြေကြီးရှန့်ထို နှစ်ယောက်မှာ ဝေ့ဝူယင် တောင်းဆိုသည့် အချက်အလက်များကို ကြားခဲ့ရချိန်၌ အလွန်ပင် အံ့အားသင့် ခဲ့ရသည်။ ၎င်းတို့က အလွန် တင်းကြပ်ခြင်း မရှိသလို သူတို့ကို သတ်ဖြတ်ရန် ကြိုးပမ်းခဲ့ခြင်း အတွက် အပြစ်ပေးမှုမျိုးလည်း မရှိချေ။ ထိုအရာက ဝူယု၏ တောင်းဆိုမှု ဖြစ်ကြောင်း ဝေ့ဝူယင်က ပြောပြခဲ့ချိန်၌ ဟန်ယုဟိုင် တစ်ယောက် ပိုမို၍ပင် စိတ်ရှုပ်ထွေး သွားခဲ့ပုံ ရသည်။

ဝူယုမှာ ဘယ်တုန်းကမှ ထိုကဲ့သို့ တောင်းဆိုခြင်းမပြုခဲ့သည့်တိုင် ဝေ့ဝူယင်က သူ့ကိုယ်ပိုင် ရည်ရွယ်ချက် အတွက် သူတို့ အကြားရှိ အငြိုးအတေးများကို ပြေလည် စေလိုခဲ့သည်။ ထို့အပြင် ဟန်ယုဟိုင်တို့ကို သတ်ဖြတ်လိုက်ပါက သူ့အစီအစဉ် အချို့ ထိခိုက်သွားလိမ့်မည် ဖြစ်သည်။ သူတို့ကို အသက်ရှင်ခွင့် ပေးလိုက်ခြင်းက တစ်စုံတစ်ရာ အကျိုးယုတ်စေလိမ့်မည် မဟုတ်ချေ။

ဝူယုမှာ ဝေ့ဝူယင်၏ ကြံရည်ဖန်ရည်ကို နောက်တစ်ကြိမ် အံ့အားသင့် လိုက်မိ၏။ ဟန်ယုဟိုင်၏မျက်လုံးများထဲမှ ရန်လိုမှုများ တဖြည်းဖြည်း လျော့ကျသွားသည်ကို သူ ရှင်းလင်းစွာပင် မြင်နိုင်ပေသည်။ အကယ်၍ သူ့ သဘောအတိုင်း ဆိုလျှင် သူတို့ကို ဒုက္ခိတ ဖြစ်အောင် လုပ်ကာ ဂိုဏ်းတစ်လုံးကို အပိုင်သိမ်း ပစ်လိုက်ပြီ ဖြစ်လေသည်။

“ဒါနဲ့ မီးတောက် ကိုးခု ထာဝရ ဝိညာဥ် အစီအရင်ကို ခင်ဗျားတို့ ကြားဖူးလားဗျ”

ဝေ့ဝူယင်က မေးလိုက်၏။ ထိုအရာက အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးမှ အယ်ဗန်မျိုးနွယ်ဝင် မိန်းကလေး အိရှန်းယူ ပြောခဲ့သည့် မျက်လုံး ကျင့်စဉ်ပင် ဖြစ်သည်။ ထိုကျင့်စဉ်၏ အခြေခံက တန်ခိုးရှင် မျက်လုံးနှင့် အလွန် ဆင်တူပေသည်။ ဝမ်မင်ယာ၏ စကားအရ ဆိုလျှင် ထိုကျင့်စဉ်၏ မူလဇစ်မြစ်က ဤမူလဂြိုဟ်ပေါ်၌ ရှိနေသည်ဟု ဆိုသည်။

ကျန်းကျိရီမှာ စိတ်ရှုပ်ထွေး သွားပုံ ရ၏။ ထိုကျင့်စဉ်ကို သူမ မသိကြောင်း ရှင်းလင်းပေသည်။ သို့သော်လည်း ဟန်ယုဟိုင်ကတော့ တုန့်ပြန်မှု တစ်ချို့ကို ပြသခဲ့၏။

“ဘာလို့လဲ...”

သူက မေးလိုက်၏။ ဝေ့ဝူယင်မှာ ဟန်ယုဟိုင်၏ အမူအရာကြောင့် စိတ်လှုပ်ရှား သွားခဲ့သည်။

“ကျွန်တော် အဲဒါရဲ့ မူလဇစ်မြစ် အကြောင်း သိချင်လို့ဗျ...”

သူက ရှင်းပြလိုက်၏။ မီးတောက်ကိုးခု ထာဝရ ဝိညာဥ် အစီအရင်မှာ ကောင်းကင်ဘုံ နတ်မျက်လုံး ကျင့်စဉ်နှင့် ပတ်သက်နေသည့် ကျင့်စဉ်ပွား တစ်ခုကို ရှာဖွေနိုင်သည့် တစ်ခုတည်းသော အရိပ်အမြွက် ဖြစ်သည်။ သူ ထိုအရာနှင့် အတူ လက်ရှိ ရင်ဆိုင်နေရသည့် မျက်လုံး ပြဿနာကို ဖြေရှင်းနိုင်ဖို့ မျှော်လင့်ထားပေသည်။

“မူလဇစ်မြစ်...”

ဟန်ယုဟိုင်က ဝေ့ဝူယင်ကို စူးစမ်းသည့် မျက်လုံးများနှင့် ကြည့်လိုက်၏။ သူ၏ လေသံက ထူးဆန်းသည့် သံသယ အငွေ့အသက် အချို့နှင့် ပြည့်နှက်နေသည်။ ဝူယုက မျက်မှောင်ကြုတ်လိုက်၏။

“ယုကလေး... သခင်လေးက မင်းကို မေးရင် ဖြေပဲ ဖြေလေ”

ဟန်ယုဟိုင်၏ အသက်ရှူသံများက ပြင်းထန်လာကာ လက်သီးကို ခပ်တင်းတင်း ဆုပ်လိုက်၏။ ‘ယုကလေး’ ဆိုသည့် အသုံးအနှုန်းက သူ့စိတ်ရှည်မှုတို့ကို လာဆွနေပေသည်။ ထိုနာမည်ပြောင်ကို သူ ဘယ်တုန်းကမှ မကြိုက်ခဲ့ပါချေ။

သို့သော်လည်း... ဝူယုမှာ သူ အသက်ရှင်ခဲ့သည့် အကြောင်းရင်း ဖြစ်ကြောင်း ပြန်လည် တွေးတောရင်း ဟန်ယုဟိုင် ဒေါသကို လျှော့ချလိုက်သည်။ နှလုံးသား အတွင်း၌ ပဋိပက္ခများ ပြင်းထန်နေဆဲ ဖြစ်သည့်တိုင် သူက ပင့်သက်တစ်ချက် ရှိုက်ကာ လက်သီးဆုပ်များကို ဖြေလျှော့လိုက်၏။

ဟန်ယုဟိုင် မျက်လုံးများကို ပင့်တင်ရင်း ဝေ့ဝူယင်၏ ချောမောသည့် မျက်နှာကို လေ့လာလိုက်သည်။ ထိုလူငယ်လေးမှာ ဝူယု အမြင့်ကို ပြန်လည် တက်လှမ်းလာခဲ့သည့် အကြောင်းရင်း ဖြစ်ကြောင်း သူ ခန့်မှန်း မိပေသည်။ မဟုတ်ပါက ဝူယုမှာ အဘယ်ကြောင့် ထိုမျှ ရိုကျိုး နေမည်နည်း။

သို့သော်လည်း ဝေ့ဝူယင်က ဝူယုအား မည်ကဲ့သို့ ကူညီလိုက်သည်ကိုတော့ သူ နားမလည်နိုင်ပါချေ။ ဝေ့ဝူယင်မှာ မဟာ သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက် ဖြစ်ကြောင်း သူ ကြားဖူးပေသည်။ သူက အလွန် ပါရမီပါကာ အရုဏ်ဦး နေမီးတောက် ဆေးလုံး၏ ဖန်တီးရှင်ဟုလည်း ဆိုသည်။

“ယုကလေး...”

ဝူယု၏ အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာကာ ဟန်ယုဟိုင်ကို အတွေးထဲမှ လှုပ်နှိုးလိုက်၏။ သူက မျက်မှောင်ကြုတ်ကာ တစ်ခဏမျှ စဉ်းစားရင်း အဖြေပေးလိုက်လေသည်။

“ကျုပ် အဲဒီ အစီအရင်ကို မှတ်မိပါတယ်... အကိုရဲ့ ဒြပ်စင် သူရဲကောင်း တစ်ယောက် ကျင့်ကြံခဲ့တာ... သူ့နာမည်က တစီလို့ ခေါ်တယ်”

ဒြပ်စင် သူရဲကောင်းများမှာ ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့ ကိုယ်တိုင် ပြုစုပျိုးထောင်ခဲ့သည့် ကျင့်ကြံသူများ ဖြစ်ကာ သူ၏ ကျင့်ကြံခြင်း လမ်းကြောင်း၌ များစွာ အရေးပါခဲ့သူများ ဖြစ်သည်။ ကံမကောင်းမစွာပင် သူတို့ထဲမှ တစ်ဦးတစ်ယောက်ကမှ အဆင့်တက်ရန် မအောင်မြင်ခဲ့ပဲ အမြင့်ဆုံး လျှို့ဝှက် ကြယ်တာရာ အဆင့်တွင်သာ လမ်းဆုံး ခဲ့ရသည်။ ပိုမို တိကျစွ ဆိုရလျှင် ကိုးယောက် အနက် လေးယောက်သာလျှင် ထိုအဆင့်ကို ရောက်ရှိခဲ့ကာ ကျန်ငါးယောက်မှာ လောကီမျက်လုံး အဆင့်တွင်ပင် ကျရှုံးခဲ့ကြ၏။

“တစီ...”

ဝေ့ဝူယင် ထိုနာမည်ကို ချက်ချင်းပင် မှတ်မိလိုက်၏။ သူက ပျက်သုဉ်းခြင်း နယ်မြေများတွင် နတ်ဘုရား အဖြစ် ကျော်ကြားသူ ဖြစ်ကာ လူသားနှင့် အယ်ဗန်များစွာက ကိုးကွယ်ကြသည်။ ပျက်သုဉ်းခြင်း နယ်မြေ၏ မဟာ သီလရှင် စီတ ဆိုလျှင် သူမ နာမည်ကို တစီ၏ ပြောင်းပြန်အဖြစ်ပင် မှတ်ယူ ထားခဲ့သည်။

ဟန်ယုဟိုင်က ခေါင်းတစ်ချက် ညိတ်ကာ ဆက်လက် ပြောလိုက်၏။

“တစီက မျက်လုံးနဲ့ ပတ်သက်တဲ့ ဝိညာဥ် အစီအရင် တစ်ခုကို ကျင့်ကြံခဲ့သေးတယ်... အဲဒါက ဒြပ်စင် မီးတောက်တွေကို အလယ်အလတ် အဆင့် အထိ ပြုစုပျိုး‌ထောင်ပေးနိုင်တယ်... အဲဒီ မီးတောက်တွေက အတော်လေး ဖျက်ဆီးအား ပြင်းထန်တဲ့ အပြင် သေမျိုး မိုးကုပ်စက်ဝိုင်း အဆင့်ကို မရောက်ရင်တောင် ထာဝရ တည်မြဲမှုကို ပေးနိုင်တယ်”

“နေဦး... သေမျိုး မိုးစက်စက်ဝိုင်း မပါပဲ ထာဝရ တည်မြဲမှုကို ပေးနိုင်တယ် ဟုတ်လား...”

ဝေ့ဝူယင်က ထိုအချက်ကို အာရုံစိုက်ကာ မေးလိုက်၏။

“ခင်ဗျား သေချာရဲ့လား...”

***

All Chapters