လမ်းစရှာဖွေခြင်း
Vol. 63 Ch. 879
“...”
ဟန်ယုဟိုင်မှာ ဝေ့ဝူယင်ကို ကြည့်လိုက်၏။ သေမျိုးတစ်ယောက်ထံမှ သံသယကို သူ မမြင်တွေ့ခဲ့ရသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သူက သက်ပြင်းတစ်ချက် ချကာ ခေါင်းညိတ်လိုက်သည်။
“ပိုအစွမ်းထက်တဲ့ စွမ်းအား တစ်ခုက မချေဖျက် မချင်း အဲဒါက ထာဝရ လောင်ကြွမ်းနေတာ... အဲဒီ လူကြီးနဲ့ လေ့ကျင့်ရတာကို ကျုပ် အဲဒါကြောင့် မုန်းတာ... ဒါပေမဲ့ ကံဆိုးတာက အဲဒီ ကျင့်စဉ်ကို အခြား မျက်လုံး ကျင့်စဉ် တစ်မျိုးမျိုးနဲ့ တွဲပြီး လေ့ကျင့်လို့ မရတာပဲ”
“...”
ဝေ့ဝူယင်၏ စိတ်ကား မုန်တိုင်း ကဲ့သို့ ထန်နေခဲ့ပြီ ဖြစ်သည်။ ဝူယုက ဝေ့ဝူယင်ထံသို့ ဝိညာဥ် အာရုံနှင့် ဆက်သွယ်လိုက်၏။
“ကြားရတာ အဲဒါက အဆုံးမဲ့ ထာဝရ မျက်လုံးနဲ့ ဆင်သလိုပဲ...”
ထာဝရ ဧကရာဇ်၏ အဆုံးမဲ့ ထာဝရ မျက်လုံးသည်လည်း အလားတူပင် ပြင်ပ အမတေများကို ပြုစု ပျိုးထောင် ပေးနိုင်စွမ်း ရှိသည်။ ထို့အပြင် ထာဝရ တည်မြဲခြင်း စွမ်းရည်ကို ထောက်ရှုရပါက ၎င်းတို့ အကြားတွင် ချိတ်ဆက်မှု တစ်ခုခု ရှိနိုင်သည်။ မီးတောက်ကိုးခု ထာဝရ ဝိညာဥ် နည်းလမ်းက တိုက်ခိုက်ရေး စွမ်းအားကို အထူးပြုစဉ်တွင် အဆုံးမဲ့ ထာဝရ မျက်လုံးကတော့ ဆေးလုံး ဖော်စပ်ခြင်းနှင့် သစ်သား စွမ်းရည်ကို အထူးပြုသည်။ ၎င်းတို့ အကြား၌ တူညီမှု ရှိသလို ကြီးမားသည့် ကွဲပြားခြားနားမှုများလည်း ရှိနေပေသည်။
ဝေ့ဝူယင်မှာ ဉာဏ်အလင်း ရသွားသလို ခံစားလိုက်ရ၏။ ထိုအစီအရင် နှစ်ခုမှာ ပင်မ ရင်းမြစ်ကြီး တစ်ခုမှ ဆင်းသက်လာသည့် မတူကွဲပြားသော ကိုင်းခွဲများ ဖြစ်ပုံ ရသည်။ ဝေ့ဝူယင် အတွေးများကို ခပ်မြန်မြန်ပင် ရုတ်သိမ်းရင်း ဟန်ယုဟိုင်ဘက် ပြန်လှည့်ကာ မေးလိုက်သည်။
“အဲဒီလို သွင်ပြင် လက္ခဏာ တူတဲ့ တခြား အစီအရင်မျိုးတွေ ခင်ဗျား သိသေးလားဗျ... ခုနက ခင်ဗျား ပြောသလို တစ်ခုခုကို ပြုစု ပျိုးထောင်တာမျိုးဗျာ... ထာဝရ တည်မြဲမှုကိုလည်း ရရှိရမယ်”
ဟန်ယုဟိုင်က မတုန့်မဆိုင်းပင် ခေါင်းခါလိုက်သည်။ သူက ဝူယုလိုမျိုး ထာဝရ ဧကရာဇ်နှင့်ပင် ရင်းနှီး ကျွမ်းဝင်ခြင်း မရှိပါချေ။ အဘယ်ကြောင့်မှန်း မသိသော်လည်း အကိုဝမ်းကွဲက သူ့ကို ထာဝရ ဧကရာဇ်နှင့် သိပ် မဆက်စပ်ခိုင်းချေ။
ဝေ့ဝူယင် စိတ်ပျက်လက်ပျက် ဖြစ်သွားမိ၏။ သို့သော်လည်း ထိုအစီအရင် နှစ်ခုက မသေမျိုး မျက်လုံးမှ ဆင်းသက်လာကြောင်း ကျိန်းသေ သလို သူ ခံစားနေမိသည်။ ကောင်းကင်ဘုံ နတ်မျက်လုံး၏ အသေးစိတ် အချက်အလက်များကို ပြန်လည် စဉ်းစားရင်း ၎င်းကို ကျင့်ကြံရသည်က ဘယ်လောက်တောင် အန္တရာယ် များကြောင်း သူ ပြန်လည် တွေးတော လိုက်မိသည်။
၎င်းကို စတင်ဖို့ အတွက် မျက်လုံး၊ အသိစိတ် ပင်လယ်နှင့် စိတ်မျက်လုံးများထဲတွင် ထူးဆန်းသည့် ဝိညာဥ် ဝင်္ကပါ တစ်ခုကို ရေးထိုး ခဲ့ရသည်။ ထိုဝင်္ကပါ သုံးခုမှာ တန်ခိုးရှင် မျက်လုံး၊ အမှန်တရား မျက်လုံးနှင့် ပုံရိပ်ယောင် မျက်လုံးများ အတွက် အခြေခံ သဖွယ် ဖြစ်လာခဲ့သည်။ အနည်းငယ်လေး လွဲချော်ရုံဖြင့်ပင် ၎င်းက ထာဝရ မျက်လုံး ကွယ်သွားလိမ့်မည့် အဖြစ်မျိုး၊ အသိစိတ် ပင်လယ်နှင့် စိတ်မျက်လုံးတို့ ထာဝရ ထိခိုက်သွားမည့် အဖြစ်မျိုး ဖြစ်သည်။
သို့သော်လည်း... သူ့ထံတွင် အစီအရင် သုံးခုစလုံးကို လေ့ကျင့်နိုင်သည့် အရည်အသွေးများ ရှိနေခဲ့သည်။ သူ့ထံတွင် ကျင့်ကြံခြင်း ဝိညာဥ် လေးခု၏ ပံ့ပိုးမှု ရှိနေခဲ့သည်။ သူ၏ မျက်လုံးများမှာ အစစ်အမှန် နဂါး သွေးမျိုးဆက် စွမ်းအင်များ၏ ပံ့ပိုးမှုနှင့် အတူ အလွန် သန့်စင်သည့် အဆင့် တစ်ခု၌ ရှိနေသည်။
ထို့အပြင်... သူ့ စိတ်မျက်လုံးမှာလည်း အခြေအနေ နှစ်ခုနှင့် ကြုံတွေ့ပြီး နောက်တွင် အလွန် သန်မာ လာခဲ့သည်။ ပထမ အခြေအနေက အနက်ရောင် အရိုးစုနှင့် တွေ့ဆုံပြီး မူလဝိညာဉ်ထံမှ ဉာဏ်အလင်း ရရှိခဲ့ချိန်တွင် ဖြစ်သည်။ ဒုတိယ အခြေအနေက သတိလစ် မေ့မြောနေစဉ် အတောအတွင်း သူကိုယ်တိုင် အရေအတွက် အနည်းငယ်ကို စုပ်ယူ ခဲ့ပြီးချိန်တွင် ဖြစ်သည်။
ထိုစဉ်အခါက ထို့ပိဟန်မှာ သူ့ မျက်လုံးများကို ကြည့်ကာ ထာဝရ ဧကရာဇ်နှင့် ချိတ်ဆက် နေနိုင်ကြောင်း ပြောဆိုခဲ့သည်။ ထို့ကြောင့်ပင် ထာဝရ ဧကရာဇ်သည်လည်း ကောင်းကင်ဘုံ နတ်မျက်လုံး၏ အစီအရင် သုံးရပ်လုံးကို ကျင့်ကြံခဲ့သည် ဟု သူ ယူဆခဲ့သည်။
လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကောင်းကင်ဘုံ နတ်မျက်လုံး ကျင့်စဉ်ကို မတွေ့ခင် အချိန်၌ ထို့ပိဟန်နှင့် စကားဝိုင်း၌ ထိုနာမည်ကို သူ ပထမဆုံး စတင် ကြားခဲ့ရခြင်း ဖြစ်သည်။ ထိုကဲ့သို့ ကြားလျှင် ကြားချင်းပင် ကမ္မတန်ဖိုး နှစ်ဆယ် ဆုံးရှုံးသွားခဲ့သည်ကို သူ မှတ်မိသေးသည်။
အပြစ်သား သွေးမျိုးဆက်မှာ သူ၏အစစ်အမှန် အရည်အသွေးများနှင့် အကန့်အသတ်များကို ကောင်းကင်တာအို မမြင်နိုင်အောင် တားဆီးသည်မှာ အသေအချာပင် ဖြစ်သည်။ ၎င်းက သူ၏ စွမ်းရည် အစိတ်အပိုင်း များစွာကို ဖုံးအုပ် ထားခဲ့သည်။ ဤသို့ဆိုလျှင်... ကောင်းကင်တာအိုက သူ အဘယ်ကြောင့် ကောင်းကင်ဘုံ နတ်မျက်လုံး ကျင့်စဉ်အား ကျင့်ကြံနိုင်သည်ဟု တွေးခဲ့သနည်း။ ထိုအရာက အဓိပ္ပာယ် မရှိချေ။
ဝေ့ဝူယင် စိတ်ရှုပ်ထွေး လာခဲ့၏။ အကယ်၍ ကောင်းကင်တာအိုက သူ့ကို ထိုကျင့်စဉ်အား တိုက်ရိုက် ကျင့်ကြံဖို့ မရည်ရွယ်ခဲ့လျှင်ရော။ ထာဝရ ဧကရာဇ်နှင့် တစီတို့က တန်ခိုးရှင် မျက်လုံးကို မကျင့်ကြံပဲ ပိုမို အန္တရာယ်နည်းသည့် လမ်းခွဲ တစ်ခုကို ရွေးချယ်ခဲ့လျှင်ရော။ သို့တည်းမဟုတ် အစကတည်းက ခွဲထွက်ထားသည့် နည်းလမ်း တစ်ခုကို ရှာဖွေ တွေ့ရှိခဲ့သည် ဆိုလျှင်ရော။
တွေးတောရင်း ဝေ့ဝူယင်၏ နှလုံးသားက ပိုမို၍ ခုန်လာခဲ့၏။ သူ၏ ကြွက်သားများက အနည်းငယ် တင်းတောင့် လာသည်။ သူက အတွေးထဲမှ ရုန်းထွက်ကာ ဟန်ယုဟိုင်ကို နောက်တစ်ကြိမ် ကြည့်လိုက်၏။
“တစီက အဲဒီ အစီအရင်ကို ကိုယ်တိုင် ဖန်တီးခဲ့တာလား...”
ဝေ့ဝူယင်၏ အသံက တည်ငြိမ်နေဆဲ ဖြစ်သည့်တိုင် အနည်းငယ်တော့ ခြောက်ကပ်ကပ် နိုင်နေခဲ့သည်။ ဟန်ယုဟိုင်က ခေါင်းခါလိုက်၏။
“မဟုတ်ဘူး... ဝမ်းကွဲအကိုက သူ့ကို ပေးလိုက်တာ... သူက အဲဒါကို ရှေးဟောင်း အကြွင်းအကျန် နယ်မြေ တစ်ခုမှာ မတော်တဆ ရလာတာ”
သူ၏ လေသံက ဝေ့ဝူယင်ကို ကြည့်ရင်း အနည်းငယ် စိတ်ဝင်စားလာဟန် ရ၏။
“အဲဒါက သူ လျှို့ဝှက် အာဏာရှင် အဆင့် ဖြစ်ပြီးမှလား မဖြစ်ခင်လား...”
ဝေ့ဝူယင်က မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။
“ဖြစ်ပြီးမှပေါ့... မဟာစက်ဝန်း ကြယ်ကွင်းပြင်ကို ရောက်ပြီးမှ အဲဒီ နည်းလမ်းကို တစီဆီ ပေးလိုက်တာ... ဘာလို့လဲ...”
ဟန်ယုဟိုင်က ပြန်လည် မေးခွန်းထုတ်လိုက်သည်။ ဝေ့ဝူယင်က သူ့ မေးခွန်းကို ပြန်မဖြေပဲ ခေါင်းခါလိုက်၏။
“ထာဝရ ဧကရာဇ်ကရော အဲဒီ အစီအရင်ကို အရင်က မြင်ဖူးလား...”
“မီးတောက်ကိုးခု ထာဝရ ဝိညာဉ် အစီအရင်ကိုလား... ဖြစ်နိုင်လောက်မယ် ထင်တယ်”
ထိုအချက်အလက်နှင့် ပတ်သက်၍ ဟန်ယုဟိုင် ကိုယ်တိုင်လည်း မသေချာပါချေ။ သို့သော်လည်း... ရင်းနှီးသည့် ဆက်ဆံရေးကို ထောက်ချင့်ရပါက အကိုဝမ်းကွဲမှာ ထိုအစီအရင် အကြောင်း ထာဝရ ဧကရာဇ်ကို ပြောပြဖို့ များပေသည်။
ဝူယုက ဝေ့ဝူယင်ထံ ဝိညာဥ်အာရုံဖြင့် ဆက်သွယ်ကာ မေးလိုက်၏။
“ထာဝရ ဧကရာဇ်ရဲ့ အဆုံးမဲ့ ထာဝရ မျက်လုံး အစီအရင်က မီးတောက်ကိုးခု ထာဝရ ဝိညာဥ် အစီအရင်ကနေ ခွဲထုတ်ထားတာလို့ သခင်လေး တွေးနေတာလား...”
“ကျုပ်လည်း မပြောတတ်ဘူး...”
ဝေ့ဝူယင်က မတုန့်မဆိုင်းပင် ပြန်ဖြေလိုက်၏။ ဝူယုက အနည်းငယ် စဉ်းစားလိုက်၏။
“ထာဝရ ဧကရာဇ်က အဆုံးမဲ့ ထာဝရ မျက်လုံးကို မဟာစက်ဝန်း ကြယ်ကွင်းပြင် မရောက်ခင်တည်းက လေ့ကျင့်နေတာ... ရောက်ပြီးမှ မဟုတ်ဘူး... အချိန်တွေက ကွဲလွဲနေတယ်...”
ဝေ့ဝူယင်မှာ ငြိမ်သက်စွာပင် ဆက်လက် စဉ်းစားနေခဲ့၏။ မီးတောက် ကိုးခု ထာဝရ ဝိညာဥ် နည်းလမ်းမှာ ကောင်းကင်ဘုံ နတ်မျက်လုံး၏ ကိုင်းခွဲတစ်ခု မဟုတ်ဘူး ဆိုလျှင်ပင် တန်ခိုးရှင် မျက်လုံး၏ အရည်အသွေများကို ပိုင်ဆိုင်ထားတာတော့ သေချာသည်။ ဤသို့ဆိုလျှင်... အဆုံးမဲ့ ထာဝရ မျက်လုံးများကရော...။
တစ်စုံတစ်ရာက လွဲချော်နေကြောင်း ဝေ့ဝူယင် ခံစားနေမိ၏။ ၎င်းက အလွန် အရေးကြီးသည့် တစ်စုံတစ်ရာပင်။
“ဒါမှမဟုတ် အစီအရင်တွေက ဒီအတိုင်း တူနေတာရော မဖြစ်နိုင်ဘူးလား သခင်လေး... ဒီအတိုင်း တိုက်ဆိုင်မှု သက်သက် ဖြစ်ချင် ဖြစ်နေမှာပေါ့”
ဝူယုက မေးလိုက်၏။ ထိုအရာက ကျိုးကြောင်းဆီလျော်သည့် သုံးသပ်ချက်လည်း ဖြစ်သည်။ ဝေ့ဝူယင် မငြင်းပါချေ။ သူက ထောက်ခံဟန် ခေါင်းတစ်ချက် ညိတ်လိုက်၏။
“တိုက်ဆိုင်မှုပဲ ထားပါတော့... ဖန်တီးတဲ့လူ နှစ်ယောက်ဗျာ... သူတို့က အဲဒီ အစီအရင် ဝင်္ကပါ ပုံစံကို ဘယ်ကနေ သင်လာကြတာလဲ... ဘယ်ကိစ္စမှာပဲ ဖြစ်ဖြစ် စမှတ်တော့ ရှိကြတယ် မလား... ဖန်တီးမှု ဆိုတာက အတွေ့အကြုံကို ကိုးကားထားတာမျိုးဗျ... သူတို့ နှစ်ယောက် အကြားမှာ ဆက်စပ်မှု ရှိမှာ သေချာတယ်”
“...”
ဝူယုမှာ တိတ်ဆိတ်သွား၏။ ဝေ့ဝူယင်၏ အတွေးက မမှားပါချေ။
“ကောင်းကင်ဘုံ နတ်မျက်လုံး ကျင့်စဉ်က အဲဒီ အစီအရင် နှစ်ခု စလုံးရဲ့ ဇစ်မြစ် ဖြစ်မယ်လို့ ကျုပ်တော့ ထင်တယ်... အဲဒီလို ဆိုရင် တစ်ခုခုကတော့ လွဲနေပြီ”
ဝေ့ဝူယင်က ဆက်၍ ပြောလိုက်၏။ အချိန်တိုင်း၌ သူ၏ လေသံက ပိုမို၍ သေချာလာနေသည်။
“လွဲနေတာ...”
ဝူယုက မေးလိုက်၏။
“ဟုတ်တယ်...”
ဝေ့ဝူယင်က ခေါင်းညိတ်လိုက်သည်။
“သခင်လေး ပြောနေတာက...”
ဝူယုက မျက်မှောင်ကြုတ် လိုက်၏။ တစ်ခုခုကို နားလည် သွားသလို သူ ခံစားလိုက်ရသည်။ သူ့ဂိုဏ်းထဲတွင် ထိုနည်းလမ်းက အဘယ်ကြောင့် ရောက်နေသနည်း။ အချိန်များက မည်ကဲ့သို့ ဆက်နွယ် နေသနည်း။ မတူကွဲပြားသည့် နေရာများမှ ကျင့်ကြံသူများထံတွင် အဘယ်ကြောင့် ဆင်တူသည့် နည်းလမ်းများ ရှိနေသနည်း။
ဝေ့ဝူယင်က ဟန်ယုဟိုင်ဘက်ကို လှည့်လိုက်၏။
“ကျုပ် ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့နဲ့ စကားပြောဖို့ လိုနေပြီ”
“...”
ဟန်ယုဟိုင်မှာ အံ့အားသင့်သွား၏။ အခြားတစ်ဖက်၌ ဝေ့ဝူယင်ကတော့ သူ ရရှိထားသည့် ကောင်းကင်ဘုံ နတ်မျက်လုံး ကျင့်စဉ်မှာ မပြည့်စုံကြောင်း ပိုမို သေချာ လာနေခဲ့ပြီ ဖြစ်လေတော့သည်။
***