ဆန်းကြယ် ဧကရာဇ်၏ မသေချာသည့် တည်နေရာ
Vol. 63 Ch. 880
“...”
ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့ အကြောင်း စကားစလိုက်သည်နှင့် လေထု အခြေအနေက ရုတ်ချည်း ဆိုသလို ပြောင်းလဲ သွား၏။ ကျန်းကျိရီက ဟန်ယုဟိုင်ကို အဆုံးမဲ့ စိတ်ဝင်စားမှုတို့ ပြည့်နှက်နေသည့် မျက်လုံးများနှင့် လှည့်ကြည့်လိုက်သည်။ ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့မှာ အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ ဒဏ္ဍာရီလာ အဖွဲ့ဝင် ပုဂ္ဂိုလ်ကြီး ဖြစ်သည်။ သို့သော်လည်း... သူ ပေါ်မလာခဲ့သည်မှာ နှစ်ပေါင်း တစ်ထောင်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ထို့အပြင်... သူက အသက်ကျောက်ပြား တစ်ခုကိုလည်း မချန်ထားခဲ့လေရာ သူ သေသည် ရှင်သည်ပင်လျှင် သေချာခြင်း မရှိချေ။ အကယ်၍ ဟန်ယုဟိုင်၏ အာမခံမှုကြောင့်သာ မဟုတ်ပါက အစစ်အမှန် ဒြပ်စင်ဂိုဏ်းမှာ ဟန်ရှဲ့၏ နာမည်ကို အသက်ရှင်သူ စာရင်းမှ ပယ်ဖျက်ပြီးလောက်ပြီ ဖြစ်သည်။
ထိပ်တန်း မြေကြီးရှန့်ထို တစ်ယောက် တည်ရှိနေသည်ဟု သတင်းပျံ့ခြင်းက အကျိုးအမြတ် တစ်ချို့ ရှိသည့်တိုင် ဂိုဏ်း၏ တရားဝင် လုပ်ငန်း ဆောင်တာများကို ထိခိုက်စေသည့် အပြင် ရင်းမြစ်တစ်စိတ်တစ်ပိုင်းကိုပါ ဝေစုထဲတွင် ထည့်သွင်း နေရဆဲ ဖြစ်သည်။ ထိုဝေစုကို လက်ခံ ရရှိသည်က ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့၏ တပည့် လင်းရှန်းရှဲ့ပင် ဖြစ်သည်။
အစစ်အမှန် ဒြပ်စင်ဂိုဏ်းထဲတွင် မည်သည့် အဖွဲ့မှ လင်းမျိုးနွယ် အင်အားကြီးလာမည်ကို မလိုလားချေ။ အထူးသဖြင့် လင်းမျိုးနွယ် အပေါ် အမုန်းတရား အလွန် ကြီးမားသည့် ပြိုကွဲဒြပ်စင် အဖွဲ့ပင် ဖြစ်သည်။ ဘယ်လိုပဲ ဖြစ်ဖြစ်... ထိုရင်းမြစ်များမှာ လင်းမျိုးနွယ်ကို ကြီးမားစွာ ထောက်ပံ့ပေးခဲ့ကာ ဂိုဏ်းချုပ် လင်းရှန်းရှဲ့ အပါအဝင် လျှို့ဝှက် အာဏာရှင် အဆင့် အချို့ကို မွေးထုတ်ပေးနိုင်ခဲ့သည်။
အကယ်၍ ဟန်ရှဲ့၏ ဟန်ရှဲ့၏ ဝေစု၊ ဟန်ယုဟိုင်၏ ကာကွယ်ပေးမှုတို့ကြောင့်သာ မဟုတ်ပါက လင်းမျိုးနွယ်မှာ တန်ခိုးရှင် ကလန် တစ်ခု အဖြစ် ဆက်လက် တည်ရှိနေလိမ့်မည် ဖြစ်သည်။ ဤသည်က နောက်ပိုင်း နှစ်များ အတွင်း လင်းမျိုးနွယ်၏ အတိုးတက်ဆုံး မျိုးဆက်လည်းဖြစ်သည်။ လွန်ခဲ့သည့် မျိုးဆက် သုံးခုမှာ ဘယ်တုန်းကမှ အစစ်အမှန် လျှို့ဝှက် အာဏာရှင်များ ဖြစ်မလာကြပဲ လျှို့ဝှက် ကြယ်တာရာ အဆင့်များတွင်သာ လမ်းဆုံး သွားကြသည်။
ထိုကဲ့သို့ အဖြစ်အပျက်များ ကြောင့်ပင် လင်းမျိုးနွယ်မှာ ထိန်းချုပ်ရ ပိုမို လွယ်ကူလာခဲ့ကာ အင်ပါယာ ကလန်၏ အကာအကွယ်အောက်၌ ရုပ်သေးရုပ် ဘဝသို့ ကျရောက် သွားခဲ့ရခြင်း ဖြစ်သည်။
မကြာခင်မှာပင် ဟန်ယုဟိုင်၏ အံ့အားသင့်မှုများက အဆုံးသတ်သွားကာ ပြန်လည် တည်ငြိမ်လာခဲ့သည်။ သူ၏ ကိုးရောင်ခြယ် မျက်လုံးများမှာ ခံစားချက် ကင်းမဲ့နေ၏။ သူက ခြောက်ကပ်ကပ်ပင် အဖြေပေး လိုက်လေသည်။
“ကျုပ်ဆီမှာ ဒြပ်စင်ကိုးပါး ဧကရာဇ်နဲ့ ဆက်သွယ်ဖို့ နည်းလမ်း မရှိပါဘူး”
“...”
ဝေ့ဝူယင်နှင့် ဝူယုတို့ နှစ်ယောက်မှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြ၏။ ထို့နောက် ဟန်ယုဟိုင်ဘက် ပြန်လှည့်ကာ ဝေ့ဝူယင်က မေးလိုက်သည်။
“သူ သေသွားလို့လား...”
ဟန်ယုဟိုင်က သက်ပြင်းတစ်ချက် ချလိုက်သည်။ လျှို့ဝှက်ကျိန်စာ ကျိန်ဆိုပြီး ကတည်းက မြေကြီးရှန့်ထို နှစ်ယောက်မှာ ဒူးထောက်မှုကို ပြန်လည် ရုတ်သိမ်းကာ ဝေ့ဝူယင်တို့နှင့် အတူ မျက်နှာချင်းဆိုင် ရပ်၍ စကားပြော နေခဲ့ကြခြင်း ဖြစ်သည်။
“သူ မသေပါဘူး...”
ဟန်ယုဟိုင်က အဖြေပေးလိုက်၏။
“ခင်ဗျားမှာ သူနဲ့ ဆက်သွယ်ဖို့ နည်းလမ်း မရှိဘူး ဆိုတာ သေချာလို့လား...”
ဝေ့ဝူယင်က သံသယ လေသံဖြင့် မေးခွန်းထုတ်လိုက်၏။ မီးတောက် ကိုးခု ထာဝရ ဝိညာဥ် နည်းလမ်း အပါအဝင် ကောင်းကင်ဘုံ နတ်မျက်လုံး ကျင့်စဉ် အတွက် ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့ကို ဆက်လက် ရှာဖွေဖို့ သူ့အတွက် လိုအပ်ပေသည်။ အခြားနည်းလမ်း တစ်ခုက ထာဝရ ဧကရာဇ်ကို ရှာဖွေဖို့ ဖြစ်ပြီး လက်ရှိ အချိန်၌ မဖြစ်နိုင်သေးသည့် ရည်မှန်းချက် တစ်ခုလည်း ဖြစ်သည်။
ဟန်ယုဟိုင်က ဝူယုကို လှမ်းကြည့်လိုက်၏။ ဝူယုက သတိပေးလိုက်သည်။
“ယုကလေး... မင်း သိသမျှ အားလုံး ပြောပြလိုက်တာ ကောင်းမယ်... မဟုတ်ရင် ငါ ဒီနယ်မြေ တစ်ခုလုံးကို မြေလှန်ပြီး ရှာရလိမ့်မယ်”
“သူက ဒီမှာ ရှိနေလိမ့်မယ်လို့ ရှင် ထင်နေတာလား...”
ကျန်းကျိရီက စိတ်ဝင်တစားဖြင့် မေးလိုက်၏။ ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့ကို ခြေရာခံရန် သူမ အကြိမ်ပေါင်း များစွာ ကြိုးစားခဲ့ပြီး ဖြစ်သည်။ ကုန်ကုန်ပြောရလျှင် ရွှေရောင် ဂိတ်တံခါး နန်းတော်ကိုပင် သွားခဲ့သေးသည်။ သို့သော်လည်း... အသုံးဝင်သည့် အရာ ဘာတစ်ခုကိုမှ မရခဲ့ချေ။
“သူ ဒီမှာ ရှိနေတာ ကျုပ် သိတာပေါ့...”
ဝူယုက ယုံကြည်ချက် ရှိစွာဖြင့် ပြောလိုက်၏။ ဟန်ယုဟိုင်၏ မျက်ခုံးများက အနည်းငယ် လှုပ်ရှား သွားသည်။ သို့သော်လည်း သူက ခပ်မြန်မြန်ပင် ပြန်လည် တည်ငြိမ်အောင် ကြိုးပမ်းလိုက်သည်။ ဘယ်လိုပဲ ဖြစ်ဖြစ် ထိုအရာက အမှန်တရားကို ခန့်မှန်းမိရန် လုံလောက်ပေသည်။ ဝူယုက ဟန်ယုဟိုင်ကို စိုက်ကြည့်ကာ အနည်းငယ် ပြုံးလိုက်၏။
“နောက်ပြီး ဟန်ရှဲ့ အကြောင်း ငါ သိထားတာ တစ်ခု ရှိသေးတယ်... သူက မိသားစုကို ဘယ်တော့မှ မပစ်ပယ်ဘူး ဆိုတာပဲ”
ဟန်ယုဟိုင်မှာ အချိန်အတန်ကြာ ငြိမ်ကျသွား၏။ စက္ကန့်အနည်းငယ် ကြာမြင့်ပြီး နောက်တွင်မှ သူက အဖြေပေးလိုက်သည်။
“ကျုပ် ပြောလို့ မရဘူး...”
သူ၏ လေသံက အဆုံးမဲ့ ခိုင်မာမှု၊ လက်မလျှော့မှုတို့နှင့် ပြည့်နှက် နေပေသည်။ ကြည့်ရသည်က သူ့ထံမှ ဘာစကားမှ နှိုက်ထုတ်ရန် မဖြစ်နိုင်သည့် ပုံပင်။ ဝေ့ဝူယင်မှာ ဟန်ယုဟိုင်ကို ကြည့်ကာ ဖြစ်နိုင်သမျှ နည်းလမ်း အားလုံးကို စဉ်းစားလိုက်၏။ သူက ဧဒင် အင်အားကို သုံးကာ မှတ်ဉာဏ် ရှာဖွေဖို့ပင် တွေးလိုက်မိသေးသည်။ လက်ရှိ အချိန်၌ မျက်လုံးများ ပြန်လည် ကောင်းမွန်ဖို့က သူ့အတွက် အရေး အကြီးဆုံး ဖြစ်သည်။ ထို့အပြင်... ဟန်ရှဲ့မှာ မဟာစက်ဝန်း ကြယ်ကွင်းပြင်တွင် ကောင်းကင်ဘုံ နတ်မျက်လုံး ကျင့်စဉ် အကြောင်း သိရှိနိုင်သည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်လည်း ဖြစ်ပေသည်။
“မလုပ်နဲ့...”
ဧဒင်က တားဆီးလိုက်၏။ ဤသည်က ပထမဆုံးအကြိမ် မဟုတ်ပါချေ။ လျှို့ဝှက် အာဏာရှင် အဆင့်များ၏ မှတ်ဉာဏ်ကို ရှာဖွေဖို့ ကြိူးစားခဲ့သည့် အခါတိုင်း ဧဒင်က တားဆီးခဲ့သည်ချည်း ဖြစ်သည်။
ထိုအရာက... ကျင့်ကြံခြင်း အခြေခံနှင့် စွမ်းအားတို့ မလုံလောက်သောကြောင့် မဟုတ်ချေ။ သူ ကိုယ်တိုင် ထိုကဲ့သို့ ပြုလုပ်ရန် ယုံကြည်ချက် အပြည့်အဝ ရှိပေသည်။ သို့သော်လည်း ဧဒင်က ကြောက်မက်ဖွယ် အကြံအစည် တစ်ခု ဖြစ်ကြောင်း ပြောကာ တားဆီးမြဲ တားဆီးဆဲ ဖြစ်သည်။ ကံမကောင်းစွာပင်... ၎င်းက ရှင်းလင်းတိကျသည့် မည်သည့် အကြောင်းပြချက်ကိုမှ မပေးပါချေ။
ဝေ့ဝူယင် ဧဒင်၏ စကားကို လက်ခံကာ ဟန်ယုဟိုင်ကို အကဲခတ်လိုက်၏။ ဟန်ယုဟိုင်၏ ငြင်းဆိုပုံက သာမန် သစ္စာရှိခြင်းများထက် သာလွန်နေပုံ ရသည်။
“လျှို့ဝှက် ကျိန်စာလား...”
ဝေ့ဝူယင် မေးလိုက်၏။
“အဲဒီလို ပြောလို့ရပါတယ်...”
ဟန်ယုဟိုင်က ဝန်ခံလိုက်၏။ ထိုလျှို့ဝှက်ချက်နှင့် ပတ်သက်၍ အချက်အလက် အချို့ကို ကျိန်ဆို ထားရကြောင်း သူက ဖုံးကွယ် မထားပါချေ။ သူ့အနေဖြင့် ပြောပြချင်လျှင်ပင် ကြောက်မက်ဖွယ် အကျိုးဆက်များကို ချက်ချင်း လက်ငင်းကြုံတွေ့ ခံစားရလိမ့်မည် ဖြစ်သည်။
“တကယ် စိတ်ပျက်စရာပဲကွာ...”
ဝူယုက ခေါင်းခါလိုက်သည်။ ထို့နောက် သူက ဝေ့ဝူယင်ဘက်သို့ လှည့်ကာ ဝိညာဥ်အာရုံဖြင့် ဆက်သွယ်လိုက်၏။
“သခင်လေး သူ့ကို လိုအပ်တာလား...”
အကယ်၍ ဝေ့ဝူယင်သာ အမိန့်ပေးပါက သူ ဒြပ်စင် နယ်မြေ တစ်ခုလုံးကို မြေလှန်ကာ ဟန်ရှဲ့ ပုန်းကွယ်နေသည့် နေရာကို ရှာဖွေမည် ဖြစ်သည်။ မည်သည့် အရာမှ သူ့ကို တားဆီးနိုင်လိမ့်မည် မဟုတ်ပါချေ။
ဝေ့ဝူယင်က တစ်ခဏမျှ စဉ်းစားလိုက်၏။ ထို့နောက် ဝိညာဥ်အာရုံဖြင့်ပင် ပြန်လည် မေးခွန်း ထုတ်လိုက်သည်။
“တကယ်လို့ သူက ဒဏ်ရာ အကြီးအကျယ် ရနေတာ ဆိုရင် ခင်ဗျားရဲ့ လုပ်ရပ်ကြောင့် သူ သေကောင်း သေသွားနိုင်တယ်ဗျ... သူ သေတာက အရေးမကြီးဘူးထား... တကယ်လို့ သူက ဝင်္ကပါတွေ၊ အစီအရင်တွေ၊ ဆေးတောင့်တွေနဲ့ ထောင်ချောက် ဆင်ထားရင်ရော ဘယ်လိုလုပ်မလဲ... ကျုပ်တို့ အသက်တွေကို ဘယ်သူမှ အာမမခံနိုင်ဘူး”
“ဆေးတောင့်...”
ဝူယုမှာ ပြန်လည် ငြိမ်ကျ သွား၏။ ထာဝရ ဧကရာဇ်မှာ ဆေးတောင့်များကို သုံးကာ ရန်သူများကို တိုက်ခိုက်ခဲ့ကြောင်းသူ မှတ်မိနေသေးသည်။ ၎င်းတို့က အလွန် ကြောက်မက်ဖွယ် ကောင်းသည့် တိုက်ခိုက်ရေး ပစ္စည်းများ ဖြစ်သည်။ ထာဝရ ဧကရာဇ်မှာ လောကရှန့်ထို အဆင့်ကို ရောက်ရှိပြီးနောက် ဆေးတောင့် တစ်ချို့ ချန်ထားကောင်း ချန်ထားနိုင်ပေသည်။ ထိုအရာများသာ ဟန်ရှဲ့ထံတွင် ရှိနေပါက အကျိုးဆက်က မတွေးရဲစရာပင်။
“ယုကလေး... ခင်ဗျားဆီမှာ မီးတောက် ကိုးခု ထာဝရ ဝိညာဥ် နည်းလမ်းကို ပွားထားတဲ့ မှတ်တမ်း တစ်ခုခု ရှိလား...”
ဝေ့ဝူယင် ဟန်ယုဟိုင်ကို မေးလိုက်၏။ သို့သော်လည်း မြေကြီးရှန့်ထို နှစ်ယောက်၏ အမူအရာများ ပြောင်းလဲသွားသည်ကို တွေ့မြင်လိုက်ရပြီးနောက် ဝူယု အတိုင်း လိုက်လံ သုံးလိုက်မိပြီ ဖြစ်ကြောင်း သူ သဘောပေါက် လိုက်သည်။ ဝူယုကတော့ ကျယ်လောင်စွာ ထ၍ ရယ်မောလိုက်၏။
“ဂိုဏ်းမှာ ရှိပါတယ်...”
ဟန်ယုဟိုင်က ဝူယုကို စောင်းစောင်းမည်းမည်း လှမ်းကြည့်ရင်း ဖြေလိုက်သည်။ သူ့ထက် နှစ်ထောင်ပေါင်းများစွာ ငယ်သည့် လူငယ်လေး တစ်ယောက်ထံမှ “ယုကလေး” ဟု အခေါ်ခံရခြင်းက တကယ် ခံရခက်လွန်းသည်။ တရားခံကတော့ ထိုလူအိုကြီး ဝူယုပင်။
“ဂိုဏ်းရဲ့ စာကြည့်တိုက်ထဲမှာတောင် ရှိနေမယ် ထင်တယ်... ကျုပ် တစ်ယောက်ယောက်ကို လွှတ်ပြီး ယူခိုင်း လိုက်ပါ့မယ်”
ဝိညာဉ်ကျိန်စာ ကျိန်ဆိုပြီးနောက်တွင် ဝူယုမှာ ဟန်ယုဟိုင်နှင့် ကျန်းကျိရီတို့၏ ကျင့်ကြံခြင်း အခြေခံတို့အား ချိပ်ပိတ်ထားမှုကို ပြန်လည် ဖယ်ရှား ပေးခဲ့ပြီး ဖြစ်သည်။ သူတို့၏ သိုလှောင်လက်စွပ်များကိုတော့ ဝူယုက အစောကြီးတည်းကပင် သိမ်းယူကာ ဝေ့ဝူယင် ပေးအပ်ခဲ့ပြီး ဖြစ်သည်။ အံ့အားသင့်စရာ ကောင်းစွာပင် ဟန်ယုဟိုင်မှာ ကိုယ်ပိုင် အတွင်းပိုင်း ကမ္ဘာတစ်ခုကို ပိုင်မထားပါချေ။ သူက ပိုင်ဆိုင်သမျှ အရာ အားလုံးကို လက်စွပ် အတွင်း သိမ်းဆည်း ထားပေသည်။
သို့သော်လည်း ဝေ့ဝူယင်၏ ကိုယ်ပိုင် ကြွယ်ဝမှုနှင့် နှိုင်းယှဉ် လျှင်တော့ သူတို့ နှစ်ယောက်၏ ပိုင်ဆိုင်မှုများက ပမွှားမျှသာ ဖြစ်ပေသည်။ ဂရုတစိုက် ချိပ်ပိတ် သိမ်းဆည်းထားသည့် လျှို့ဝှက် အဆင့် လက်နက် အချို့မှ လွဲ၍ အားလုံးက လျှို့ဝှက်အဆင့်အောက်တွင် ရှိနေပေသည်။
စောင့်ဆိုင်းနေစဉ် အတွင်း ကျန်းကျိရီမှာ အတော်လေး စကားများ နေ၏။ ဝူယုမှာ လျှို့ဝှက် ဘာသာစကား အကြောင်း ရှင်းလင်း ပြောပြကာ သူမထံမှ အလေးထားမှု အချို့ကို စတင် ရယူနိုင်ခဲ့သည်။ အချိန် မကြာမြင့်ခင်မှာပင် ဝူယုအပေါ် သူမ၏ အကြည့်များက လေးစားမှုများနှင့် ပြည့်နှက် လာခဲ့ပြီ ဖြစ်သည်။
ဝူယုမှာ တိတ်ဆိတ်နေ၏။ သို့သော်လည်း သူ၏ ကိုးရောင်ခြယ် မျက်လုံးများက တစ်ချက်တစ်ချက် တောက်ပသွားကာ စိတ်ဝင်တစား နားထောင်နေကြောင်း ဖော်ပြနေသည်။ ဝေ့ဝူယင်မှာ ဝူယုကို အတော်လေး အထင်ကြီးမိသွား၏။ အစစ်အမှန် ဧကရီ ချင်းဖုန်းနှင့် တုန်းကလည်း ထိုလူအိုကြီးမှာ စကားလုံးများဖြင့် သူမ အပေါ် လွှမ်းမိုးနိုင်ခဲ့သည်ချည်းသာ ဖြစ်သည်။ ဝေ့ဝူယင်ကတော့ သူတို့ သူတို့၏ စကားဝိုင်းကို ၉၉ ရာခိုင်နှုန်း အထိ နားမလည်နိုင်ပါချေ။ သူတို့က လျှို့ဝှက် ဘာသားစကားဖြင့် ပြောနေကြခြင်းဖြစ်လေသည်။
“လျှို့ဝှက် ဘာသာစကားက လျှို့ဝှက်သင်္ကေတတွေ အပေါ် နားလည်မှုနဲ့ ဆက်စပ် နေတာများလား...”
ဝေ့ဝူယင် ကိုယ့်ဘာသာကို တွေးလိုက်မိ၏။ လျှို့ဝှက် အာဏာရှင် အဆင့်ကို မရောက်ခင် လျှို့ဝှက် သင်္ကေတများကို နားလည်လျှင်ရော ထိုဘာသာစကားကို တတ်မြောက်မည်လော။
ဝေ့ဝူယင် တွေးတောနေစဉ်မှာပင် ကျန်းကျိရီက ရုတ်တရက် တစ်စုံတစ်ရာကို သဘောပေါက်သွားဟန်နှင့် ပြောလိုက်သည်။
“အဂ္ဂိရတ် အာဏာရှင်ဝေ့... ဟန်ယုဟိုင်မှာ ဒြပ်စင်ကိုးပါး ဧကရာဇ်နဲ့ ချိတ်ဆက်ဖို့ နည်းလမ်း မရှိရင်တောင် ရှင့် ဇနီးလောင်းက သူ့ တပည့်လေ... သူ့မှာ နည်းလမ်း တစ်ခုခု ရှိချင်ရှိမှာပေါ့...”
ဟန်ယုဟိုင်၏ အမူအရာက ပြောင်းလဲ သွားလေ၏။
***