မာ့ကျန်း၏ အခက်အခဲ
Vol. 63 Ch. 881
“ဇနီးလောင်း ဟုတ်လား...”
ဝေ့ဝူယင် မျက်ခုံးများကို ပင့်လိုက်မိသည်။ သူ့ဇနီးလောင်း နာ့ရှင်းရီက အမှောင်ယင် နန်းတော်တွင် မဟုတ်လော။ သူမက ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့နှင့် မည်ကဲ့သို့ ပတ်သက်နေသနည်း။ သူသိထားသလောက် သူတို့ အကြား၌ ဆက်စပ်မှု မရှိသည်မှာ သေချာသည်။
“ဒီဂိုဏ်းရဲ့ မင်းသမီးလေးကို ပြောတာ... သခင်လေး...”
ဝူယုက သတိပေးလိုက်၏။
“ဪ... ဟုတ်သား...”
ဝေ့ဝူယင် ဝူယု ပြောပြခဲ့ဖူးသည့် ကောလဟလကို ပြန်လည် သတိရ သွားခဲ့၏။ ဝေ့ဝူယင်၏ တုန့်ပြန်မှုကို ကြည့်ရင်း ဟန်ယုဟိုင်၏ အမူအရာက ထူးဆန်းသွားသည်။
ဝေ့ဝူယင် မျက်ခုံးပင့်လိုက်၏။
“ကျုပ်တို့မှာ အချိန်ရှိတာပဲ... သူ့ကို သွားရှာကြတာပေါ့”
သို့သော်လည်း သူ မည်သည့် အရာကိုမှ မျှော်လင့် မထားပါချေ။ ဟန်ယုဟိုင် ကိုယ်တိုင်ပင်လျှင် လျှို့ဝှက်ကျိန်စာ ကျိန်ဆိုထားရသည် ဆိုလျှင် မိန်းကလေးသည်လည်း လွတ်ကင်းလိမ့်မည် မထင်ချေ။ သူ့ဇနီးလောင်း အဖြစ် ကျော်ကြားနေသည့် ထိုမိန်းကလေးကို သူ တွေ့ချင်ရုံ၊ စိတ်ဝင်စားရုံ သက်သက်သာ ဖြစ်သည်။
“သူက သေမျိုးဆိုရင် တို့တွေ သူ့မှတ်ဉာဏ်ကို ရှာလို့ရတယ်”
ဧဒင်က တက်ကြွစွာဖြင့် အကြံပေးလိုက်၏။ သေမျိုးတစ်ယောက်၏ မှတ်ဉာဏ်ကို ရှာဖွေရန် သူ့ထံတွင် မည်သည့် ပြဿနာမှ မရှိပါချေ။
“ဒါပေါ့...”
ဝေ့ဝူယင်က ပြုံးလိုက်၏။ ထို့နောက် သူက ကျန်းကျိရီကို ခြေဟန်လက်ဟန် ပြလိုက်သည်။
“ကျုပ် ဇနီးလောင်းဆီကို သွားဖို့ လမ်းညွှန်ပေးပါဦး..”
ဂီး...
ပိုင်လင်က အတောင်ပံများကို ဖြန့်ရင်း စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။ မည်ကဲ့သို့သော မိန်းကလေးက ဝေ့ဝူယင်၏ ဇနီးလောင် အဖြစ် ဟန်ဆောင်ရန် လုံလောက်ကြောင်း သူမ သိချင်နေခဲ့ပြီ ဖြစ်လေသည်။
...
ဒြပ်နယ်မြေအတွင်း မှီတင်း နေထိုင်ကြသူများမှာ အစီအရင်နှင့် ဝင်္ကပါများ ရပ်တန့်သွားမှုကြောင့် စိတ်သက်သာရာ ရသွားကြ၏။ သူတို့၏ စွမ်းအင် အမြုတေများ ဆက်လက် ခမ်းခြောက်တော့မည် မဟုတ်ပါချေ။ သိုသော်လည်း ကောင်းကင်အလွှာများကို ကျော်လွန်၍ မြင်တွေ့နိုင်ကြသူများကတော့ ယခုတိုင် စိုးရိမ်ပူပန်မှုများနှင့် ပြည့်နှက်နေဆဲ ဖြစ်သည်။
နယ်မြေချိပ်ပိတ်ခြင်း ဝင်္ကပါမှာ ယခုထိတိုင် အသက်ဝင်နေသေးဆဲ ဖြစ်သည်။ ဒြပ်စင် နယ်မြေတစ်ခုလုံးကို အလင်း အကာအကွယ်လွှာ တစ်ခုက ပိတ်ဆို့ထား၏။ မရေမတွက်နိုင်သည့် ခရီးသွား များစွာမှာ ဒြပ်စင် နယ်မြေ အတွင်း အပြင်ဘက်များ၌ ပိတ်ဆို့ နေကြသည်။
အချိန်တစ်ခဏမျှသာ ကြာမြင့် သေးသည့်တိုင် အစစ်အမှန် ဒြပ်စင် ဂိုဏ်းခွဲ များစွာမှာ အကာအကွယ်အား ဖယ်ရှားပေးရန် တောင်းဆိုမှုများကို လက်ခံ ရရှိနေခဲ့၏။ ထိုအထဲ၌ နယ်စပ် ဂိုဏ်းခွဲတစ်ခုမှ အဖွဲ့ဝင် လျှို့ဝှက် ဝိညာဥ် အဆင့် တစ်ယောက်လည်း အပါအဝင် ဖြစ်သည်။ သူ့ နဖူးထက်၌ ချွေးများမှာ ဗူးသီးလုံးလောက် စီးကျလာနေခဲ့၏။ မြင့်မားသော နောက်ခံနှင့် လူအချို့ ဆိုလျှင် ဖြေရှင်းချက် ပေးရန် သူ့ကို ဖိအားပင် ပေးနေခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း... ထိုအခိုက်၌ သူ လုပ်နိုင်သမျှက စိတ်ရှည် သည်းခံပေးဖို့ ယဉ်ကျေးစွာနှင့် တောင်းပန်ခြင်းမျှသာ ဖြစ်သည်။ သူက သုန်မှုန်သည့် မျက်လုံးများနှင့် ကောင်းကင်ကို မော့ကြည့်လိုက်၏။ ထို့နောက် လက်ကျန် ကြယ်တာရာ ကျောက်တုံးနှင့် လျှို့ဝှက် ကျောက်တုံးများကို အကဲခတ်လိုက်သည်။
“ဒီအတိုင်းဆို နောက်သုံးရက်လောက်ပဲ တောင့်ခံနိုင်လိမ့်မယ် ထင်တယ်... ပြီးတာနဲ့ ငါတို့တွေ သွားပြီ...”
သူ နဖူးထက်ရှိ ချွေးများကို လက်ကိုင်ပုဝါ တစ်ထည်ဖြင့် သုတ်လိုက်၏။ အစစ်အမှန် ဒြပ်စင်ဂိုဏ်းမှာ တော်ရုံတန်ရုံ ဘဏ္ဍာရေး ပြဿနာမျိုးနှင့် ရင်ဆိုင်နေရခြင်း မဟုတ်ချေ။ ထိပ်ဆုံးမှ အောက်ခြေအထိ အခွံချည်းသာ ကျန်သည့် အခြေအနေမျိုး ဖြစ်သည်။ ဝင်ငွေ စီးဆင်းမှု လမ်းကြောင်းသာ ပြတ်တောက် သွားပါက သမိုင်းတွင် ပထမဆုံး ပြိုကွဲသွားသည့် လောကဂိုဏ်းကြီး ဖြစ်သွားရလိမ့်မည် ဖြစ်သည်။
ထိုကဲ့သို့ စိတ်မရှည်မှု၊ ဒေါသထွက်မှု၊ စိုးရိမ်မှု တို့ နေရာအနှံ့ ဖြစ်ပွား နေခဲ့ချိန်တွင် ထိတ်လန့် ချောက်ချားခြင်းများမှာလည်း နေရာနှစ်ခု၌ နေရာယူ နေခဲ့ပေသည်။ အစစ်အမှန် ဒြပ်စင် နန်းတော်၏ အသက်ရှုမြင်ခြင်း နန်းတော်နှင့် ကုန်းမျိုးနွယ် တို့တွင်ပင်။
ထိုနေရာ နှစ်ခု စလုံးမှာ ကုန်းလော့၏ အသက် ကျောက်ပြားများကို သိမ်းဆည်းထားသည့် နေရာများ ဖြစ်ကြကာ ယနေ့၌ ထိတ်လန့်စရာ မြင်ကွင်း တစ်ခုကို တွေ့မြင် ခဲ့ရသည်။ ကုန်းလော့၏ အသက်ကျောက်ပြား ကွဲကြေသွားခဲ့ခြင်းပင်။
အသက်ရှုမြင်ခြင်း နန်းတော်မှ လျှို့ဝှက် ဝိညာဥ်အဆင့် ကျင့်ကြံသူမှာ အလျှင်အမြန်ပင် ကျန်းကျိရီနှင့် ဟန်ယုဟိုင်တို့ထံ စာပို့ကာ ထိုအဖြစ်အပျက် အကြောင်းကို အစီရင်ခံခဲ့သည်။ ထို့နောက်... မြေကြီး ရှန့်ထို နှစ်ယောက်ထံမှ ပြန်လည် ရောက်ရှိလာသည့် စာများက သူ့ အမူအရာကို အကြီးအကျယ် ပျက်ရွင်း သွားစေခဲ့တော့သည်။
“အပြစ်သား ကုန်းလော့ ကွပ်မြက် ခံလိုက်ရပြီ...”
“သစ္စာဖောက်ကို ရာထူးက ဖယ်ရှားလိုက်ပြီ... မင်းရဲ့ တာဝန်ကို ဆက်လုပ်ပါ”
ပထမ စာတစ်စောင်က ကျန်းကျိရီထံမှ ဖြစ်ကာ ဒုတိယ တစ်စောင်က ဟန်ယုဟိုင်ထံမှပင် ဖြစ်သည်။ တစ်ကြောင်းက ကုန်းလော့ ကျူးလွန်ခဲ့သော ပြစ်မှုကို ဖော်ပြကာ တစ်ခုက သတ်မှတ် ပြစ်ဒဏ်ကို ရည်ညွှန်းပေသည်။
လျှို့ဝှက် ဝိညာဉ် အဆင့် ကျင့်ကြံသူမှာ မယုံကြည်နိုင်အောင် ဖြစ်သွားသည့်တိုင် ထိုသတင်းကို ပြင်ပ အင်အားစုများ၏ ခေါင်းဆောင် နန်စီ မျိုးနွယ်ထံ ပေးပို့ရတော့သည်။
“ကုန်းလော့က သစ္စာတစ်ယောက် အဖြစ် ကွပ်မျက်ခံလိုက်ရပြီ...”
ထိုသတင်းက မယုံကြည်နိုင်လောက်သည့် အမြန်နှုန်းနှင့် အတူ ပြင်ပ မျိုးနွယ်များထံသို့ ပြည့်နှက် သွားခဲ့တော့သည်။
...
အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေမှာ မျက်စိပိတ် နားပိတ် နေရာ တစ်ခု မဟုတ်ချေ။ တန်ခိုးရှင် အင်အားစု များစွာမှာ ဒြပ်စင်နယ်မြေ ချိပ်ပိတ်လိုက်ကြောင်း ချက်ချင်းပင် သတိထားမိကြပေသည်။ ထိုအရာက တစ်နှစ် အတွင်း ဒုတိယ အကြိမ်မြောက် နယ်မြေတစ်ခု ချိပ်ပိတ်ခြင်းဖြစ်သည်။ ထိုဖြစ်ရပ်ကပင် မရေမတွက်နိုင်သည့် မေးခွန်းများကို ယူဆောင် လာခဲ့လေသည်။
ဒြပ်စင် နယ်မြေနှင့် အိမ်နီးချင်းများ ဖြစ်သည့် ထာဝရ နယ်မြေနှင့် ကောင်းကင်တွန်းလှန် နယ်မြေတို့မှာ ထိုအချင်းအရာကို ပထမဆုံး သတိထားမိသည့် အင်အားစုများ ဖြစ်သည်။ သို့သော်လည်း... သူတို့က အားသွန်ခွန်စိုက် စစ်ဆေးမှုမျိုး မပြုလုပ်ခဲ့ချေ။ နယ်မြေတစ်ခုနှင့် တစ်ခု အကြား စည်းခြားထားသည့် ကိစ္စများ ရှိကာ ဝင်ပါရန် ကြိုးပမ်းခြင်းက ပဋိပက္ခများဆီ ဦးတည် သွားစေနိုင်စွမ်း ရှိသည်။
သို့သော်လည်း... ချိပ်ပိတ်မှု တစ်နာရီခန့်မျှ ကြာမြင့်လာသော အခါတွင်တော့ စိုးရိမ်မှုနှင့် စိတ်ဝင်စားမှုများ စတင် ဖြစ်ပေါ်လာခဲ့တော့သည်။ မည်သည့် အရာများ ဖြစ်ပျက် နေသနည်း။
လျှို့ဝှက် အင်အားစုများမှာ မဆိုင်းမတွပင် သူတို့၏ ကောင်းကင် ပုရောဟိတ်များကို ဆင့်ခေါ်ကာ တွက်ချက်ခိုင်း ကြတော့သည်။ ထွက်ပေါ်လာသည့် ဟောကိန်းများက မယုံကြည်နိုင်လောက်အောင်ပင် ခြားနားလွန်းလှသည်။ အချို့က ဒြပ်စင် နယ်မြေ အတွင်း မည်သည့် အရာမှ မဖြစ်ဟု အသေအချာပင် ပြောဆိုကြကာ အချို့ကလည်း ကောင်းကင်မြင်ကွင်းကို ပိတ်ဆို့ထားသည့်ဟု အခိုင်အမာ ဆိုကြသည်။
ဘယ်လိုပဲ ဖြစ်ဖြစ်... သေချာတာ တစ်ခုကတော့ သူတို့ ဘာပြောင်းလဲမှုကိုမှ မမြင်နိုင်ခြင်း ဖြစ်ပေသည်။ ထိုကဲ့သို့ ကွဲပြားမှုများကပင် လူများ၏ စိတ်ဝင်စားမှုကို အဆုံးထိ တိုးမြင့် သွားစေခဲ့သည်။ အစစ်အမှန် ဒြပ်စင်ဂိုဏ်းမှာ ခိုင်မာသည့် အကြောင်းပြချက် မရှိပဲ နယ်မြေတစ်ခုလုံးကို ချိပ်ပိတ်လိမ့်မှာ မဟုတ်တာ သေချာလှသည်။ သူတို့က ကောင်းကင်မြင်ကွင်းကိုပင် တားဆီးနိုင်သည့် အစွမ်းထက် ကျင့်ကြံသူ တစ်ယောက်နှင့် ရင်ဆိုင် ရတာ ပိုမို၍ ဖြစ်နိုင်ပေသည်။
ဉာဏ်ရည် မြင့်မားသည့် ကျင့်ကြံသူများနှင့် ကောင်းကင် ပရောဟိတ်များမှာ အချက်အလက်များကို ပေါင်းစည်းရင်း အတူတကွ စုရုံးမှာ သီအိုရီ တစ်ခုကို ထုတ်ပြန် ခဲ့သည်။ ၎င်းက အစစ်အမှန် ဒြပ်စင်ဂိုဏ်းကို ဝူယု ရောက်ရှိနေသည် ဟူ၍။
ထိုသတင်း ပျံ့နှံ့သွားပြီး မကြာခင်မှာပင် မည်သူမှ ထင်မှတ် မထားသည့် အင်အားစု တစ်ခုမှာ လျှင်မြန်စွာ လှုပ်ရှား လာခဲ့တော့သည်။
အင်ပါယာ ကလန်ပင်။
ဝမ်... ဝမ်... ဝမ်...
အလွန် ကြီးမားသည့် တိုက်ခိုက်ရေး အမျိုးအစား ဟင်းလင်းပြင် သင်္ဘောကြီး သုံးစင်းမှာ စတင်ကာ ချီတက် လာခဲ့ပြီ ဖြစ်သည်။ သူတို့က အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ တစ်လျှောက် ဖြတ်သန်းလာကာ ဒြပ်စင် နယ်မြေကို တိတိကျကျပင် ဦးတည်လာ၏။ ထိုသင်္ဘောများထက်၌ အစွမ်းထက် ကျင့်ကြံသူ ဘယ်နှစ်ယောက် ပါလာသည်၊ အဘယ်ကြောင့် ထိုကဲ့သို့ လှုပ်ရှားရသည်ကိုတော့ မည်သူမှ မသိကြပါချေ။ အင်ပါယာ မျိုးနွယ် မလှုပ်ရှားခဲ့သည်မှာ ရာစုနှစ်နှင့်ချီ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့်ပင် ယခုတစ်ကြိမ် လှုပ်ရှားမှုက အားလုံး၏ စိတ်ဝင်စားမှုများကို ဖမ်းဆုပ် သွားခဲ့သည်။
မာ့မျိုးနွယ်၏ မဟာမြင်းဘုံ၌ မာ့ကျန်းနှင့် မာ့ဆုကျင်းတို့မှာ လှပ သာယာသော ရေကန်တစ်ခု နံဘေးတွင် အတူတူ ရပ်နေခဲ့ကြ၏။ ရေများက ကြည်လင် သန့်ရှင်းနေကာ လေပြည်ကလည်း ချိုအေးလှသည်။ ပတ်ဝန်းကျင် တစ်ခုလုံးမှာ တေးသီငှက်တို့၏ အသံများနှင့် သာယာ နေ၏။
သို့တိုင်အောင် မာ့ကျန်း၏ မျက်လုံးများက စိတ်ရှုပ်ထွေးခြင်းများနှင့် ပြည့်နှက်နေကာ ရေကန် မျက်နှာပြင်ကို ငေးကြည့် နေခဲ့၏။ သူ၏အသက်ရှူသံများက လေးပင် ရှည်လျားကာ အမျိုးမျိုးသော ဖိအားများ ပါဝင်နေဟန် ရလေ၏။
“အဖေ...”
မာ့ဆုကျင်းက နူးညံ့စွာ ခေါ်လိုက်သည်။ သူမ မာ့ကျန်းကို ‘အဖေ’ ဟု ခေါ်သည့် အကြိမ်က အလွန် ရှားပါး ပေသည်။ မိန်းကလေးက လက်သီးကို ခပ်တင်းတင်း ဆုပ်လိုက်ရင်း ရွှေရောင် အသက်နန်းတော်၏ အဓိက ကိုင်းခွဲကို စိတ်ထဲမှ ကြိတ်ကာ ကျိန်ဆဲလိုက်၏။
မာ့ကျန်းက အိုမင်း ရီဝေနေသည့် မျက်လုံးများကို ပင့်တင်ရင်း မဟာမြင်းဘုံ၏ လှပသော ကောင်းကင်ကို မော့ကြည့် လိုက်သည်။ ဝေ့ဝူယင်နှင့် တွေ့ဆုံခဲ့ပြီး နောက်တွင် မရေမတွက်နိုင်သည့် အရာများက ခပ်ကြမ်းကြမ်း ပြောင်းလဲ သွားခဲ့သည်။ မသေချာ မရေရာမှုများက လှိုင်းများသဖွယ် ဖုံးအုပ် လာခဲ့သည်။ ပထမ၌ ထိုလူငယ်လေးမှာ သူ ရင်းနှီးမြှုပ်နှံချင်ခဲ့သည့် ပါရမီရှင်လေး တစ်ယောက်သာ ဖြစ်ပေသည်။
ထို့နောက်... သူက အသက်အငယ်ဆုံး မဟာသေမျိုး အဂ္ဂိရတ် အာဏာရှင် ဖြစ်လာခဲ့သည်။ အာရုဏ်ဦး နေမီးတောက် ဆေးလုံး တီထွင် ဖန်တီးမှုက လုံးဝ ခေတ်ပြောင်း တော်လှန်ရေးမျိုး ဖြစ်သည်။ ၎င်းက မဟာစက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံး၏ စံချိန်စံနှုန်းများကိုပင် ပြောင်းပြန်လှန် ပစ်ခဲ့သည်။
ဝေ့ဝူယင်၏ အလားအလာနှင့် သူတို့ အကြားရှိ ဆက်ဆံရေးတို့ကြောင့်ပင် တစ်နေ့တစ်ချိန်၌ ရွှေရောင် အသက်နန်းတော်၏ အဓိက ကိုင်းခွဲ နေရာကို အရယူရန် မာ့ကျန်း ယုံကြည်ချက် ရှိလာခဲ့သည်။ အရာရာ အားလုံးက အစီအစဉ် အတိုင်းပင် ဖြစ်ကာ တောက်ပသော အနာဂတ်က မာ့မျိုးနွယ်ကို ဆီးကြို နေခဲ့ပေသည်။
သို့သော်လည်း ထိုကံကောင်းမှု ကြယ်ကလေးမှာ အချိန်ကြာကြာ မခံလိုက်ပါချေ။ မကြာခင် ပြဿနာများက အလုံးလိုက် အရင်းလိုက် ရောက်ရှိလာခဲ့တော့သည်။
ထိုအရာ အားလုံးက မီးဖီးနစ်နှင့် ဝေ့ဝူယင်တို့ အကြားရှိ ဆက်စပ်မှု အကြောင်းကို ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေထံ အစီရင်ခံလိုက်ချိန်တွင် စတင် လာခဲ့ခြင်းပင် ဖြစ်လေသည်။ သူ၏ ရည်ရွယ်ချက်က ဝေ့ဝူယင်၏ နာမည်နှင့် ပြဿနာ အားလုံး ပြေလည် သွားစေဖို့၊ မီးဖီးနစ် မတော်တဆ အသတ်မခံရဖို့ ဖြစ်သည်။ သို့သော်လည်း... အခြေအနေများက မျှော်လင့်ထားသည်များနှင့် လုံးဝ ကွဲလွဲခဲ့ပေသည်။
နယ်မြေခြား မြေကြီး ရှန့်ထို တစ်ယောက်မှာ သက်တံ့ တံတားနှင့် အတူ ရောက်ရှိလာကာ ထန်မျိုးနွယ်ကို ချေမှုန်းခဲံသည်။ မြေကြီး ရှန့်ထို တစ်ယောက်ကို သတ်ဖြတ်ကာ အစစ်အမှန် မွေးဖွားခြင်းကို ရင်ဆိုင်ခဲ့သည်။ ထို့နောက်... ပြဿနာ တစ်စုံတစ်ရာ မရှိပါပဲ ပြန်လည် ထွက်ခွာ သွားခဲ့သည်။ ထိုအရာက ရလဒ်ကောင်းတစ်ခု ဖြစ်သည့်တိုင် သူ၏ အစီအစဉ် ဟန်ချက်များကိုတော့ လုံးဝ ပျက်ရွင်း သွားခဲ့စေတော့သည်။
ရွှေရောင် အသက်နန်းတော်၏ အဓိက ကိုင်းခွဲမှာ စတင် စိုးရိမ်လာခဲ့တော့သည်။ လောက၏ ဖြစ်နိုင်ချေ ရှိသည့် အပြောင်းအလဲများကို ခန့်မှန်းနိုင်သူက မည်ကဲ့သို့ သူ တစ်ယောက်တည်း ဖြစ်နိုင်မည်နည်း။ သူတို့က ဝေ့ဝူယင်၏ တည်နေရာနှင့် ဆက်သွယ်နိုင်မည့် နည်းလမ်းတို့ကို မေးမြန်းခဲ့သည်။ အမှန်အတိုင်း ဝန်ခံရပါက ဝေ့ဝူယင် မည်သည့် နေရာတွင် ရှိကြောင်း သူ ကိုယ်တိုင်လည်း မသိပါချေ။ အကယ်၍ သိလျှင်ပင် သူ သူတို့ကို ပြောလိမ့်မည် မဟုတ်ချေ။
ထိုပြဿနာ တစ်ခု အဆုံးမသတ်ခင်မှာပင် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းသည့် ပုဂ္ဂိုလ် တစ်ယောက် ပေါ်ထွက်လာသည့် သတင်းကို သူတို့ ကြားခဲ့ရတော့သည်။
သူကတော့ ဝူယုပင်။
***