← Chapters

မာ့ကျန်း၏ အခက်အခဲ (၂)

Vol. 63 Ch. 882

မာ့ကျန်း၏ အခက်အခဲ (၂)

Vol. 63 Ch. 882

ဝူယု...

သူက မြေကြီး ရှန့်ထို အဆင့်ကို အသစ်တက်လှမ်းလာသည့် ပုဂ္ဂိုလ်ကြီး တစ်ယောက် ဖြစ်သည်။ သို့သော်လည်း သူက အားမနည်းချေ။ အဆင့်တက်ပြီးပြီးချင်းပင် ထိပ်တန်း မြေကြီး ရှန့်ထိုများ ဖြစ်သည့် ထာဝရ သူရဲကောင်း နှစ်ယောက်ကို အပြတ်အသတ် အနိုင်ယူ နိုင်ခဲ့သည်။ ထို့အပြင်... ထာဝရ အစည်းအရုံး၏ နယ်မြေ အစီအရင်မှပင် လွတ်မြောက်အောင် ထွက်ပြေးနိုင်ခဲ့သည်။

အားလုံး၏ အမြင်၌ ဝေ့ဝူယင်မှာ မာ့ကလန်နှင့် ခိုင်မာသည့် ဆက်ဆံရေး တစ်ခုကို တည်ဆောက်ခဲ့ပြီး ဖြစ်သည်။ ဝေ့ဝူယင် ပိုမို မြင့်တက်လာလေလေ မာ့မျိုးနွယ်၏ ခြိမ်းခြောက်နိုင်စွမ်းက ပိုမို ကြီးမားလာလေလေ ဖြစ်သည်။ အလွန် ကြောက်မက်ဖွယ် ကောင်းသည့် မြေကြီး ရှန့်ထို နှစ်ယောက်၏ အကူအညီဖြင့် ဆိုပါက သူတို့က ရွှေရောင် အသက်နန်းတော် တစ်ခုလုံးကို နေ့ချင်းညချင်း သိမ်းပိုက်နိုင်လာလိမ့်မည် ဖြစ်သည်။

ထို့ကြောင့်ပင် အဓိက ကိုင်းခွဲမှာ စတင်ကာ လှုပ်ရှားတော့သည်။ ပိုမို ရှင်းလင်းစွာ ပြောရလျှင် အစစ်အမှန် မွေးဖွားခြင်းက လှုပ်ရှားခဲ့ခြင်းပင်။

ပထမကိုင်းခွဲနှင့် အစည်းအဝေး တစ်ခုမှ အပြန်တွင် ချောင်းမြောင်း လုပ်ကြံမှု တစ်ခုကို မာ့ကျန်း ရင်ဆိုင်ခဲ့ရသည်။ သူ အကြီးအကျယ်ပင် ဒဏ်ရာ ရသွားခဲ့သည်။ မသေသည့်တိုင် သက်တမ်းကတော့ ပိုမို လျှင်မြန်စွာ လျော့ကျလာခဲ့သည်။ သူက အသက်ရှင်သန်ရန် နောက်ဆုံးအချိန်ကို ရောက်ရှိ နေခဲ့ပြီ ဖြစ်သည်။ သူ လုပ်နိုင်တာ ဘာမှ မရှိတော့ချေ။

“ကြယ်တွေက တောက်ပဖို့ အတွက် လောင်ကြွမ်းရတယ်...”

မာ့ကျန်းက နူးညံ့စွာ ရေရွတ်လိုက်၏။ မာ့ဆုကျင်းက လက်သီးကို ပိုမို တင်းကြပ်စွာ ဆုပ်လိုက်သည်။ တစ်ခါတုန်းက ဝေ့ဝူယင် ရောက်ရှိလာသည်နှင့် အရာအားလုံး အဆင်ပြေသွားလိမ့်မည်ဟု မာ့ကျန်းက ပြောခဲ့ဖူးသည်။ သို့သော်လည်း... အမှန်တကယ်တွင်တော့ ထိုသတ္တဝါမှာ အားလုံးကို ဖျက်ဆီး ပစ်ခဲ့ခြင်း ဖြစ်သည်။

မာ့ဆုကျင်း ဒေါသထွက်လာမိ၏။ သို့သော်လည်း... ထိုအတွေးများက မဆီလျော်ကြောင်း သူမ သိပေသည်။ ဘယ်လိုပဲ ဖြစ်ဖြစ်... ဝေ့ဝူယင်ကို အပြစ်တင်သင့်သည်ဟု သူမ ခံစားမိသည်။ သူ့နာမည်ကြောင့်ပင် ထိုပဋိပက္ခများက ပေါ်လာခဲ့ခြင်း ဖြစ်သည်။

အသက်တစ်ရာပင် မပြည့်သေးသည့် လူငယ် တစ်ယောက်က ထိုမျှ များပြားသည့် အပြောင်းအလဲများကို ဖြစ်ပေါ်စေနိုင်လိမ့်မည်ဟု သူမ လုံးဝ ထင်မှတ် မထားခဲ့ချေ။ မူလက တည်ငြိမ်နေခဲ့သော မဟာ စက်ဝန်း ကြယ်ကွင်းပြင်မှာ သူ့ကြောင့်ပင် ပြန်လည် လှုပ်လှုပ်ခတ်ခတ် ဖြစ်လာခဲ့ခြင်းဖြစ်သည်။

ရုတ်တရက်... သူမ၏ ဟင်းလင်းပြင် လက်စွပ်မှာ ဝိညာဉ် အလင်း တစ်ခုဖြင့် တောက်ပလာခဲ့၏။ သူမ၏ လက်စွပ်သာလျှင် မက မာ့ကျန်း၏ လက်စွပ်ပါ တောက်ပလာခဲ့ခြင်း ဖြစ်သည်။ သူတို့ နှစ်ယောက်စလုံးက ပြိုင်တူပင် ဝင်ရောက်လာသည့် အချက်အလက်များကို ဖတ်လိုက်ကြ၏။ အားလုံး ပြီးဆုံး သွားချိန်၌ သူတို့၏ မျက်လုံးများက ပြူးကျယ် သွားခဲ့ကြတော့သည်။

မာ့ဆုကျင်းက မာ့ကျန်းကို ကြည့်လိုက်၏။ ထို့နောက် သူမက အံကို တင်းတင်းကြိတ်လိုက်သည်။

“တကယ်လို့ သူ့ရဲ့ နောက်ခံက အဖေ ထင်ထားသလို အံ့အားသင့်ဖို့ ကောင်းမယ် ဆိုရင် သူ့ဆီမှာ အဖေ့ကို ကူညီဖို့ နည်းလမ်း တစ်ခု ရှိမှာပါ”

မာ့ကျန်းက မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်၏။

“အင်ပါယာ မျိုးနွယ်က စလှုပ်ရှားနေပြီ... အချိန်မရှိတော့ဘူး”

“ဒါပေမဲ့ သူတို့က ဒြပ်စင် နယ်မြေထဲကို ကျူးကျော်လို့ မရဘူးလေ...”

မာ့ဆုကျင်းက မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။ တန်ခိုးရှင် အင်အားစုများ အကြားတွင် လျှို့ဝှက် ကျိန်စာများက ဆက်လက် တည်မြဲနေဆဲ ဖြစ်ကာ ထိုအထဲ၌ အင်ပါယာ မျိုးနွယ်လည်း အကျုံးဝင်နေဆဲ ဖြစ်သည်။

“ဟုတ်တယ်... သူတို့ ကျူးကျော်လို့ မရဘူး... ဒါပေမဲ့ ဒြပ်စင် နယ်မြေကို ပြင်ပ အင်အား တစ်ခုက တိုက်ခိုက်နေတယ် လို့ သူတို့ဘက်က ယုံကြည်ရင် စစ်ကူတွေ လွှတ်လို့ ရတယ်”

မာ့ကျန်းက ယိုပေါက်ကို ထောက်ပြလိုက်၏။

“ဒါပေမဲ့...”

မာ့ဆုကျင်းက စောဓက တက်ရန် ဟန်ပြင်လိုက်သော်လည်း ပြန်လည် တိတ်ဆိတ်သွား၏။ သူမက မာ့ကျန်းကို လေးနက်သည့် မျက်လုံးများနှင့် တစ်ချက် ကြည့်လိုက်သည်။ သူမ၏ ခံစားချက်များက အနည်းငယ် ပြောင်းလဲ သွားပုံ ပေါ်လေသည်။

“ဘယ်လိုပဲ ဖြစ်ဖြစ်... ကျွန်မတို့ သူ့ကို ပြောပြရမယ်... သွားကြမယ် အဖေ...”

မာ့ဆုကျင်းက မာ့ကျန်း၏ လက်ကို ဆုပ်ကိုင်လိုက်၏။ ထို့နောက် သူတို့ နှစ်ယောက်မှာ ကောင်းကင်ပေါ် ပျံတက်သွားကာ ငွေရောင် အလင်း တစ်ခု အသွင် ပျောက်ကွယ် သွားတော့သည်။

...

အစစ်အမှန် ဒြပ်စင်ဂိုဏ်း၌ ဝေ့ဝူယင်နှင့် ဝမ်မင်ယာတို့မှာ ပိုင်လင်ကို စီးနင်းကာ ပျံသန်း နေခဲ့ကြ၏။ ဝူယု၊ ဟန်ယုဟိုင်နှင့် ကျန်းကျိရီတို့ကတော့ သူတို့ ကိုယ်ပိုင် စွမ်းအားများနှင့် ပျံသန်းကာ လိုက်ပါ လာခဲ့ကြသည်။

ကျန်းကျိရီမှာ အပြင်ပန်း၌ တည်ငြိမ်နေသော်လည်း သူမ၏ အတွင်းစိတ်ကတော့ စိတ်လှုပ်ရှားမှုများနှင့် ပျော်ရွှင် နေခဲ့၏။

‘လင်းမျိုးနွယ်... ဟင်းဟင်း... နင့်တို့ ကိုယ်ရှူး ဘယ်လို ကိုယ့်ပြန်ပတ်မလဲ ဆိုတာ ကြည့်ရသေးတာပေါ့’

ကျန်းကျိရီ ဝေ့ဝူယင်ကို ကြည့်လိုက်သည်။ ထိုလူငယ်လေးမှာ သူ မူလ ထင်ထားခဲ့သည်ထက်ပင် ပိုမို မယုံကြည်နိုင်စရာ ကောင်းလှသည်။ မဟာ သေမျိုး အဂ္ဂိရတ် အာဏာရှင် အဖြစ် ကျော်ကြားနေသည့် သူ့ ဂုဏ်သတင်းက အမှားအယွင်း ရှိပုံ မရချေ။ သူ၏ အဂ္ဂိရတ် သူရဲကောင်း တစ်ယောက် ပင်လျှင် လျှို့ဝှက် သင်္ကေတ ရှစ်ခု မြေကြီးရှန့်ထို တစ်ယောက် ဖြစ်ကာ လောကဂိုဏ်း တစ်ခုနှင့် ရင်ဆိုင် နိုင်ခဲ့သည်။

ထို့အပြင်... မီးဖီးနစ်နှင့် ဆက်စပ်၍ တွေးတောရပါက သူ ပိုင်ဆိုင်ထားသည့် မြေကြီး ရှန့်ထိုမှာ ဝူယု တစ်ယောက်တည်း မဟုတ်ချေ။ နှစ်ယောက် ဖြစ်သည်။ ထို့အပြင် မီးဖီးနစ် ကိုယ်တိုင်မှာလည်း သေမျိုး တစ်ပိုင်း အရှင် အဆင့်များကို သတ်ဖြတ်နိုင်သည့် စွမ်းအားကိ ပိုင်ဆိုင်ထားသူ ဖြစ်သည်။

ထိုလူများအပြင်... သူ့နံဘေးရှိ မိန်းကလေးမှာလည်း လုံးဝ သာမန် မဟုတ်ချေ။ သူမက ကျင့်ကြံခြင်း အခြေခံက အလွန်ပင် ခိုင်မာကာ အော်ရာမှာ အချိန်၊ ကံကြမ္မာ အငွေ့အသက်များဖြင့် ယှက်ဖြာနေသည်။ သံသယ ရှိစရာ မလိုလောက်အောင်ပင် သူမက ကောင်းကင် ပုရောဟိတ် တစ်ယောက် ဖြစ်ပေသည်။

သူမ၏ ကျင့်ကြံခြင်း အခြေခံဖြင့် အချိန်စွမ်းအင် အငွေ့အသက်များကို ပိုင်ဆိုင်ထားခြင်းက ရွှေရောင် ဂိတ်တံခါး နန်းတော်၏ ထိပ်တန်း ကျင့်ကြံသူများနှင့် ဆက်စပ်နေကြောင်း ဖော်ပြနေသည်။ သို့တည်းမဟုတ် အလွန် အင်အားကြီးမားသည့် သီးခြား နောက်ခံ တစ်ခုခုကို ပိုင်ဆိုင်ထားတာ ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ ကောင်းကင် ပု‌ရောဟိတ်များထဲတွင်ပင် အနည်းငယ်သော အရေအတွက်သာ ထိုကဲ့သို့ အရည်အသွေးမျိုးကို ပိုင်ဆိုင် နိုင်ပေသည်။

ဝေ့ဝူယင်နှင့် လင်းရှန်းရှဲ့တို့၏ စေ့စပ်ပွဲ ကောလဟလကိုတော့ အစောကတည်းက သူမ မယုံကြည်ပါချေ။ ထိုသားသမီးက လူလိမ်များ ဖြစ်ကြောင်း သူမ သိရှိထားပေသည်။ ပြောရလျှင်... ဝေ့ဝူယင်၊ လင်းမင်နှင့် လင်းရှန်းရှဲ့တို့၏ ဆက်နွယ်မှုများ အကြောင်းကို သူမ စုံစမ်းခဲ့ပြီး ဖြစ်သည်။ အမှန်တကယ် ဆက်စပ် နေသည်က ဝေ့ဝူယင်နှင့် လင်းရှန်းရှဲ့တို့ မဟုတ်ပဲ၊ လင်းမင်နှင့် လင်းရှန်းရှဲ့တို့သာ ဖြစ်သည်။ သူတို့က လင်းမျိုးနွယ်၏ ဖိအားများကို ဖယ်ရှားရန် ဝေ့ဝူယင်၏ နာမည်ကို သုံးခဲ့ခြင်းသာ ဖြစ်သည်။

သို့သော်လည်း ဝေ့ဝူယင်ကတော့ ထိုကောလဟလများကို ဂရုစိုက်ပုံ မရချေ။ ထို့ကြောင့်ပင် ကျန်းကျိရီမှာ အခွင့်အရေး ရှာကာ ဝေ့ဝူယင်ကို သတိပေးလိုက်ခြင်း ဖြစ်သည်။ အကယ်၍ ဝေ့ဝူယင်သာ ဒေါသထွက်ပါက ထိုလင်းမျိုးနွယ် တစ်ခုလုံး အမှုန့်ဖြစ် သွားပေလိမ့်မည်။

ကျန်းကျိရီ တစ်ယောက် အတွေးအတွင်း နစ်မြော နေစဉ်တွင် ဝေ့ဝူယင်နှင့် ဝူယုတို့မှာ ဝိညာဥ်အာရုံနှင့် အတူ ဆက်သွယ် စကားပြောနေခဲ့ကြသည်။ သူတို့၏ ခေါင်းစဉ်ကတော့ အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ လက်ရှိ အခြေအနေများ အကြောင်းပင်။

“ဂိုဏ်းတစ်ခုလုံးက အစတည်းက ဖရိုဖရဲ ဖြစ်နေတာဗျ... ဒီတိုက်ပွဲက သူတို့ကို ပိုပြီး ထိခိုက် သွားစေမှာ သေချာတယ်... ဂြိုဟ်တွေကလည်း ခမ်းခြောက်နေပြီ... ရာစုနှစ်နဲ့ချီပြီး ပြန်ပြုပြင်ရမှာ သေချာတယ်...”

ဝူယုက မှတ်ချက်ချလိုက်၏။ အစစ်အမှန် ဒြပ်စင်ဂိုဏ်းထံမှ အမြတ်ထုတ်ရန် ကြိုးပမ်းခြင်းမှာ ပုပ်ပွနေသည့် အလောင်း တစ်ခုထံမှ ပစ္စည်းရှာဖွေရန် ကြိုးပမ်း နေရခြင်းနှင့် အတူတူပင် ဖြစ်သည်။ အမြတ်ထုတ်နိုင်သည့် တစ်ခုတည်းသော နေရာက ဂိုဏ်း၏ ဘဏ္ဍာသိုက် ဖြစ်နိုင်ပေသည်။ သို့သော်လည်း... သူတို့၏ အခြေအနေ မည်မျှ ဆိုးရွားနေခြင်းကို ထောက်ချင့်ရပါက ဆင်ပါးစပ် နှမ်းပင်ရုံလောက်သာ ဖြစ်ပေလိမ့်မည်။

“ကြည့်ရတာ သတင်းစကားတွေက အမှန်ဖြစ်နေတဲ့ပုံ ပဲဗျ... အပြင်ပန်း ကြည့်ရသလောက် ဒြပ်စင်နယ်မြေရဲ့ ရင်းမြစ် အများစုကို ပြင်ပမျိုးနွယ်တွေက ပိုင်နေတဲ့ပုံပဲ”

ဝေ့ဝူယင် ပြောလိုက်သည်။ ဝူယုက သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်၏။

“အမှန်ပဲ... တကယ်လို့ နန်စီမျိုးနွယ်ရဲ့ မြေကြီးရှန့်ထိုဆီမှာ အတွင်းပိုင်း လောက တစ်ခု ရှိမယ် ဆိုရင် သူတို့က အဲဒီနေရာမှာ သိမ်းထားမှာ သေချာတယ်”

အတွင်းပိုင်းလောကများမှာ ဟင်းလင်းပြင် ကွက်လပ်များ ဖြစ်ကာ လျှို့ဝှက်အဆင့် ပစ္စည်းများကိုပင် သိမ်းဆည်း နိုင်စွမ်း ရှိသည်။ သို့သော်လည်း... ၎င်းကို ကျင့်ကြံရသည်က အလွန်ပင် ခက်ခဲလှကာ မြေကြီး ရှန့်ထို အများစုမှာ ပိုင်ဆိုင်ထားခြင်း မရှိပါချေ။

အတွင်းပိုင်းလောက တစ်ခုကို သဘာဝ အတိုင်း ဖွဲ့စည်းရန် အတွက်ဆိုလျှင် လျှို့ဝှက် သင်္ကေတ ကိုးခု အနက် လေးခု ဖြစ်သည့် မန်နာ၊ အာကာသ၊ လောကီနှင့် သမုဒ္ဒရာတို့ကို နားလည်ထားဖို့ လိုသည်။ ၎င်းတို့ကို ဖန်တီး နိုင်သည့် အခြား နည်းလမ်းများ ရှိကောင်း ရှိနိုင်သည့်တိုင် သိပ်လူသိများခြင်း မရှိလှချေ။

“ဒါနဲ့ ခင်ဗျားရဲ့ အတွင်းပိုင်း လောကက သိပ် မကြီးပါလားဗျ...”

ဝေ့ဝူယင်က မျက်မှောင်ကြုတ်ရင်း ပြောလိုက်၏။ ဝူယု၏ အမူအရာက အနည်းငယ် ထူးဆန်းသွားကာ ဝေ့ဝူယင်ကို ကြည့်လိုက်သည်။ သူက အဆက်မစပ် မရှိ အဘယ်ကြောင့် ထိုကဲ့သို့ ပြောရသနည်း။

ဝေ့ဝူယင်က အနည်းငယ် ပြုံးလိုက်သည်။

“ကျုပ်ပြောချင်တာက ဒီလိုဗျာ... အတွင်းပိုင်း လောကတွေရဲ့ အရွယ်အစားက အကန့်အသတ် ရှိတယ်... လျှို့ဝှက် အဆင့် ပစ္စည်းတွေကို အများကြီးကို ထိန်းသိမ်း မထားနိုင်ဘူး မလား... “

ဝူယုမှာ သဘောပေါက်သွားဟန်နှင့် မျက်လုံးများ တောက်ပသွား၏။

“ဟုတ်တယ်... အတွင်းပိုင်း လောကတွေမှာ အကန့်အသတ် ရှိတယ်... အများကြီးကို သိမ်းမထားနိုင်ဘူး... သခင်လေး ပြောချင်တာက...”

“အမှန်ပဲ... သူတို့မှာ ဘဏ္ဍာတိုက် တစ်ခု ရှိရင် သွားရှာချေ... ခင်ဗျား ဘာလုပ်ရမလဲ ဆိုတာ သိပါတယ်”

ဝေ့ဝူယင်က အဓိပ္ပာယ် အများကြီးပါသည့် လေသံဖြင့် ပြောလိုက်သည်။ ဝူယု၏ မျက်နှာထက်၌ ရွှင်မြူးသည့် အမူအရာ တစ်ချို့ ပေါ်လာကာ ခေါင်းညိတ်လိုက်သည်။ သူက ကျန်းကျိရီနှင့် ဟန်ယုဟိုင်တို့ကို လှမ်းကြည့်လိုက်၏။

“ခဏနေ ငါပြန်လာခဲ့မယ်...”

ထို့နောက် သူ့ခန္ဓာကိုယ်က အာကာသ စွမ်းအင်များနှင့် ဝန်းရံလာကာ ထိုနေရာမှ ပျောက်ကွယ် သွားခဲ့တော့၏။

***

All Chapters