လုံပိ လယ်ထွန်နေသည်
Vol. 58 Ch. 774
“နတ်ဘုရားတစ်ပိုင်းအားလုံး ဆင့်ခေါ်ခံနေရတာတဲ့လား... အမိကမ္ဘာမြေ တကယ် အသက်ရှင်နေသေးတာလား” ချင်မူမှာ စိတ်အေးအေးမထားနိုင်တော့ပေ။
အတိတ်တစ်ချိန်တုန်းက ယွမ်တုဟု အမည်တွင်ခဲ့သည့် ဤကမ္ဘာဦးဘုံမှာ ခေါက်ယပ်တောင်ပမာ နှစ်ပေါင်းများစွာ ချိတ်ပိတ်ခံခဲ့ရသည်။ ယခုတွင် အချုပ်အနှောင်တို့ ပွင့်ထွက်သွားပြီဖြစ်သည့်အတွက် နတ်ဘုရားတစ်ပိုင်းများစွာ ပေါ်ထွက်လာခဲ့သည်။
အမိကမ္ဘာမြေကဲ့သို့ အင်အားကြီးမားသော ခေါင်းဆောင်တစ်ဦးသည် မဟာမြို့ပျက်နှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီသို့ မည်သို့သော အပြောင်းအလဲများ ယူဆောင်လာလိမ့်မည်နည်း။
သိကြားဗုဒ္ဓသည်လည်း အမိကမ္ဘာမြေအကြောင်း မသိချေ။ ခိုင်ဧကရာဇ်ခေတ်အတွင်း၌ အမိကမ္ဘာမြေမှာ သတင်းအစအနမကျန်အောင် ပျောက်ကွယ်တိမ်မြုပ်နေခဲ့ပြီဖြစ်၏။ ချုံဧကရာဇ်မဟာမြို့ပျက်တွင်လည်း အမိကမ္ဘာမြေနှင့် ဆက်နွှယ်နေသော အပျက်အစီးများ မရှိခဲ့ပေ။ မှတ်တမ်းမှတ်ရာများသော်လည်းကောင်း၊ ဒဏ္ဍာရီများသော်လည်းကောင်း အစပျောက်နေခဲ့သည်။
သို့ဖြစ်၍ ဤရှေးဟောင်းနတ်ဘုရားအပေါ် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ နားလည်ထားမှုသည်လည်း စာရွက်အဖြူပမာ ဖြစ်နေတော့သည်။
ချင်မူကိုယ်တိုင်မှာလည်း ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်ဆီမှ အမိကမ္ဘာမြေအကြောင်း ကြားဖူးနားဝသာ ရှိသည်။ ဤရှေးဟောင်းနတ်ဘုရား၏ စိတ်နေစိတ်ထား၊ လူသားမျိုးနွယ်အပေါ် သဘောထား... အစရှိသည်တို့အား သူ မည်ကဲ့သို့ သိနိုင်မည်နည်း။
ကောင်းကင်နယ်စားမင်းက ချုံဧကရာဇ်ခေတ်သည် အမိကမ္ဘာမြေနှင့် ပတ်သက်နေသည့်အကြောင်း ပြောပြခဲ့သော်လည်း ချုံဧကရာဇ်မှာ တောင်ချုံဧကရာဇ်နှင့် မြောက်ချုံဧကရာဇ်ဟူ၍ နှစ်ခြမ်းကွဲနေခဲ့၏။ မည်သည့်ချုံဧကရာဇ်ကောင်းကင်နတ်ဘုံက အမိကမ္ဘာမြေ၏ အထောက်အပံ့ကို ရခဲ့သနည်း။
ထို့အပြင် ကျန်ချုံဧကရာဇ်ကောင်းကင်နတ်ဘုံ၏ နောက်ကွယ်၌ မည်သူ ရှိခဲ့မည်နည်း။
ချုံဧကရာဇ်ခေတ်သည် နှစ်ပေါင်းသုံးသိန်းကြာ တည်မြဲခဲ့၏၊ အဘယ်ကြောင့် ထိုမျှကြာရှည်ခဲ့သနည်း။
“အမိကမ္ဘာမြေအကြောင်း ခင်ဗျား ဘာသိထားလဲ” ချင်မူက ရေချီလင်နတ်ဘုရားတစ်ပိုင်းကို ကောင်းကောင်းမွန်မွန် မေးကြည့်သည်။
ရေချီလင်က ကပျာကယာ ဖြေ၏။ “ငါ အမိကမ္ဘာမြေနဲ့ တစ်ခါမှ မတွေ့ခဲ့ဖူးဘူး... သူ ဆင့်ခေါ်နေတာကိုပဲ ခံစားရတာ”
ချင်မူ မျက်မှောင်အနည်းငယ် ကျုံ့သွားကာ ဆက်မေးသည်။ “ဒါဆို ချုံဧကရာဇ်ခေတ်အကြောင်း ဘာသိထားလဲ... ဘယ်လောက်အထိ သိလဲ”
ဖိအားကြောင့် ရေချီလင်မှာ မလှုပ်နိုင်ပေ။ “ငါ မွေးတုန်းက စစ်ဖြစ်နေပြီ... ပြင်ပကောင်းကင်နတ်ဘုံက ဝင်စီးပြီး အမိကမ္ဘာမြေကို သတ်ချင်နေတာလို့ ကြားခဲ့ဖူးတယ်... ကျန်တာတွေတော့ ငါလည်း သေချာမသိဘူး.... ငါ့ရာထူးက သိပ်မှမမြင့်ခဲ့တာ...”
ချင်မူက အတတ်နိုင်ဆုံး ချိုသာစွာ ပြုံးပြရင်း ဆက်မေးလိုက်၏။ “ကျွန်တော့်ရဲ့ ညီလေး လန်ယွီထျန်းနောက် လိုက်ချင်စိတ် ရှိလား”
ထိုရေချီလင်က သတိအနေအထားဖြင့် မေးလေသည်။ “လိုက်ချင်စိတ်မရှိဘူး ဆိုရင်ရော”
“စားပွဲပေါ်မှာ ညစာဖြစ်သွားမှာပေါ့ဗျာ”
ရေချီလင်က အခိုင်အမာ ပြောလိုက်တော့သည်။ “သူ့စီးတော်ချီလင်အဖြစ် ကောင်းကောင်းကြိုးစားပါ့မယ်”
ချင်မူ ကောင်းကင်နတ်အရှင်ယွီဆီသို့ ပြောလိုက်၏။ “ညီလေး၊ ဒီရေချီလင်က မင်း သွားလိုရာ ပို့ပေးလိမ့်မယ်... ငါ့မှာလည်း နဂါးချီလင်တစ်ကောင် ရှိတယ်... ဒီလိုနတ်ဘုရားတစ်ပိုင်းတွေက သိပ်အစားကြီးပြီး လောဘလည်း ကြီးကြတယ်... ဒီတော့ မင်း စွမ်းအင်ဆေးလုံး ဖော်တတ်အောင် သင်ရမယ်.... ဗုဒ္ဓလမ်းစဉ်ရဲ့ အခြေခံသင်္ကေတအမှတ်အသားတွေကို မင်း လေ့လာပြီးသွားရင် ငါ ဆေးဖော်နည်း သင်ပေးမယ်”
ကောင်းကင်နတ်အရှင်ယွီက စီးကျနေသော တံတွေးများ သုတ်ကာ ရှက်သလိုကြောက်သလို မေးသည်။ “သူတို့ကို အစာကျွေးရဦးမှာလား... စားလိုက်တာက ပိုမရိုးရှင်းဘူးလား”
ချင်မူ ခေါင်းကိုက်လာတော့သည်။ သူက ရေချီလင်ကို ချင်ဖုန်းကျင့်ဆီ တိုင်တည်စေပြီး မြေအောက်ဘုံအရှင်လေးပဋိညာဉ် ချုပ်ဆိုစေလိုက်၏။ “သူ့ကို သစ္စာဖောက်ဖို့ မကြိုးစားနဲ့နော်.... သစ္စာဖောက်လိုက်ရင် ကျွန်တော့်အစ်ကိုကြီး ခင်ဗျားရှေ့မှာ ပေါ်လာပြီး ခင်ဗျားကို စားပစ်လိမ့်မယ်”
ချင်စာလုံးမြေပြင်ထဲတွင် မြေအောက်ဘုံအရှင်သခင်ကို ရိုက်ပုတ်နေသော ချင်ဖုန်းကျင့်သည် ပဋိညာဉ်တစ်ခု သူ့ခန္ဓာကိုယ်အား လှည့်ပတ်ရစ်သွင်းလျက် ဖွဲ့တည်လာသလို ခံစားလိုက်ရ၍ ဇဝေဇဝါ ဖြစ်သွား၏။
မြေအောက်ဘုံအရှင်သခင်က ပြန်ထပြီး ချော်ရည်များဖြင့် ခန္ဓာကိုယ်ပြန်ဖွဲ့တည်လိုက်သည်။ “ဒါ ဝိညာဉ်ပဋိညာဉ်လို့ ခေါ်တယ်... မင်းက ငါ့ညီလေးလို့ ပြောလို့ရတော့ တခြားသူတွေ မင်းကိုလည်း တိုင်တည်ပြီး ကျိန်ဆိုနိုင်တယ်... သူတို့ ကတိဖျက်လိုက်လို့ ပဋိညာဉ်အသက်ဝင်သွားတာနဲ့ မင်း အဲဒီလူရဲ့ မူလဝိညာဉ်ကို စုပ်ယူပြီး စားပစ်နိုင်ပြီ”
ခေါင်းကြီးကြီးကလေးကြီးမှာ ဝမ်းသာကျေနပ်သွားပြီး နှိမ့်ချစွာဖြင့် အကြံတောင်းလိုက်သည်။ “ခင်ဗျား ဒီလောက်သန်မာအားကောင်းလာတာ အဲဒီလိုစားပစ်လို့လား”
ချင်မူက သံလိုက်လက်ငါးချောင်းတောင် သိုင်းကွက်ကို ဖယ်ရှားလိုက်ပြီး ရေချီလင်မှာ တွင်းကြီးထဲမှ ထွက်လာတော့သည်။ သူက ရူးကြောင်ကြောင် လော့ယွီထျန်းဆီသို့ ကြည့်၍ သူ့ဘာသာသူ တွေးလိုက်မိ၏။ ‘မြေအောက်ဘုံအရှင်သခင်ပဋိညာဉ်ကို ငါ ကြားဖူးပါတယ်.... ဒါပေမဲ့ မြေအောက်ဘုံအရှင်လေးပဋိညာဉ်ဆိုတာ ဘာကြီးတုန်း... ငါ့ကို လှည့်စားနေတာ ဖြစ်လောက်တယ်... သူတို့ သတိလက်လွတ်ဖြစ်တဲ့အချိန် ဒီကောင်လေးကို စားပြီး ထွက်ပြေးမယ်... သူတို့ ငါ့ကို ဘယ်တော့မှ လိုက်မမှီနိုင်ပါဘူး...’
သူ့အတွေး ဤနေရာအရောက်တွင် သူ၏မျက်လုံးထဲ၌ အမှောင်ထု ဖွဲ့တည်လာသည်။
အမှောင်ထုအတွင်းတွင် ဧရာမခေါင်းကြီးတစ်ခေါင်း ပေါ်လာပြီး မျက်လုံးသုံးလုံး ရှိနေ၏။ ခေါင်းကြီး ပါးစပ်ကြီးဖြဲလိုက်သည့်အခါ ချွန်ထွက်နေသော သွားစွယ်များ ပြည့်နေချေသည်။ ရေချီလင်မှာ အလွန်တရာ သေးငယ်သွားသလို ခံစားလိုက်ရကာ ခေါင်းကြီး၏အရှေ့၌ တုန်ရီနေတော့သည်။
ဤအချိန်တွင် အမှောင်ထုထဲမှ ခပ်ဩဩအသံတစ်သံ ကြားလိုက်ရသည်။ “မင်း သူ့ကို အခု စားလို့မရသေးဘူး... သူက တွေးရုံပဲ တွေးရသေးတာ၊ တကယ် မလုပ်သေးဘူးလေ... သူ တကယ်လုပ်တော့မှ မင်း သူ့ကို စားနိုင်မှာ”
ခေါင်းကြီးက ပွစိပွစိ ပြောနေသည်။ “တွေးနေရင်တောင် စားလို့မရဘူးပေါ့.... သူ စတွေးတာနဲ့ စားလို့ ရနေသလို ခံစားနေရတယ်လေဗျာ”
“မြေအောက်ဘုံအရှင်သခင်ဆိုတာ မြေအောက်ဘုံအရှင်သခင်ရဲ့ စည်းကမ်းတွေကို လိုက်နာရတယ်”
အမှောင်ထဲမှ ခပ်ဩဩအသံက သူ့ကို သင်ပေးနေသည်။ “မင်း စည်းကမ်းတွေကို မလိုက်နာဘဲ သူ့ကို စားပစ်လိုက်ရင် ဘယ်သူက မင်းဆီ တိုင်တည်ပြီး ပဋိညာဉ်ချုပ်တော့မလဲ... ငါ့ကို ကြည့်၊ လူတိုင်းက ပဋိညာဉ်တစ်ခု ချုပ်ဆိုတိုင်း ငါ့ကို ရှာပြီး တိုင်တည်ကြတယ်... ဒါပေမဲ့ အတော်များများက ပဋိညာဉ်ချိုးဖောက်ကြလို့ ငါ့အစာ ဖြစ်လာရသေးတာပဲ... ငါက ဘယ်ကိစ္စကိုမဆို မျှမျှတတ စီရင်ပေးတော့မှ ငါ့ကို တိုင်တည်တဲ့လူတွေ အများကြီး ရှိလာတာ... ဘာမှဂရုမစိုက်ဘဲ စားပစ်နေရင် ဘယ်သူက ငါ့ဆီ တိုင်တည်ကျိန်ဆိုတော့မလဲ... မဟုတ်ဘူးလား”
ခေါင်းကြီး၏မျက်လုံးသုံးလုံး ပုတ်ခတ်ပုတ်ခတ် လုပ်ပြီး ဝမ်းသာအားရ ပြောလိုက်သည်။ “အဲဒီလိုကိုး... နားလည်ပြီ... မျှမျှတတ စီရင်ပေးမှ လူတွေအများကြီး အစားခံဖို့ ရောက်လာမှာပေါ့... ကောင်းတယ်၊ သိပ်ကောင်းတယ်... အနည်းဆုံးတော့ သူ့ကို လျက်လို့ရမှာပါ ဟုတ်တယ်မလား”
“မရဘူး... မင်းကြောင့် သူ လန့်သေသွားလိမ့်မယ်”
“တစ်ခါလေးပဲ လျက်မှာပါဗျာ”
“မရဘူး... ဒီနေ့ကစပြီး ရေရှည်အကျိုးအမြန်ကို တွေးစမ်း”
....
ရေချီလင်၏မျက်လုံးအရှေ့ရှိ အမှောင်ထု လွင့်ပျယ်သွားပြီး ရေချီလင်မှာ တစ်ကိုယ်လုံး ချွေးတို့ရွှဲနစ်လျက် ကျန်ခဲ့သည်။ သူက ကောင်းကင်နတ်အရှင်ယွီအတွက် စီးတော်ချီလင်အဖြစ် လိမ်လိမ်မာမာ လုပ်ပေးရင်း သူ့ဘာသာသူ တွေးနေမိသည်။ ‘မြေအောက်ဘုံအရှင်လေးပဋိညာဉ်က မြေအောက်ဘုံအရှင်သခင်ပဋိညာဉ်ထက်တောင် အန္တရာယ်ပိုများသေးတယ်... မြေအောက်ဘုံအရှင်သခင်ပဋိညာဉ်က အနည်းဆုံးတော့ အကြောင်းသင့်အကျိုးသင့်သေးတယ်... မြေအောက်ဘုံအရှင်လေးပဋိညာဉ်ကတော့ အဲဒီမြေအောက်ဘုံအရှင်လေးရဲ့ စိတ်အခြေအနေအပေါ် မူတည်နေတဲ့ပုံပဲ... သူ စိတ်ကောင်းဝင်နေတယ် ငါ အစားခံရမယ်.... စိတ်ကောင်းမဝင်လည်း အစားခံရဦးမှာပဲ....’
ချင်မူက အရှေ့သို့ ကြည့်လိုက်သည်။ ‘ဒီနတ်ဘုရားတစ်ပိုင်းတွေ ဦးတည်နေတဲ့ဘက်က သို့နျိုကမ္ဘာနဲ့ နီးနေသလိုပါလား’
သူတို့ အလျင်အမြန် ဆက်သွားကြပြီး ရေချီလင်၏အကူအညီဖြင့် အားလုံး၏အမြန်နှုန်းက ကြောက်ခမန်းလိလိ မြင့်တက်သွားသည်။ သိကြားဗုဒ္ဓက ကောင်းကင်နတ်အရှင်ယွီကို ဗုဒ္ဓလမ်းစဉ်၏ အယူဝါဒများအကြောင်း ဆက်သင်ပေးနေ၍ ရေချီလင်လည်း နားထောင်နေ၏။ သူ့မှာ အံ့အားသင့်နေတော့သည်။ ‘ဒီကတုံးလေးက တော်တော်ဗဟုသုတ နက်ရှိုင်းတာပဲ... ဗုဒ္ဓအယူဝါဒတွေနဲ့ ပတ်သက်ပြီး သူ သင်ပြပေးနေတာတွေက ယုတ္တိကျပြီး ရှင်းလင်းနေတော့ နက်ရှိုင်းလှတဲ့ သဘောတရားတွေတောင် နားလည်လွယ်သွားတယ်... သူ့ကြည့်ရတာ ပညာရှင်တစ်ယောက် ဖြစ်မယ်... ဒီမယ် ငါ့မှာတော့ သူတို့ကို စားဖို့ ကြိုးစားခဲ့သေးတယ်... ငါ အင်မတန် မောက်မာခဲ့မိတာပဲ’
ရေချီလင်၏ အမြန်နှုန်းက နဂါးချီလင်အောက် မနိမ့်ကျပေ။ သို့သော် ရေချီလင်၏အကူအညီဖြင့်ပင် တစ်လကြာပြီးနောက်မှ သိုင်းပညာကောင်းကင်ဆရာသခင်၏ တောင်ခြေရွာလေးဆီသို့ သူတို့ ရောက်လာကြသည်။
လမ်းတွင် သုတ်သုတ်ပျာပျာ သွားနေကြသော နတ်ဘုရားတစ်ပိုင်းများနှင့် ဆုံတွေ့ခဲ့ပြီး တချို့က သူတို့ကို တိုက်ခိုက်ခဲ့ကြ၏။
ချင်မူအနေဖြင့် ဤသားရဲကြီးများကို ဟန့်တားနိုင်သော်လည်း သူတို့၏သိုင်းအဆင့်များက မတူညီကြပေ။ အရွယ်ရောက်ပြီးသော နတ်ဘုရားတစ်ပိုင်းတို့သည် အစစ်အမှန်နတ်ဘုရားများထက်ပင် သန်မာအားကောင်း၏။
သူတို့မှာ နတ်ကောင်းကင်ခန်းမအဆင့် အဆင့်မြင့်သိုင်းပညာရှင်တစ်ယောက်နှင့်ပင် ညီမျှသော နတ်ဘုရားတစ်ပိုင်းနှင့် ထိပ်တိုက်တွေ့ခဲ့ရသေးသည်။ ထိုနတ်ဘုရားတစ်ပိုင်း၏ အရှိန်အဝါက ကောင်းကင်တစ်ပြင်လုံးကို ပုံပျက်တွန့်လိမ်နေစေပြီး အလွန်အမင်း ကြောက်မက်ဖွယ်ရာ ကောင်းသည်။
ထိုနတ်ဘုရားတစ်ပိုင်းက ရေချီလင်၏အပေါ်၌ ထိုင်နေသော ကောင်းကင်နတ်အရှင်ယွီကို မြင်လျှင် ဒေါသတကြီး တိုက်ခိုက်ရန် ပြင်လိုက်သော်လည်း သိကြားဗုဒ္ဓက တမုဟုတ်ချင်း အရှိန်အဝါ ဖြန့်ကျက်လိုက်သည်။ ထိုအခါမှ မြီးကောင်ပေါက် နတ်ဘုရားတစ်ပိုင်း ထွက်ပြေးသွား၏။
ရေချီလင်လည်း ထိုအခါမှ သူ့ဘေးရှိ ‘ကတုံးလေး’ မည်မျှကြောက်စရာကောင်းမှန်း သိသွား၍ ကြောက်လန့်လာတော့သည်။
လမ်းတွင် ဖျက်စီးခံထားရသော ရွာလေးများကိုလည်း တွေ့မြင်ရသည်။ ထိုရွာများမှာ နတ်ဘုရားတစ်ပိုင်းများ ဖျက်စီးသွားသည့် မဟာမြို့ပျက်ထဲရှိ ရွာများ ဖြစ်ကြ၏။ ရွာသားများမှာလည်း အစားခံခဲ့ရ၍ တစ်ယောက်မှ မကျန်ခဲ့ပေ။
ချင်မူ မျက်မှောင်ကြုတ်ပြီး အသက်ပြင်းပြင်းရှူလိုက်မိသည်။ သို့သော် နတ်ဘုရားတစ်ပိုင်းများ ဖျက်စီးမသွားသည့် ရွာလေးများကိုလည်း မြင်တွေ့ရသည်။
ချင်မူ မေးကြည့်သည့်အခါ ရွာသားတစ်ယောက်က ပြော၏။ “ရွာထဲက ကျောက်ရုပ်တုတွေ အသက်ဝင်လာတာလေ မောင်ရင်ရဲ့.... သူတို့က ပြဿနာလာရှာတဲ့ မကောင်းဆိုးဝါးတွေကို သတ်ပေးပြီး ကျောက်ရုပ်တု ပြန်ဖြစ်သွားကြတယ်”
‘ဒါဆို ယမမင်း ဖုန်းတုနတ်ဘုရားတွေကို ရုပ်ခန္ဓာထဲ ပြန်ဝင်ခိုင်းပြီး မဟာမြို့ပျက်ထဲက လူတွေကို စောင့်ရှောက်ခိုင်းထားတာ ဖြစ်မယ်’ ချင်မူမှာ စိတ်သက်သာရာရသွားသည်။ ဖုန်းတု၏နတ်ဘုရားများ ကူညီပေးလျှင် မဟာမြို့ပျက်၏လူသားများ အသက်ရှင်လောက်သည်။
ဖုန်းတု၏နတ်ဘုရားများသည် ခိုင်ဧကရာဇ် ချန်ရစ်ခဲ့သော အဆင့်မြင့်သိုင်းပညာရှင်များ ဖြစ်ပေသည်။ ခိုင်ဧကရာဇ်ခေတ် ဖယ်ရှားခံလိုက်ရသည့်အချိန်တွင် ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားများက မဟာမြို့ပျက်ထဲတွင် ကျောက်ရုပ်တုများအဖြစ် ပြောင်းလဲလိုက်ပြီး မူလဝိညာဉ်များဖြင့် ဖုန်းတု၌ သွားရောက်နေထိုင်ခဲ့ကြကာ ဦးပြန်မော့နိုင်မည့် နေ့ရက်သို့ စောင့်မျှော်နေခဲ့ကြခြင်း ဖြစ်၏။
ဤကျောက်ရုပ်တုများက အမှောင်ထု၏ကျူးကျော်မှုကို တိုက်ထုတ်ရန် မဟာမြို့ပျက်၏လူသားများ အားကိုးအားထားရသော မျှော်လင့်ချက်လည်း ဖြစ်လာခဲ့သည်။
ဤတစ်ကြိမ်တွင်လည်း ကျောက်ရုပ်များ အသက်ဝင်လာပြီဖြစ်၍ အရွယ်ရောက်ပြီးသော နတ်ဘုရားတစ်ပိုင်းနှင့် မဆုံသရွေ့ ရွာအများစု ဘေးကင်းလိမ့်မည်။
အရွယ်ရောက်ပြီးသော နတ်ဘုရားတစ်ပိုင်းတို့၏ အစွမ်းအစများမှာ ကြောက်မက်ဖွယ်ရာကောင်းလွန်း၏။
အရှေ့တွင် လယ်ကွင်းများ မြင်ရသည့်အခါ ချင်မူ့ရင်ထဲမှ အလုံးကြီးကျသွားသည်။ လယ်များ မြင်ရပြီဖြစ်သည့်အတွက် သိုင်းပညာ ကောင်းကင်ဆရာသခင်၏ ရွာမှာ သိပ်မဝေးတော့ပေ။
စပါးခင်းများက စပါးခင်းများအတိုင်းသာ ရှိနေဆဲ ဖြစ်ပြီး လယ်ခင်းများဘေးတွင် ဧရာမမိုးမခသစ်ပင်ကြီးတစ်ပင် ရှိနေသည်။ မိုးမခသစ်ပင်အောက်၌ နဂါးချီလင်တစ်ကောင်သည် သစ်ပင်ကို မှီလျက် လှဲနေ၏။ သူက ခြေနှစ်ချောင်းကို တင်ပျဉ်ခွေလျက် မြေကြီးပေါ်တွင် ဖင်ချထိုင်ထားသည်။ သူ၏လက်တစ်ဖက်တွင် ဆေးတံတစ်ခု ရှိပြီး သူကား အသက်မဲ့နေသော မျက်ဝန်းများဖြင့် စပါးခင်းများဆီသို့ ကြည့်ကာ အငွေ့တစ်ရှိုက် မှုတ်ထုတ်လိုက်၏။
ချင်မူမှာ အဝေးမှ လှမ်းကြည့်ရင်း မယုံသင်္ကာ ဖြစ်နေတော့သည်။ “သူက လုံပိမှ ဟုတ်ရဲ့လား....”
သစ်ပင်အရိပ်အောက်တွင် နဂါးချီလင်သည် လက်တစ်ဖက် မြှောက်၍ ဗိုက်ပေါ်ရှိ နဂါးကြေးခွံများအား ကုတ်နေသဖြင့် တဂျစ်ဂျစ်မြည်သံများ ထွက်နေ၏။ သူ့ဘေးတွင် ရေနွေးကြမ်းအိုးတစ်အိုး ရှိနေသည်။
ထိုနဂါးချီလင်က ဆေးတံကို ချသည်။ ရေနွေးတစ်ခွက် လောင်းထည့်ပြီးနောက် တစ်ကျိုက် မော့သောက်သည်။
နဂါးချီလင်သည် ကြွက်သားအမြှောင်းမြှောင်းဖြင့် ကြံ့ခိုင်နေသော်လည်း သူ့စိတ်ကား ဤနေရာတွင် ရှိမနေပေ။
သိကြားဗုဒ္ဓက ပြုံးလျက် ပြောသည်။ “သစ်ပင်အောက်မှာ ထိုင်နေတာ နဂါးချီလင်တစ်ကောင် မဟုတ်ဘဲ နွားကြီးတစ်ကောင်သာ ဖြစ်နေလို့ကတော့ ငါ လှည့်ပြေးပြီးပြီ... ဒီနဂါးချီလင်ရဲ့ အဟန့်အထည်က ဟိုနွားကြီးနဲ့ တစ်ပုံစံထဲပဲ... ဟိုနွားကြီးသာဆို ဟိုလယ်သမားလည်း ဒီနားပတ်ဝန်းကျင်မှာ ရှိနေမှာ... အဲဒီလူရဲ့ ဦးနှောက်မှာ ကြွက်သားတွေပဲ ရှိတယ်သိလား... သူက ငါ ဘုန်းကြီးဝတ်သွားတာကို သဘောမကျဘူးလေ”
နဂါးချီလင်က အသံများကြား၍ ခေါင်းလှည့်ကြည့်သည်။ စစချင်း သူ၏အသက်မဲ့နေသော မျက်ဝန်းများမှာ ငေးငိုင်နေသော်လည်း လမ်းလျှောက်လာနေသည့် ချင်မူ့ကို မြင်လိုက်သည်နှင့် သူ မှင်သက်သွား၏။
နဂါးချီလင် မျက်ရည်များ စီးကျလာသည်။ သူ့ပါးစပ်မှ ရှိုက်သံများ ထွက်လာကာ မျက်ရည်များ သုတ်နေတော့သည်။
“ဂိုဏ်းသခင်...”
သူ့အသံမှာ တုန်ရီနေပြီး ချုံးပွဲချ ငိုတော့သည်။ “ဗိုက်ဆာတယ်—“
ရေချီလင်က နဂါးချီလင်ဆီသို့ တစ်ချက်ကြည့်၍ ရွံရှာသွားသော အမူအရာရှိသည်။ “ဒီကောင်ကြီးက ငါနဲ့ တစ်မျိုးနွယ်တည်းပဲဟ... ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ အတော်လေး သန်မာနေတာတောင် ပျော့ညံ့လှချည်လား... ဗိုက်ဆာတယ်ဟုတ်လား... လူသားစားပစ်ပေါ့”
ချင်မူ စွမ်းအင်ဆေးလုံးများ ကပျာကယာ ထုတ်နေသည့်အချိန် နဂါးချီလင်ကလည်း သူ့ဇလုံကို အလျင်အမြန် ချပေးသည်။ ချင်မူလည်း ဇလုံတစ်လုံးစလုံး မို့မောက်နေအောင် ထည့်ပေးလိုက်၏။
နဂါးချီလင်မှာ အကြီးအကျယ် ပျော်သွားပြီး ဇလုံထဲရှိ စွမ်းအင်ဆေးလုံးများကို ကြည့်ကာ သွားရည်ကျနေတော့သည်။ တခဏကြာသော် သူက မျက်ရည်များဖြင့် တစ်လုံးသာ စား၍ ကျန်ဆေးလုံးများကို သိမ်းနေသည်။
“စားပါကွာ စားပါ”
ချင်မူက ပြုံးလျက် ပြောလိုက်သည်။ “နောက်ဆို မင်းကို တစ်ယောက်တည်း အကြာကြီး မထားခဲ့ပါဘူး”
“ကျိန်”
“ကျိန်တယ် ကျိန်တယ် စား စား”
ဤအချိန်တွင် အေးစက်နေသော ခပ်ဩဩအသံကြီးတစ်သံ ဟိန်းထွက်လာသည်။ “မင်းက ငါ့နွားကို ပြန်ပေးဆွဲပြီး အခု ငါ့မြင်းကိုလည်း ပြန်ပေးဆွဲချင်ပြန်တယ်ပေါ့လေ... မင်းမျိုးရိုးက ချင်မကလို့ ဘာကြီးပဲ ဖြစ်နေပါစေ ဒီလောက်မရဲသင့်ဘူးကွ”
ချင်မူ အသံလာရာဆီသို့ လှမ်းကြည့်လိုက်သည့်အခါ လယ်သမားများနှင့်အတူ လယ်သမားအဘိုးကြီးတစ်ယောက် လျှောက်လာသည်ကို မြင်လိုက်ရသည်။ လယ်သမားအဘိုးကြီးသည် ဒေါသအမျက်တချောင်းချောင်း ထွက်နေပြီး အော်ဟစ်နေ၏။ “ငါ့နွား ဘယ်မှာလဲ”
သိကြားဗုဒ္ဓမှာ မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားပြီး ကပျာကယာ လှည့်ပြေးတော့သည်။ လယ်သမားအိုကြီး သူ့ကို မြင်သည့်အခါ တခဏ မှင်သက်သွားပြီးနောက် မိုးခြိမ်းသံကြီးလို ဆဲဆိုတော့၏။ “ဟေ့ကောင် ကတုံး၊ လီရုံလန်... ကလိမ်ကကျစ်ကောင်... စစ်တိုက်နေရင်းတန်းလန်း ထွက်ပြေးပြီး သိကြားဗုဒ္ဓ သွားလုပ်တဲ့ကောင် ... ငါ့လက်သီးသုံးချက် ယူလိုက်စမ်း”
ဘုန်း—
ပြင်းထန်အားကောင်းသော အားလှိုင်းကြီးများ လိမ့်ထွက်လာသည်။ ပထမအားလှိုင်းက မိုင်တစ်ရာအကွာမှ ဖြာဆင်းလာ၏။ လယ်သမားများမှာ ကြောက်မက်ဖွယ်ရာလှိုင်းလုံးကြီး ချင်မူ့ကို ထိမှန်သွားမည်စိုးသဖြင့် ချင်မူအား အလျင်အမြန် လှမ်းဆွဲလိုက်ကြသည်။
သို့သော် ဒုတိယအားလှိုင်းက မိုင်တစ်ထောင်အကွာမှ လာနေချေပြီ။ နေရာဟင်းလင်းပြင်မှာ တွန့်လိမ်သွားပြီး တောင်တန်းများမှာ ကျစ်ဆံမြီးများသဖွယ် ဆန့်ဆင်းသွား၏။
လိမ်တွန့်သွားသော နေရာဟင်းလင်းပြင် အကောင်းပကတိ ပြန်မဖြစ်သေးသည့်အချိန်တွင် တတိယအားလှိုင်းက ရိုက်ခတ်လိုက်ပြီဖြစ်သည်။ နောက်တခဏ၌ နေရာဟင်းလင်းပြင်သည် ငြိမ်သက်သွားပြီး တောင်တန်းများလည်း ပုံမှန်ပြန်ဖြစ်သွားသည်။
“ကဲ ကဲ အကုန်လုံး အဆင်ပြေသွားပါပြီ”
လယ်သမားများက ရယ်ရယ်မောမောဖြင့် ပြောကြသည်။ “မိတ်ဆွေလေးချင်၊ မင်း နွားကြီးကို ခေါ်သွားကတည်းက ကောင်းကင်ဆရာသခင် တကြိမ်းကြိမ်းထဲ ကြိမ်းနေတော့ပဲ... အစ်ကိုကြီးနျိုစန်းသွောကို လှည့်စားပြီး ခေါ်သွားလို့ မင်းကို အရှက်မရှိဘူး၊ လိမ်တယ်ညာတယ်၊ ယုံကြည်မရဘူးဆိုပြီး အမြဲကြိမ်းမောင်းနေတာ... နောက်ကျ သေချာရှင်းပြလိုက်ဦး... နားလည်မှုထပ်မလွဲစေနဲ့”
ချင်မူမှာ ရင်ထဲတွင် ထိတ်လန့်သွား၏။ “တကယ်ပဲ ရှင်းပြလို့ရပါ့မလား...”
အားလုံးက သူတို့ကို တောင်ခြေရွာလေးဆီသို့ လိုက်ပို့ပြီး ပြောကြ၏။ “ကောင်းကင်ဆရာသခင်က ပြောရဆိုရလွယ်ပါတယ်... မပူနဲ့ အမှားကိုသာ ဝန်ခံလိုက်... သူ ဒေါသပြေသွားလိမ့်မယ်”
တောင်ခြေရွာလေးဆီသို့ ရောက်သည့်အခါ ဘုန်းခနဲ အသံကြီး ကြားလိုက်ရပြီး လယ်သမားအိုကြီး မြေပြင်ပေါ် ဆင်းသက်လာ၏။ သူက အရပ်ပုသော်လည်း တစ်မျက်နှာလုံး ဝက်ခေါင်းလို ဖူးယောင်နေသော သိကြားဗုဒ္ဓကို မ,ထားသည်။ ထို့နောက် လက်နှစ်ဖက်စလုံး လွှဲ၍ သိကြားဗုဒ္ဓအား နံစော်နေသည့် မြောင်းပုပ်ထဲ ပစ်ချကာ အော်ဟစ်ပြောဆိုသည်။ “သူ့ကို မြောင်းထဲက ဆွဲထုတ်ရဲရင် ငါ့လက်သီးစာ မိမယ်... ဒီကတုံးက ထမင်းကျွေးတဲ့လက်ကို ပြန်ကိုက်ပြီး ရန်သူမိန်းမတစ်ယောက်နဲ့ ပေါင်းဖက်ခဲ့တဲ့ သစ္စာဖောက်ကွ”
ချင်မူ မြောင်းပုပ်ဆီသို့ လည်ဆန့်ကြည့်လိုက်ရာတွင် ငေးငိုင်နေသည့် မျက်ဝန်းများဖြင့် လဲနေသော သိကြားဗုဒ္ဓအား မြင်လိုက်ရသည်။
“မင်းပြောတော့ မင်းတွေ့ရမယ့် လူတွေကို ငါ မသိဘူးဆို...”
သူက ခပ်တိုးတိုး ရေရွတ်နေ၏။ “ဒါက ငါ့ကို ဒုက္ခရောက်အောင် လုပ်တာပဲ မဟုတ်လား...”
ချင်မူ မကြားချင်ယောင်ဆောင်ပြီး လယ်သမားအိုကြီးဆီသို့ အလျင်အမြန် ဦးညွှတ်အရိုအသေပေးလိုက်သည်။ “အစ်ကိုကြီးစန်းသွောက ဖုန်းတုမှာ ယမမင်းကို ကူညီပေးနေပါတယ်... တူလေး အစ်ကိုကြီးစန်းသွောကို ခေါ်သွားဖို့ မရည်ရွယ်ထားပေမယ့် ဆရာကြီးရဲ့ နွားဆိုတဲ့အတိုင်း အစ်ကိုကြီးစန်းသွောက သူရသတ္တိအပြည့်နဲ့ ဖုန်းတုမှာ ကူညီပေးဖို့ နေခဲ့မယ် ပြောတာပါဗျ... သူက ဦးရီးတော်လို အင်မတန် ဖြောင့်မတ်တည်ကြည်တဲ့ အမှန်တရားဘက်တော်သားပါ... ဒီကိစ္စကြောင့် ဦးရီးတော် စိတ်ခုသွားရင် တူလေး တောင်းပန်ပါတယ်”
လယ်သမားအိုကြီးက သူ့ကို စိုက်ကြည့်နေရာမှ ရုတ်တရက် ပြုံးလိုက်သည်။ သူက သူ့ပခုံးနှစ်ဖက်ကို ဖြစ်၍ တဟားဟား ရယ်နေ၏။ “ဘာတွေ တောင်းပန်နေတာတုန်းကွ... တော်လိုက်တဲ့ ငါ့တူ၊ လာ ဝင်လာခဲ့”
၎
င
၎
၎