← Chapters

သိုင်းလမ်းစဉ်၏ မဟာဧကရာဇ်

Vol. 58 Ch. 775

သိုင်းလမ်းစဉ်၏ မဟာဧကရာဇ်

Vol. 58 Ch. 775

ချင်မူနှင့် လယ်သမားအဘိုးအို ရွာထဲသို့ ဝင်လိုက်ကြပြီး ရေချီလင်လည်း နောက်မှ လိုက်သွားသည်။ ရေချီလင်သည် နဂါးချီလင်ကို ကြည့်၍ အကဲခတ်နေရာမှ သရော်တော်တော် ပြောလိုက်၏။ “မင်းကလည်း ချီလင်သွေး နတ်ဘုရားတစ်ပိုင်းပါပဲ... ဒါပေမဲ့ ပျင်းရိတုံးအလွန်းအားကြီးတယ်... မင်းက ငါတို့ ချီလင်နတ်ဘုရားမျိုးနွယ်အတွက် အရှက်စရာပဲကွ... လူသားတစ်ယောက် စီးတာခံနေရတဲ့အပြင် လယ်လည်း ထွန်နေသေးတယ်... ကလေးလိုလည်း အော်ဟစ်ငိုယိုသေးတယ်”

နဂါးချီလင်က သူ့ကို တစ်ချက်ကြည့်၍ ပြောလိုက်သည်။ “ခင်ဗျား ကျောပေါ်က ဘာလဲ”

ကောင်းကင်နတ်အရှင်ယွီသည် ရေချီလင်၏ ကျောပေါ်တွင် ထိုင်နေပြီး ပတ်ဝန်းကျင်ကို စပ်စပ်စုစု ကြည့်နေ၏။

ရေချီလင်မှာ အရှိုက်တည့်တည့် ထိသွားတော့သည်။ “ငါက မတူဘူး... ငါ့ကို မင့်သခင် ဖမ်းခဲ့တာ... အညံ့မခံရင် သေမှာမလို့သာ သခင်လေးလန်ရဲ့ စီးတော်ချီလင် လုပ်ပေးခဲ့တာကွ... မင်းကကျ အော်ဟစ်ပြီးတောင် ငိုနေသေးတယ်.... ငါတို့ချီလင်နတ်ဘုရားမျိုးနွယ်က အတိတ်တုန်းက ဘယ်လောက် အင်အားကြီးမားခဲ့သလဲ မင်း သိလား.. နဂါးမျိုးနွယ်၊ ဇာမဏီမီးငှက်မျိုးနွယ် အားလုံး ငါတို့နဲ့တွေ့ရင် နှိမ့်ချပြီး ဆက်ဆံကြရတယ်...”

နဂါးချီလင်က အေးအေးလူလူ ပြောလိုက်၏။ “ခင်ဗျား စွမ်းအင်ဆေးလုံး စားဖူးလား”

ရေချီလင်က ဒေါသတကြီး ဆူသည်။ “ဘာစွမ်းအင်ဆေးလုံး စားရမှာလဲ... လူသား၊ နတ်ဘုရားတစ်ပိုင်း၊ မကောင်းဆိုးဝါး၊ နဂါး၊ မီးငှက်... အသက်ရှိတာမှန်သမျှ ငါတို့ စားလို့ရနေတာကို စွမ်းအင်ဆေးလုံးတွေ စားပြီး ဘာလုပ်မှာလဲ”

နဂါးချီလင် ပတ်ဝန်းကျင်သို့ ချောင်းကြည့်ရင်း မည်သူမျှ သူ့ကို စောင့်ကြည့်မနေကြောင်း အတည်ပြုပြီးနောက်မှ အိတ်တစ်အိတ် ထုတ်လိုက်သည်။ သူက စွမ်းအင်ဆေးလုံးကို ဂရုတစိုက် ထုတ်ပြီး ပြော၏။ “ဒါက လျှပ်စီးဓာတ်နဲ့ မီးဓာတ် အားဖြည့်ဆေးလုံးတစ်လုံးပဲ... ဂိုဏ်းသခင်က ကျွန်တော့်အတွက် ဖော်စပ်ပေးထားတာမလို့ ခင်ဗျားအတွက် မသင့်တော်လောက်ဘူး... ကျွန်တော့်မှာ ဒီဆေးလုံးအပြင် မရှိတော့ဘူး... ဒါကိုပဲ မြည်းကြည့်လိုက်”

ရေချီလင်မှာ မြည်းကြည့်ပြီး မှင်သက်သွားသည်။

“ပေါက်ကရတွေ မပြောနဲ့... မင့်သခင် မင်းကို တစ်ဇလုံစလုံး မို့မောက်နေ‌အောင် ထည့်ကျွေးခဲ့တာ ငါ မြင်ပါတယ်”

ရေချီလင်က တောက်ပစွာ ပြုံးလိုက်သည်။ “နှစ်လုံးလောက် ထပ်ကျွေးကွာ.... နှစ်လုံးပါပဲ”

နဂါးချီလင် ခေါင်းယမ်းလိုက်၏။ “ဒါက မီးဓာတ်နဲ့ လျှပ်စီးဓာတ် စွမ်းအင်ဆေးလုံး... ခင်‌ဗျားက ရေချီလင်၊ နဂါးချီလင်မဟုတ်တော့ ဒါကို စားလို့မရဘူး... ခင်ဗျားခန္ဓာကိုယ်ပေါ် ထိခိုက်လိမ့်မယ်... ခင်ဗျားမှာလည်း သခင်ရှိတာပဲ ခင်ဗျားသခင်ဆီက တောင်း‌ပေါ့”

ရေချီလင်မှာ တွန့်ဆုတ်တွေဝေသွားသည်။ “ငါတို့ ချီလင်နတ်ဘုရားမျိုးနွယ်ရဲ့ မာန....”

နဂါးချီလင်က သူ့ကို အဖက်မလုပ်တော့ဘဲ ချင်မူ့နောက် လိုက်သွားသည်။

ချင်မူက လာရသည့်အကြောင်းရင်းကို ပြောနေ၏။ “လက်ရှိမဟာမြို့ပျက် ဘယ်လိုမှတိုင်းတာမရတော့အောင် ကျယ်ဝန်းနေပြီ... အန္တရာယ်တွေလည်း ပြည့်နှက်နေတယ် ဦးရီးတော်.... ဒါကြောင့် မဟာမြို့ပျက်ထဲက လူတွေကို ‌‌စောင့်ရှောက်ပေးဖို့ သို့နျိုကမ္ဘာရဲ့အင်အားကို ငှားမလား တူလေး တွေးနေတာ”

လယ်သမားအိုကြီး၏မျက်နှာပေါ်ရှိ ထယ်ထိုးထားသကဲ့သို့ မို့ခေါက်နေသော ပါးရေတွန့်များ လိပ်တက်သွားသည်။ “ရွာတိုင်းမှာ ကာကွယ်ပေးမယ့် ကျောက်ရုပ်တုတွေ ရှိတယ်... မြို့တွေမှာတောင် ကျောက်ရုပ်တုတွေ ရှိနေကြပြီ... ယမမင်းကလည်း အမိန့်တော်ထုတ်ပြန်ပြီး မဟာမြို့ပျက်ထဲက နတ်ဘုရားတွေကို အချိန်မရွေး နိုးထခွင့် ပေးထားတယ်...

“ဒီ့အပြင် ယမမင်းကိုယ်တိုင် နတ်ဘုရားချိရှို့ကို ငါ့ဆီ လွှတ်ပြီး သို့နျိုကမ္ဘာကို ကာကွယ်ပေးဖို့ နတ်ဘုရားတွေ လွှတ်ပေးရမလား မေးသေးတယ်... ဒါမဲ့ ငါ သူ့စေတနာကို ငြင်းလွှတ်လိုက်တယ်... ကမ္ဘာဦးဘုံ ဒီတစ်‌ခေါက် ပြန်ထွက်ပေါ်လာတာက သမုဒ္ဒရာထဲကို ဆန်စေ့လေးတစ်စေ့ ကျသွားသလောက်ပဲ ရှိသေးတယ်... တကယ့် အန္တရာယ်က အခုထိ ပေါ်မလာသေးဘူး”

ချင်မူမှာ ရင်ထဲတွင် လှုပ်သွားပြီး မေးလိုက်၏။ “အဲဒါဆို အန္တရာယ်တွေ ဘယ်ကလာမယ်လို့ ဦးရီးတော် ထင်လဲ”

“တကယ့် အန္တရာယ်က မဟာမြို့ပျက်ထဲမှာ မဟုတ်ဘူး... ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာပဲ”

လယ်သမားအိုကြီးသည် ဦးရီးတော်ဟု အခေါ်ခံရသည့်အခါ အတော်လေး တရင်းတနှီး ရှိသွား၏။ သူက အေးစက်စက် မကြည့်တော့ဘဲ အပြုံးတစ်ခုဖြင့် ပြောသည်။ “နတ်ဘုရားတစ်ပိုင်းတွေနဲ့ ယှဉ်ရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာက အားနည်းလွန်းသေးတယ်... ‘ကျားကို မောင်းနှင်ပြီး ဝံပုလွေကို စား’တဲ့ ဗျူဟာကို မင်း သိလား”

ချင်မူမှာ အကြောင်သား ဖြစ်နေသည်။ “ဦးရီးတော် ဆိုလိုတာက...”

“မဟာမြို့ပျက်က ချိတ်ပိတ်ခံထားရတဲ့ ကမ္ဘာဦးဘုံ၊ ကမ္ဘာဦးဘုံက ချိတ်ပိတ်မခံထားရတဲ့ မဟာမြို့ပျက်ပဲ... ဒီတစ်ခေါက် ကမ္ဘာဦးဘုံ အခုလို အချုပ်အနှောင်တွေကို ချိုးဖျက်ပြီး ပြန်ထွက်ပေါ်လာလိမ့်မယ်လို့ ဘယ်သူမှ မထင်မှတ်ထားကြဘူး... သစ်ခုတ်သမားတောင် အငိုက်မိသွားတယ်”

လယ်သမားအိုကြီးက တည်ငြိမ်းအေးဆေးစွာ ဆက်ပြောသည်။ “မဟာမြို့ပျက်ထဲမှာ ခိုင်ဧကရာဇ်ရဲ့ လက်ကျန်အမှုထမ်းတွေ ရှိကြတယ်... သိပ်အများကြီးတော့ မဟုတ်ဘူး.. အလွန်ဆုံး သန်းဂဏန်းလောက်ပေါ့... ငါတို့ ခိုင်ဧကရာဇ်ရဲ့ လက်ကျန်အမှုထမ်းတွေရဲ့ အကူအညီနဲ့အတူ မဟာမြို့ပျက်ရဲ့ လူသားတွေကို အတူစုစည်းပြီး နတ်ဘုရားမြို့တော်တွေ တည်ထောင်လိုက်ရင် ဒီကလူတွေ လုံခြုံသွားလိမ့်မယ်...

“ဒါပေမဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာကရော... အင်ပါယာမှာ လူဦးရေ သန်းနှစ်ဆယ်၊ သုံးဆယ်လောက် ရှိတယ်မဟုတ်လား... ပြည်သူပြည်သားတွေက မြို့တွေ၊ ရွာတွေမှာ ပျံ့နှံ့နေတယ်... အခု မြို့တစ်မြို့နဲ့ တစ်မြို့ကြား အကွာအဝေးက အနည်းဆုံး အဆတစ်ရာ ဝေးကွာနေပြီ”

ချင်မူ ရင်ထဲတွင် တဖြည်းဖြည်း လေးလံလာ၏။

လယ်သမားအိုကြီးက ဆက်ပြောသည်။ “တစ်မြို့နဲ့တစ်မြို့ ကူးသန်းသွားလာရေးတွေ ခက်ခဲကုန်ကြပြီ... ကမ္ဘာဦးဘုံရဲ့ ကမ္ဘာဦးတောအုပ်တွေကလည်း မြို့တွေကို ဝိုင်းရံထားတယ်... နတ်ဘုရားတစ်ပိုင်းတွေတင် မကဘူး.... အန္တရာယ်များတဲ့ မြို့ပျက်တွေ၊ စစ်မြေပြင်တွေလည်း ပေါ်လာကြတယ်... ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်ရဲ့ တရားဥပဒေစိုးမိုးမှုက အောက်ဆုံးအထိ ကျသွားပြီ... မကြာခင် မြို့တိုင်း၊ နေရာတိုင်းက သူတို့ဘာသာ အုပ်ချုပ်ကြတော့မယ်...

“ဒီတိုင်းဆို ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပြုပြင်ပြောင်းလဲမှု ဖျက်စီးခံရဖို့ မကြာတော့ဘူး.. လူအင်အားမရှိရင်၊ ပြုပြင်ပြောင်းလဲမှု ရှိလာမှာမဟုတ်သလို၊ အင်ပါယာလည်း ပြိုကွဲသွားလိမ့်မယ်... ဧကရာဇ်က ပြည်သူပြည်သားအားလုံးကို နန်းစိုက်မြို့တော်အနီး ပြောင်းရွှေ့လာဖို့ တိုက်တွန်းထားပေမယ့် အဲဒါက ဆယ်နှစ်ကနေ နှစ်တစ်ရာအထိ ကြာမှာ...

“ဒါပေမဲ့ ဒီလပိုင်းလေးအတွင်း နေရာအတော်များများက ထာဝရငြိမ်းချမ်းရေးအင်ပါယာကနေ ခွဲထွက်ပြီး သူတို့ဘာသာ ဧကရာဇ်လုပ်ကြလိမ့်မယ် ... ပုန်ကုန်မှုတွေလည်း ထကြွလာမယ်... ထာဝရငြိမ်းချမ်းရေးအင်ပါယာ ထိန်းသိမ်းနိုင်တာဆိုလို့ နန်းစိုက်မြို့တော်အနား ပတ်ဝန်းကျင်ပဲ ရှိလာလိမ့်မယ်”

သူက သရော်တော်တော် ပြော၏။ “ပြီးတော့ အခု ထွက်‌‌ပေါ်လာတဲ့ နတ်ဘုရားတစ်ပိုင်းတွေကို ပြန်တိုက်ခိုက်ဖို့က ထာဝရငြိမ်းချမ်းရေးအင်ပါယာ တတ်နိုင်မလား၊ မတတ်နိုင်မလား အသာထား... စစ်ချီတက်တာနဲ့တင် နှစ်တစ်ရာလောက် ကြာနေလိမ့်မယ်... ဒါ့အပြင် ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ နတ်ဘုရားတစ်ပိုင်းတွေနဲ့ ထိပ်တိုက်ရင်ဆိုင်နိုင်တဲ့ အင်အား ရှိမနေဘူး”

လယ်သမားအိုကြီးသည် ယိုင်ယိုင်ယွဲ့ယွဲ့ သက်ပြင်းမှုတ်ထုတ်ကာ ပြောနေ၏။ “ငါ ပြောခဲ့တဲ့ ‘ကျားကို မောင်းနှင်ပြီး ဝံပုလွေကို စားတဲ့ ဗျူဟာ’ ဆိုတာ ထာဝရငြိမ်းချမ်းရေးအင်ပါယာက ဝံပုလွေ၊ ကျားက ကမ္ဘာဦးဘုံထဲက နတ်ဘုရားတစ်ပိုင်းတွေပဲ... နတ်ဘုရားတစ်ပိုင်းတွေအပြင် ဆာလောင်နေတဲ့ တခြားကျားတွေလည်း ရှိသေးတယ်... အပေါ် မော့ကြည့်လိုက်”

ချင်မူ ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ ကောင်းကင်ထဲတွင် အခြားကမ္ဘာများသည် အရောင်အသွေးစုံလင်စွာဖြင့် တောက်ပနေကြ၏။ တိမ်တိုက်များ၊ မြူခိုးများက မြေပြင်ကို လွှမ်းခြုံထားကြပြီး ကြယ်တာရာများ လှည့်ပတ်နေကြသည်။

“အဲဒီကမ္ဘာတွေမှာလည်း နေထိုင်နေတဲ့ သတ္တဝါတွေ ရှိတယ်”

လယ်သမားအိုကြီးက ပြောသည်။ “မဟာမြို့ပျက်မှာ ညအချိန်ရောက်ရင် မိစ္ဆာနတ်ဘုရားတွေ တစ်ချက်တစ်ချက် ပေါ်လာတတ်တယ်မလား... အဲဒီမိစ္ဆာနတ်ဘုရားတွေက ဒီကမ္ဘာတွေကပဲ... ကမ္ဘာဦးဘုံ ချိတ်ပိတ်ခံထားရတုန်းက ငါတို့ကမ္ဘာဆီ လာဖို့ သူတို့ အတော်အားစိုက်ထုတ်ရတယ်... သွေးယဇ်ပူဇော်တာမျိုး လုပ်ဖို့လိုခဲ့တယ်... ဒါပေမဲ့ အခုတော့ အများကြီး လွယ်ကူသွားပြီ... ထာဝရငြိမ်းချမ်းရေးအင်ပါယာဟာ နေ့အချိန်မှာ နတ်ဘုရားတွေကို ရင်ဆိုင်ပြီး ညရောက်ရင် အခြားကမ္ဘာက မိစ္ဆာနတ်ဘုရားတွေကို ရင်ဆိုင်ရလိမ့်မယ်... ဒီလိုအခြေအနေမျိုးမှာ သူတို့ ဘယ်ရှင်သန်နိုင်ပါ့မလဲ”

ချင်မူ စိုးရိမ်ကြောက်လန့်လာသည်။

မဟာမြို့ပျက်ထဲတွင် အခြားကမ္ဘာများမှ မိစ္ဆာနတ်ဘုရားများနှင့် သူ အကြိမ်ပေါင်းများစွာ ဆုံတွေ့ခဲ့ဖူး၏။ ဥပမာ သူနှင့် ရွာလူကြီး ရွှင်ပျော်ပျော်ကျေးရွာအား သွားရှာခဲ့သော ညတွင် မိစ္ဆာနတ်ဘုရားမတစ်‌ယောက်နှင့် ကောင်းကင်နတ်ဆိုးအုပ်နှင့် ရင်ဆိုင်ခဲ့ရဖူးသည်။

သူ ယန်ကျင့်ကျင့်ဆီ အလည်သွားရန် နေရေတွင်းဆီ ပထမဆုံးသွားခဲ့သည့်အခေါက်တွင်လည်း မိစ္ဆာနတ်ဘုရားတစ်ပါး၏ ထိန်းချုပ်ခြယ်လှယ်ထားမှုကြောင့် နေရေတွင်းကို တိုက်ခိုက်နေရသော ကောင်းကင်ငှက်မွှေးမျိုးနွယ်နှင့် တွေ့ဆုံခဲ့ရသည်။

လရေတွင်း၌လည်း လထိန်းကျောင်းသူ တစ်ယောက်မှမကျန်အောင် အမျိုးဖြုတ်သတ်ဖြတ်ခဲ့သော မိစ္ဆာနတ်ဘုရားများအား မြင်တွေ့ခဲ့ရ၏။

အတိတ်တုန်းက မဟာမြို့ပျက်တွင် ကမ္ဘာလောကစည်း ရှိခဲ့သောကြောင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ဘေးကင်းလုံခြုံခဲ့သည်။ ယခုတွင် ကမ္ဘာလောကများက အချုပ်အနှောင်များထဲမှ လွတ်မြောက်လာပြီဖြစ်၍ ထာဝရငြိမ်းချမ်းရေးအင်ပါယာသည် အန္တရာယ်ကင်းပါဦးမည်လော။

“ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပျက်သုဉ်းဖို့က သေချာနေပြီ... ပထမဆုံး နယ်မြေတွေက သူတို့ဘာသာသူတို့ နိုင်ငံတော်တွေ ထူထောင်ကြတာကြောင့် အင်ပါယာတစ်ခုလုံး တစစီ ကွဲထွက်သွားလိမ့်မယ်... ချိမင်ခေတ်ရဲ့ အသက်ရှင်ကျန်သူတွေလည်း ငြိမ်ငြိမ်နေကြတော့မှာ မဟုတ်ဘူး... ဖုရွေ့လော်လည်း ရှိသေးတယ်... မြောက်ပိုင်းနယ်စပ်၊ မြက်ခင်းလွင်ပြင်၊ အနောက်ကမ္ဘာမြေ... အကုန်လုံး ပြိုကွဲကုန်လိမ့်မယ်”

လယ်သမားအိုကြီးသည် ချင်မူ့ကို တစ်ချက်ကြည့်၍ လေးလံနေသော လေသံဖြင့် ပြော၏။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာ အုပ်ချုပ်နိုင်မယ့် နယ်မြေက အင်ပါယာရဲ့ ဆယ်ရာခိုင်နှုန်းတောင် ရှိတော့မှာမဟုတ်ဘူး... နတ်ဘုရားတစ်ပိုင်းတွေကလည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာကို တိုက်ခိုက်ဦးမှာပဲ....

“ဒီတော့ ထာဝရငြိမ်းချမ်းရေးအင်ပါယာအကြောင်း မေ့ထားလိုက်... မဟာမြို့ပျက်က လူတွေအတွက်ပဲ တွေး... ငါ ကျောက်ရုပ်တုတွေကို အသက်သွင်းပေးဖို့ ယမမင်းဆီ အကြောင်းကြားပြီး မဟာမြို့ပျက်သားတွေကို ဒီနေရာဆီ ခေါ်လာခိုင်းလိုက်မယ်... ဒီနေရာကို ဗဟိုပြုပြီး ငါတို့ နိုင်ငံတော်တစ်ခု တည်ထောင်မယ်... မင်းက ခိုင်ဧကရာဇ်ရဲ့ မျိုးဆက်ဆိုတော့ ဒီနိုင်ငံတော်အသစ်ရဲ့ ဧကရာဇ် လုပ်... ထာဝရငြိမ်းချမ်းရေးအင်ပါယာကတော့ ကယ်တင်လို့ မရတော့ဘူး”

ချင်မူမှာ စိတ်တည်ငြိမ်အောင် လုပ်လိုက်သည်။

သိုင်းပညာကောင်းကင်ဆရာသခင်သည် အဝေးကို ကြိုမြင်နိုင်ပြီး အလွန်တိကျ၏။

ယခုတွင် ကမ္ဘာဦးဘုံမှာ အချုပ်အနှောင် လွတ်ကင်းသွားပြီဖြစ်သော်လည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာအတွက် အကြီးမားဆုံး အန္တရာယ်ဖြစ်လာ၏။ ဆီးနှင်းကပ်ဘေးထက်ပင် များစွာအန္တရာယ်ကြီးမားချေသည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပြုပြင်ပြောင်းလဲမှုသည်လည်း ပြိုလဲပျက်စီးသွားပြီး အခြေအနေသည် ဂိုဏ်းများ အုပ်ချုပ်နေသော နိုင်ငံများအဖြစ်သို့ ပြန်လည်ရောက်ရှိသွားလိမ့်မည်။

ယခုအချိန်တွင် ဧကရာဇ်ယန်ဖုန်း၊ ဧကရာဇ်အတိုင်ပင်ခံနှင့် တန်ခိုးရှင်သစ်ခုတ်သမားတို့ပင် အကြီးအကျယ် စိုးရိမ်နေကြပြီး မည်သို့လုပ်၍ မည်သို့ကိုင်ရမည်မှန်း မသိ ဖြစ်နေကြလိမ့်မည်။

“ဦးရီးတော်၊ ကျွန်တော့်မှာ ဧကရာဇ်ယန်ဖုန်းလို တက်ကြွပြင်းထန်တဲ့ ရည်မှန်းချက် မရှိသလို၊ ဧကရာဇ်အတိုင်ပင်ခံလိုလည်း ပြုပြင်ပြောင်းလဲမှုကို တွန်း‌ပေးနိုင်တဲ့ အစွမ်းအစ မရှိဘူး... ဧကရာဇ်ယန်ဖုန်းနဲ့ ဧကရာဇ်အတိုင်ပင်ခံက ခိုင်ဧကရာဇ်နဲ့ တန်ခိုးရှင်သစ်ခုတ်သမားထက်တောင် ပိုစွမ်းဆောင်နိုင်တယ်လို့ ကျွန်တော် ခံစားရတယ်... ဒါ့အပြင် ဒါက ဧကရာဇ်ယန်ဖုန်းအတွက် ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ဆက်ထိန်းထားနိုင်မလားဆိုတဲ့ စမ်းသပ်မှုလည်း ဖြစ်လိမ့်မယ်... ကျွန်တော်တို့ ဆက်တောင့်ခံထားရင် ဘာမဆို ဖြစ်နိုင်ပါတယ်”

လယ်သမားအိုကြီးက သူ့ကို စိုက်ကြည့်၍ သရော်တော်တော် ပြောသည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာက ဘာကို သုံးပြီး နတ်ဘုရားတစ်ပိုင်းတွေကို ရင်ဆိုင်မှာလဲ... အဲဒီကမ္ဘာတွေကို ဘယ်လိုတိုက်ခိုက်မလဲ... ကြည့်နေ၊ လပိုင်းလေးနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြိုကွဲသွားလိမ့်မယ်”

ချင်မူက အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “အဖြေတစ်ခုက‌တော့ အမြဲရှိပါတယ်... ဦးရီးတော်၊ အခု ကမ္ဘာဦးဘုံ ရုတ်တရက် ထွက်ပေါ်လာပြီး နတ်ဘုရားတစ်ပိုင်းတွေက အမိကမ္ဘာမြေရဲ့ ခေါ်သံဆီ သွားနေကြတယ်... ဒီကိစ္စကနေ ဦးရီးတော် ဘာမြင်မိလဲ”

လယ်သမားအိုကြီးဆီမှ အေးစက်စက်အသံ ထွက်လာသည်။ “ငါ ဘာမြင်မိလဲ ဟုတ်လား... မင်းတို့ကောင်တွေ တစ်ယောက်ပြီးတစ်ယောက် သေနေတာ မြင်တယ်ကွ”

ချင်မူ တဟားဟား ရယ်လိုက်မိ၏။ “ဦးရီးတော်ကတော့ စိတ်ဆိုးပြန်ပြီ... ကျွန်တော်တို့ ပြောနေတဲ့ကိစ္စက အရေးကြီးတယ်ဗျ”

လယ်သမားအိုကြီးက သူ့ကို စိမ်းစိမ်းဝါးဝါး ကြည့်၍ တိတ်ဆိတ်သွားသည်။

ချင်မူ့မျက်နှာပေါ်ရှိ အပြုံးက ပျောက်ကွယ်မသွားပေ။ “သို့နျိုကမ္ဘာသားတွေမှာ ကောင်းကင်တံတား ကောင်းကင်ရတနာ ရှိမနေတဲ့ ပြဿနာကို တစ်ခါတည်း အပြတ်ဖြေရှင်းပေးနိုင်မယ့် အကြံတစ်ခု ကျွန်တော် တွေးမိထားတယ်....

“ဒီလိုပါ ... သေခြင်းရှင်ခြင်းကောင်းကင်ရတနာကို ဖွင့်ပြီးရင် ကျွန်တော်က မူလကောင်းကင်တံတား ကောင်းကင်ရတနာကို ဖျက်စီးပြီး ကောင်းကင်တံတားကောင်းကင်ရတနာအသစ် ဖွင့်ကြည့်မယ်... အဲဒီနည်းလမ်း အောင်မြင်သွားရင် သို့နျိုကမ္ဘာသားတွေတင် မဟုတ်ဘူး... ကောင်းကင်တံတား ကျိုးနေတဲ့ မဟာမြို့ပျက်သားတွေနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာသားတွေလည်း ကောင်းကင်တံတားကောင်းကင်ရတနာအသစ် ပြန်ဖွင့်ပြီး နတ်ဘုရားဖြစ်ဖို့ မျှော်လင့်နိုင်ပြီ... ဦးရီးတော်၊ ကျေးဇူးပြုပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ သွားပေးပါ၊ ဧကရာဇ်ယန်ဖုန်းနဲ့ ဧကရာဇ်အတိုင်ပင်ခံ ဒီဒုက္ခကို ကျော်လွှားနိုင်အောင် ကူညီပေးပါ ... ကျွန်တော် တောင်းဆိုပါတယ်”

လယ်သမားအိုကြီး၏ အကြည့်က စူးရဲတောက်ပလာပြီး သူက သရော်တော်သလို ပြောလေသည်။ “ဒီက လူတွေက ကျဆုံးသွားတဲ့ ငါ့သို့နျိုနန်းဆောင်ရဲ့ စစ်သည်တော်တွေရဲ့ မျိုးဆက်တွေမှန်း မင်း သိထားလို့ ငါ့ကို သွေးဆောင်နေတာမလား... ဒါပေမဲ့ မင်း ကောင်းကင်တံတား ကောင်းကင်ရတနာအသစ် ပြန်မဖွင့်နိုင်ရင် ဘယ်နှယ့်လုပ်မလဲ”

ချင်မူက ပြုံး၍ ပြောလိုက်သည်။ “ကျွန်တော်က လောကသခင်ခန္ဓာပါ... အတိတ်တုန်းကရော ပစ္စုပ္ပန်မှာရော ကျွန်တော့်လိုလူ တစ်ယောက်မှ မရှိဘူး”

လယ်သမားအိုကြီး အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်မိသည်။

ချင်မူ၏အပေးအယူက သူ့ကို အမှန်တကယ် လှုပ်ရှားသွားစေခဲ့၏။

သို့နျိုကမ္ဘာသားတို့မှာ သူ့တစ်ဘဝလုံးအား ချုပ်နှောင်ထားသော သံကြိုးများ ဖြစ်ကြသည်။ ခိုင်ဧကရာဇ်ခေတ် ပျက်သုဉ်းပြီးနောက် သူသည် ကျဆုံးသွားသည့် စစ်သည်တော်များကို မွေးရပ်မြေတွင် မြှုပ်နှံပေးခဲ့ပြီး ခေါင်းဆောင်တစ်ယောက် ဖြစ်သည့်အလျောက် သူတို့အပေါ် လိပ်ပြာမလုံ ဖြစ်ခဲ့၏။ ထို့ကြောင့် သူတို့၏မျိုးဆက်များကို နှစ်ပေါင်းနှစ်သောင်းတိုင်တိုင် စောင့်ရှောက်ပျိုးထောင်ပေးခဲ့ခြင်း ဖြစ်သည်။

သူ့မှာ စစ်သည်တော်တို့၏ မျိုးဆက်များ အသက်ကြီး၍ သေဆုံးသွားကြသည်ကိုသာ ကြည့်ရင်း မည်သို့မျှ မတတ်နိုင်ခဲ့ပေ။ သူတို့သည် သူ့လို သိုင်းလမ်းစဉ်ကိုသာ အားထား၍ ကောင်းကင်နန်းဆောင်ဆီသို့ တိုက်ရိုက်ပျံတက်နိုင်ကြမည် မဟုတ်ပေ။

ချင်မူနှင့် ဟူပုကွေ့ပင် သိုင်းလမ်းစဉ်အဆင့် မတက်လှမ်းခင် ခက်ခက်ခဲခဲ အားထုတ်ခဲ့ကြရသည်။

သူက အတိတ်မှ ပစ္စုပ္ပန်၊ ပစ္စုပ္ပန်မှ အနာဂတ်အထိ သိုင်းလမ်းစဉ်၏ တစ်ဦးတည်းသော မဟာဆရာသခင်သာ ဖြစ်နေလိမ့်မည်။ သူသည် သိုင်းလမ်းစဉ်၏ မဟာဧကရာဇ်ပင် ဖြစ်၏။

ချင်မူသာ ဤပြဿနာကို အမှန်တကယ် ဖြေရှင်းပေးနိုင်လျှင် ဧကရာဇ်ယန်ဖုန်းနှင့် ဧကရာဇ်အတိုင်ပင်ခံကို ကူညီပေးရန် သူ တောင်မှ ထွက်သွားပေးမည်။

ချင်မူက သူ့ကို စိတ်အားထက်သန်စွာ ကြည့်ရင်း အဖြေကို တိတ်ဆိတ်စွာ စောင့်နေသည်။

လယ်သမားအိုကြီး စိတ်တည်ငြိမ်အောင် ထိန်းလိုက်ပြီး သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်ထွန်းလာ၏။ သူက ချင်မူ့မျက်ခုံးနှစ်ဖက်ကြားနေရာသို့ အသာအယာ ထိုးလိုက်သည်။

ချင်မူမှာ အင့်ခနဲ ညည်းတွားပြီး သွေးတစ်လုပ် အန်လိုက်ရသည်။ လယ်သမားအိုကြီး၏ လက်သီးသည် ကြောက်စရာကောင်းပုံပေါ်ခဲ့‌သော်လည်း အလွန်ထူးဆန်း၏။ သူ့မျက်ခုံးနှစ်ဖက်ကြားသို့ ထိသွားသည့်တိုင် ရုပ်ခန္ဓာအပေါ် မသက်ရောက်ပေ။

လက်သီးချက်၏ ခွန်အားက မည်သည့်အရာကိုမဆို ဖျက်စီးနိုင်သကဲ့သို့ အတိုင်းအဆမဲ့သည်။ ၎င်း သူ့ကိုယ်ထဲ စီးဆင်းဝင်ရောက်လာသည့်အခါ ချင်မူ တစ်စုံတစ်ခု ပြိုကွဲသွားသည်ကို ခံစားလိုက်ရသည်။

‘ငါ မင်းရဲ့ နိုးထမလာသေးတဲ့ ကောင်းကင်တံတား ကောင်းကင်ရတနာကို ဖျက်စီးလိုက်ပြီ”

လယ်သမားအိုကြီးက တုတ်ခိုင်သန်မာသော လက်သီးကြီးကို ပြန်ရုတ်ကာ ပြုံးလျက် ပြောသည်။ “မင်းရဲ့ ကျန်တဲ့ ကောင်းကင်ရတနာတွေကိုတော့ စိတ်ပူစရာမလိုဘူး... အကုန်အကောင်းတိုင်း ရှိသေးတယ်... ဒါပေမဲ့ မင်းရဲ့ ကောင်းကင်တံတား ကောင်းကင်ရတနာက ငါ့ကြောင့် ပျက်စီးသွားပြီ.. ဒဏ်ရာတွေကတော့ မြန်မြန်ဆန်ဆန် ပျောက်သွားလိမ့်မယ်... ဒါပေမဲ့ သေခြင်းရှင်ခြင်း ကောင်းကင်ရတနာကို ဖွင့်ပြီးရင်တောင်မှ မင့်သက်တမ်းက နှစ်ခြောက်ရာပဲ ရှိတော့တယ်... ကောင်းကင်တံတား ကောင်းကင်ရတနာကို မြန်မြန်ရအောင် ဖွင့်... မဟုတ်လို့ကတော့ သေမှာကိုပဲ စောင့်နေလိုက်”

ချင်မူ ပါးစပ်မှ သွေးများကို သုတ်၍ အလေးအနက် ပြောလိုက်သည်။ “ဦးရီးတော်၊ တူလေး သေချာပေါက် အောင်မြင်မှာပါ”

လယ်သမားအိုကြီးသည် ရွာအလယ်သို့ လျှောက်သွားပြီး အော်ဟစ်လိုက်၏။ “စစ်သည်တော်အပေါင်းတို့ ငါ့စကားနားထောင်၊ ငါ ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ သွားနေတဲ့အတောအတွင်း မင်းတို့ သို့နျိုကမ္ဘာကို ကာကွယ်ပေးထားရမယ်... ငါ့ချပ်ဝတ် ယူလာခဲ့ကြ”

ရွာသားများမှာ အံ့ဩဝမ်းသာသွားကြသည်။ သူတို့က သူ၏ချပ်ဝတ်ကို ကပျာကယာ သွားယူလိုက်ကြ၏။ လယ်သမားအဘိုးအို ချပ်ဝတ် ဝတ်လိုက်သည့်အခါ သူ့ရုပ်သွင်သည် အလွန်ခံ့ညားထည်ဝါနေတော့သည်။ သူက နဂါးချီလင်ဆီသို့ တစ်ချက်ကြည့်လိုက်၍ နဂါးချီလင် တဆတ်ဆတ် တုန်သွားသည်။

လယ်သမားအိုကြီးက ခေါင်းယမ်းလိုက်၏။ “ငါ့ခန္ဓာကိုယ်က လေးလွန်းတယ်... မင်း ငါ့ကို မသယ်နိုင်ဘူး... စန်းသွောကို အရင်ရှာမှပဲ”

နဂါးချီလင်မှာ ပခုံးပေါ်မှ ဝန်ထုပ်များ ကျသွားသလို ခံစားလိုက်ရသည်။

အားလုံး အရိုအသေပေးလိုက်ကြပြီး သူတို့၏အရှိန်အဝါများက ကောင်းကင်ယံတွင် လွှမ်းခြုံနေကြသည်။ “ဂရုစိုက်ပါ သိုင်းပညာကောင်းကင်ဆရာသခင်”

ချင်မူလည်း ဦးညွှတ်အရိုအသေပေးကာ ပြောလိုက်သည်။ “ဂရုစိုက်ပါ... သိုင်းလမ်းစဉ်ရဲ့ မဟာဧကရာဇ်”

“သိုင်းလမ်းစဉ်ရဲ့ မဟာဧကရာဇ် ဟုတ်လား”

လယ်သမားအိုကြီး အနည်းငယ် မှင်သက်သွားပြီးနောက် တဟားဟား အော်ရယ်လိုက်သည်။ အလင်းတန်းများက သူ့ခန္ဓာကိုယ်မှ ဖြာထွက်လာကာ သူသည် ရှေ့တစ်လှမ်းလှမ်း၍ အစအနရှာမရအောင် ပျောက်သွားတော့၏။

ချင်မူ ခါးပြန်မတ်၍ မြောင်းပုပ်ဘေးသို့ သွားလိုက်သည်။ သူက အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “ဗုဒ္ဓ အခု ထွက်လာလို့ရပြီ”

သိကြားဗုဒ္ဓက စိတ်ပျက်သည့်ဟန်ဖြင့် မျက်လုံးလှန်ကာ ပြောလေသည်။ “လယ်သမား တကယ် ထွက်သွားလို့လား... ငါ့ကို လိမ်နေပြန်တာလား”

ချင်မူက သူ့ကို မြောင်းထဲမှ ဆွဲထုတ်ပေးရင်း ခပ်တည်တည် ပြောနေ၏။ “ဗုဒ္ဓကို ကယ်ဖို့ ကျွန်တော် သိုင်းပညာကောင်းကင်ဆရာသခင်ဆီက လက်သီးတစ်ချက် ခံခဲ့ရတယ်... သူ့ကြောင့် ကျွန်တော့် ကောင်းကင်တံတား ကောင်းကင်ရတနာ ကြေမွသွားပြီ”

“ယုံမိတော့မလိုပဲ”

သိကြားဗုဒ္ဓ မဲ့ရွဲ့ကာ ပြောလိုက်သည်။ “ငါ့ကို လိမ်ဖို့ ကြိုးစားနေတာမလား... နေဦး တကယ် ကြေမွသွားတာပဲ... မင်း... မင်း ဘာလို့ ဒီလို လုပ်ခဲ့ရတာလဲ”

All Chapters