← Chapters

မွှေးပျံ့နေတဲ့ လမ်းမထက်မှာ မြည်းတစ်ကောင်ကို စီးလို့

Vol. 58 Ch. 777

မွှေးပျံ့နေတဲ့ လမ်းမထက်မှာ မြည်းတစ်ကောင်ကို စီးလို့

Vol. 58 Ch. 777

ကမ္ဘာဦးဘုံ အချုပ်အနှောင်များမှ ပွင့်ထွက်လာမှုသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာအပေါ်သို့လည်း သက်ရောက်မှု ရှိ၏။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ‌တောင်တန်းများမှာ ပွင့်ကျလာသော ခေါက်ယပ်တောင်ပမာ ကားထွက်ကုန်ကြသည်။

မြို့တစ်မြို့နှင့်တစ်မြို့ ကူးသန်းဆက်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်ကုန်သည်။ တစ်မြို့နှင့်တစ်မြို့ မိုင်တစ်သောင်းကျော် ကွာဝေးကုန်ကြပြီး အတိတ်တုန်းက မြို့ပျက်လည်း ထွက်ပေါ်လာကြ၏။ နတ်ဘုရားများပင် တစ်မြို့မှတစ်မြို့သို့ သွားရန် အလွန်သတိထားရလေသည်။

မူလဝိညာဉ်ညီလာခံကိုလည်း မူလဝိညာဉ်အတွက် အန္တရာယ်အလွန်များသော အခြေအနေဖြစ်နေ၍ အချိန်တစ်ခုအထိ ရပ်စဲထားသည်။ ပေါ်ထွက်လာကြသည့် မြို့ပျက်များတွင် ကောင်းကင်နတ်သိုင်းအကြွင်းအကျန်များ ပြည့်နှက်နေကြပြီး သတိမထားလျှင် ကောင်းကင်နတ်သိုင်းများကြောင့် အသက်ပျောက်မှန်းမသိ ပျောက်သွားကြလိမ့်မည်။

ကုန်းလမ်းပို့ဆောင်ဆက်သွယ်မှုနှင့် လေလမ်းပို့ဆောင်ဆက်သွယ်မှုလည်း ရပ်ထားရသည်သာမက မူလဝိညာဉ်ညီလာခံကိုပင် သုံးမရတော့ပေ။ သိုင်းပညာကောင်းကင်ဆရာသခင် ခန့်မှန်းခဲ့သည့်အတိုင်း ဖြစ်လာ၏။ အင်ပါယာအပေါ် ဧကရာဇ်ယန်ဖုန်း၏ အာဏာသက်ရောက်မှုမှာ စိုးရိမ်ရေမှတ်အထိ ကျဆင်းသွားခဲ့ချေပြီ။

နန်းစိုက်မြို့တော်တစ်ဝန်းလုံး အုတ်အောင်သောင်းနင်း ဖြစ်နေ၍ ဧကရာဇ်ယန်ဖုန်းမှာ ကပျာကယာ ဆုံးဖြတ်ချက်ချပြီး ပြည်သူပြည်သားများ စိတ်အေးလက်အေး ရှိစေရန် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ နတ်ဘုရားများအား အဓိကမြို့များဆီသို့ စေလွှတ်နေရသည်။

ထိုအချိန်တွင် အနက်ရောင်ဝတ်ရုံနှင့် ထူးဆန်းသော လူတစ်ယောက် လွမ်သီခန်၏ အိမ်တော်ဆီ ရောက်လာသည်။

“မြက်ခင်းလွင်ပြင်ထက်က သိမ်းငှက်ဘုရင် လွမ်သီခန်၊ မင်းက နတ်ဘုရားတစ်ပါး ဖြစ်လာတာတောင် ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ အစေအပါး လုပ်နေသေးတယ်လား” လူထူးဆန်းက သူ့ကို ‌မေးသည်။

လွမ်သီခန်က ထိုလူ့ဆီသို့ ကြည့်၍ ပြောလိုက်သည်။ “မြက်ခင်းလွင်ပြင်က ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ လက်ထဲ ကျသွားပြီ... ကျုပ်လည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံကို ရှံးခဲ့လို့ သူ့ဆီမှာ အညံ့ခဲ့ပြီးပြီ... ဧကရာဇ်အတိုင်ပင်ခံ မသေသရွေ့ ကျုပ် သစ္စာမဖောက်ဘူး”

လူထူးဆန်းက အနက်ရောင်ခြုံထည်ကို မြှောက်ကာ ပြုံးလိုက်သည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံအနေနဲ့ သေဘေးကို ရှောင်လွှဲဖို့ ခက်တယ်... မြက်ခင်းလွင်ပြင်သားတွေက နတ်ဘုရားနဲ့ လူသားသွေးရောထားတဲ့ သွေးနှောတွေ၊ မဟာကာလအရှင်ရဲ့ သွေးသားတွေပဲ... မင်းလို သွေးနှောကို ဧကရာဇ်ယန်ဖုန်းက ဘာအစွမ်းအစတွေနဲ့ သူ့အမှုထမ်း လုပ်ခိုင်းတာလဲ... ငါတို့မြက်ခင်းလွင်ပြင်က မဟာကာလမြက်ခင်းလွင်ပြင်... အခု ကမ္ဘာဦးဘုံ ပွင့်လာပြီဆိုတော့ မဟာကာလလည်း ပြန်ထွက်ပေါ်လာလိမ့်မယ်... ဒီတော့ မင်း ဘာကြောင့် သူတစ်ပါးရဲ့ငယ်သား လုပ်နေဦးမလဲ... ကမ္ဘာကြီးရဲ့ ထိပ်ဆုံးကို တက်စမ်းပါ... ဧကရာဇ်ပလ္လင်အပေါ် တက်နိုင်ဖို့က လက်တစ်ကမ်းပဲ လိုတော့တယ်”

လွမ်သီခန်မှာ လူထူးဆန်း၏မျက်နှာကို မယုံကြည်နိုင်စွာ ကြည့်နေပြီး မှင်သက်နေ၏။ ထိုလူ ခြုံထည်ကို ချွတ်လိုက်သည့်အခါ သူ၏ခေါင်းအနောက်မှ အနက်ရောင်နေတစ်စင်း မြောက်တက်လာသည်ကို မြင်လိုက်ရသည်။ သူ၏အ‌ရေပြားမှာမူ ရွှေရောင်သမ်းနေချေသည်။

မဟူရာနေနတ်ဘုရားက ဟက်ခနဲ ရယ်လိုက်ကာ ပြောသည်။ “လွမ်သီခန်၊ မင်း ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ နေပြီး သူများခိုင်းတာခံမလား... တောင်ပံဖြန့်ပြီး တခြားသိမ်းငှက်တွေနဲ့ တိုက်ခိုက်နိုင်မယ့် မြက်ခင်းလွင်ပြင်ဆီ ပြန်လာမလား”

လွမ်သီခန် စိတ်အားတရှိန်းရှိန်း တက်လာပြီး အလေးအနက် ပြောလိုက်သည်။ “ကျုပ်မိန်းမနဲ့ ကလေးတွေက နန်းစိုက်မြို့တော်မှာ... ကျုပ် အင်ပါယာပြန်ထူထောင်ဖို့ ထွက်သွားရင် သူတို့ သေချာပေါက် အန္တရာယ်ပေးခံရလိမ့်မယ်”

မဟူရာနေနတ်ဘုရားက ခနဲ့သလို တစ်ချက် ရယ်သည်။ “မင်း အသက်ရှင်နေသရွေ့ မိန်းမတွေ၊ ကလေးတွေ ယူလို့ရတယ်မဟုတ်လား... မိန်းမကို လွမ်းနေရင် ဒီအခွင့်အရေးကို လက်လွှတ်ရလိမ့်မယ်... ငါ တခြားတစ်ယောက်ပဲ သွားရှာလိုက်မယ်”

နောက်ဆုံးတွင် လွမ်သီခန် ဆုံးဖြတ်ချက် ချကာ ခိုင်မာပြတ်သားစွာ ပြောလိုက်၏။ “အဲဒါဆို အခုချက်ချင်း နန်းစိုက်မြို့တော်က ထွက်သွားကြစို့”

မဟူရာနေနတ်ဘုရားက ခြုံထည်ကို ပြန်ခြုံလိုက်ပြီး နှစ်ယောက်သား ခန်အိမ်‌တော်အပြင် ထွက်လိုက်သည့်အခါ လမ်းလျှောက်လာနေသော လူငယ်တစ်ယောက်ကို မြင်လိုက်ရသည်။

လူငယ်က သူတို့နှစ်ယောက်ကို မြင်လျှင် ရပ်ကြည့်ပြီးနောက် မေး၏။ “လွမ်သီခန်၊ ဘယ်သွားမလို့လဲ”

လူငယ်လေး၏ဘေးတွင် ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်နတ်ဘုရားများ ရှိနေသည်။ သူတို့အားလုံး၏ အရှိန်အဝါများက အတိုင်းထက်အလွန် သန်မာအားကောင်းကြသည်။

လွမ်သီခန်မှာ ထိုနတ်ဘုရားများကို မြင်လိုက်သည်နှင့် ကြောက်လန့်သွားသဖြင့် မလိမ်တော့ပေ။ “မြက်ခင်းလွင်ပြင်ဆီ ပြန်မလို့”

“မြက်ခင်းလွင်ပြင်ရဲ့ နေ့ရက်တွေက အဆုံးသတ်သွားတာ ကြာပြီ”

လူငယ်က ပြောသည်။ “အခု ကမ္ဘာကြီးဟာ ပြောင်းလဲနေတယ်... နတ်ဘုရားတစ်ပိုင်းတွေလည်း အပြည့်ပဲ... မြို့ပျက်တွေလည်း ပေါ်ထွက်လာကြပြီ... မင်း မြက်ခင်းလွင်ပြင်ဆီ ပြန်ရင်တောင်မှ ဘာမှဖြစ်မြောက်လာမှာ မဟုတ်ဘူး...  အဲဒီကလူတွေကိုပဲ ဒုက္ခသွားပေးသလို ဖြစ်ပြီး မျိုးနွယ်စုတစ်စုလုံး သုတ်သင်ခံရလိမ့်မယ်... မင်းက ငါ့ကို မွေးပေးခဲ့တဲ့လူ ဖြစ်နေလို့ ငါ မင်းကို သတိပေးနေတာပဲ”

လွမ်သီခန် သရော်တော်တော် ပြောလိုက်၏။ “မြက်ခင်းလွင်ပြင်သားအားလုံးနီးပါး မင်း အဆိပ်ခတ်လို့ သေခဲ့ကြရတာတောင် မင်းက မြက်ခင်းလွင်ပြင်သားတွေ ငါ ဒုက္ခသွားပေးနေတယ်လို့ ပြောထွက်ရဲသေးတယ်လား... မင်းနဲ့ ငါက ဘာမှမပတ်သက်တော့တာ ကြာပြီ... ငါတို့သားအဖ ဖြစ်ခဲ့ဖူးတာ ထောက်ထားရင် ငါ့ကို မတားနဲ့”

လူငယ်က မျက်မှောင်ကြုတ်လိုက်ပြီး သူ ထွက်သွားနိုင်အောင် လမ်းဖယ်ပေးလိုက်သည်။ “မမေ့နဲ့... ငါတို့ဘိုးဘေးတွေကို ကယ်တင်ပေးခဲ့တာ ပထမလူသားဧကရာဇ်ပဲ”

လွမ်သီခန်မှာ တခဏ တွန့်ဆုတ်သွားသော်လည်း အံတင်းတင်းကြိတ်၍ သူ့ဘေးမှ ဖြတ်လျှောက်သွား၏။

မဟူရာနေနတ်ဘုရားက လူငယ်ဆီသို့ လှည့်ကြည့်ကာ ခပ်တိုးတိုး မေးလိုက်သည်။ “အဲဒါ ဘယ်သူလဲ... သူကလည်း မဟာကာလအရှင်ရဲ့ သွေးသားမလား”

“လိုလန်ရွှေနန်းတော်ရဲ့ မှော်ဆရာသခင်ပေါ့... ကျုပ်ရဲ့သား ပန်ကုန်းစုန်ကို ပူးကပ်ထားတာလေ... အခုတော့ ကောင်းကင်တံတားအဆင့် ရောက်နေပြီ”

လွမ်သီခန် ဆက်ပြောသည်။ “ကျုပ်တို့က သားအဖဆိုပေမယ့် သူက ချိမင်ခေတ်သားတွေဆီမှာ အညံ့ခံထားတယ်... ကျုပ်ကို ကူညီမှာမဟုတ်ဘူး... မြန်မြန်သွားကြစို့... မြို့ထဲမှာ စောင့်ကြပ်နေတဲ့ နတ်ဘုရားတွေ အများကြီး ရှိတယ်”

နှစ်ယောက်သား နန်းစိုက်မြို့တော်မှ ထွက်ပြေးသွားကြသည်။

ပန်ကုန်းစုန်နှင့် ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် နတ်ဘုရားများက ရှေ့ဆက်လျှောက်သွားကြသည်။ သူတို့သည် နန်းစိုက်မြို့တော်အတွင်းရှိ နန်းတွင်းဆီသို့ ရောက်လာကြကာ ကြောင်တစ်ကောင်လို ခေါင်းမိုးထက်တွင် ပြေးလွှားနေသော ကျားနက်လေးတစ်ကောင်နှင့် နန်းဆောင်တစ်ဆောင်မှ တစ်ဆောင်သို့ ခုန်ကူးလျက် ကျားနက်လေးနောက်မှ ပြေးလိုက်နေသော မြေခွေးဖြူလေးတစ်ကောင်အား မြင်လိုက်ရ၏။

“ဆရာကြီးကျား၊ မိန်းကလေးလင်း”

ပန်ကုန်းစုန်က ရပ်၍ မေးလိုက်သည်။ “တန်ခိုးရှင်သစ်ခုတ်သမားနဲ့ ဂိုဏ်းသခင်ချင် ရှိလား”

ကျားနက်လေးသည် အနက်ရောင်ကြောင်လေးသဖွယ်‌ ခြေလမ်းများကို ရပ်လိုက်ပြီး နန်းဆောင်တံတိုင်းထက်တွင် ထိုင်လိုက်၏။ “ပန်ကုန်းစုန်လား... တောင်ပင်လယ်က တာအိုမိတ်ဆွေတို့ပါလား... ကမ္ဘာကြီး ပရမ်းပတာ ဖြစ်နေပြီဆိုတော့ မင်းတို့တွေ ထာဝရငြိမ်းချမ်းရေးအင်ပါယာ အင်အားနည်းနေတဲ့အချိန် အခွင့်အကောင်းမယူတော့ဘူးလား”

မြေခွေးဖြူလေးလည်း ရပ်လိုက်ကာ ခုနစ်နှစ်၊ ရှစ်နှစ်အရွယ် ကလေးမလေးပုံစံ ပြောင်းလိုက်သည်။ သူမမှာ အနောက်ရှိ အမြီးကိုးချောင်းကို မဖွက်ထားနိုင်တော့ပေ။ “မှော်ဆရာကြီး၊ ရှင့် တစ်ဘဝလုံး သခင်လေးနဲ့တွေ့တိုင်း ပြေးနေတာပါ... အခုမှ ထူးထူးဆန်းဆန်း သူ့ကို အရင်လာတွေ့တာပါလား”

ပန်ကုန်းစုန်က အပြုံးတစ်ခုဖြင့် ရှင်းပြလိုက်၏။ “အခုအချိန်မှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာအနေနဲ့ ခြံစည်းရိုးမလုံတော့သလို၊ တောင်ပင်လယ်မှာလည်း အတူတူပါပဲ... ဒါကြောင့် ချိမင်နတ်ဘုရားသားတော်က သူ့ပုံရိပ်ကို ဒီကမ္ဘာဆီ လွှတ်လိုက်ပြီး တန်ခိုးရှင်သစ်ခုတ်သမားနဲ့ ချင်မူကို စကားပြောဖို့ တောင်ပင်လယ်ဆီ ဖိတ်ခေါ်လိုက်တာပါ”

မြေခွေးဖြူလေးက ပြောလေသည်။ “သခင်လေး မရှိဘူး... ချိမင်နတ်ဘုရားသားတော်က ပုံရိပ်လွှတ်တာပဲ ဟုတ်လို့လား... ကိုယ်အစစ်နဲ့ ဆင်းသက်လာတာ မဟုတ်ဘူးလား... မှော်ဆရာကြီး၊ ရှင် လိမ်နေပြန်ပြီ”

ပန်ကုန်းစုန်က ပြုံးရုံသာ ပြုံးကာ ပြန်မဖြေပေ။

“တန်ခိုးရှင်သစ်ခုတ်သမားက ဧကရာဇ်အတိုင်ပင်ခံနဲ့ ဧကရာဇ်ယန်ဖုန်းနဲ့အတူ ကမ္ဘာတစ်ခုလုံးကို ဆက်သွယ်ပေးနိုင်မယ့် နေရာရွှေ့ပြောင်းဝင်္ကပါတွေ တည်ဆောက်နေတယ်”

ကျားနက်လေးက ခန္ဓာကိုယ်ကို လှုပ်ခါကာ ကိုးတောင် ကျားနက်တစ်ကောင်အသွင် ပြောင်းလိုက်သည်။ “နောက်က လိုက်ခဲ့”

ကလေးမလေးက ကျားနက်၏ ကျောပေါ် ခုန်တက်ပြီး လိုက်သွားသည်။ ပန်ကုန်းစုန်နှင့် ကျန်ရှိသူများလည်း သူတို့နောက်မှ လိုက်သွားပြီး ကျားနက် ရပ်လိုက်သည့် နန်းဆောင်ဆီသို့ ရောက်လာကြ၏။ ရွှေအ၏ ကြီးကြပ်ကွပ်ကဲမှုအောက်တွင် ဧရာမမုခ်ဝကြီးတစ်ခု တည်ဆောက်နေကြသော အလုပ်သမားများအား တွေ့ကြရသည်။ သစ်ခုတ်သမား၊ ဧကရာဇ်အတိုင်ပင်ခံနှင့် ဧကရာဇ်ယန်ဖုန်းတို့ကလည်း သင်္ချာညီမျှခြင်းများ တွက်ထုတ်နေကြလေသည်။

“ချိမင်နတ်ဘုရားသားတော်၏ အမိန့်တော်နဲ့အတူ ပန်ကုန်းစုန် တွေ့ခွင့်‌တောင်းလိုပါတယ်”

ပန်ကုန်းစုန်နှင့် ကျန်နတ်ဘုရားများသည် ဦးညွှတ်အရိုအသေပေးကြပြီး ခါးပြန်မတ်လိုက်ကြသည်။ “နေရာရွှေ့ပြောင်းဝင်္ကပါတွေက တစ်မြို့နဲ့တစ်မြို့အကြား သွားလာရလွယ်ကူစေပေမယ့် တစ်နေ့တစ်နေ့ ကုန်ကျမယ့် ဆေးစွမ်းအင်ကျောက်တုံးပမာဏက ရေတွက်လို့ ရမှာတောင် မဟုတ်ပါဘူး... ပုန်ကန်ချင်တဲ့လူတွေ နေရာရွှေ့ပြောင်းဝင်္ကပါကို စီးနင်းလိုက်ရင်လည်း အရှင်မင်းကြီးရဲ့ ကြိုးစားအားထုတ်မှု အလကား ဖြစ်ဦးမှာပါ.... အရှင်မင်းကြီးက အလုပ်မဖြစ်မယ့်အရာတစ်ခုကို ဘာကြောင့် လုပ်နေတာပါလဲ”

ဧကရာဇ်ယန်ဖုန်းက နဖူးမှ ချွေးများကို သုတ်၍ သူ့ဆီသို့ ကြည့်သည်။ “မှော်ဆရာသခင်မှာ ဘယ်လိုအကြံကောင်းတွေ ရှိနေလို့လဲ”

“ကျွန်‌တော်မျိုးမှာ မရှိပေမယ့် ချိမင်နတ်ဘုရားသားတော်မှာတော့ ရှိပါတယ်”

ပန်ကုန်းစုန် ပြုံး၍ လျှောက်တင်လိုက်သည်။ “နတ်ဘုရားသားတော်က တောင်ပင်လယ်မှာ သူ့ပုံရိပ် ပို့လွှတ်ထားပါတယ် ...အားလုံး အဲဒီကို သွားပြီး ဆွေးနွေးပေးလို့ ရမလားခင်ဗျာ”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ အကြည့်က သူ့ဆီသို့ ရောက်လာသည်။ “ချိမင်နတ်ဘုရားသားတော်က ငါတို့အခြေအနေကနေ အမြတ်ထုတ်ချင်နေတာလား... အဲဒီလိုလုပ်ချင်ရင် သူ့ပုံရိပ်ကိုပဲ စေလွှတ်မှာမဟုတ်ဘူး.. အစစ်အမှန်ကိုယ်နဲ့ ဆင်းသက်လာပြီး‌လောက်ပြီ”

ပန်ကုန်းစုန် တဟားဟား ရယ်ကာ ပြောလိုက်၏။ “အခု ထာဝရငြိမ်းချမ်းရေးအင်ပါယာတစ်ခုလုံး တကွဲတပြား ဖြစ်နေပြီနော် ဧကရာဇ်အတိုင်ပင်ခံ... ခင်ဗျားတို့ ကမောက်ကမဖြစ်နေတဲ့ ဒီကမ္ဘာကြီးမှာ အသက်ဆက်ရှင်နိုင်ဖို့ ချိမင်နတ်ဘုရားသားတော်ကို အားကိုးရလိမ့်မယ်... ဒါက ခင်ဗျားတို့ အခြေအနေကို အမြတ်ထုတ်နေတာ မဟုတ်ဘူး... အခွင့်အရေးအသစ်တွေ ဖန်တီးနေတာလို့ ခေါ်တယ်”

“ချိမင်နတ်ဘုရားသားတော် ဆွေးနွေးချင်ရင် ငါ လိုက်ဆွေးနွေးမယ်”

ရုတ်တရက် ကောင်းကင်ထက်မှ ခပ်ဩဩအသံတစ်သံ ထွက်လာသည်။ အားလုံး မော့ကြည့်လိုက်သည့်အခါ လယ်သမားအိုကြီးတစ်ယောက်ကို သယ်လျက် ဆင်းလာသော နွားအိုကြီးတစ်ကောင်အား မြင်လိုက်ရ၏။

တန်ခိုးရှင်သစ်ခုတ်သမားမှာ အံ့ဩဝမ်းသာသွားတော့သည်။ သူ တစ်ခုခုပြောချင်သော်လည်း လယ်သမားအိုကြီးက သူ့ကို မျက်စောင်းလှမ်းထိုး၍ လက်သီးဆုပ်ပြသည်။

တန်ခိုးရှင်သစ်ခုတ်သမား ချက်ချင်း ပါးစပ်ပိတ်သွားသည်။

လယ်သမားအိုကြီးက မှော်ဆရာသခင်ဆီသို့ တစ်ချက်ကြည့်ကာ ပြောလေသည်။ “သွားစို့၊ ငါ တောင်ပင်လယ်မှာ ချိမင်နတ်ဘုရားသား‌တော်ကို လိုက်တွေ့မယ်”

ပန်ကုန်းစုန် ပြုံးလျက် မေးလိုက်မိသည်။ “အဘိုးကြီး၊ ခင်ဗျား ဆုံးဖြတ်ချက်တွေ ချနိုင်သေးလို့လား”

လယ်သမားအိုကြီး ဒေါသူပုန်ထသွားပြီး သူ့ကိုယ်ထဲမှ တဂျိန်းဂျိန်း ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ သူ၏ဝိညာဉ်သန္ဓေသား၊ ဓာတ်ကြီးငါးပါး၊ အရပ်ခြောက်မျက်နှာ၊ ခုနစ်စဉ်ကြယ်၊ ကောင်းကင်နတ်အသွင်နှင့် သေခြင်းရှင်ခြင်းကောင်းကင်ရတနာ တစ်ခုပြီးတစ်ခု ပွင့်လာသည်ကို အားလုံး မြင်တွေ့လိုက်ရ၏။ ကောင်းကင်တံတား ကောင်းကင်ရတနာတစ်ခုသာ မရှိပေ။

ဤကောင်းကင်ရတနာခြောက်နက်အပေါ်တွင် ကောင်းကင်နန်းဆောင်တစ်ခု ပျံဝဲနေပြီး လမ်းတစ်လမ်းက တောင်ကောင်းကင်မုခ်ဝဆီသို့ ဝင်ရောက်နေသည်။ လမ်းသည် နဂါးသွဲ့အဆောင်နှင့် နဂါးသွဲ့ရေကန်ဘေးမှ ဖြတ်၍ နတ်ဘုရားစီရင်ရာစင်မြင့်အထက်မှ ကျော်ကာ ကျောက်စိမ်းမြို့တော်ထဲ ဝင်သွားပြီး နတ်ကောင်းကင်ခန်းမဆီသို့ ရောက်လာ၏။

နတ်ကောင်းကင်ခန်းမ၏ တံခါးများ ပွင့်သွားသည့်အခါ မူလဝိညာဉ်တစ်ခုက ဧကရာဇ်ပလ္လင်အထက်မှ ထလာသည်။ သူ၏ ကြီးမြတ်သော ခွန်အားက ဖြာထွက်နေလေသည်။ “ငါ့ကို မင်း ဘာမေးခဲ့တာ”

ပန်ကုန်းစုန်မှာ တောင့်တင်းသွားပြီး အနက်ရောင်အခိုးငွေ့များအဖြစ် ဖောက်ခနဲ ပြောင်းသွားသည်။ သူက နန်းစိုက်မြို့တော်ထဲမှ ထွက်ပြေးသွားပြီးနောက် အတန်ကြာသည့်အခါမှ တုန်ရီနေသော ခန္ဓာကိုယ်ဖြင့် ပြန်ရောက်လာ၏။ သူက ဦးညွှတ်အရိုအပေးရင်း ယဉ်ယဉ်ကျေးကျေး ပြောသည်။ “ဆရာကြီး၊ ကျေးဇူးပြုပြီး”

မဟာမိုးခြိမ်းသံကျောင်းတော်၊ မြင့်းမိုရ်တောင်၏ ရွှေရောင်တောင်ထွတ်အပေါ်တွင်

တထာဂတမာနှင့် ရဟန်းများ တင်ပျဉ်ဖွဲ့ထိုင်နေတော်မူကြသည်။ တထဂတမာက ဖြည်းညှင်းစွာ ထရပ်ပြီး မြွက်ကြားလိုက်၏။ “ဗုဒ္ဓတစ်ပါး ကြွလာတယ်... ကြိုဖို့ နောက်ကလိုက်ခဲ့ကြ”

ရဟန်းများ အလျင်အမြန် တောင်အောက်သို့ ဆင်းလိုက်ကြရာတွင် ခြေဗလာဖြင့် လမ်းလျှောက်လာနေသော ဗုဒ္ဓပျိုတစ်ပါးကို မြင်တွေ့လိုက်ရသည်။

တထာဂတမာက နှုတ်ဆက်လိုက်သည်။ “နောင်တော်သိကြားဗုဒ္ဓ၊ ညီတော် ဂါဝရပြုပါတယ်”

ရဟန်းအားလုံးလည်း နှုတ်ဆက်လိုက်ကြသည်။ “ဗုဒ္ဓ”

“ဗုဒ္ဓဘာသာမှာ ထုံးစံတွေ သိပ်မလိုပါဘူး... ငါလည်း မဟာမိုးခြိမ်းသံကျောင်းတော်ရဲ့ တထာဂတ လုပ်ခဲ့ဖူးပါတယ်... နောင်‌တော်လို့သာ ခေါ်ပါ”

သိကြားဗုဒ္ဓသည် မြင့်းမိုရ်တောင်ကို အကဲခတ်ပြီး အပေါ်သို့ မော့ကြည့်၏။ ဗုဒ္ဓကောင်းကင်ဘုံအဆင့်နှစ်ဆယ်အား သူ မြင်တွေ့ရလေသည်။ ဤကောင်းကင်ဘုံများတွင် ကမ္ဘောလောကစည်းများ ရှိနေသေးသယောင် ထင်ရ၏။ ကမ္ဘာဦးဘုံနှင့် အပြည့်အဝ ချိတ်ဆက်မနေသေးပေ။

“ဗုဒ္ဓအိုကြီးကတော့ ဗုဒ္ဓဘုံကို လူ့ပြည်ဆီ ဝင်ခွင့်မပေးသေးဘူးပဲ... ကောင်းကင်နတ်ဘုံ သူ့ကို သည်းမခံတော့တာတော့ ဆိုးတယ်”

သိကြားဗုဒ္ဓက ပြောသည်။ “‌တစ်လောကလုံး ပရမ်းပတာ ဖြစ်နေကြပြီ တထာဂတမှာ ဘယ်လိုအစီအစဉ် ရှိလဲ”

တထာဂတမာက လျှောက်တင်လိုက်၏။ “တိုက်ခိုက်နိုင်ရင် တိုက်ခိုက်မယ်.. မတိုက်ခိုက်နိုင်ရင် ပြေးမယ်”

“သိပ်ကောင်းတယ်”

သိကြားဗုဒ္ဓက လက်အုပ်ချီကာ ပြုံးတော်မူသည်။ “ငါ့ရှင် သူတို့နဲ့အတူ သေဖို့ ပြင်ဆင်ထားမှာ စိတ်ပူနေတာ... ဒီလိုကြားရတော့ စိတ်အေးသွားပါပြီ”

သူ စကားပြောနေစဉ် ဗုဒ္ဓဘုံ၏ ကောင်းကင်ဘုံအဆင့်နှစ်ဆယ်ဆီမှ အလင်းတန်းများ ကွန့်မြူးလာသည်။ မည်းမှောင်နေသော ခပ်ထွားထွား စေတီကြီးတစ်ဆူနှင့် ပိန်ပိန်သေးသေး ရဟန်းတစ်ပါး ကောင်းကင်ထက်မှ ဆင်းသက်လာ၏။ သူတို့၏ကျင့်စဉ်စွမ်းအင်များက လွန်စွာသိပ်သည်းနေရာ ဤနေရာရှိ ရဟန်းများထက် သာလွန်နေသည်။ သူတို့ကား မိစ္ဆာမျောက်ဝံ ကျန်းခုံးနှင့် မင်ရှင်းကိုယ်တော်တို့အပြင် တခြားမဟုတ်ပေ။

“တထာဂတ၊ တပည့်တော်တို့ အစစ်အမှန်တရားတော်တွေကို လက်ခံရရှိခဲ့ပါပြီ” မင်ရှင်းကိုယ်တော်က ဦးညွှတ်အရိုအသေပေးသည်။

သိကြားဗုဒ္ဓက ကောင်းကင်ဘုံအဆင့်နှစ်ဆယ်ဆီသို့ မော့ကြည့်ကာ ခပ်တိုးတိုး ပြောလိုက်သည်။ “ငါ့ရှင်တို့တွေ ပြန်လာပြီဆို‌တော့ ဗုဒ္ဓအိုကြီး နိုးလာပြီး ဒီမှာဖြစ်နေတဲ့ အခြေအနေတွေကို သိသွားပြီလို့ ဆိုလိုတာပဲ”

သူ့အမူအရာ လေးနက်တည်ကြည်သွား၏။

ဗုဒ္ဓအိုကြီး နိုးလာခြင်းက အခြေအနေ မည်မျှလေးနက်ကြောင်း ပြသနေချေပြီ။

ဗြဟ္မဘုံ

ဗုဒ္ဓအားလုံး ဗြဟ္မဗုဒ္ဓကို ဖူးမြော်ရန် ရောက်လာကြသော်လည်း အိုမင်းနေသော ဘုန်းကြီးကျောင်းထဲတွင် ဗြဟ္မဗုဒ္ဓ၏ အရိပ်အယောင်ကိုပင် မတွေ့ရပေ။ ရဟန်းလေးတစ်ပါးသာ ကျန်ခဲ့သည်။

ရဟန်းလေးက လျှောက်တင်၏။ “ဗုဒ္ဓအိုကြီးက နိုးလာတာနဲ့ မိတ်ဆွေတစ်ယောက် သွားရှာဦးမယ်ဆိုပြီး ထွက်သွားပါတယ်”

“အစ်ကိုကြီး၊ ဒီစွမ်းအင်ဆေးလုံးက တော်တော်စားကောင်းတယ်”

ကမ္ဘာဦးဘုံတွင် ကောင်းကင်နတ်အရှင်ယွီသည် ချင်မူ ရေချီလင်အတွက် ဖော်ပေးထားသော ဆေးလုံးများကို မြည်းကြည့်နေ၏။ အရသာ အတော်လေး ကောင်းသည့်အတွက် သူက အနည်းငယ် ထပ်စားရင်း ချီးကျူးနေသည်။ “အရသာ ရှိလိုက်တာ”

ချင်မူ ဒေါသများဖြင့် ရယ်လိုက်မိသည်။ “မင်းအတွက် စားဖို့ မဟုတ်ဘူးကွ... ဒီ‌ဆေးလုံးတွေက နတ်ဘုရားတစ်ပိုင်းတွေ အရွယ်ရောက်ကြီးထွားလာအောင် စားရတာ... လူသားခန္ဓာလည်း စွမ်းအင်ဆေးလုံးတွေ စားလို့ရပေမယ့် ခန္ဓာကိုယ်ထဲက ဓာတ်သတ္တိတွေ မညီမမျှ ဖြစ်ကုန်လိမ့်မယ်... အန္တရာယ်သိပ်များတယ်”

ကောင်းကင်နတ်အရှင်ယွီ ကပျာကယာ ရပ်လိုက်သည်။

ချင်မူမှာ ခေါင်းယမ်းလိုက်ပြီး တွေးနေမိသည်။ ‘ကောင်းကင်နတ်အရှင်ယွီက သူ့ဆန္ဒသူ မထိန်းချုပ်နိုင်ဘူး... အနှေးနဲ့အမြန် ဖက်တီးလေး ဖြစ်လာတော့မှာပဲ... ဖက်တီးလေးယွီ ဖက်တီးကြီးရေချီလင်အပေါ်မှာ ထိုင်နေတာက တွေးကြည့်လိုက်ရင် တကယ်....’

ချင်မူက ကောင်းကင်နတ်အရှင်ယွီကို စွမ်းအင်ဆေးလုံးဖော်စပ်နည်းများ သင်ပေးနေသည်။ ကောင်းကင်နတ်အရှင်ယွီက အတတ်မြန်သော်လည်း ချီစွမ်းအင်ကို ကောင်းကောင်းမွန်မွန် မထိန်းချုပ်နိုင်သေး၍ ဆေးအိုးများ ပေါက်ကွဲကုန်ကာ တစ်ကိုယ်လုံး မည်းတူးနေတော့သည်။

ချင်မူ စိတ်မပူပေ။ သူ ဆေးဆရာဆီမှ ဆေးဖော်စပ်နည်း သင်ခဲ့ရစဉ်အခါကလည်း ဆေးအိုးများ ပေါက်ကွဲခဲ့ဖူးသည်။

မရေမတွက်နိုင်သော နတ်ဘုရားတစ်ပိုင်းများက ကမ္ဘာဦးဘုံ၏ နေရာအရပ်ရပ်မှ ထွက်လာနေကြပြီး အမိကမ္ဘာမြေ ဆင့်ခေါ်နေသည့်ဘက်သို့ ဦးတည်နေကြသည်။ ချင်မူ့မျက်နှာအမူအရာမှာ လေးနက်သည်ထက် လေးနက်လာ၏။ နတ်ဘုရားတစ်ပိုင်းအရေအတွက်က များပြားလှချေရာ အမိကမ္ဘာမြေကမ္ဘာဦးဘုံတွင် အမိကမ္ဘာမြေတစ်ဦးတည်းသာ မြှုပ်နှံချိတ်ပိတ်ခံထားရခြင်း မဟုတ်ကြောင်း ထင်ရှားနေသည်။

‘ချုံဧကရာဇ်ခေတ်က နဂါးဟန်ခေတ်ပြီးရင် အကြာရှည်ဆုံးခေတ်တစ်ခေတ်ပဲ... ဒီခေတ်ရဲ့ လျှို့ဝှက်ချက်တွေက နဂါးဟန်ခေတ်အောက် မနိမ့်ကျဘူး’

နောက်ဆုံးတော့ ရှေးဟောင်းစစ်မြေပြင်တစ်ခုဆီသို့ သူတို့ ရောက်လာကြသည်။ ချင်မူ အသေးစိတ် မစစ်ဆေးနိုင်ခင် အနောက်မှ မြည်းဟီသံ ကြားလိုက်ရ၏။ အသံက နားထဲ စူးနေချေသည်။

‘မြည်းနတ်ဘုရားတစ်ပိုင်းလည်း ရှိသေးတာလား’

ချင်မူမှာ တအံ့တဩဖြင့် နောက်သို့ လှည့်ကြည့်လိုက်သည်။ ခဲစိမ်းရောင်ရှိသော နားရွက်ရှည်ရှည် မြည်းတစ်ကောင်က ခပ်ငယ်ငယ် စာပေသမားတစ်ယောက်ကို သယ်လျက် ပြေးလာနေသည်ကို မြင်လိုက်ရ၏။

မြည်းက ယမ်းခါနေအောင် ပြေးနေသော်လည်း စာပေသမားက အေးအေးလူလူသာ ရှိသည်။ သူက မြည်း၏ကျောပေါ်တွင် လဲနေပြီး ငါးမျှားတံတစ်လက်ကို လက်တစ်ဖက်တွင် ကိုင်ထားသည်။ ငါးမျှားကြိုး၏အဆုံးက မြည်း၏ မျက်နှာအရှေ့သို့ ကျနေပြီး ခါကျက်ဥတစ်လုံး ချိတ်ဆွဲထားလျက် ရှိချေသည်။

မြည်းသည် ခါကျက်ဥကို မမှိန်မသုတ် စိုက်ကြည့်နေပြီး အရှေ့လမ်းအပေါ် အာရုံမရှိပေ။ သူက ခါကျက်ဥကို မကိုက်မိသောကြောင့် မကျေမနပ်ဖြင့် တဟီဟီ အော်နေသည်။

“နွေနယုန်မှာ ရောဂါပေါ်တော့၊ တရားခံကို လိုက်ရှာမိတယ်၊

တစ်ဆယ်မှာ ကိုးမျိုးဟာ သေရည်ကြောင့်သာ ဖြစ်သတဲ့။

အချိန်က သုံးလပြည့်ပြီ၊ နေသာတဲ့နေ့က နှစ်ရက်တောင် မရှိ။

မွှေးပျံ့နေတဲ့ ဤလမ်းမထက်၊ မနက်မိုးသောက် အရုဏ်တက်မှာ

မြည်းတစ်‌ကောင်ကို စီးလို့၊

တောတောင်ကြားက ငှက်တေးသံတွေ ငါ နားဆင်မိတယ်”

စာပေသမားက ကဗျာတစ်ပုဒ် ရွတ်နေပြီး မြည်းက ဘယ်ရောက်လိုက်၊ ညာရောက်လိုက် ယမ်းနေသည်။ သူတို့သည် ချင်မူတို့ဘေးမှ ဖြတ်ကျော်သွား၏။

ချင်မူ ထိုစာပေသမားဆီသို့ လှမ်းကြည့်သည့်အခါ စာပေသမား၏ နဖူးသည် လှပပြီး သူ့မျက်လုံးများ ကြယ်တာရာများသဖွယ် ရွှန်းလဲ့နေကြောင်း မြင်လိုက်ရ၏။ သူ့ဆီမှ သူရဲကောင်းဆန်သော စိတ်ဉာဉ်ကို ခံစားရသော်လည်း စိတ်ဓာတ်ကျနေသော အငွေ့အသက်လည်း ပါဝင်နေသည်။

“နောင်ကြီး”

ချင်မူ လက်သီးဆုပ်၍ နှုတ်ဆက်ကာ ပြုံးပြလိုက်သည်။ “နောင်ကြီး ဘယ်သွားမလို့လဲဗျ”

၎

င

၎

၎

All Chapters