← Chapters

တောင့်ခံခြင်း

Vol. 165 Ch. 2345

တောင့်ခံခြင်း

Vol. 165 Ch. 2345

"ဝင်္ကပါကို ချိုးဖျက်ကြ။" အသံတစ်ခု ထွက်ပေါ်လာသည်နှင့်  အဓိကအင်အားစုများမှ ကျင့်ကြံသူများအားလုံးက ပေါင်းစည်းသွားသည်။ နတ္ထိတောင်တန်းမှ ကျင့်ကြံသူများက တစ်ဖက်တွင် ရှိနေကာ နတ်ဆိုးလောကမှ ကျင့်ကြံသူများက တစ်ဖက်တွင် ရှိနေခဲ့သည်။ ကျင့်ကြံသူများစွာက တစ်ချိန်တည်းတွင် သူတို့၏ ခွန်အားများကို စုစည်းကာ တိုက်ပွဲဝင်္ကပါ အသေးလေးတစ်ခု စတင် ဖွဲ့စည်းလိုက်သည်။

နတ္ထိတောင်တန်းမှ ကျင့်ကြံသူများက အစပြုကာ တိုက်ခိုက်လိုက်သည်။ ရုတ်တရက် မရေတွက်နိုင်သော လက်သီးစွမ်းအားများက ကောင်းကင်၌ ပေါက်ကွဲထွက်လာပေသည်။

နတ်ဆိုးလောကမှ ကျင့်ကြံသူများက ပို၍ပင် ကြောက်မက်ဖွယ် ကောင်းပေသည်။ သူတို့က အနန္တနတ်ဆိုးဓားများကို ဆင့်ခေါ်လိုက်သည်။ နတ်ဆိုးစွမ်းအားများက တုန်ခါအော်မြည်နေပြီး မိစ္ဆာနတ်ဘုရားများက တစ်ချိန်တည်းတွင် ထွက်ပေါ်လာကာ နတ်ဆိုးဓားသွားများကို ထုတ်လွှတ်လိုက်သည်။ သူတို့ကြားတွင် ကြောက်စရာအကောင်းဆုံးမှာ ကြီးမားလှသော မိစ္ဆာနတ်ဘုရားသည် ထောင်သောင်းချီသည့် နတ်ဆိုးဓားများကိုတစ်ခုတည်းအဖြစ် စုစည်းလိုက်ပြီး လေဟာနယ်ကို ခုတ်ပိုင်းကာ ကောင်းကင်အား ထက်ခြမ်းခွဲပစ်ရန် ရည်ရွယ်နေသည်။ မြင်ကွင်းက ဖော်ပြရန် အလွန် ထိတ်လန့်ဖွယ် ကောင်းလှသည်။

ဝင်္ကပါအစီအရင်အတွင်း ရှိနေသည့် စွန့်ပစ်ခံကလန်၏ ကျင့်ကြံသူများကြားတွင် မဟာလမ်းစဥ် နတ်ဘုရားကပ်ဘေး ဒုတိယအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့သော တည်ရှိမှုများ ရှိနေခဲ့သည်။ ယခု ဝင်္ကပါအစီအရင်၏ ခွန်အားနှင့် ပေါင်းစပ်ပြီး သူတို့သည် အံ့သြထိတ်လန့်ဖွယ် ကောင်းလောက်သော တိုက်ခိုက်ရေးစွမ်းအားများ ထုတ်ဖော်လာသည်။

ကောင်းကင်ဒေသအတွင်း ထိပ်သီးအင်အားစုများမှ ကျင့်ကြံသူတိုင်းက ထိုကောင်းကင်ပြိုကွဲတိုက်ပွဲအစီအရင် ဝင်္ကပါမှ အားနည်းချက်ကို ရှာဖွေရန် ကြိုးစားနေကြသည်။ သူတို့က ထိုအားနည်းချက်ကို ထပ်ကာတလဲလဲ တိုက်ခိုက်နေခဲ့၏။ အချိန်တိုအတွင်း ကြောက်မက်ဖွယ်တိုက်ခိုက်မှုများက ထိုတိုက်ပွဲမြေပြင်တွင် ပေါက်ကွဲနေခဲ့ပြီ ဖြစ်သည်။

ထို့ပြင် အခြားအဓိကအင်အားစုများမှ ကျင့်ကြံသူများက စတင်၍ တစ်ယောက်ပြီး တစ်ယော​က် ကျဆုံးသွားစေခဲ့သည်မှာ အခြားထိပ်သီးအင်အားစုများကို အထိတ်တလန့် ဖြစ်စေခဲ့သည်။ သူတို့က တိုက်ပွဲတွင် အန္တရာယ်တချို့ တွေ့နိုင်သည်ဟု မျှော်မှန်းခဲ့သော်လည်း သူတို့က အလေးအနက် မမှတ်ယူခဲ့ကြပေ။ အားလုံးသော အင်အားစုများက ပေါင်းစည်းသွားသော်လည်း သူတို့က အချိန်တိုအတွင်း ကောင်းမွန်စွာ ပူးပေါင်းနိုင်ခြင်း မရှိခဲ့ချေ။

သို့သော် အဆုံးမှာတော့ ဤနေရာတွင် ရှိနေသည်မှာ လောကရှိ ထိပ်သီးအင်အားစုများ ဖြစ်ကြပေသည်။ စွန့်ပစ်ခံကလန်မှ ဤအဆင့်မြင့်ဝင်္ကပါ၏ ထိတ်လန့်ဖွယ်  ခွန်အားများ ထုတ်ဖော်နိုင်လျှင်ပင် သူတို့က ထိုအစွမ်းထက် ကျင့်ကြံသူများ၏ တိုက်ခိုက်မှုများဖြင့် သက်ရောက်ခံနေရဆဲ ဖြစ်သည်။ ကောင်းကင်ထက်၌ ရှိနေသည့်  ရှေးဟောင်းနတ်ဘုရားများက တုန်လှုပ်သွားပြီး အလင်းလွှာက စတင် အက်ကွဲလာသည်။ ဤကျင့်ကြံသူများထံမှ စုပေါင်းတိုက်ခိုက်မှုက အလွန် ပြင်းထန်လှပြီး အထူးသဖြင့် နတ်ဆိုးလောကမှ ကျင့်ကြံသူများ၏ နတ်ဆိုးဓားများတွင် ကောင်းကင်ကိုပင် ခုတ်ပိုင်းနိုင်ရန် လုံလောက်သည့် ထိတ်လန့်ဖွယ် ခွန်အားတို့ ပါဝင်နေသည်။

ရီဖူရှင်းနှင့် အခြားလူများက တိုက်ပွဲတွင် မပါဝင်ခဲ့သော်လည်း ထိုစွမ်းအားများအားလုံးက နေရာတစ်ခုလုံးကို ဖုံးလွှမ်းထားကာ သူတို့ကလည်း ထိုနေရာ၌သာ ရှိနေသည့်အတွက် တိုက်ပွဲထဲ ရှိနေသလို ထင်မှတ်ရပေသည်။ သူတို့သည် ဝင်္ကပါအစီအရင်အောက်၌ ပုန်းကွယ်နေရန် နည်းလမ်းမရှိသောကြောင့် သေချာပေါက် ထိုစွမ်းအားများ၏ သက်ရောက်မှု ခံယူရပေသည်။ သို့သော် စွန့်ပစ်ခံကလန်မှ ကျင့်ကြံသူများက အပြင်းအထန် တိုက်ခိုက်နေသည့်အတွက် သူတို့ဘက်သို့ မည်သည့် ပြင်းထန်သော တိုက်ခိုက်မှုမှ ရောက်မလာခဲ့ပေ။ ထို့ကြောင့် သူတို့က ခုခံကာကွယ်မှုကို အခိုင်အမာကိုင်စွဲထားပြီး ထိတ်လန့်တုန်လှုပ်ဖွယ် ခြိမ်းခြောက်မှုများကိုပင် ရင်ဆိုင်နိုင်စွမ်း ရှိပေသည်။

သို့သော် ဤတိုက်ပွဲမြေပြင်က အလွန် ကြောက်မက်ဖွယ် ပြင်းထန်နေသည်။ ရီဖူရှင်းသည် ထိုထိပ်သီးပုဂ္ဂိုလ်များ ဤကဲ့သို့ သတ်ဖြတ်ခံရသည်မှာ အလကား နှမြောစရာ ကောင်းသည်ဟု တွေးမိပေသည်။ သူတို့က စွန့်ပစ်ခံကလန်မှ လျှို့ဝှက်နယ်မြေကို လောဘဇောတိုက်မနေခဲ့လျှင် သူတို့က ယနေ့ သေဆုံးရလိမ့်မည် မဟုတ်ပေ။

ခရက်... အက်ကွဲသံတစ်ခုက တစ်ချိန်တည်းတွင် ထွက်ပေါ်လာပြီး ရှေးဟောင်းနတ်ဘုရားအချို့က ပြိုကွဲသွားခဲ့သည်။ ၎င်းတို့သည် အလွန် ပြင်းထန်လှသည့် တိုက်ခိုက်မှုကြောင့် ဖျက်ဆီးခံခဲ့ရပေသည်။ နတ်ဆိုးလောကမှ ကျင့်ကြံသူများက သူတို့၏ ခံစစ်ကို ပထမဆုံး ချိုးဖျက်နိုင်ခဲ့ပြီး ရှေးဟောင်းနတ်ဘုရားတစ်ပါးကို ဖျက်ဆီးကာ စွန့်ပစ်ခံကလန်မှ ကျင့်ကြံသူများစွာကို ထိခိုက်ဒဏ်ရာစေခဲ့သည်။ ရုတ်တရက် အခြား အဓိကအင်အားစုများမှ ကျင့်ကြံသူများကလည်း တန်ပြန်တိုက်ခိုက်မှုကို စတင်ခဲ့သည်။

"စွန့်ပစ်ခံကလန်က အစပြု တိုက်ခိုက်ခဲ့ကြတယ်။ ဘိုးဘေးတွေရဲ့ စွမ်းအားကို နိုးထစေခဲ့ပြီး ဝင်္ကပါအစီအရင် အစွမ်းကို မြှင့်တင်ခဲ့တယ်။ ဒါပေမယ့် အချိန်အကြာကြီး ဆက်တိုက်ခိုက်နေမယ်ဆိုရင် စွန့်ပစ်ခံကလန်အတွက် အန္တရာယ်ရှိလာစေလိမ့်မယ်။" ရီဖူရှင်းက ပြောလိုက်သည်။ သူ့ဘေးမှ ကျင့်ကြံသူများကလည်း ခေါင်းညိတ်လိုက်ကာ ထင်မြင်ချက်ကို ထောက်ခံလိုက်သည်။

အဆုံးမှာတော့ ထိုကျင့်ကြံသူများက သူတို့ကိုယ်တိုင် အစွမ်းထက်သော ကျင့်ကြံသူများဖြစ်ကြပေသည်။ သူတို့တစ်ယောက်ချင်းစီက ကိုယ်ပိုင်နယ်မြေ၏ အထွတ်အထိပ်တွင် ရပ်တည်နိုင်ကြပြီး ကြောက်မက်ဖွယ် နည်းစနစ်နှင့် စွမ်းအားများကို ပိုင်ဆိုင်ထားကြသည်။ သူတို့က စွန့်ပစ်ခံကလန်ကို ဆန့်ကျင်ရန် သူတို့၏ အားအကောင်းဆုံး စွမ်းအားများကို စတင်ထုတ်ဖော်လာပါက ရှုံးနိမ့်ရန်မှာ အနှေးနှင့်အမြန်သာ ဖြစ်သည်။

တိုက်ပွဲအတွင်း နှစ်ဖက်လုံးက အကြီးအကျယ် ဆုံးရှုံးသွားရနိုင်သည့် ဖြစ်နိုင်ချေများပြီး စွန့်ပစ်ခံကလန်က ပို၍ ဆုံးရှုံးသွားရနိုင်ပေသည်။

သို့သော် စွန့်ပစ်ခံကလန်၏ ဆုံးဖြတ်ချက် ပြတ်သားသော ဖြေရှင်းချက်ကို ကြည့်ပါက သူတို့က ရှုံးနိမ့်သွားလျှင်ပင် ထိုစိန်ခေါ်သူများကိူ အသာတကြည် အနိုင်ရအောင် လုပ်ပေးလိမ့်မည် မဟုတ်ပေ။

တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေသည်။ သို့သော် ထိုအခိုက်အတန့်တွင် ကောင်းကင်ထက်မှ လွှမ်းမိုးနိုင်သော အရှိန်အဝါက ရုတ်တရက် ဖြန့်ကျက်လာပေသည်။ တိုက်ပွဲအတွင်းမှာသာမက တိုက်ပွဲအ​ပြင်ဘက်သို့ပါ ရောက်ရှိလာသည်။ ထို့နောက်တွင် လူတိုင်းက တောက်ပကာ လင်းလက်နေသည့် အလင်းတန်းများက လေဟာနယ်ကို ဖုံးလွှမ်းကာ ရှန်းယိကုန်းမြေတစ်ခွင်ကို ဖုံးလွှမ်းသွားသည်။

"ဟမ်" ရီဖူရှင်းနှင့် အခြားလူများက ထိုအလွန်အမင်း တောက်ပသည့်  အနန္တအလင်းတို့ကြောင့် အံ့အားသင့်သွားခဲ့ပေသည်။ တစ်ချိန်တည်းတွင် ၎င်းမှ အံ့သြထိတ်လန့်ဖွယ် အရှိန်အဝါတို့က ထိုးထွက်လာခဲ့သည်။

"တစ်ယောက်ယောက် လာနေတယ်။" ရီဖူရှင်းက ပြောလိုက်သည်။ အဆုံးမဲ့ အလင်းများအောက်တွင် နက်နဲသိမ်မွေ့သည့် စွမ်းအားတို့နှင့် လူတစ်စု ထွက်ပေါ်လာသည်။ ကျင့်ကြံသူတစ်စုကို အလွန် တောက်ပသည့် နတ်အလင်းတို့ဖြင့် ဝန်းရံထားသည်။ သူတို့၏ ခေါင်းဆောင်ဖြစ်သူက နတ်မိမယ်တစ်ပါးနှင့် ဆင်တူပေသည်။ သူမက နှိုင်းယှဥ်မရအောင် တောက်ပပြီး သူမ၏ အလှက အသက်ရှုမှားလောက်ဖွယ်ပင် ဖြစ်သည်။ သူမ၏ မြင့်မြတ်သော အရှိန်အဝါက လူတိုင်းကို မျက်လွှာချမိသွားစေသည်။

တိုက်ပွဲအလယ်မှ ထိုကျင့်ကြံသူများကလည်း သူတို့ထံ ဆင်းသက်လာသည့် ထိုလူစုကို မြင်တွေ့ခဲ့ရပေသည်။ တဖြေးဖြေးနှင့် လူအများက တိုက်ခိုက်နေခြင်းကို ရပ်တန့်လိုက်ပြီး အထူးသဖြင့် ကောင်းကင်ဒေသမှ ကျင့်ကြံသူများက တိုက်ခိုက်နေခြင်းကို အရင်ဆုံး ရပ်တန့်လိုက်သည်။ လူအနည်းငယ်က လက်များကို ဆုပ်ကာ အရိုအသေပြု၍ ပြောလိုက်၏။ "အရှင်မင်းသမီးကို နှုတ်ဆက်ပါတယ်။"

အသစ်ရောက်ရှိလာသော ထိုလူစုက ကောင်းကင်ဒေသ ဒွန်ဟောင်အင်ပါယာနန်းတော်မှ ကျင့်ကြံသူများ ဖြစ်ပေသည်။ ခေါင်းဆောင်လာသော အံ့သြမှင်တက်ဖွယ် လှပသည့် အမျိုးသမီးက မင်းသမီးဒွန်ဟောင် ဖြစ်သည်။

သူမသည် လွန်ခဲ့သော အနှစ်နှစ်ဆယ်က ရီဖူရှင်း ပထမဆုံး မြင်တွေ့ခဲ့ဖူးသည့်အတိုင်းပင် ဖြစ်သည်။ ဤမင်းသမီးက အမြဲလိုလိုပင် အခက်ခဲဆုံး အချိန်များ၌ ပေါ်ထွက်လာတတ်ပေသည်။

သူသည် မင်းသမီးဒွန်ဟောင်က ဤနေရာကို မည်သည့်အတွက် ရောက်လာကြောင်း သိချင်မိပေသည်။

နတ်ဆိုးလောကနှင့် နတ္ထိဘုံမှ ကျင့်ကြံသူများသည် ကောင်းကင်ဒေသ၏ အင်ပါယာနန်းတော်နှင့် တူညီသော အဖွဲ့ဝင်များ မဟုတ်သော်လည်း ကောင်းကင်ဒေသ၏ အုပ်ချုပ်သူ ရောက်လာသည့်အခါ ရိုသေလေးစားမှု ပြသပေးရပေမည်။ အဆုံးမှာတော့ မူလဘုံက ကောင်းကင်ဒေသနှင့် သက်ဆိုင်နေပြီး  ကောင်းကင်ဒေသ၏ တရားစီရင်ပိုင်ခွင့်အောက် ရှိနေသော နေရာတစ်ခု ဖြစ်ပေသည်။

အဓိကကျင့်ကြံသူများ အားလုံးအနေနှင့် တိုက်ခိုက်နေခြင်းကို ရပ်တန့်လိုက်ပြီး စွန့်ပစ်ခံကလန်မှ ကျင့်ကြံသူများသည်လည်း သူတို့၏ အရှိန်အဝါများကို ပြန်ရုတ်သိမ်းကာ ဆက်လက်တိုက်ခိုက်ခြင်း မပြုတော့ပေ။ သူတို့က ရောက်ရှိလာသူကို သိကြပုံရသည်။ သူတို့ မူလဘုံသို့ ရောက်လာပြီးနောက် ကောင်းကင်ဒေသနှင့် မူလဘုံအကြောင်း စုံစမ်းမှုအချို့ ပြုလုပ်ခဲ့သည်။ သိသာစွာပင် ကောင်းကင်ဒေသ၏ အရှင်သခင်က သူတို့ထံ ရောက်ရှိလာခြင်း ဖြစ်သည်။

ကောင်းကင်ဒေသ၏ အုပ်ချုပ်သူ ဒွန်ဟောင်အင်ပါယာနန်းတော်က စွန့်ပစ်ခံကလန်၏ အရှိန်အဝါကို အဆုံးအဖြတ် ပေးနိုင်ပေလိမ့်မည်။

စွန့်ပစ်ခံကလန်မှ စီနီယာတစ်ယောက်က ဦးညွှတ်ကာ ပြောလိုက်သည်။ "စွန့်ပစ်ခံကလန်က ရှေးခေတ်အခါကတည်းက ဖယ်ထုတ်ခံထားခဲ့ရတာ။ အခု ကောင်းကင်ဒေသရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိတဲ့ မူလဘုံကို ရောက်လာခဲ့ပြီး ကျုပ်တို့ရဲ့ ကျူးကျော်မိမှုကို အင်ပါယာနန်းတော်က ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်။"

မင်းသမီးဒွန်ဟောင်က အောက်ဘက်ရှိ စွန့်ပစ်ခံကလန်မှ ကျင့်ကြံသူများကို ကြည့်ကာ ခေါင်းညိတ်လိုက်သည်။ ကျင့်ကြံသူများက ထိုမြင်ကွင်းကို မြင်သည့်အခါ အံ့အားသင့်သွားခဲ့သည်။ သူတို့သည် စွန့်ပစ်ခံကလန်အပေါ် မင်းသမီးဒွန်ဟောင်၏ သဘောထားမှ တစ်စုံတစ်ခုကို ခန့်မှန်းမိခဲ့ပေသည်။ သူမက စွန့်ပစ်ခံကလန်ကို ကာကွယ်ချင်လျှင် ကိစ္စများက ​ပို၍ ခက်ခဲလာပေလိမ့်မည်။

"မင်းသမီးဒွန်ဟောင်ကို လူသားဘုံက ကျင့်ကြံသူတွေက နှုတ်ဆက်ပါတယ်။" လူသားဘုံမှ ကျင့်ကြံသူများကို ဦးဆောင်လာသူက  မင်းသမီးကို အပြုံးနှင့် နှုတ်ဆက်လိုက်သည်။

"လူသားဘုံက လူတွေ အားလုံးကို ကြိုဆိုပါတယ်။ " မင်းသမီးဒွန်ဟောင်က တုန့်ပြန်လိုက်သည်။ လူသားဘုံမှ ကျင့်ကြံသူများက ဆက်ကာ ပြောဆိုလိုက်သည်။ "ကျုပ်ရဲ့ ဆရာက အရှင်ဒွန်ဟောင်အကြောင်း ဘယ်တော့မှ မမေ့ခဲ့ဘူး။ အရှင်ဒွန်ဟောင်ရော အရာအားလုံး အဆင်ပြေရဲ့လား။"

"ကျေးဇူးတင်ပါတယ် စီနီယာ။ ကျွန်မ အဖေက ကြိုးကြိုးစားစား ကျင့်ကြံနေရင်း ရှင်တို့ရဲ့ အကြီးအကဲအကြောင်း အမြဲ စဥ်းစားပါတယ်။" သူတို့နှစ်ယောက်က မိတ်ဆွေကောင်းများကဲ့သို့ စကားပြောနေကြသော်လည်း အမှန်တကယ်၌ အချင်းချင်း သိပ်မရင်းနှီးကြပေ။

"အခွင့်အရေးရရင် ကျုပ်တို့လည်း အင်ပါယာနန်းတော်ဆီ လာပြီး အရှင်ဒွန်ဟောင်ကို ကိုယ်တိုင်ကိုယ်ကျ လာရောက်နှုတ်ဆက်ပါဦးမယ်။"

"ကောင်းပါပြီ။" မင်းသမီးဒွန်ဟောင်က စိတ်အေးသက်သာစွာ ရှိနေပြီး ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူမက လူအုပ်ကြီးကို ဝေ့ကြည့်ကာ ပြောလိုက်၏။ "ဒီကုန်းမြေက မူလဘုံကို ရောက်တဲ့အထိ နှစ်ပေါင်းများစွာ အမှောင်ထုကို ဖြတ်သန်းခရီးဆက်လာရတယ်။ အခု ဒီနေရာကို ရောက်နေပြီဆိုတော့ ဒီကုန်းမြေကို မူလဘုံရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် သတ်မှတ်လို့ ရတယ်။ အခုကစပြီး ရှန်းယိကုန်းမြေက မူလဘုံရဲ့ မဟာလမ်းစဥ် ဘုံသုံးထောင်ရဲ့ အဖွဲ့ဝင်ဖြစ်လာလိမ့်မယ်။ ဒီကုန်းမြေက အင်ပါယာနန်းတော်ရဲ့ အုပ်ချုပ်မှုအောက်မှာ ကောင်းကင်ဒေသနဲ့ သက်ဆိုင်ပြီး မူလဘုံရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် စွန့်ပစ်ခံကလန်ရဲ့ စီရင်ခွင့်အောက်မှာ ရှိနေလိမ့်မယ်။ စွန့်ပစ်ခံကလန်က ဒီအခြေအနေတွေကို လက်ခံဖို့ ဆန္ဒရှိရဲ့လား။"

All Chapters