← Chapters

ညှိနှိုင်းခြင်းနှင့် ရုန်းကန်ခြင်း

Vol. 165 Ch. 2346

ညှိနှိုင်းခြင်းနှင့် ရုန်းကန်ခြင်း

Vol. 165 Ch. 2346

မင်းသမီးဒွန်ဟောင်၏ ထိုစကားလုံးများကို ကြားသောအခါ လူတိုင်းက အံ့သြမှင်တက်သွားခဲ့ပြီး ကျင့်ကြံသူများစွာ၏ အမူအရာတို့က ပြောင်းလဲသွားခဲ့သည်။ သူတို့သည် မင်းသမီးဒွန်ဟောင်က စွန့်ပစ်ခံကလန်ကို ရှင်သန်ရန် အခွင့်အရေး ​ပေးနေကြောင်း ရှင်းလင်းစွာ နားလည်ထားသည်။

စွန့်ပစ်ခံကလန်အား ဒွန်ဟောင်အင်ပါယာနန်းတော်၏ အုပ်ချုပ်မှုအောက်မှ ကောင်းကင်ဒေသ၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာစေခြင်းဖြင့် ဒွန်ဟောင်အင်ပါယာနန်းတော်က အခြေအနေတစ်ခုလုံး၌ ဝင်ရောက်စွက်ဖက်ခွင့် တရားဝင် ရလာလိမ့်မည် ဖြစ်သည်။

ဤသည်မှာ စွန့်ပစ်ခံကလန်ကို ရွေးချယ်မှုပြုလုပ်ရန် အခွင့်အရေး ပေးခဲ့ခြင်း ဖြစ်သည်။ စွန့်ပစ်ခံကလန်က လွတ်လပ်စွာ ငြင်းဆန်ခွင့် ရှိသည်။ သို့သော် ငြင်းဆန်လိုက်ပါက ကောင်းကင်ဒေသမှ အင်ပါယာနန်းတော်က ဝင်မစွက်ဖက်တော့ရန် ရွေးချယ်ဖို့ရာ အလွန် ဖြစ်နိုင်ချေများပေသည်။ အဆုံးမှာတော့ အရှင်ဒွန်ဟောင်က ကောင်းကင်ဒေသမှ နယ်မြေအားလုံးကို လွှမ်းမိုးနိုင်သည့်အတွက် သူ၏ အာရုံစိုက်မှုနယ်ပယ်က များစွာ ကျယ်ပြန့်နေပြီဖြစ်ကာ အင်ပါယာနန်းတော်သည် သူတို့နှင့် မသက်ဆိုင်သော အခြား အင်အားစုများ၏ တိုက်ပွဲကို မည်သည့်အခါမှ ဝင်ရောက်စွက်ဖက်လိမ့်မည် မဟုတ်ပေ။

ဤအကြောင်းပြချက်ကို စွန့်ပစ်ခံကလန်က သေချာနားလည်ထားပေသည်။ ထို့ကြောင့် မင်းသမီးဒွန်ဟောင်ထံမှ စကားကို ကြားသည့်အခါ စွန့်ပစ်ခံကလန်၏ အကြီးအကဲက ဆုံးဖြတ်ချက်မချခင် အချိန် အနည်းငယ်သာ တွေဝေနေခဲ့သည်။ ပြတ်သားသည့် ဆုံးဖြတ်ချက်တို့က သူ့မျက်လုံးများတွင် ဖြစ်တည်လာကာ ပြန်ဖြေလိုက်သည်။ "စွန့်ပစ်ခံကလန်က ဒွန်ဟောင်အင်ပါယာနန်းတော်ရဲ့ လက်အောက်ကို ဝင်ပြီး အင်ပါယာနန်းတော်ရဲ့ အမိန့်တွေကို နာခံဖို့ ဆန္ဒရှိပါတယ်။ အခုကစပြီး ကျုပ်တို့က မူလဘုံထဲက မဟာလမ်းစဥ်ဘုံသုံးထောင်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာလိမ့်မယ်။"

သူတို့က စွန့်ပစ်ခံကလန်မှ အဖြေကို ကြားသည့်အခါ အခြားအင်အားစုများမှ မပျော်မရွှင် ဖြစ်သွားခဲ့သည်။ ထိုသို့ အခြေအနေအောက်တွင်ဆိုလျှင် ဒွန်ဟောင်အင်ပါယာနန်းတော်က ကျိန်းသေ ဝင်ရောက်ပတ်သတ်ပေလိမ့်မည်။ သို့ဆိုလျှင် သူတို့က စွန့်ပစ်ခံကလန်ကို ဆန့်ကျင်လှုပ်ရှားရန် ခက်ခဲလိမ့်မည် ဖြစ်သည်။ အထူးသဖြင့် ကောင်းကင်ဒေသမှ အင်အားစုများအတွက် ဖြစ်သည်။

မင်းသမီးဒွန်ဟောင်က လူအုပ်ကြီးကို ကြည့်ကာ ပြောလိုက်သည်။ "ကောင်းကင်ဒေသရဲ့ အင်အားစုတွေ အားလုံး နားထောင်ပါ။ အခု စွန့်ပစ်ခံကလန်က ​ကောင်းကင်ဒေသနဲ့ သက်ဆိုင်သွားပြီး အင်ပါယာနန်းတော်ရဲ့ အမိန့်အောက်မှာ နေဖို့ လက်ခံလိုက်တာမို့ စွန့်ပစ်ခံကလန်ကို ကျူးကျော်ဝင်ရောက်လာတဲ့ ကျူးကျော်လာတဲ့ အင်အားစုအဖြစ် မဆက်ဆံပါနဲ့တော့။ အနာဂတ်မှာ အခွင့်အရေးရရင် တစ်ယောက်နဲ့ တစ်ယောက် မိတ်ဆွေတွေအဖြစ်နဲ့ အတူတူ ပညာဖလှယ်သင့်တယ်။"

အမှန်တကယ်ပင် မင်းသမီးဒွန်ဟောင်က သူမ၏ လွှမ်းမိုးနိုင်စွမ်းနှင့် ကောင်းကင်ဒေသမှ အင်အားစုများကို အရင် ညှိနှိုင်းဖြန်ဖျေပေးခဲ့သည်။

ကောင်းကင်ဒေသမှ ထိပ်သီးအင်အားစုများမှ ကျင့်ကြံသူများသည် အတွေးနက်နဲနေပြီး သူတို့ဦးနှောက်များက အပြင်းအထန် စဥ်းစားနေပုံရသည်။ သူတို့က လက်ရှိအခြေအနေကို သည်အတိုင်းထားလိုက်ရန် အနည်းငယ် ခက်ခဲနေခဲ့သည်။ အထူးသဖြင့် ယခင်က စွန့်ပစ်ခံကလန်နှင့် တိုက်ခိုက်စဥ် ဆုံးရှုံးမှုများရှိခဲ့သူများက ပို၍ တွေဝေနေပေသည်။ သူတို့က ရန်ကြွေးများကို ရှင်းလင်းရန် အခွင့်အရေးမရခင် စွန့်ပစ်ခံကလန်နှင့် ပြေငြိမ်းရန် တောင်းဆိုခံလိုက်ရပေသည်။

သို့ဆိုလျှင် ထိုကျင့်ကြံသူများက အချည်းနှီး သေဆုံးသွားရမည်လား။

"မင်းသမီး ကျုပ်တို့ရဲ့ ညီအစ်ကိုတွေက စွန့်ပစ်ခံကလန်ရဲ့ လက်ထဲမှာ ကျဆုံးခဲ့တယ်။ ကျုပ်တို့အတွက် တရားမျှတမှုက ဘယ်မှာလဲ။" ကျင့်ကြံသူတစ်ယောက်က မေးလိုက်သည်။ သူက ရှေးဟောင်းနတ်ဘုရားကလန်၏ ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ သူက အင်ပါယာနန်းတော်ကို ရင်ဆိုင်ရာ၌ပင် အကြောက်အရွံ့မရှိဘဲ ပြတ်ပြတ်သားသား မေးခွန်းထုတ်ရဲပေသည်။

မင်းသမီးဒွန်ဟောင်က ထိုကျင့်ကြံသူကို ကြည့်ကာ တည်ငြိမ်စွာ တုန့်ပြန်လိုက်သည်။ "ဒီပြဿနာကို ဖြေရှင်းပြီးလို့ ရှင့်မှာ ဒီရန်ကြွေးကို ဖြေရှင်းချင်တဲ့ စိတ်ရှိသေးရင် စွန့်ပစ်ခံကလန်နဲ့ တိုက်ခိုက်ဖို့ ခွင့်ပြုပေးမယ်။ ရှင်တို့ နှစ်ဖက်အဖွဲ့ကြားက ရန်ငြိုးတွေကြားမှာ အင်ပါယာနန်းတော်က ဝင်စွက်ဖက်မှာ မဟုတ်ဘူး။"

ကျင့်ကြံသူများ၏ မျက်လုံးတို့က ကျဥ်းမြောင်းသွားသည်။ သူမက သူတို့ကို စွန့်ပစ်ခံကလန်နှင့် တိုက်ခိုက်ရန် ခွင့်ပြုပေးလိမ့်မည်လား။

ရှန်းယိကုန်းမြေပေါ်တွင် စွန့်ပစ်ခံကလန် ပြသခဲ့သည့် ကြောက်မက်ဖွယ် စွမ်းအားများနှင့်ဆိုလျှင် ရှေးဟောင်းနတ်ဘုရားကလန်သည်ပင် သူတို့အင်အားစုတစ်ခုတည်းနှင့် ယှဥ်နိုင်စွမ်းရှိလိမ့်မည် မဟုတ်ပေ။ စွမ်းအားများက ကွာခြားချက် အလွန် ကြီးမားလှသည်။ တစ်ဖက်က ကုန်းမြေတစ်ခုလုံး၏ စွမ်းအားကို ကိုယ်စားပြုနိုင်သော အဓိက အင်အားစုတစ်ခု ဖြစ်သည်။

သို့သော် သူတို့က နှလုံးသားထဲ၌ ကြီးစွာသော စိတ်ပျက်မှုတို့ ဖြစ်နေလျှင်ပင် သူတို့က ထိုစကားလုံးများကို မပြောနိုင်သောကြောင့် မွန်းကြပ်စွာနှင့် တိတ်တိတ်ဆိတ်ဆိတ် သည်းခံထားရုံသာ တတ်နိုင်သည်။ တစ်ချက်ကြည့်ရုံနှင့်ပင် မင်းသမီးဒွန်ဟောင်က ငယ်ရွယ်သည့် မိန်းမငယ်လေး မဟုတ်တော့သည်ကို သိနိုင်ပေသည်။ နှစ်ပေါင်းများစွာ ကျင့်ကြံလာပြီးနောက် သူမက ပိုမို ခမ်းနားထည်ဝါကာ ကျက်သရေရှိလာသည်။ သူမ၏ အဆင့်အတန်းနှင့် အနေအထားအပြင် သူမကိုယ်တိုင်သည်လည်း ပြိုင်ဘက်ကင်း ရန်ဟောင်တစ်ပါး ဖြစ်သည်။

"မင်းသမီးက ဒီလိုပြောတယ်ဆိုတော့ ကျုပ်တို့လည်း ရွေးချယ်စရာမရှိတော့ဘဲ ဘေးဖယ်​ပေးရတော့မှာပေါ့။" ထိုလူက အနည်းငယ် မကျေမနပ်ဖြစ်နေသော အသံနှင့် တုန့်ပြန်လိုက်သည်။ မင်းသမီးဒွန်ဟောင်နှင့် ရင်ဆိုင်နေရလျှင်ပင် သူက အလွန်အကျွံ ခယနေခြင်း မရှိပေ။ အဆုံးမှာတော့ သူတို့က အင်ပါယာနန်းတော်၏ အုပ်ချုပ်မှုအောက်၌ ရှိနေခြင်းမဟုတ်သည့်အတွက် အင်ပါယာနန်းတော်က သူတို့ကို မည်သည့်အရာမှ လုပ်ဆောင်နိုင်မည် မဟုတ်ပေ။ အင်ပါယာနန်းတော်က သူတို့ကို အလွန် ရန်လိုစွာ ပြုမူလာမည်ဆိုပါလျှင် အကျိုးဆက်က ပြင်းထန်ပေလိမ့်မည်။

"အင်း" မင်းသမီးဒွန်ဟောင်က အနည်းငယ်မျှပင် ခံစားချက်ရှိပုံ မရပေ။ သူမက လျစ်လျူရှုဟန်ဖြင့် သာမန်ကာလျှံကာ ခေါင်းညိတ်လိုက်သည်။ သူမက အခြားဘုံများမှ ကျင့်ကြံသူများကို ကြည့်ကာ ပြောလိုက်သည်။ "ဟိုးအရင်တုန်းက တိုက်ပွဲမှာ မူလဘုံက ကောင်းကင်ဒေသရဲ့ အုပ်ချုပ်မှုအောက် ရောက်လာခဲ့တယ်။ အခု မူလဘုံမှာ အပြောင်းအလဲတွေ ဖြစ်နေခဲ့ပြီး ရှင်တို့ကို ဖိတ်ခေါ်ထားခြင်းမရှိပေမယ့် ဒီရောက်လာတာကို ကောင်းကင်ဒေသက ကန့်ကွက်ခြင်း မပြုခဲ့တာ အဲဒီအကြောင်းအရင်းကြောင့်ပဲ။ စွန့်ပစ်ခံကလန်က အခု အင်ပါယာနန်းတော်ရဲ့ အုပ်ချုပ်မှုအောက် ဝင်ရောက်ပြီး အမိန့်နာခံဖို့ အသိအမှတ်ပြုလိုက်တာမို့ လူတိုင်းပဲ အေးအေးဆေးဆေး ထွက်ခွာသွားပေးကြပါ။"

စွန့်ပစ်ခံကလန်က ကောင်းကင်ဒေသ အင်ပါယာနန်းတော်၏ လက်အောက်သို့ ဝင်ရောက်ရန် သဘောလိုက်သည်နှင့် စွန့်ပစ်ခံကလန်အား အခြားအင်အားစုများ တိုက်ခိုက်လာသည်မှ တားဆီးရန် အင်ပါယာနန်းတော်က ကိုယ်စား ကာကွယ်ပေးလာသည်။

"မင်းသမီးဒွန်ဟောင် ဒီကိစ္စကို ဒီလိုပဲ ထားလိုက်သင့်ရဲ့လား။" အေးစက်သည့် အသံတစ်ခုက မေးမြန်းလိုက်သည်။ ၎င်းက မှော်နက်လောကမှ ထိပ်သီးကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး သူ့အသံတွင် အေးစက်မှုတို့ စွန်းထင်းနေခဲ့သည်။ သူတို့က စွန့်ပစ်ခံကလန်၏ ဝင်္ကပါအစီအရင်ကို ချိုးဖျက်ရန် စစ်ကြေညာခဲ့ပြီး ဖြစ်သည်။ သူတို့က ဤအရှိန်အဟုန်အတိုင်း ဆက်လက်တိုက်ခိုက်လျှင် စွန့်ပစ်ခံကလန်က အနှေးနဲ့အမြန် ရှုံးနိမ့်ရမည်မှာ သေချာပေသည်။

ထိုအချိန်တွင် မမျှော်လင့်ထားဘဲ ကောင်းကင်ဒေသမှ အင်ပါယာနန်းတော်က တိုက်ပွဲ ဆက်လက်ဖြစ်ပွားခြင်းမှ တားဆီးရန် ဝင်ရောက်စွက်ဖက်လာသည်။

"စွန့်ပစ်ခံကလန်က အခု အင်ပါယာနန်းတော် လက်အောက်ကို ရောက်လာပြီမို့ စွန့်ပစ်ခံကလန်ကို တိုက်ခိုက်တာ ရပ်တန့်ပေးဖို့ အင်ပါယာနန်းတော်က တောင်းဆိုတာပါ။ ဒီအတိုင်း လွှတ်ပေးလိုက်ဖို့ ငြင်းဆန်မယ်ဆိုရင် ကျွန်မတို့ကလည်း လိုအပ်သလို လှုပ်ရှားဖို့ စိတ်ထဲထားနေမှာ မဟုတ်ဘူး။" မင်းသမီးဒွန်ဟောင်က ပြန်ဖြေလိုက်သည်။ သူမနောက်တွင် ရပ်နေသည့် နတ်စစ်သူကြီးများက ကြောက်မက်ဖွယ် အရှိန်အဝါတို့ကို ထုတ်လွှတ်နေသည်။ ရီဖူရှင်းက လှံအင်ပါယာတုယွီကို မြင်တွေ့လိုက်ရသည်။ သို့သော် ထိုနတ်စစ်သူကြီးက အခြားလူများ၏ နောက်တွင် ရပ်နေသည့်အတွက် သိသာထင်ရှားသည့် အနေအထား၌ ရှိမနေပေ။

သိသာစွာပင် ဤတစ်ကြိမ်​၌ တစ်လောကလုံးမှ အထွတ်အထိပ် ကျင့်ကြံသူများ ပါဝင်ပတ်သတ်နေသည့်အတွက်ကြောင့် အင်ပါယာနန်းတော်က ယခင်ကထက် ပို၍ အားကောင်းသော အစွမ်းထက် ကျင့်ကြံသူများ စေလွှတ်လိုက်ကြောင်း သိသာပေသည်။

အချိန်တစ်ခုအထိ လေဟာနယ်က တိတ်ဆိတ်သွားပြီး ကျင့်ကြံသူများအားလုံး ငြိမ်သက်သွားပေသည်။

စွန့်ပစ်ခံကလန် ကိုယ်တိုင်ကပင် အလွန် အစွမ်းထက်နေခဲ့ပြီး ထိုကျင့်ကြံသူများက သူတို့၏ ခုခံကာကွယ်မှုကို ချိုးဖျက်ရန် အခက်အခဲများစွာနှင့် ကြီးစွာသော တန်ဖိုးကို ပေးဆပ်ခဲ့ရသည်။ ယခုတွင် ကောင်းကင်ဒေသမှ ထိပ်သီးအင်အားစုများက စွန့်ပစ်ခံကလန်ကို ဆက်လက်၍ ဆန့်ကျင်တိုက်ခိုက်တော့မည် မဟုတ်ဘဲ ကံမကောင်းလျှင် သူတို့ကပါ စွန့်ပစ်ခံကလန်အတွက် ကူညီတိုက်ခိုက်ပေးနိုင်ပေသည်။ မင်းသမီးဒွန်ဟောင် ရှိနေသရွေ့ ထိုကောင်းကင်ဒေသမှ အင်အားစုများက စွန့်ပစ်ခံကလန်ကို တိုက်ခိုက်ရန်မှာ မဖြစ်နိုင်တော့ပေ။ သူတို့ဘက်တွင် အင်အားများ လျော့နည်းသွားသည်ဟု ဆုံးဖြတ်နိုင်သော်လည်း အခြားတစ်ဖက်တွင် ဒွန်ဟောင်အင်ပါယာနန်းတော်က ကျောထောက်နောက်ခံအဖြစ် ဝင်ရောက်လာပေသည်။

ဤကဲ့သို့ အခြေအနေအောက်တွင် တိုက်ပွဲ ဆက်လက်ဖြစ်ပွားလျှင် သူတို့က ကျိန်းသေ ထိခိုက်ဆုံးရှုံးများ ရှိလာလိမ့်မည် ဖြစ်ကာ စွန့်ပစ်ခံကလန်ကို အနိုင်ယူနိုင်ရန် အခွင့်အရေးဟူ၍ မရှိပေ။

ရုတ်တရက် တိတ်ဆိတ်သော လေထုကို ဖြိုခွဲကာ အသံတစ်ခု ထွက်ပေါ်လာသည်။ ၎င်းက လူသားဘုံမှ ကျင့်ကြံသူတစ်​ယောက် ဖြစ်သည်။ "စွန့်ပစ်ခံကလန်က ကျင့်ကြံခြင်းလောကထဲ အဓိက ကလန်တစ်ခုဖြစ်ပြီး ဘာအမှားမှ မလုပ်ခဲ့ဖူးဘူး။ တကယ်လို့ ခင်ဗျားတို့သာ လက်လျှော့ဖို့ ငြင်းဆန်ပြီး စွန့်ပစ်ခံကလန်ကို ဆက်တိုက်ခိုက်မယ်ဆိုရင် လူသားဘုံက ဘေးထွက်ရပ်နေမှာ မဟုတ်ဘူး။"

ထိုအသံက တိတ်ဆိတ်သော လေဟာနယ်အတွင်း ပဲ့တင်ထပ်လာသည်။ ကောင်းကင်ဒေသအတွင်းမှ အင်အားစုများ၊ လူသားဘုံနှင့် စွန့်ပစ်ခံကလန်တို့၏ ပူးပေါင်းသွားခြင်းက အခြားလောကမှ အင်အားစုများအနေနှင့် စွန့်ပစ်ခံကလန်ကို သုတ်သင်နိုင်ရန် မျှော်လင့်ချက်ကို ပျက်သုဥ်းစေသည်။

သို့သော် ဤကဲ့သို့ လက်လျှော့လိုက်ရမှာလည်း အတော်လေး စိတ်မကျေနပ်စရာ ကောင်းလှသည်။

"လူသားဘုံကတော့ တကယ့်ကို ဖြောင့်မတ်မှန်ကန်ခြင်းရဲ့ ကိုယ်စားပြုပါပဲ။ ဒါပေမယ့် ဘာလို့ အစောပိုင်းကတည်းက ဝင်မစွက်ဖက်ဘဲ စွန့်ပစ်ခံကလန်နဲ့ မဟာမိတ်မဖွဲ့တာလဲ။" မှော်နက်လောကမှ ကျင့်ကြံသူတစ်ယောက်က မှတ်ချက်ပြုလိုက်သည်။ သူ့စကားလုံးများတွင် ကွယ်ဝှက်ထားသော စွပ်စွဲချက်များနှင့် ပြည့်နေကာ ထေ့ငေါ့မှုတို့ ရှိနေသည်။ ကောင်းကင်ဒေသ အင်ပါယာနန်းတော်မှ လူများ ရောက်ရှိလာသည့်အခါမှ လူသားဘုံမှ အင်ပါယာနန်းတော်၏ ဘေးတွင် ရပ်တည်ရန် ဆန္ဒရှိလာခြင်း ဖြစ်သည်။ သူတို့က မှော်နက်လောကမှ ရရှိနိုင်သည့် မည်သည့် အရင်းအမြစ်ကိုမဆို အပြည့်အဝ ဖြတ်တောက်ခဲ့သည်။

"ကောင်းကင်ဒေသ အင်ပါယာနန်းတော်က ဝင်ရောက်ပတ်သတ်လာတယ်ဆိုမှတော့ ကျုပ်တို့က ဒီကိစ္စကို အချိန်တစ်ခုထိ လွှတ်ထားပေးပြီး စွန့်ပစ်ခံကလန်ကို မတိုက်ခိုက်တော့ဘူး။" နတ္ထိဘုံမှ ကျင့်ကြံသူတစ်ယောက်က လက်လွှတ်လိုက်ရန် ဆန္ဒရှိကြောင်း ဖော်ပြလာသည်။ ဤကဲ့သို့အခြေအနေ၌ သူတို့တွင် လက်လျှော့ခြင်းမှလွဲ၍ မည်သို့သော ရွေးချယ်စရာ ရှိလိမ့်မည်နည်း။

"ဒါပေမယ့် အခု မူလဘုံက ဒီလို အပြောင်းအလဲတွေ ​ဖြစ်နေတာ။ အခု ကျုပ်တို့က စွန့်ပစ်ခံကလန်ကို မထိဖို့ သဘောတူနိုင်ပေမယ့် အရှင်ဒွန်ဟောင်အနေနဲ့ မူလဘုံ အုပ်ချုပ်မှုကို စွန့်လွှတ်သင့်တယ်ဆိုတာ သိမယ်လို့ သေချာပါတယ်။ မူလဘုံအတွင်း အပြောင်းအလဲတွေ အများကြီး ဖြစ်နေတာ အခု မူလဘုံက ဘယ်သူ့အု​ပ်ချုပ်မှုအောက်မှာမှ ရှိမနေသင့်တော့ဘူး။"

နတ္ထိဘုံက ဤကဲ့သို့သော တောင်းဆိုချက်မျိုး လုပ်လာလိမ့်မည်ဟု ထင်မထားမိသည့်အတွက် လူတိုင်း အံ့အားသင့်သွားခဲ့သည်။ ကောင်းကင်ဒေသ၏ အင်ပါယာနန်းတော်က မူလဘုံ၏ အရှင်သခင်ဟု အမြဲတစေ ခံယူထားခဲ့ပြီး ယခု အပြောင်းအလဲ ပြုလုပ်ရတော့မည့် အချိန်ပင် ဖြစ်သည်။

မှော်နက်လောကနှင့် နတ်ဆိုးလောကမှ ကျင့်ကြံသူများကလည်း တူညီသော အတွေးများ ရှိနေပြီး ယခုအချိန်၌ သူတို့က မင်းသမီးဒွန်ဟောင်အပေါ် အာရုံစူးစိုက်ထားကြပေသည်။

All Chapters