ချုံဧကရာဇ်ခေတ်၏ ဧကရာဇ်ကိုးပါး
Vol. 59 Ch. 781
ချင်မူ နေရာရွှေ့ပြောင်းသင်္ကေတများကို ထိန်းထားပြီး သွေးပင်လယ်၏ အတွင်းထဲသို့ ကြည့်လိုက်သည်။ ပင်လယ်ပြင်သည် ဘေးနှစ်ဖက်သို့ ကွဲထွက်သွားကာ မြစိမ်းရောင်ဂါဝန်နှင့် အမျိုးသမီးတစ်ယောက် ထွက်လာသည်။ သူမ အပေါ်သို့ ရောက်သည့်အခါ သွေးပင်လယ်က ပြန်စေ့သွား၏။
အမျိုးသမီး၏ မြစိမ်းရောင်ဂါဝန်တွင် သစ်ရွက်သဏ္ဍာန်မျိုးစုံ ပုံဖော်ထား၏။ သူမ၏ဆံပင်များက သမင်တစ်ကောင်၏ ချိုများသဖွယ် ကွေးလိမ်နေပြီး ခေါင်းအနောက်တွင် ရောင်ခြည်စက်ဝန်းတစ်ခု ရှိနေသည်။ ခေါင်းပေါ်တွင်မူ အပင်ပေါက်လေးတစ်ပင် ရှိနေပြီး ယခုမှ အညှောင့်ထွက်လာသကဲ့သို့ နုနယ်စိမ်းစိုနေသော အရွက်လေးနှစ်ရွက် ရှိနေသည်။
“မမကြီး”
နေရာရွှေ့ပြောင်းသင်္ကေတအမှတ်သားများက ချင်မူ့ကို ဖြည်းဖြည်းချင်း လှည့်ပတ်နေသော်လည်း အသက်ဝင်မနေပေ။ သူက အပြုံးတစ်ခုဖြင့် မေးလိုက်သည်။ “မမကြီးကို ဘယ်လိုခေါ်ရမလဲ... အမိကမ္ဘာမြေက ကျွန်တော့်ကို ဘာအတွက် ဖိတ်ခေါ်တာလဲဗျ”
မြစိမ်းရောင်ဂါဝန်နှင့် အမျိုးသမီးသည် သူ့ဆီသို့ လမ်းလျှောက်လာပြီး ရပ်လိုက်၏။ “အစ်မနာမည်က ကုန်းစွန်းယန်၊ အမိကမ္ဘာမြေရဲ့ အစေခံတစ်ယောက်ပါ... အမိကမ္ဘာမြေက ဧည့်သည်တော်လေးကို ဖိတ်ခေါ်ခိုင်းလိုက်ပေမယ့် အကြောင်းရင်းတော့ မပြောပြခဲ့ပါဘူး... ဧည့်သည်တော်လေး ၊ ကြွပါ”
ချင်မူ နဂါးချီလင်၏ ခေါင်းပေါ်မှ ခုန်ချပြီးနောက် ကောင်းကင်နတ်အရှင်ယွီကို ရေချီလင်၏ ကျောပေါ်တွင်သာ နေရန် လက်ဟန်ပြလိုက်သည်။ “မမကြီးယန်၊ မမကြီးရဲ့ ဂါဝန်က သိပ်လှတာပဲ”
ကုန်းစွန်းယန် ဝမ်းသာသွားသည်။ “လှတယ်လား... ဒီဂါဝန်ကို ချုပ်ဖို့ အတော်လေး အပင်ပန်းခံခဲ့ရတယ်”
ချင်မူက သူမနောက်မှ လိုက်သွားရင်း မေးကြည့်လိုက်၏။ “ကျွန်တော် အမိကမ္ဘာမြေရဲ့ ဂုဏ်သတင်းကို ကြားဖူးတာ ကြာပါပြီ... ဒါပေမဲ့ သူနဲ့တွေ့ဖို့ အခွင့်အရေးတစ်ကြိမ်မှ မရခဲ့ဘူး.. မမကြီးယန်၊ အမိကမ္ဘာမြေကို ကျွန်တော့်ကို ဘယ်လိုသိတာလဲ”
ကုန်းစွန်းယန်သည် သွေးပင်လယ်ကို ဖြတ်သွားနေပြီး ပြော၏။ “အစ်မလည်း သေချာမသိဘူး... ကောင်းကင်ယင်နတ်ဘုရားမ အမိကမ္ဘာမြေဆီ အလည်လာတုန်းက ဧည့်သည်တော်လေးအကြောင်း ပြောသွားတာ ဖြစ်မယ်... နဂါးဟန်ခေတ်အဆုံးသတ်မှာ ကောင်းကင်ယင်နတ်ဘုရားမ လုပ်ကြံခံတုန်းက အမိကမ္ဘာမြေလည်း အဲဒီလိုဖြစ်လာမှာ စိုးထိတ်နေခဲ့ရတယ်... ဒါပေမဲ့ ကောင်းကင်ယင်နတ်ဘုရားမက အသက်ပြန်ရှင်လာပြီး အမိကမ္ဘာမြေကို အရင်လာရှာတယ်လေ... အဲဒီအချိန်တုန်းက အစ်မက နန်းဆောင်အပြင်မှာဆိုတော့ သူတို့ပြောနေတာတွေ မကြားခဲ့ဘူး”
ချင်မူ စိတ်အေးလက်အေး ဖြစ်သွားသည်။
ကောင်းကင်ယင်နတ်ဘုရားမ အသက်ပြန်ရှင်လာပြီးနောက်ပိုင်း ကောင်းကင်ယင်ကမ္ဘာထဲမှ အချိန်တစ်ခုအထိ ပျောက်သွားခဲ့သည်။ ချင်မူ သူမနှင့်တွေ့ရန် ကောင်းကင်ယင်ကမ္ဘာဆီ သွားခဲ့သော်လည်း ကောင်းကင်ယင်ကမ္ဘာ၏ ကောင်းကင်နတ်သိုင်းပညာရှင်များက သူမ မိတ်ဆွေဟောင်းကြီးတစ်ယောက်ဆီ အလည်သွားကြောင်း ပြောခဲ့ကြ၏။ ထိုမိတ်ဆွေဟောင်းက အမိကမ္ဘာမြေ ဖြစ်လိမ့်မည်။
‘ကောင်းကင်ယင်နတ်ဘုရားမက ငါ သူ့ကို အသက်သွင်းပေးခဲ့တဲ့အကြောင်း အမိကမ္ဘာမြေကို ပြောပြခဲ့တာပဲ ဖြစ်မယ်... ဒီတစ်ခေါက် ကုန်းစွန်းယန်နဲ့ ငါ့ကို အခေါ်လွှတ်လိုက်တာ အကြောင်းရင်းတစ်ခုခုတော့ ရှိမယ်”
ချင်မူ ဤနေရာထိ တွေးပြီးသော် အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ “မမကြီးယန်၊ ကျွန်တော် လမ်းမှာ ဒီကိုလာနေတဲ့ နတ်ဘုရားတွေ၊ မိစ္ဆာတွေကို မြင်ခဲ့ရတယ်... နတ်ဘုရားတစ်ပိုင်းတွေလည်း တစ်ပုံကြီးပဲ.. သူတို့ကြောင့် ခရီးက အတော်လေး အန္တရာယ်များခဲ့တယ်ဗျ... ဘာတွေဖြစ်နေလဲမသိဘူးနော်”
ကုန်းစွန်းယန်က သူတို့ကို သွေးပင်လယ်၏ အခြားကမ်းစပ်တစ်ခုဆီသို့ ခေါ်သွားသည်။ သို့သော် ကျောက်စိမ်းမြို့တော်ဆီ မဝင်ဘဲ ကွေ့ပတ်သွား၏။ “အမိကမ္ဘာမြေ ကမ္ဘာဦးဘုံရဲ့ အင်အားက အခု ရှုပ်ထွေးနေပြီ... ကမ္ဘာဦးဘုံ ပြန်ပေါ်လာတော့ အင်အားစုတွေအများကြီး ယောက်ယက်ခတ်သွားပြီး ဒီအခြေအနေကို အခွင့်အကောင်းယူချင်နေကြတယ်.... အဲဒီနတ်ဘုရားတွေ၊ မိစ္ဆာတွေက အမိကမ္ဘာမြေရဲ့ လက်အောက်က ကမ္ဘာတွေဆီကပဲ... ကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လာနေကြတာမဟုတ်ဘူး... နတ်ဘုရားတစ်ပိုင်းတွေကတော့ အမိကမ္ဘာမြေ ဆင့်ခေါ်နေတာမဟုတ်ဘဲ... တစ်ယောက်က အမိကမ္ဘာမြေရဲ့ နာမည်ကို အသုံးချပြီး သူတို့ကို ဆင့်ခေါ်နေတာ”
ချင်မူ ရင်ထဲ ဒိန်းခနဲ ခုန်သွားသည်။ “တစ်ယောက်က အမိကမ္ဘာမြေရဲ့ နာမည်ကို အသုံးချပြီး နတ်ဘုရားတစ်ပိုင်းတွေကို ဆင့်ခေါ်နေတာတဲ့လား”
ရေချီလင်လည်း အံ့အားသင့်သွားပြီး အလျင်အမြန် ပြောသည်။ “မဖြစ်နိုင်တာ... ငါ နိုးလာတုန်းက အမိကမ္ဘာမြေ ငါတို့ကို ခေါ်နေမှန်း သေသေချာချာ ခံစားခဲ့ရတာပါ... သူက ကမ္ဘာဦးဘုံရဲ့ အရှင်သခင်လေ... သူ ဆင့်ခေါ်တာ မမှားနိုင်ဘူး... နဂါးချီလင်၊ မင်း အမိကမ္ဘာမြေရဲ့ ဆင့်ခေါ်သံကို မခံစားခဲ့ရဘူးလား”
နဂါးချီလင်က ပြောသည်။ “ခံစားခဲ့ရပေမယ့် အဲဒီအချိန်တုန်းက လယ်ထွန်နေတုန်းမလို့ အဖက်မလုပ်ခဲ့တာ”
ချင်မူ စဉ်းစားကြည့်ရင်း ပြောလိုက်သည်။ “နတ်ဘုရားတစ်ပိုင်းတွေကို ဆင့်ခေါ်နေတာ အမိကမ္ဘာမြေ မဟုတ်ဘူးဆိုရင် ဘယ်သူက သူ့နာမည်နဲ့ ဆင့်ခေါ်နိုင်မလဲ... ဘယ်လိုနည်းလမ်းမျိုးနဲ့ ကမ္ဘာဦးဘုံထဲက နတ်ဘုရားတစ်ပိုင်းတွေကို ဆင့်ခေါ်နိုင်တာလဲ... တစ်ယောက်မကျန် ဆင့်ခေါ်သံကို ကြားစေဖို့နဲ့ အတုနဲ့အစစ်အကြား ခွဲမရအောင် လုပ်ဖို့က မရိုးရှင်းဘူးမလား”
ကုန်းစွန်းယန်က ခေါင်းယမ်းသည်။ “ဒါက အစ်မ သိနိုင်တဲ့အရာမဟုတ်ဘူး... အစ်မက အမိကမ္ဘာမြေ သေဆုံးသွားကတည်းက သူ ပြန်ရှင်လာမယ့် နေ့ရက်ကို စောင့်ရင်း မြေကမ္ဘာနန်းတော်မှာပဲ တိတ်တိတ်ဆိတ်ဆိတ် နေခဲ့တာဆိုတော့ အပြင်လောကအကြောင်း ကောင်းကောင်းမသိဘူး”
ကျောက်စိမ်းမြို့တော်သည် အတိုင်းထက်အလွန် ကြီးမားကျယ်ပြော၏။ ထို့အပြင် နတ်ကောင်းကင်ခန်းမက ကျောက်စိမ်းမြို့တော်ထဲတွင် ရှိချေသည်။ ယခုတွင် ကျောက်စိမ်းမြို့တော်ဘက်မှ ကြောက်မက်ဖွယ်ရာလှိုင်းဂယက်များ ဖြာထွက်လာနေပြီး တစ်ချက်တစ်ချက် ပြင်းထန်အားကောင်းသော ကောင်းကင်နတ်သိုင်းများ ပေါက်ကွဲတတ်ကာ နတ်ကောင်းကင်ခန်းမကို ဗဟိုပြုလျက် ပျံ့နှံ့လာတတ်၏။
ချင်မူ လှမ်းကြည့်ရင်း တွေးနေမိသည်။ ‘အမိကမ္ဘာမြေရဲ့ နာမည်ကို အလွဲသုံးစား လုပ်တဲ့တစ်ယောက်က နတ်ကောင်းကင်ခန်းမထဲမှာ ရှိလောက်တယ်... သူ ဘယ်သူမှန်းတော့မသိဘူး... ဘယ်သူက အမိကမ္ဘာမြေအယောင်ဆောင်ပြီး နတ်ဘုရားတစ်ပိုင်းတွေကို စုဝေးရဲတာလဲ... ကောင်းကင်ဆရာသခင်ကျစ်ရှီက အဲဒီကို ရောက်နေလောက်ပြီ... သူ အန္တရာယ်ကင်းပါ့မလား’
ထို့နောက် ချင်မူက ခေါင်းယမ်းလိုက်သည်။ စာပေသမား၏ အစွမ်းအစများသည် ကောင်းကင်ဆရာသခင်လေးဦးအနက် အမြင့်ဆုံးမဟုတ်သော်လည်း စွမ်းရည်အားလုံး ပေါင်းစည်းလိုက်ပါက အကြီးမားဆုံးသိုင်းစွမ်းအားကို ထုတ်လွှတ်နိုင်သူ ဖြစ်၏။ သိုင်းပညာကောင်းကင်ဆရာသခင်ပင် သူမလက်ထဲတွင် တစ်ကြိမ်ထက်မနည်း အရိုက်ခံခဲ့ရဖူးသည်။ သူမက သူ့ထက်သာသည့်အချက်အား သိုင်းပညာကောင်းကင်ဆရာသခင်ကိုယ်တိုင် လက်ခံထားလေသည်။
သိုင်းပညာရှင်ကောင်းကင်ဆရာသခင်သည် ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်တစ်ယောက် ဖြစ်၏။ သူပင် နိမ့်ကျပါသည်ဟု ဝန်ခံလျှင် ကောင်းကင်ဆရာသခင် ကျစ်ရှီအနေဖြင့် အန္တရာယ်ရှိလောက်မည် မဟုတ်ပေ။
သူတို့ အကြာကြီး ပတ်လျှောက်လာပြီးနောက် တောင်ပို့လေးတစ်ခုဆီ ရောက်လာကြသည်။
တောင်ပို့လေးအပေါ်တွင် အိုမင်းနေသော ဘုရားကျောင်းတစ်ကျောင်း ရှိပြီး စာလုံးတချို့ရေးထားသော သစ်သားပြားသည် မြေကြီးထဲ၌ စိုက်နေ၏။ ချင်မူက သစ်သားပြားကို ဆွဲထုတ်၍ ဖုန်များ သုတ်လိုက်သည်။
စာလုံးများက အလွန်ရှေးကျလေသည်။
သူက ကောင်းကင်နတ်အရှင်ယွီဆီသို့ ကြည့်လိုက်ရာ ကောင်းကင်နတ်အရှင်ယွီက ပြောသည်။ “အစ်ကိုကြီး၊ ဒီစာလုံးတွေက အမိကမ္ဘာမြေဘုရားကျောင်းလို့ ရေးထားတာ”
ကုန်းစွန်းယန်က အိုမင်းပျက်စီးနေသော ဘုရားကျောင်းထဲ ဝင်သွားပြီး သူတို့ကို လောသည်။ “မြန်မြန် ဝင်ခဲ့”
ချင်မူ တခဏ တွေးကြည့်ပြီးနောက် သစ်သားပြားကို ထောင်ကျယ်အိတ်ထဲ ထည့်လိုက်၏။ ‘အရင်ဆုံး သိမ်းထားလိုက်ဦးမယ်... အသုံးတည့်ရင် တည့်မှာ’
ဘုရားကျောင်းသည် သိပ်မကျယ်၊ သို့သော် အလွန်သေသပ်သန့်ရှင်းနေပြီး မကြာခဏ သန့်ရှင်းရေးလုပ်ပေးနေသူ ရှိကြောင်း ထင်ရှား၏။ တံခါးများ ပိတ်လျက်ရှိသည့် ဧည့်သည်နားခိုရာ အခန်းများကိုလည်း တွေ့မြင်ရသည်။
“ဒါ မမကြီး နေတဲ့နေရာလား” ချင်မူ မေးလိုက်သည်။
ကုန်းစွန်းယန်က ခေါင်းညိတ်ပြ၏။ “ဟုတ်တယ် အစ်မ ဒီမှာ နေတာ... ဘုရားကျောင်းရဲ့အနောက်မှာ သစ်သီးခင်းတွေ၊ အသီးအရွက်ခင်းတွေ စိုက်ထားတာ ရှိတယ်... အစ်မစိုက်ထားတဲ့ သစ်သီးတွေက သိပ်အရသာရှိတယ်သိလား... အချိန်မရတာ နှမြောစရာပဲ မဟုတ်ရင် မောင်လေးကို မြည်းကြည့်ခိုင်းလို့ ရမှာ... အမိကမ္ဘာမြေနဲ့ တွေ့ပြီးရင်တော့ မောင်လေးအတွက် အမ ခူးထည့်ပေးလိုက်မယ်”
ချင်မူ ကျေးဇူးတင်စကား ဆိုလိုက်သည်။
ဤအမျိုးသမီးသည် အလွန်ချစ်စရာကောင်းပြီး ရိုးသားပုံရသည်။ သူမတွင် အန္တရာယ်များသော အကြံအစည်များ မရှိ၍ ပေါင်းရသင်းရ လွယ်သည်ဟု ချင်မူ ခံစားမိ၏။
ကုန်းစွန်းယန်က သူတို့ကို ဘုရားကျောင်း၏ ပင်မခန်းမဆီသို့ ခေါ်သွားသည်။ ချင်မူ မော့ကြည့်လိုက်သည့်အခါ အရှေ့တွင် နတ်ဘုရားမရုပ်တုတစ်ရုပ်အား မြင်တွေ့ရသည်။ နတ်ဘုရားမက ကြင်နာသနားတတ်သော ပုံစံပြီး နှုတ်ခမ်းများက ပြုံးနေလေသည်။
နတ်ဘုရားရုပ်တု၏ အနောက်၌ ကြေးသားဖြင့် ထုဆစ်ထားသော ရှေးဟောင်းသစ်ပင်တစ်ပင် ရှိ၏။ ရုပ်တုက သစ်ပင်အောက်တွင် ရပ်နေခြင်း ဖြစ်သည်။
ကုန်းစွန်းယန်က နတ်ဘုရားရုပ်တုကို အရိုအသေပေးလိုက်ပြီး ဘုရားကျောင်း၏ကြမ်းပြင်မှာ ရုတ်တရက် ပွင့်လာကာ မြေအောက်သို့ ဦးတည်နေသော လမ်းတစ်လမ်းအား ဖော်ပြလိုက်သည်။ အမှောင်ထုထဲ၌ မှိန်မှိန်ပျ လင်းနေသော အလင်းရောင်ကို မြင်လိုက်ရသည်။
ချင်မူက ကြမ်းပြင်ပေါ်ရှိ အတားအဆီးအစီအရင်ကို အကဲခတ်ရင်း တွေးနေသည်။ ‘ဒီအတားအဆီးအစီအရင်က အချောမသပ်ရသေးဘူးပဲ’
ကုန်းစွန်းယန်က အပြုံးတစ်ခုဖြင့် ပြောလေသည်။ “မောင်လေးကတော့ လူထူးဆန်းလေးပဲ... ကြမ်းပြင်ပေါ်မှာ ဘာများ ကြည့်စရာရှိတာ မှတ်လို့... အောက်ဆင်းရအောင်”
ချင်မူ သူမနောက်မှ လိုက်သွားသည်။ နဂါးချီလင်မှာ ချင်မူ့ကျောနောက်သို့ အလျင်အမြန် ရွေ့လျားပြီး ပူးကပ်နေ၏။ သူက ပတ်ဝန်းကျင်ကို ကြောက်လန့်စွာ ကြည့်နေသော်လည်း အခြားတစ်ဖက်တွင် ရေချီလင်က ခေါင်းမော့ရင်ကော့ထားသည်။ ရေချီလင်သည် ရဲဝင့်သော ခြေလှမ်းများဖြင့် ကောင်းကင်နတ်အရှင်ယွီကို သယ်ဆောင်လာ၏။
သူတို့ခြေထောက်တွင် ရှိနေသည်က လှေကားထစ်များ မဟုတ်ပေ။ အလွန်တုတ်ခိုင်ကြီးမားလှသည့် အမြစ်တစ်မြစ် ဖြစ်သည်။ ဤအမြစ်သည် ထာဝရငြိမ်းချမ်းရေးအင်ပါယာနှင့် အနောက်ကမ္ဘာမြေကို ဆက်သွယ်ပေးထားသော လမ်းမကြီးထက်ပင် ထူချေသည်။ ရေညှိများက အမြစ်ကြီးအား ဖုံးနေသဖြင့် သူတို့ လမ်းလျှောက်သွားသည့်အခါ ခြေရာများ ထင်းကျန်ခဲ့သည်။ ဆယ့်လေးငါးလှမ်းကျော် လျှောက်ပြီးသည့်အခါမှ နောက်ရှိခြေရာများမှ တစတစ မည်းနက်သွား၏။
နဂါးချီလင်နှင့် ရေချီလင်နှစ်ကောင်လုံး အလွန်အံ့အားသင့်သွားကြသည်။ သူတို့က အမြစ်ကြီးပေါ်တွင် ဟိုခုန်သည်ခုန်ရင်း ခွာရာများ ချန်နေကြသည်။ ကောင်းကင်နတ်အရှင်ယွီလည်း သူတို့နှင့်အတူ ဆော့ရန် ဆင်းချလာသည်။ သို့သော် သူ့မှာ ခြေချော်သွား၍ ကျယ်လောင်စွာ အော်ဟစ်ရင်း ပြုတ်ကျသွားတော့သည်။
ချင်မူ ခေါင်းယမ်းလိုက်မိ၏။ သူ၏ဆံပင်တစ်မျှင်က ကြီးထွားလာက အောက်သို့ ဆင်းသွားပြီး ကောင်းကင်နတ်အရှင်ယွီအား စွေ့ခနဲ ပွေ့သယ်လိုက်သည်။
ကောင်းကင်နတ်အရှင်ယွီမှာ အကြောက်မပြေသေး၍ ငြိမ်သွား၏။
သစ်မြစ်များသည် အဘက်ဘက်သို့ ဖြာထွက်နေပြီး ဤမြေအောက်မှာ မြေအောက်နှင့် မတူပေ။ တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းအောင် ကျယ်ဝန်းသော နေရာဟင်းလင်းပြင်တစ်ခုနှင့် တူသည်။ သို့သော် ပတ်ဝန်းကျင်က မှောင်မိုက်နေသောကြောင့် ဟင်းလင်းပြင်၏ ဖွဲ့စည်းခင်းကျင်းထားပုံအား မမြင်ရပေ။
ချင်မူ ကုန်းစွန်းယန်နှင့်အတူ မြေအောက်ဟင်းလင်းပြင်ဆီသို့ ဆင်းနေသည်။ သို့သော် အောက်သို့ ဆင်းနေရင်း ဤနေရာ၏ အမြင့်နှင့်ပတ်သက်ပြီး တွေဝေလာတော့သည်။ သူတို့အမြစ်တစ်မြစ်မှ တစ်မြစ်ဆီသို့ သွားနေသော်လည်း အောက်ခြေသို့ မရောက်ကြသေးပေ။
ရုတ်တရက် နဂါးချီလင်က အော်ဟစ်ပြီး ချင်မူ့နောက်၌ ဝင်ပုန်းရင်း တုန်ရီသည်။
ချင်မူ လှမ်းကြည့်လိုက်သည့်အခါ မလှမ်းမကမ်းတွင် အလွန်ရှေးကျသော အမြစ်ကြီးများ တစ်မြစ်နှင့်တစ်မြစ် ရစ်ပတ်လျက် အထုံးတစ်ထုံး ဖွဲ့တည်ထားကြောင်း လှမ်းမြင်လိုက်ရ၏။
ထိုအထုံး၏ အလယ်တွင် အနက်ရောင်ခေါင်းတလားတစ်ခု တိတ်ဆိတ်ငြိမ်သက်စွာ ရှိနေသည်။ ၎င်းဆီမှ ကြောက်မက်ဖွယ်ရာ နတ်တန်ခိုးကို ခံစားရသည်။
ထို့အပြင် ကျောက်ခေါင်းတလား၏ အရှေ့တွင် ... ချီလင်၊ ခြင်္သေ့၊ ကုလားအုပ်၊ မြင်း၊ ဆင်ဖြူနှင့် ရှဲ့ကျစ်ဟူ၍ ကျောက်ရုပ်တုများ ရှိကြသည်။ သတ္တဝါတစ်မျိုးလျှင် တစ်စုံဖြစ်သောကြောင့် စုစုပေါင်း ကျောက်ရုပ်တု ဆယ့်နှစ်ရုပ် ဖြစ်၏။
‘တော်ဝင်သင်္ချိုင်းလား’
ချင်မူ ရင်ထဲတွင် လှုပ်ခတ်သွားသည်။ “ဒီခေါင်းတလားထဲမှာ အမိကမ္ဘာမြေ ရှိနေတာလား မမကြီး”
အနက်ရောင်ကျောက်ခေါင်းတလားသည် အမြင့် ကိုက်ငါးဆယ်၊ အကျယ် နှစ်ဆယ့်ငါးကိုက်နှင့် အရှည် ကိုက်ငါးဆယ် ရှိမည်ထင်ရ၏။
“ဒါက ချုံဧကရာဇ်တစ်ပါးရဲ့ သင်္ချိုင်းပဲ... အထဲမှာ ပထမချုံဧကရာဇ် ရှိနေတယ်”
ကုန်းစွန်းယန်က ကျောက်ခေါင်းတလားဆီသို့ ရိုရိုသေသေ ဂါဝရပြု၍ တီးတိုးပြောသည်။ “ပထမချုံဧကရာဇ်က သိပ်စိတ်ရှည်တာမဟုတ်ဘူး.... သူ့ကို အနှောင့်အယှက် မပေးမိစေနဲ့ တိတ်တိတ်လေး ဖြတ်သွားရအောင်”
နဂါးချီလင်မှာ ကျောရိုးထဲ စိမ့်သွားပြီး အမြီးကုပ်လျက် ခြေဖျားထောက်သွားနေသည်။ သူက တိုးတိုးကလေး ပြော၏။ “ စိတ်မရှည်ဘူးတဲ့လား... အခေါင်းထဲကနေ ခုန်ထွက်နိုင်သေးတာလား”
သူတို့ ကျောက်ခေါင်းတလား၏ဘေးမှ ဖြတ်လာသည့်အခါ ကျောက်ရုပ်တုများက သူတို့ကို လေးနက်စွာ ကြည့်နေကြသည်။ သူတို့ ထွက်သွားမှ ကျောက်ရုပ်တုများသည် မျက်နှာချင်း ပြန်ဆိုင်သွားကြ၏။
ချင်မူ နောက်တစ်နေရာဆီသို့ ရောက်လာပြီး အမြစ်များ ရစ်ပတ်ထားသော ကျောက်ခေါင်းတလားနောက်တစ်ခု တွေ့ရပြန်သည်။ ၎င်းသည် ပျံဝဲနေပြီး ကောင်းကင်ကိုလည်း မထိ၊ မြေပြင်နှင့်လည်း ထိမနေချေ။
ဤခေါင်းတလား၏အရှေ့တွင်လည်း ကျောက်ရုပ်တုဆယ့်နှစ်ရုပ် ရှိပြီး ဤကျောက်ရုပ်များ၌ ငှက်ခေါင်း၊ လူကိုယ်များ ရှိကြသည်။ ကျောတွင် တောင်ပံများ ပေါက်နေကြကာ ခြေတစ်ဖက်ဖြင့် ရပ်နေကြ၏။ တချို့ငှက်ခေါင်းများက မီးငှက်များ ဖြစ်ပြီး၊ တချို့က ဖုန့်ဟွမ်ခေါင်းများ ဖြစ်ကြသည်။ နှုတ်သီးပေါက်နေသော နဂါးခေါင်းများပင် ပါ၏။ ထို့အပြင် တချို့ငှက်ခေါင်းများက ခေါင်းအရေအတွက် မတူပေ။
“ဒါက ဒုတိယချုံဧကရာဇ်ရဲ့ သင်္ချိုင်းပဲ”
ကုန်းစွန်းယန်က ခပ်တိုးတိုး ပြောသည်။ “သူလည်း စိတ်ရှည်တာမဟုတ်ဘူး... ခပ်တိုးတိုး ပြောကြ”
သူတို့ ခြေဖျားထောက်၍ သွားနေကြစဉ် ငှက်ခေါင်းကျောက်ရုပ်တုများက စိုက်ကြည့်နေကြသည်။
ချင်မူ မအောင့်နိုင်တော့ဘဲ မေးလိုက်မိ၏။ “မမကြီးယန်၊ ချုံဧကရာဇ်ခေတ်မှာ ချုံဧကရာဇ် ဘယ်နှပါး ရှိတာလဲ”
“ဆယ့်လေးပါး”
ကုန်းစွန်းယန်က အသံကို အတတ်နိုင်ဆုံး တိုး၍ ဖြေသည်။ “ကိုးပါးက ဒီမှာမြုပ်ခံထားရတယ်... ကျန်တဲ့လူတွေက အပြင်မှာ သေကုန်ကြပြီ... သူတို့အလောင်းတွေကို ရတနာအဖြစ် ပြောင်းလဲခံလိုက်ရတော့ အသက်ပြန်သွင်းလို့မရတော့ဘူး”
ချင်မူ့အမူအရာမှာ ထူးဆန်းနေ၏။ တခဏကြာသော် သူက မေးလိုက်သည်။ “ချုံဧကရာဇ်အားလုံး စိတ်ဆတ်တာပဲလား”
“အင်း”
ကုန်းစွန်းယန်က ခေါင်းညိတ်သည်။ “သူတို့စိတ်ဆတ်တာက ထားဦး... သူတို့ရဲ့အစောင့်အရှောက်သားရဲတွေတောင် စိတ်ဆတ်ကြတယ်... ငါ ဒီကိုလာတိုင်း သူတို့က ငါ့ကို သူခိုးလိုပဲ မြင်ကြတာလေ”
ချင်မူလည်း ခြေဖျားထောက်၍သာ ဆက်သွားလိုက်ရသည်။ နောက်ဆုံးတော့ ခေါင်းတလားကိုးလုံးစလုံး ဖြတ်ကျော်ပြီးသွား၏။ အမြစ်များက ဤနေရာရှိ ချုံဧကရာဇ်တို့၏ ခေါင်းတလားတိုင်းကို ရစ်ပတ်ထားလေသည်။ ယင်းက ချုံဧကရာဇ်ခေတ်၏ ဓလေ့ထုံးစံလား သူတို့မသိပေ။
“နတ်ဘုရားတွေက မသေမျိုးဖြစ်သင့်တာ မဟုတ်ဘူးလား... ဘာလို့ ချုံဧကရာဇ်တွေက နတ်ရွာစံကုန်ကြတာလဲ” ချင်မူ မေးလိုက်မိသည်။
“သူတို့က နတ်ရွာစံတဲ့အထိ အရိုက်ခံခဲ့ကြရတာ”
ကုန်းစွန်းယန်က ခပ်တိုးတိုး ပြောသည်။ “တိုးတိုးပြော သူတို့ ကြားရတယ်... ကြားသွားရင် မင်းကို ရိုက်ဖို့ ခုန်ထွက်လာလိမ့်မယ်... အမိကမ္ဘာမြေက သူတို့ဝိညာဉ်တွေကို ယိုတုကနေ ပြန်ခေါ်ထားပြီး အခေါင်းထဲမှာ ပိတ်ထားတာ”
ချင်မူမှာ အံ့ဩတုန်လှုပ်သွားပြီး ခပ်တိုးတိုး ပြန်မေးလိုက်၏။ “ဘယ်လိုလူမျိုးက ချုံဧကရာဇ်တွေကို သတ်ပစ်နိုင်တာလဲ”
“သူတို့မပြောနဲ့ အမိကမ္ဘာမြေတောင် အသတ်ခံခဲ့ရသေးတာပဲဟာ”
ကုန်းစွန်းယန်က ပြောသည်။ “ချုံဧကရာဇ်ခေတ်က အတော်လေး ဖရိုဖရဲပဲ... ကဲ အမိကမ္ဘာမြေရဲ့ နန်းတော်ဆီ ရောက်ပြီ”
အရှေ့တွင် အလင်းရောင်များ ကွန့်မြူးတောက်နေပြီး အရပ်မျက်နှာတစ်ခွင် ဖြန့်ကျက်ထားသော အမြစ်များက နန်းတော်တစ်ခုကို ပင့်မြှောက်ထားကြသည်။ အရောင်အဝါများက နန်းတော်ဆီမှ ထွက်လာနေခြင်း ဖြစ်ပေသည်။
နန်းတော်အရှေ့သို့ ရောက်လာသည့်အခါမှ နန်းတော်သည် မည်မျှခမ်းနားကြီးကျယ်ကြောင်း မြင်လိုက်ရ၏။ နန်းတော်၏ တိုင်လုံးများတွင် ကျောက်နဂါးရုပ်များ ထွင်းထုထားပြီး ငှက်ခေါင်းနတ်ရုပ်များလည်း ရှိနေသည်။ ခေါင်မိုးထက်၌လည်း ထူးဆန်းသော အသွင်သဏ္ဍာန်များ ရှိသည့် ကျောက်ရုပ်တုများကို တွေ့မြင်ရ၏။ ထို့အပြင် တံခါးအပေါ်တွင် ရေနဂါးတစ်ကောင်၏ ရုပ်တုရှိနေကာ ပြတင်းပေါက်၌မူ အလွန်သက်ဝင်လှသော ဇာမဏီဖုန့်ဟွမ်ရုပ်များ တွေ့ရလေသည်။
ချင်မူနှင့် ကုန်းစွန်ယန် ရှေ့သို့ လျှောက်သွားကြပြီး ဟိုဟိုသည်သည် လှည့်လည်သွားလာနေသော ကျောက်နဂါးများကို မြင်လိုက်ကြရသည်။ ကျောက်နဂါးများသည် အသွေးအသားခန္ဓာကိုယ်အဖြစ် ပြောင်းလဲနေကြ၏။ ရုတ်တရက် ချင်မူတို့၏မျက်နှာအရှေ့၌ နဂါးခေါင်းကြီးတစ်ခေါင်း ဘွားခနဲ ပေါ်လာသည်။
၎င်းက မျက်လုံးများ ဝေဝါးနေသော နဂါးအိုကြီးတစ်ကောင် ဖြစ်သည်။ သူ၏နဂါးနှုတ်ခမ်းမွှေးများက လွင့်မျောနေပြီး သူ့ဆီမှ ခပ်လေးလေးအသံ ထွက်လာသည်။ “လူစိမ်းအနံ့ ရတယ်”
“သူတို့က အမိကမ္ဘာမြေရဲ့ ဧည့်သည်တွေပါ”
ကုန်းစွန်းယန်က ကပျာကယာ ပြောလိုက်သည်။ “နဂါးမင်း လမ်းဖယ်ပေးပါဦး”
ရုတ်တရက် တောင်ပံ တဖျတ်ဖျတ် ခတ်သံ ထွက်ပေါ်လာပြီး ဇာမဏီဖုန့်ဟွမ်ငှက်တစ်ကောင်က ချင်မူ့အရှေ့သို့ ဆင်းသက်လာသည်။ မီးတောက်များက ကိုက်ပေါင်းများစွာ မြင့်မားသော ၎င်း၏ခန္ဓာကိုယ်တွင် စွဲလောင်လျက် ရှိ၏။ ဇာမဏီဖုန့်ဟွမ်က တောင်ပံရုတ်ကာ ချင်မူတို့ကို စိုက်ကြည့်သည်။ “အမိကမ္ဘာမြေရဲ့ ဧည့်သည်တွေဟုတ်လား... အဘိုးကြီးကောင်းကင်နတ်ဧကရာဇ်ရဲ့ သူလျှိုတွေများ ဖြစ်နေမလား”
ဤအချိန်တွင် နန်းတော်၏အတွင်းထဲမှ အသိစိတ်အလျဉ်တစ်ခု ထွက်လာသည်။ “သူ့ကို ငါ ဖိတ်ခေါ်ထားတာပဲ... ဟင် ကောင်းကင်နတ်အရှင်ယွီ”
အသိစိတ်အလျဉ်မှာ သရဲမြင်လိုက်ရသကဲ့သို့ အံ့ဩတုန်လှုပ်နေသည်။
ကောင်းကင်နတ်အရှင်ယွီမှာတော့ ငေးကြောင်လျက်ပင်။