ဖြစ်ပေါ်လာမည့် မုန်တိုင်း
Vol. 165 Ch. 2347
မူလဘုံကို ထိန်းချုပ်မှုအား လက်လျှော့ရမည်လား။
မင်းသမီးဒွန်ဟောင်က အင်အားစုအသီးသီးမှ ကျင့်ကြံသူများကို ကြည့်လိုက်သည်။ ကောင်းကင်ဒေသက မူလဘုံကို အုပ်ချုပ်သည်ဆိုခြင်းမှာ အမည်ခံသာ ဖြစ်သော်လည်း အမှန်တွင် ဘုံအတွင်းမှ လက်ရှိ ကြီးမားလှသော အပြောင်းအလဲများကို နေရာအနှံ့မှ ကျင့်ကြံသူများက သိရှိကြပြီး ဖြစ်သည်။ သူတို့က မူလဘုံကို ကောင်းကင်ဒေသ၏ ပိုင်နက်နယ်မြေအဖြစ် အမှန်တကယ် သတ်မှတ်ထားပါသည်လား။
သူတို့က အမှန်တကယ် ထိုသို့ သတ်မှတ်ထားလျှင် မူလဘုံအတွင်း ရုတ်ရုတ်သဲသဲ မလုပ်ဆောင်ခင် ဘုံအတွင်း ခြေချရန်ပင် ကောင်းကင်ဒေသ၏ ခွင့်ပြုချက်ကို တောင်းခံရန် လိုအပ်ပေလိမ့်မည်။
သို့သော် ထိုအင်အားစုများစွာက ထိုသို့သော အရာမျိုးကို ဂရုစိုက်ခြင်း မရှိပေ။ မူလဘုံက ကောင်းကင်ဒေသ၏ အုပ်ချုပ်မှုအောက်၌ ရှိနေသည်ဆိုခြင်းက အမည်ခံသာ ဖြစ်သည်ဟု ဆုံးဖြတ်နိုင်သော်လည်း ဤနေရာ၌ တစ်ခုခု ဖြစ်ပွားခဲ့လျှင် ကောင်းကင်ဒေသက လွှတ်ပေးလိမ့်မည် မဟုတ်ပေ။
ဤသည်မှာ အဓိပ္ပါယ်မရှိပုံရသော်လည်း အရေးပါပေသည်။ အဆုံးမှာတော့ ကောင်းကင်ဒေသက မြင့်မားသော အဆင့်အတန်း၌ ရှိနေခဲ့ပြီး အင်အားစုများစွာက သူတို့နှင့် ရင်ဆိုင်ရသည့်အခါ အရေးမသာဘဲ ဖြစ်ရပေသည်။
မင်းသမီးဒွန်ဟောင်က ကြေညာလိုက်သည်။ "မူလဘုံကို အုပ်ချုပ်ခွင့်ကို လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာကတည်းက ဆုံးဖြတ်ခဲ့တာ။ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်တုန်းက မူလဘုံမှာ စစ်ပွဲကြီးတစ်ပွဲ ဖြစ်ပွားခဲ့ပေမယ့် ကောင်းကင်ဒေသက အနိုင်ရသူ ဖြစ်နေတုန်းပဲ။ အခု ကောင်းကင်ဒေသက ဒီကိစ္စကို ထပ်မပြောချင်ဘူး။ မူလဘုံက အတိတ်က ကောင်းကင်ဒေသရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိခဲ့သလို အနာဂတ်မှာလည်း အဲဒီအတိုင်း ရှိနေဦးမှာပဲ။" သူမ၏ အသံက မောက်မာပြီး သြဇာအာဏာ ပြည့်ဝပေသည်။
မူလဘုံက ကောင်းကင်ဒေသ၏ လက်အောက်၌ ရှိနေသည်မှာ မယိမ်းယိုင်သည့် အမှန်တရားဖြစ်ပြီး ထာဝရ ပြောင်းလဲသွားလိမ့်မည် မဟုတ်ပေ။
"မူလဘုံမှာ ကိုယ်ပိုင် အုပ်ချုပ်သူတစ်ယောက် ရှိနေပြီလို့ ကြားမိတယ်။ မဟာလမ်းစဥ်ဘုံသုံးထောင်က ကျင့်ကြံသူတွေ အားလုံးကလည်း ဒီအုပ်ချုပ်သူအသစ်ကို သစ္စာခံထားတယ်။ ကောင်းကင်ဒေသ အင်ပါယာနန်းတော်ရဲ့ လွှမ်းမိုးမှုက သူ့လောက်တော့ အားမကောင်းလောက်ဘူး ထင်တယ်။" မှော်နက်လောကမှ ကျင့်ကြံသူတစ်ယောက်က ယုတ်မာသည့် အပြုံးနှင့် ရန်စလာသည်။
ကျင့်ကြံသူများစွာက သူ မည်သူ့အား ရည်ညွှန်းပြောဆိုနေသည်ကို သိကြပေသည်။ လူတိုင်းသည် လက်ရှိ မူလဘုံက ကောင်းကင်အာဏာစက်ကျောင်းတော်၏ ကျောင်းအုပ် ရီဖူရှင်း အုပ်ချုပ်မှု အောက်ရှိနေသည်ကို သိရှိကြပေသည်။ သူက စီဝေ့အင်ပါယာနန်းတော်၏ နန်းတော်သခင်လည်း ဖြစ်သည်။
မူလဘုံမှ လူများက ရီဖူရှင်းကို မူလဘုံ၏ အုပ်ချုပ်သူဟု ဆုံးဖြတ်ထားသည်။
ထို့ကြောင့် သူက မူလဘုံအတွက် တိုက်ခိုက်ပေးပေသည်။ ကောင်ကင်အာဏာစက်ကျောင်းတော်နှင့် မဟာလမ်းစဥ် ဘုံသုံးထောင်မှ မရေတွက်နိုင်သော ကျင့်ကြံသူများက သူ့ကို အသိအမှတ်ပြုကြသည်။ ဆန့်ကျင်ဘက်အနေနှင့် ကောင်းကင်ဒေသ အင်ပါယာနန်းတော်၏ မဟာလမ်းစဥ် ဘုံသုံးထောင်အပေါ် လွှမ်းမိုးမှုက အကန့်အသတ်နှင့် ဖြစ်သည်။ ၎င်း၏ လွှမ်းမိုးနိုင်မှုက ရီဖူရှင်းကဲ့သို့ အားမကောင်းသည်မှာ သေချာပေသည်။
"ကောင်းကင်အာဏာစက်ကျောင်းတော် ကျောင်းအုပ် ရီဖူရှင်းက မဟာလမ်းစဥ် ဘုံသုံးထောင်မှာ ရှိတဲ့ အင်အားစုတွေကို စုစည်းပြီး သူတို့အတွက် တိုက်ခိုက်ပေးခဲ့တယ်။ သူက မူလဘုံရဲ့ ကျင့်ကြံသူတွေကို ကာကွယ်ပေးပြီး ကောင်းကင်ဒေသ အင်ပါယာနန်းတော်ကိုယ်စား မူလဘုံကို အုပ်ချုပ်ပေးခဲ့တယ်။ အင်ပါယာနန်းတော်က သူ အကောင်းဆုံး လုပ်ဆောင်ခဲ့တယ်လို့ ယုံကြည်တယ်။ အဲဒါနဲ့ ပတ်သတ်ပြီး ပြဿနာတစ်ခုခုများ ရှိလား။" မင်းသမီးဒွန်ဟောင်က မှော်နက်လောကမှ ကျင့်ကြံသူကို သာမန်ကာလျှံကာ စိုက်ကြည့်ကာ ပြန်ဖြေလိုက်သည်။
သူမက ရီဖူရှင်းသည် ကောင်းကင်ဒေသ အင်ပါယာနန်းတော် ကိုယ်စား မူလဘုံကို အုပ်ချုပ်နေခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ပြီး ရီဖူရှင်းနှင့် ကောင်းကင်အာဏာစက်ကျောင်းတော်က သူတို့၏ လက်အောက်တွင် ရှိနေကြောင်း ကြေညာခဲ့သည်။ သူမ၏ စကားများ၌ မည်သည့် ပြဿနာမှ ရှိမနေပေ။ သို့သော် ရီဖူရှင်းက ဤကိစ္စနှင့် ပတ်သတ်၍ မည်သို့ တွေးလိမ့်မည်နည်း။
လူအများက ရီဖူရှင်းကို ကြည့်လိုက်ကြသည်။ သို့သော် ရီဖူရှင်း၏ အမူအရာက ယခင်ကကဲ့သို့ တူညီစွာ ရှိနေပြီး မည်သည့် ပြောင်းလဲမှုအရိပ်အယောင်မှ မရှိပေ။ သူတို့က သူ့အမူအရာမှ မည်သည့် အရာကိုမှ ဖတ်၍ မရနိုင်ပေ။
ရီဖူရှင်းက ကောင်းကင်ဒေသ အင်ပါယာနန်းတော်ကိုယ်စား မူလဘုံကို အုပ်ချုပ်နေသည်လား။
ရီဖူရှင်းသည် ယခင်က ထိုသို့ မည်သည့်အခါကမှ မတွေးခဲ့ဖူးပေ။ အင်ပါယာနန်းတော်က သီးခြားရပ်တည်မှုတစ်ခု ဖြစ်သည်။ သို့သော် မူလဘုံက သူ ကျင့်ကြံရင်း ကြီးပြင်းလာသည့်နေရာ ဖြစ်သည်။ သူသည် ကောင်းကင်အာဏာစက်ကျောင်းတော်နှင့် မဟာလမ်းစဥ်ဘုံသုံးထောင်အပေါ် သံယောဇဥ် ရှိပေသည်။ သူက မူလဘုံကို စုစည်းရခြင်းမှာ ဤပရမ်းပတာ အခြေအနေ၌ မရေတွက်နိုင်သော အသက်များ ဆုံးရှုံးခြင်းနှင့် ဖျက်ဆီးခံရခြင်းမှ လွတ်မြောက်နိုင်ပြီး အောင်နိုင်သူများ ဖြစ်လာရန် မျှော်လင့်ချက်ကြောင့် ဖြစ်သည်။
သူက ထိုသို့လုပ်ဆောင်စဥ်၌ ကောင်းကင်ဒေသ အင်ပါယာနန်းတော်က ဝင်ရောက်စွက်ဖက်ခဲ့ခြင်း မရှိပေ။
သူသည် ကောင်းကင်ဒေသ အင်ပါယာနန်းတော် လက်အောက်၌ နေရန် ဆန္ဒမရှိပေ။ ထို့ပြင် သူသည် ယခင်က ကိစ္စများကို ရှင်းလင်းစွာ သိရှိခြင်း မရှိသေးချေ။ အရှင်ဒွန်ဟောင်က သူ၏ ရန်သူပင် ဖြစ်နိုင်ပေသည်။
သို့သော် မင်းသမီးဒွန်ဟောင်၏ စကားများကို သူက လူသိရှင်ကြား ငြင်းဆန်မည် မဟုတ်ပေ။ ကောင်းကင်အာဏာစက်ကျောင်းတော်သည် ဤပရမ်းပတာ လောကအတွင်း ရှင်သန်ရန် ဆရာသခင်၏ ကူညီဟန့်တားပေးမှုပေါ်၌ မှီခိုနေရသည်။ မဟုတ်လျှင် အင်အားစုများစွာက သူတို့ကို တိုက်ခိုက်လာပေလိမ့်မည်။ သူတို့က ကောင်းကင်ဒေသ အင်ပါယာနန်းတော်၏ ကျောထောက်နောက်ခံ ပေးမှုကိုလည်း လိုအပ်ပေသည်။ ကောင်းကင်ဒေသ အင်ပါယာနန်းတော်ကို ကျောခိုင်းကာ သူကိုယ်တိုင်ကသာ အုပ်ချုပ်သူဟု ကြေညာလိုက်လျှင် ၎င်းက ကိုယ့်သေလမ်းကိုယ်ရှာခြင်းသာ ဖြစ်သည်။
ရီဖူရှင်းအနီးမှ ကျင့်ကြံသူများအနေနှင့် သူတို့အားလုံးတွင်လည်း ကိုယ်ပိုင်အတွေးများ ရှိကြပေသည်။ အများစုမှာ ရီဖူရှင်းအပေါ် မြင့်မားသော မျှော်လင့်ချက်များ ထားရှိကြသည်။ သူတို့သည် ရီဖူရှင်းက အနာဂတ်၌ ထိပ်ဆုံးသို့ လျှောက်လှမ်းနိုင်ပြီး မူလဘုံကို အမှီအခိုကင်းသော လောကတစ်ခု ဖြစ်လာအောင် ပြုလုပ်ပေးနိုင်မည်ဟု ယုံကြည်ထားကြသည်။
သို့သော် ဤခရီးလမ်းက ဆူးညှောင့်ခလုတ်များ ပြည့်နှက်နေမည်မှာ သေချာပေသည်။ သို့သော် ခရီးလမ်းတလျှောက်၌ မည်မျှများများ သေဆုံးမှုများ ရှိလိမ့်မည်နည်း။
ရီဖူရှင်းအတွက် လက်ရှိ အရေးကြီးဆုံး ပန်းတိုင်မှာ သူ့ကိုယ်သူ တိုးတက်စေရန် ဖြစ်သည်။
"ပြဿနာမရှိဘူး။" မှော်နက်လောကမှ ကျင့်ကြံသူက မင်းသမီးဒွန်ဟောင်ကို ကြည့်ကာ ပြောလိုက်သည်။ "ကောင်းကင်ဒေသက မူလဘုံ အုပ်ချုပ်ခွင့်ကို လက်လွှတ်ဖို့ ဆန္ဒမရှိဘဲ စွန့်ပစ်ခံကလန် အရေးကိစ္စမှာလည်း ဝင်စွက်ဖက်ချင်တယ်ဆိုတော့ ကျုပ်တို့မှာ အမှောင်ထုတံခါးကို ဖွင့်ဖို့အတွက် အရှင်ဒွန်ဟောင်ဆီ သတင်းပို့ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ဘူးပဲ။ အဲဒီလိုဖြစ်လာတဲ့အခါ ကောင်းကင်ဒေသအနေနဲ့ ဒါကို နောင်တမရဖို့ မျှော်လင့်ပါတယ်။"
သူက ပြောပြီးသည်အခါ နတ္ထိတောင်တန်းနှင့် နတ်ဆိုးလောကမှ ကျင့်ကြံသူများကို ကြည့်ကာ ပြောလိုက်သည်။ "လောကရဲ့ အပြောင်းအလဲတွေက မူလဘုံကနေ စတင်လာလိမ့်မယ်လို့ ဟောကိန်းရှိခဲ့တယ်။ နတ်ဆိုးအင်ပါယာနဲ့ မိစ္ဆာအရှင်သခင်က ဒါကို ဘာအတွေးမှ မရှိဘူးလား။ ဒီနေ့ ဒီမှာ နတ်ဆိုးလောကက လူနည်းနည်းလေးပဲ ရှိပုံရတယ်။"
လောကအသီးသီးမှ ကျင့်ကြံသူများကြားတွင် နတ်ဆိုးလောကမှ ကျင့်ကြံသူများက အရေအတွက် အနည်းဆုံး ဖြစ်သည်။ သူတို့က အဖွဲ့တစ်ဖွဲ့သာလျှင် မူလဘုံသို့ ရောက်လာခြင်း ဖြစ်သည်။ ကောင်းကင်ဒေသမှလွဲ၍ မှော်နက်လောကက ဒုတိယအကြီးဆုံး အဖွဲ့ ဖြစ်သည်။ အင်အားစုများစွာမှ ကျင့်ကြံသူများစွာက အဆက်မပြတ် ရောက်ရှိလာနေသည်။
ယခု မှော်နက်လောက၏ ကျင့်ကြံသူများက အမှောင်ထုတံခါးကို ဖွင့်ရန် ခြိမ်းခြောက်နေပြိီး သူတို့သည် မှော်နက်လောကမှ မူလဘုံသို့ ကျင့်ကြံသူများစွာ စေလွှတ်ရန် ရည်ရွယ်နေပုံရသည်။ ထိုသို့ဖြစ်လာလျှင် မူလဘုံက အပြည့်အဝ ပြောင်းလဲသွားလိမ့်မည် ဖြစ်သည်။ မည်သို့သော ရလဒ်မျိုး ဖြစ်လာမည်ကို မည်သူမှ သိလိမ့်မည် မဟုတ်ပေ။
"ကျုပ်တို့ ဒီအကြောင်း ကျုပ်တို့ သခင်ကို သတင်းပေးလိုက်ပါမယ်။" နတ္ထိဘုံမှ ကျင့်ကြံသူတစ်ယောက်က ပြောလိုက်သည်။ "ကောင်းကင်ဒေသက အရမ်း အားကောင်းနေတာ။ စောင့်ကြည့်ကြတာပေါ့။"
ယနေ့ စွန့်ပစ်ခံကလန်ကို တိုက်ခိုက်ရာ၌ နတ္ထိဘုံမှ ကျင့်ကြံသူများသည် သူတို့၌ အရေအတွက် နည်းပါးနေသလို ထင်မှတ်မိကြသည်။
လက်ရှိတွင် မူလဘုံ၌ အမွေအနှစ်များစွာ ပေါ်ပေါက်လာနေသည်။ ၎င်းတို့သည် ရှေးခေတ်မှ အမွေအနှစ်များ ဖြစ်ကြသည်။ ရှန်းယိကုန်းမြေသည်ပင် လေဟာနယ်အတွင်း အချိန်ကြာမြင့်စွာကတည်းက မျောလွင့်နေရင်း ပေါ်ပေါက်လာခြင်း ဖြစ်သည်။ မူလဘုံ၌ ထွက်ပေါ်လာနေသော အခွင့်အရေးများက မည်မျှ ကြီးမားကြောင်း တစ်စုံတစ်ယောက်က ခန့်မှန်းမိနိုင်ပေသည်။ ဟောကိန်းက အမှန်တကယ် ဖြစ်လာတော့မည် ဖြစ်သည်။
ထိုသို့သော အခြေအနေအောက်တွင် မဟာအင်ပါယာများက မူလဘုံနှင့် ဆက်သွယ်ထားသည့် တံခါးများကို ဖွင့်ကာ ကြီးမားသည့် စစ်တပ်ကို သေချာပေါက် စေလွှတ်ပေလိမ့်မည်။
နတ်ဆိုးလောက၏ ကျင့်ကြံသူများက တစိမ့်စိမ့် တွေးဆချင့်ချိန်နေပုံပေါ်သည်။ ထိုသည်ကို ကြည့်လျှင် သူတို့သည်လည်း နတ်ဆိုးအင်ပါယာကို သတင်းပြန်ပို့ရန် လိုအပ်ပေလိမ့်မည်။ ဟောကိန်းသာ အမှန်တကယ် ဖြစ်လျှင် မူလဘုံက ကြီးမားသော အပြောင်းအလဲများ ဆက်လက် ဖြစ်လာပေလိမ့်မည်။ ယခုအချိန်၌ အနာဂတ်တွင် မည်မျှ ပြောင်းလဲသွားမည်ကို မည်သူမှ မသိပေ။ သို့သော် ဤနေရာ၌ နတ်ဆိုးလောကမှ ကျင့်ကြံသူက အနည်းငယ်သာ ရှိနေသည့်အတွက် သူတို့အတွက် အကျိုးမရှိ ဖြစ်စေပေလိမ့်မည်။
မင်းသမီးဒွန်ဟောင်က သူတို့၏ စကားများကို ကြားသည့်အခါ သူမ အမူအရာက အေးစက်သွားခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်းသုံးလေးရာခန့်ကလည်း မူလဘုံသည် ထိုကဲ့သို့သော မုန်တိုင်းနှင့် ရင်ဆိုင်ခဲ့ရဖူးသည်။ သို့သော် ထိုစဥ်က မုန်တိုင်းသည် ယခု သူမ မြင်နေရသလောက် အတိုင်းအတာပင် ရှိနေပုံမရပေ။ အဓိကအင်အားစုအသီးသီးမှ ကျင့်ကြံသူများအနေနှင့် မူလဘုံ၌ နောက်ဖြစ်ပေါ်လာမည့် မုန်တိုင်းက ယှဥ်နိုင်စွမ်း မရှိလောက်အောင် ပြင်းထန်လိမ့်မည် ဖြစ်ကြောင်း သိကြပေသည်။
လောကအသီးသီးမှ ကျင့်ကြံသူများက သူတို့၏ ပဋိပက္ခများအတွက် မူလဘုံကို တိုက်ပွဲမြေပြင်အဖြစ် ရွေးချယ်ခဲ့ပေသည်။
အားလုံးထဲတွင် ရီဖူရှင်း၏ မျက်နှာအမူအရာက အဆိုးဆုံး ဖြစ်နေခဲ့သည်။ ယခု သူက မူလဘုံကို အုပ်စိုးပြီး မဟာလမ်းစဥ်ဘုံသုံးထောင်ကို ကာကွယ်ရသည်။ ထိုသူများ ပြောသည်က အမှန် ဖြစ်လာခဲ့လျှင် အခြားလောကမှ အင်အားစုများ အချင်းချင်း ရင်ဆိုင်တိုက်ခိုက်ကြမည့် တိုက်ပွဲမြေပြင်က မူလဘုံဖြစ်မည်မှာ ကျိန်းသေပေသည်။ မူလဘုံက တိုက်ပွဲမြေပြင်တစ်ခု ဖြစ်လာပေလိမ့်မည်။ ဤနေရာ၌ နေထိုင်သူများအတွက် ၎င်းက ကပ်ဘေးတစ်ခုပင် ဖြစ်သည်။ မည်သို့ဖြစ်လိမ့်မည်ကို မည်သူမှ မသိကြပေ။
အရေးကြီးသည်မှာ ဖြစ်ပျက်သည့်အရာအားလုံးက အလွန် လျင်မြန်လှသည်။ စွန့်ပစ်ခံကလန်၏ ထွက်ပေါ်လာမှုက ဤအပြောင်းအလဲကို ယူဆောင်လာခဲ့သည်။ သူ၏ ကျင့်ကြံခြင်းက လုံလောက်အောင် အားကောင်းခြင်း မရှိပေ။ ရန်ဟောင်အထွတ်အထိပ် အဆင့်သို့ မရောက်သေးဘဲ ဤကဲ့သို့သော အပြောင်းအလဲများကို ကိုင်တွယ်ရန်မှာ သူ့အတွက် ခက်ခဲပေသည်။
ရီဖူရှင်းက ၎င်းကို တွေးမိသည့်အခါ ပို၍ စိုးရိမ်သွားခဲ့သည်။
ကောင်းကင်ဒေသ၏ ကျင့်ကြံခြင်းအင်အားစုများတွင် ကိုယ်ပိုင် အစီအစဥ်များ ရှိသည်။ သူတို့က ကောင်းကင်ဒေသ အင်ပါယာနန်းတော်နှင့် စည်းလုံးခြင်းမရှိပေ။ မူလဘုံက အရှုပ်အထွေးများအတွင်း ကျရောက်သွားလျှင် သူတို့က ကိုယ်ပိုင် အခွင့်အလမ်းများ ရှာဖွေရန်အတွက် ပိုမို လုပ်ဆောင်လာပေလိမ့်မည်။