ယာယီငြိမ်သက်သွားသည့်မုန်တိုင်း
Vol. 165 Ch. 2348
တိတ်ဆိတ်သော လေဟာနယ်အတွင်း မင်းသမီးဒွန်ဟောင်က လူအုပ်ကြီးကို ဝေ့ကြည့်လိုက်သည်။ သူတို့က ကောင်းကင်ဒေသကို ခြိမ်းခြောက်နေသည်လား။
သို့သော် မူလဘုံအတွင်းရှိ အခြေအနေက ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ရှန်းယိကုန်းမြေကဲ့သို့ ရှေးဟောင်းကုန်းမြေတစ်ခုက ပါးလွှသော လေထုအတွင်း အမှန်တကယ် ပေါ်ပေါက်လာပေသည်။ ဘုံအသီးသီးမှ ကျင့်ကြံသူများစွာက မည်သို့မှမဖြစ်သလို ထိုနေရာ၌ ထိုင်မနေနိုင်ကြပေ။ အဆုံးမှာတော့ ယခင်က ရှန်းယိကုန်းမြေ၏ စွန့်ပစ်ခံကလန်က ကြောက်မက်ဖွယ် တိုက်ပွဲစွမ်းရည်ကို ထုတ်ဖော်ပြသလာသည်။
ထို့ပြင် ယခင်က အခြားအမွေအနှစ် အများအပြား ပေါ်ပေါက်လာပြီး ဖြစ်သည်။ ယခု မူလဘုံအတွင်း လျှို့ဝှက်ချက် မည်မျှများများက ထွက်ပေါ်လာရန် စောင့်ဆိုင်းနေသနည်း။
လောက၏ အပြောင်းအလဲများက မူလဘုံ၌ စတင်လာလိမ့်မည် ဖြစ်သည်။
အင်အားစုအသီးသီးမှ ကျင့်ကြံသူများက ဤဟောကိန်းက အမှန်ဖြစ်လာမည်ကို ယုံကြည်ကြပြီး သူတို့၏ ကျင့်ကြံသူများကို မူလဘုံသို့ ဆက်လက်စေလွှတ်နေပေလိမ့်မည်။
ကျင့်ကြံခြင်းလောကက နှစ်ပေါင်းများစွာ အေးချမ်းနေခဲ့သည်။ ယခု သူတို့သည် မကြာခင်၌ မူလဘုံကို သူတို့၏ ပဋိပက္ခများအတွက် တိုက်ပွဲမြေပြင်အဖြစ် ရွေးချယ်လိမ့်မည် ဖြစ်သည်။ ကြည့်ရသည်မှာ အဖြစ်အပျက်များသည် ဤအခြေအနေအထိ ရောက်အောင် တွန်းပို့ခံရခြင်းမှ မပြောင်းလဲနိုင်ပုံရသည်။
"ဒါဆို ကျွန်မတို့ စောင့်ကြည့်နေမယ်။" မင်းသမီးဒွန်ဟောင်က လူအုပ်ကြီးကို ဝေ့ကြည့်ကာ ပြောလိုက်သည်။ နယ်မြေအသီးသီးမှ ကျင့်ကြံသူများက သူတို့၏ စစ်တပ်ကို ဦးဆောင်လာမည်ဆိုလျှင် ကောင်းကင်ဒေသကလည်း သူတို့၏ စစ်တပ်ဖြင့် ပြန်အဖြေပေးရပေလိမ့်မည်။
ဤတိုက်ခိုက်မှုက မလွဲဧကန်ပင် ဖြစ်သည်။
ယနေ့ ဖြစ်ပျက်သမျှ အရာအားလုံးက စွန့်ပစ်ခံကလန်ကို ပစ်မှတ်ထားနေခြင်း ဖြစ်သည်။ သို့သော် ၎င်းက ဤအခြေအနေထိ ပြင်းထန်လာလိမ့်မည်ဟု မည်သူမှ ခန့်မှန်းထားခြင်း မရှိချေ။ နယ်မြေများစွာမှ ကျင့်ကြံသူများက မူလဘုံသို့ ကျူးကျော်လာပြီး အမွေအနှစ်များအတွက် ယှဥ်ပြိုင်တော့မည်ပုံပေါ်သည်။ ထိုကဲ့သို့ ထိတ်လန့်တုန်လှုပ်ဖွယ် တိုးတက်မှုက ပြင်းထန်လာသည်။
ရီဖူရှင်းက တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။ ဤသည်ကို ကြည့်လျှင် မူလဘုံက တိုက်ပွဲမြေပြင် ဖြစ်လာလိမ့်မည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်သည်။ သူသည် ထိုသို့သော အခြေအနေဖြစ်လာမှုကို တားဆီးရန် မတတ်နိုင်ပေ။
"ဒီလိုဆိုရင် နှုတ်ဆက်ပါတယ်။" မှော်နက်လောကမှ ကျင့်ကြံသူက ပြောလိုက်သည်။ ထို့နောက် သူက အခြားကျင့်ကြံသူများနှင့် ထွက်ခွာသွားသည်။
နတ္ထိဘုံ အင်အားစုများမှ ကျင့်ကြံသူများ၊ နတ်ဆိုးလောကနှင့် အခြားနယ်မြေများမှ ကျင့်ကြံသူများသည်လည်း စွန့်ပစ်ခံကလန် နယ်မြေမှ ထွက်ခွာသွားခဲ့ပေသည်။ သူတို့ ထွက်သွားသောအခါ သူတို့၏ ကြောက်မက်ဖွယ် အရှိန်အဝါတို့ လွှမ်းခြုံထားသည်။ စစ်ပွဲမီးလျှံက လင်းလက်လာပြီ ဖြစ်သည်။
အင်အားစုများက လျင်မြန်စွာ ထွက်ခွာသွားသည်။ ကောင်းကင်ဒေသ အင်ပါယာနန်းတော်၊ ကောင်းကင်အာဏာစက်ကျောင်းတော်နှင့် လူသားဘုံမှ ကျင့်ကြံသူများသာလျှင် ထွက်မသွားသေးဘဲ ကျန်ရစ်နေခဲ့သည်။
စွန့်ပစ်ခံကလန်မှ အကြီးအကဲက မင်းသမီးဒွန်ဟောင်ကို အရိုအသေပြုကာ ပြောလိုက်သည်။ "မင်းသမီး ကျုပ်တို့ကို ဒီအခက်အခဲကနေ ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ စွန့်ပစ်ခံကလန်က ကျေးဇူးကြွေးတင်သွားပါပြီ။"
စွန့်ပစ်ခံကလန်က မည်သည့်အရာကိုမဆို ရင်ဆိုင်ရန် ပြင်ဆင်ထားသော်လည်း တိုက်ပွဲ အမှန်တကယ် ဖြစ်ပွားခဲ့လျှင် သူတို့က ပျက်သုဥ်းခြင်းနှင့် ရင်ဆိုင်ရပေလိမ့်မည်။ အဆုံးမှာတော့ တစ်ဖက်အဖွဲ့က လောကအသီးသီးမှ အင်အားစုများ စုဝေးနေခဲ့ခြင်း ဖြစ်ပေသည်။ သူတို့၏ စွန့်ပစ်ခံကလန်က အလွန် အစွမ်းထက်သော်လည်း ထိုသို့သော အင်အားစုမျိုးကို ဆန့်ကျင်ရပ်တည်ရန် ခက်ခဲနေဆဲ ဖြစ်သည်။
"ရှင်လည်း အားလုံး မြင်ခဲ့တာပဲ။ တစ်လောကလုံးက စစ်တပ်တွေ ရောက်လာကြတာလေ။ မူလဘုံကို ဆက်သွယ်ထားတဲ့ တံခါးတွေက လုံးဝ ပွင့်သွားခဲ့ပြီ။ အခု ရှန်းယိကုန်းမြေက မူလဘုံကို ရောက်လာခဲ့တာမို့ ရှင်တို့က ကောင်းကင်ဒေသရဲ့ အုပ်ချုပ်မှုအောက်က တစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့ပြီ။ ဒါကြောင့် ရှင်တို့ ဒီကိစ္စမှာ ဘေးထွက်နေလို့ မရဘူး။ တကယ်လို့ စစ်ဖြစ်ခဲ့ရင် စွန့်ပစ်ခံကလန်က အကူအညီပံ့ပိုးပေးမယ်လို့ မျှော်လင့်ပါတယ်။" မင်းသမီးဒွန်ဟောင်က စွန့်ပစ်ခံကလန်မှ ကျင့်ကြံသူများကို ကြည့်ကာ ပြောလိုက်သည်။
စွန့်ပစ်ခံကလန်က ကောင်းကင်ဒေသ၏ လက်အောက်သို့ ဝင်ရောက်လာရန် ရွေးချယ်ခဲ့သည့်အတွက် သူတို့ တာဝန်ကို ထမ်းဆောင်ရပေလိမ့်မည်။ ကောင်းကင်ဒေသက အခြားနယ်မြေများနှင့် စစ်ပွဲဖြစ်ပွားခဲ့လျှင် ကောင်းကင်ဒေသ အင်ပါယာနန်းတော်မှ အမိန့်များကို လိုက်နာရန်လိုအပ်ပေသည်။
"ကျုပ်တို့က ခင်ဗျားတို့ရဲ့ တောင်းဆိုချက်ကို သဘောတူလိုက်ပြီဆိုကတည်းက ကတိကို သေချာပေါက် လိုက်နာပေးမှာပါ။ ကျုပ်တို့ အလဟဿထိုင်နေပြီး ဘာမှမလုပ်ဘဲ နေတာမျိုး မလုပ်ပါဘူး။" စွန့်ပစ်ခံကလန်၏ အကြီးအကဲက ပြောလိုက်သည်။ "ပြီးတော့ ကျုပ်တို့ ကလန်က ဒီပဋိပက္ခတွေကနေ ဝေးဝေးနေဖို့ လွတ်လပ်မှုကို ဆုံးရှုံးခဲ့ရတယ်။"
လောကအသီးသီးမှ ကျင့်ကြံသူများက စွန့်ပစ်ခံကလန်ကို တိုက်ခိုက်ရန် ရောက်လာခဲ့သည်။ စွန့်ပစ်ခံကလန်က ဤပဋိပက္ခများမှ ဝေးဝေးနေရန် ဆန္ဒရှိလျှင်ပင် လောကအသီးသီးမှ ကျင့်ကြံသူများက ၎င်းကို သဘောတူဖို့ရာ ဖြစ်နိုင်ပါမည်လား။ သူတို့က ကောင်းကင်ဒေသ စစ်တပ်ကို အနိုင်ယူပြီးနောက် စွန့်ပစ်ခံကလန်ကို တိုက်ခိုက်လာရန် ဖြစ်နိုင်ချေများပေသည်။
"မင်းသမီး ကျုပ်တို့ ဒီတစ်ခေါက် အင်အားစုတွေ အများကြီးကို ဒေါသထွက်စေခဲ့တယ်။ သူတို့ ပူးပေါင်းပြီး ကျုပ်တို့ရဲ့ ကောင်းကင်ဒေသကို တိုက်ခိုက်ခဲ့ရင် အကြီးအကျယ် ဆုံးရှုံးရလိမ့်မယ်။" ရှေးဟောင်းနတ်ဘုရားကလန်မှ ကျင့်ကြံသူတစ်ယောက်က မင်းသမီးဒွန်ဟောင်ကို ကြည့်ကာ ပြောလိုက်သည်။
မှော်နက်လောက၊ နတ္ထိဘုံနှင့် နတ်ဆိုးလောကမှ ကျင့်ကြံသူများက ထွက်သွားခဲ့ကြပြီ ဖြစ်သည်။ ယခင် တိုက်ပွဲအတွင်း၌ပင် ကောင်းကင်ဒေသမှ ကျင့်ကြံသူများသည် ဤကဲ့သို့သော အခြေအနေမျိုးနှင့် ရင်ဆိုင်ခဲ့ရဖူးခြင်း မရှိခဲ့ပေ။ အခြားအဓိကလောကသုံးခုက ကောင်းကင်ဒေသကို စစ်ကြေညာရန် ဆုံးဖြတ်ခဲ့လျှင် သူတို့က အနိုင်ရရန် အခွင့်အရေး ရှိလိမ့်မည် မဟုတ်ပေ။
မင်းသမီးဒွန်ဟောင်က စကားပြောလာသူကို ကြည့်ကာ ပြောလိုက်သည်။ "တခြားအဓိကဘုံသုံးခုမှာ ကိုယ်ပိုင် ရည်ရွယ်ချက်တွေ ရှိကြတယ်။ သူတို့က မပူးပေါင်းနိုင်ကြဘူး။ သူတို့ တကယ် ပူးပေါင်းခဲ့ရင် သူ့တို့ကို အနိုင်ယူဖို့ ရှင်တို့အားလုံး ကူညီပေးဖို့ မျှော်လင့်ပါတယ်။ အခု မူလဘုံမှာ အပြောင်းအလဲတွေ အများကြီး ဖြစ်နေခဲ့တာ။ ရှင်တို့လည်း ကောင်းကင်ဒေသကို အရင်ပြန်ပြီး သက်ဆိုင်ရာကလန်ကနေ ကျင့်ကြံသူတွေ ခေါ်ပြီး ဒီကို ပြန်လာသင့်တယ်။ မဟုတ်လို့ မူလဘုံအတွင်း တစ်ခုခု ဖြစ်လာခဲ့ရင် အခြေအနေကို ကိုင်တွယ်ဖို့ လိုအပ်တယ်။"
ကောင်းကင်ဒေသမှ ကျင့်ကြံသူများသည် မင်းသမီးဒွန်ဟောင်၏ အမိန့်ကို ကြားသောအခါ မတူညီသော စိတ်သဘောထားများ ဖြစ်ပေါ်လာသည်။ သို့သော် အပေါ်ယံ၌ လူတိုင်းက ခေါင်းညိတ်သဘောတူလိုက်ကြသည်။ သူတို့က ပြောလိုက်၏။ "ဒီလိုဆိုမှတော့ ကျုပ်တို့လည်း သွားကြတာပေါ့။"
မင်းသမီးဒွန်ဟောင်က ခေါင်းညိတ်လိုက်သည်။ ကောင်းကင်ဒေသ၏ ကျင့်ကြံသူများက နေရာမှ တဖြေးဖြေး ထွက်ခွာသွားကြသည်။ ထွက်ခွာသွားသော ကျင့်ကြံသူများက သူတို့မသွားခင် စွန့်ပစ်ခံကလန်မှ ကျင့်ကြံသူများအား အေးစက်သည့် အကြည့်တစ်ချက်ပေးခဲ့သည်။ သူတို့က ယနေ့ အခြေအနေနှင့် ပတ်သတ်၍ စိတ်ကျေနပ်ခြင်း မရှိကြပေ။ သို့သော် သူတို့က လက်ရှိ အခြေအနေ၌ မည်သည့်အရာမှ လုပ်နိုင်စွမ်း မရှိပေ။ ထို့ကြောင့် သူတို့က ယခုအချိန်၌ ရေလိုက်ငါးလိုက်နေရန်သာ တတ်နိုင်ပေသည်။
ကောင်းကင်ဒေသမှ ကျင့်ကြံသူများ ထွက်ခွာသွားပြီးနောက် မင်းသမီးဒွန်ဟောင်က ရီဖူရှင်းကို ကြည့်လိုက်သည်။ ရီဖူရှင်းကလည်း သူမကို စိုက်ကြည့်နေခဲ့သည်။ ဤသည်မှာ သူတို့နှစ်ယောက် ပထမဆုံးအကြိမ် တွေ့ဆုံဖူးခြင်း မဟုတ်ပေ။ သူတို့က ချင်းကျူမြို့၌ ရှိစဥ်က တစ်ကြိမ်တွေ့ခဲ့ဖူးသည်။ ထိုအချိန်က သူတို့နှစ်ယောက်လုံး ငယ်ရွယ်နေသေးသည်။ သို့သော် ထိုစဥ်က သူတို့ထဲမှ တစ်ယောက်က မြင့်မားသော အဆင့်အတန်းရှိပြီး နောက်တစ်ယောက်က သာမန်လူတစ်ယောက်သာ ဖြစ်သည်။ သူတို့က တူညီသော အဆင့်အတန်း၌ ရှိနေသူများပင် မဟုတ်ပေ။
ယခု ရီဖူရှင်းက ကောင်းကင်ဒေသမှ ထိုမင်းသမီးလေးနှင့် အဆင့်အတန်း တူညီလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။
"မင်းသမီးကို နှုတ်ဆက်ပါတယ်။ အရင်တုန်းက ကျုပ်ကို နတ်ရတနာပေးခဲ့တဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်။" ရီဖူရှင်း က ပြောရင်း အရိုအသေပြုလိုက်သည်။ အနာဂတ်၌ သူတို့၏ ဆက်ဆံရေးက မည်သို့ဖြစ်လာပါစေ လွန်ခဲ့သည့် နှစ်နှစ်ဆယ်ခန့်က အင်အားစုများစွာ ဝန်းရံခံထားရသည့်အချိန် သူ့ကို ကယ်တင်ပေးခဲ့သည်မှာ မင်းသမီးဒွန်ဟောင်ဖြစ်ကြောင်းမှာ ငြင်းဆန်၍မရနိုင်ပေ။ မင်းသမီးဒွန်ဟောင်က သူ့ကို နတ်ရတနာ ပေးခဲ့ပြီး ကောင်းကင်ဒေသသို့ ပြန်လာနိုင်ရန် ခွင့်ပြုပေးခဲ့သည်။
"အရင်က ရှင် မှော်နက်လောကနဲ့ နတ္ထိဘုံက ကျင့်ကြံသူတွေကို အနိုင်ယူခဲ့တယ်။ အဲဒီနတ်ရတနာက ရှင့်အတွက် ဆုလာဘ်ပဲ။ ကျွန်မကို ကျေးဇူးတင်စရာ မလိုပါဘူး။" မင်းသမီးဒွန်ဟောင်က ရှင်းပြလိုက်သည်။ "အခု ရှင်က မူလဘုံရဲ့ အင်အားစုတွေကို ထိန်းချုပ်နိုင်ခဲ့ပြီ။ အင်ပါယာနန်းတော်ကလည်း ရှင့် အောင်မြင်မှုတွေကို ကြားပါတယ်။ နောက်ပိုင် မူလဘုံမှာ စစ်ပွဲဖြစ်ပွားခဲ့ရင် ဒီနေရာကို ကာကွယ်ဖို့ အကောင်းဆုံး ကြိုးစားဖို့ မျှော်လင့်ပါတယ်။"
"နားလည်ပါတယ်။" ရီဖူရှင်းက တုန့်ပြန်လိုက်သည်။ "လက်ရှိမူလဘုံက အားနည်းနေတုန်းပဲ။ ကျုပ်တို့မှာ မဟာလမ်းစဥ် နတ်ဘုရားကပ်ဘေး ဒုတိယအဆင့်ကို အောင်မြင်ပြီးတဲ့သူ တစ်ယောက်မှ မရှိဘူး။ လောကအသီးသီးက ကျင့်ကြံသူတွေ ကျုပ်တို့ကို တိုက်ခိုက်လာရင် မူလဘုံရဲ့ အင်အားစုတွေက သူတို့အတွက် ယှဥ်ပြိုင်ဘက်မဖြစ်နိုင်မှာစိုးမိတယ်။ အဲဒီအချိန်ရောက်ရင် ကောင်းကင်ဒေသ အင်ပါယာနန်းတော်က ကျုပ်တို့ကို အကူအညပေးမယ်လို့ မျှော်လင့်ပါတယ်။"
ကောင်းကင်ဒေသအတွင်း အင်အားစုများနှင့် ယှဥ်လျှင် မူလဘုံကို ကိုယ်စားပြုသည့် ကောင်းကင်အာဏာစက်ကျောင်းတော်က ထိပ်သီးအင်အားစုတစ်ခု ဖြစ်နေခဲ့ပြီး ဖြစ်သည်။ သို့သော် လောကအသီးသီးမှ သူတို့၏ ထိပ်သီးကျင့်ကြံသူများကို စေလွှတ်ခဲ့လျှင် ကောင်းကင်အာဏာစက်ကျောင်းတော်၌ နတ်ဘုရားကပ်ဘေး ဒုတိယအဆင့် ကျော်ဖြတ်နိုင်ပြီးသည့် တည်ရှိမှုက လစ်လပ်နေသေးပေသည်။
မင်းသမီးဒွန်ဟောင်က ခေါင်းကိုငုံ့ကာ အောက်ဘက်မှ ရီဖူရှင်းကို ကြည့်လိုက်သည်။ သူက သူမနှင့် အပေးအယူလုပ်ရန် ကြိုးစားနေသည်လား။
"ကျွန်မဘာသာ အစီအစဥ်ချလိုက်မယ်။" မင်းသမီးဒွန်ဟောင် သာမန်ကာလျှံကာ ပြန်ဖြေလိုက်သည်။ ""မူလဘုံမှာ မုန်တိုင်းထန်တော့မှာ။ ကျွန်မ အင်ပါယာနန်းတော်ကို အရင်ပြန်ရဦးမယ်။"
"နှုတ်ဆက်ပါတယ် မင်းသမီး။" ရီဖူရှင်းက အရိုအသေပြုရင်း ပြောလိုက်သည်။ မင်းသမီးဒွန်ဟောင်က ထွက်ခွာရန် ပြင်လိုက်သည်။ လူသားဘုံမှ ကျင့်ကြံသူများက ပြောလိုက်၏။ "မင်းသမီးကို ပို့ဆောင်နှုတ်ဆက်ပါတယ်။"
သူတို့က ပြောလိုက်ပြီးသည်နှင့် သူတို့က ကောင်းကင်သို့ တက်ကာ မင်းသမီးဒွန်ဟောင်၏ နောက်လိုက်များနှင့်အတူ ထွက်ခွာသွားပေသည်။
စွန့်ပစ်ခံကလန်မှ ကျင့်ကြံသူများနှင့် ကောင်းကင်အာဏာစက်ကျောင်းတော်မှ ကျင့်ကြံသူများသာလျှင် ကျန်ရစ်ပေသည်။
စွန့်ပစ်ခံကလန်၏ အကြီးအကဲက ရီဖူရှင်းကို ကြည့်ကာ ပြောလိုက်သည်။ "ရန်ဟောင်ရီ ဒီနေ့အကူအညီအတွက် ကျေးဇူးအများကြီးတင်ပါတယ်။"
"ခင်ဗျား ကျေးဇူးတင်ရလောက်တဲ့အထိ ဘာမှမလုပ်ခဲ့ရပါဘူး။" ရီဖူရှင်းက ခေါင်းကို ယမ်းကာ ပြောလိုက်သည်။
"ရန်ဟောင်ရီက သဘောကောင်းလွန်းနေပါပြီ။ အရင်က တခြားကျင့်ကြံသူတွေနဲ့ ပေါင်းပြီးတော့သာ တိုက်ခိုက်ခဲ့ရင် ကျောက်ဆောင်ဝင်္ကပါက ပြိုကျပျက်စီးသွားလိမ့်မယ်။" အကြီးအကဲက ပြောလိုက်သည်။ "ကျုပ်တို့ စွန့်ပစ်ခံကလန်က ဒီကျေးဇူးကို ပြန်ဆပ်ဖို့ ဆန္ဒရှိပါတယ်။ ရန်ဟောင်ရီ ကျေးဇူးပြုပြီး ကျုပ်တို့ဆီ ဧည့်သည်အဖြစ် လာရောက်ပေးဖို့ ဖိတ်ခေါ်ပါတယ်။"
"အဲဒါ မလိုအပ်ပါဘူး။" ရီဖူရှင်းက ခေါင်းယမ်းကာ ပြောလိုက်သည်။ "မကြာခင် မူလဘုံမှာ အပြောင်းအလဲကြီး ဖြစ်တော့မှာ။ ကျုပ် ပြန်ပြီး ပြင်ဆင်ဖို့ လိုအပ်တယ်။ အနာဂတ်မှာ သွေးမုန်တိုင်းဖြစ်လာမှာ စိုးမိတယ်။"
စွန့်ပစ်ခံကလန်၏ အကြီးအကဲက အံ့သြမှင်တက်သွားခဲ့သည်။ သူက ရီဖူရှင်းကို ကြည့်ကာ ခေါင်းညိတ်၍ ပြောလိုက်သည်။ "ဒီလိုဆိုရင်တော့ ကျုပ်တို့ ခင်ဗျားကို ထပ်ပြီး နှောင့်နှေးအောင် မလုပ်တော့ပါဘူး။ ရန်ဟောင်ရီ အချိန်ရရင် ကျုပ်တို့ဆီ လာလည်ရမယ် ဟုတ်ပြီလား။"
"ကောင်းပါပြီ။"ရီဖူရှင်းက လက်ဆုပ်ရင်း စွန့်ပစ်ခံကလန်မှ ကျင့်ကြံသူများကို အရိုအသေပြုကာ ပြောလိုက်သည်။ ထို့နောက် သူက ကောင်းကင်အာဏာစက်ကျောင်းတော်မှ ကျင့်ကြံသူများနှင့် ထွက်ခွာသွားခဲ့သည်။ သူတို့က စွန့်ပစ်ခံကလန်၌ မနေခဲ့ကြပေ။
သူတို့က ရီဖူရှင်း ထွက်ခွာသွားသည်ကို စောင့်ကြည့်နေရင်း စွန့်ပစ်ခံကလန်မှ ကျင့်ကြံသူများက အတူတကွ စုဝေးနေခဲ့ကြသည်။ သူတို့က ပျောက်ကွယ်သွားသော ပုံရိပ်၏ မြင်ကွင်းကို ကြည့်နေရင်း ပြောလိုက်၏။ "ဒီလူက တကယ်ကို ကိုယ်ကျိုးမဖက်တဲ့ပုံပဲ။"
"သူပြသခဲ့တဲ့ စွမ်းရည်နဲ့ဆို စွန့်ပစ်ခံကလန်ရဲ့ ကျင့်ကြံခြင်းနည်းစနစ်တွေကို လုယူဖို့ မလိုအပ်ဘူး။ အရင်က သူ မဟာအင်ပါယာတွေ အများကြီးရဲ့ စွမ်းရည်ကို ဆက်ခံခဲ့ပြီးပြီ။" စွန့်ပစ်ခံကလန်၏ အကြီးအကဲက ပြောလိုက်သည်။ သူက ရီဖူရှင်း၏ နားလည်သဘောပေါက်နိုင်မှု အဆင့်ကို သေချာရှင်းလင်းစွာ သိရှိထားသည်။