ရူးသွပ်စွာ ကျင့်ကြံခြင်း
Vol. 165 Ch. 2351
ဤနည်းဖြင့် ကောင်းကင်အာဏာစက်ကျောင်းတော်နှင့် စွန့်ပစ်ခံကလန်တို့သည် မဟာမိတ်များ ဖြစ်လာခဲ့ကြကာ အချင်းချင်း အမှီသဟဲပြု နေထိုင်ကြ၏။ ကုန်းမြေနှစ်ခုမှာလည်း တစ်ခုတည်း ဖြစ်လာသည်။
တချိန်တည်းတွင် ပြင်ပမှ အင်အားစုများသည် ဖြစ်ပျက်နေသည်များကို အာရုံစိုက်နေကြသည်။ ထိုအချန်တွင် ရီဖူရှင်းသည် စွန့်ပစ်ခံကလန်မှ တန်ခိုးရှင်များကို ကြယ်တာရာကောင်းကင်သို့ ခေါ်ဆောင်ကာ ကျင့်ကြံစေ၏။
ကြယ်တာရာကောင်းကင်၌ အင်ပါယာကြယ်သည် ထူးခြားသော နတ်အလင်းများ ထုတ်လွှတ်နေသည်။ ရီဖူရှင်းက ယခင် မျက်မမြင်ထျယ် ဆက်သွယ်ကျင့်ကြံခဲ့သော အင်ပါယာကြယ်တစ်စင်းကို ထိုးပြသည် “ဒီကြယ်က စွန့်ပစ်ခံကလန်ကလူတွေ ကျင့်ကြံဖို့ သင့်တော်တယ်။ ဒါက စွန့်ပစ်ခံကလန်ကလူတွေရဲ့ ကာယပိုင်းကို ပိုသန်မာစေတယ်။ အကြီးအကဲတို့ ကြိုးစားကြည့်စေချင်တယ်”
စစ်ခုန်းနန်က အနည်းငယ် ခေါင်းညိတ်သည်။ သည်တစ်ကြိမ်တွင် သူသည် စွန့်ပစ်ခံကလန်မှ အသန်မာဆုံးသောလူများကို ခေါ်ဆောင်လာကာ စီဝေ့ကောင်းကင်၌ လာရောက်သင်ယူသည်။ သည်မတိုင်ခင် သူတို့သည် ထျန်းရှန်းကျောင်းတော်နှင့် တခြားနေရာများသို့ သွားရောက်လေ့လာပြီး ဖြစ်သည်။
စစ်ခုန်းနန်က သူ့ဘေးမှ အဆင့်ကိုးရန်ဟောင်ကို ကြည့်သည်။ ရုတ်တရက် ထိုလူက ရှေ့ကို တက်သွားကာ အင်ပါယာကြယ်နှင့် ဆက်သွယ်သည်။ မကြာခင် သူသည် ထိုအင်ပါယာကြယ်နှင့် ဆက်သွယ်နိုင်သွား၏။
ယခု ကြယ်တာရာကောင်းကင်သည် ရီဖူရှင်း၏ထိန်းချုပ်မှုအောက်တွင်ဖြစ်ရာ ယခင်လို ကြယ်များနှင့် ဆက်သွယ်ရန် မခက်ခဲတော့ပေ။ အခြေခံသဘောတရား တူညီသော ကြယ်တာရာဖြစ်ပါက အချိန်တိုအတွင်း ထိုကြယ်နှင့် ဆက်သွယ်နိုင်ပေသည်။
မကြာခင် စွန့်ပစ်ခံကလန်မှ တန်ခိုးရှင်သည် ကြယ်အလင်းများအောက်တွင် စတင်၍ ကျင့်ကြံ၏။ သူ၏ကာယပိုင်းမှာလည်း သိသာသော ပြောင်းလဲမှုများ စတင်ဖြစ်ပေါ်လာသည်။
စွန့်ပစ်ခံကလန်မှ တခြားတန်ခိုးရှင်များသည် တိတ်ဆိတ်စွာ ကြည့်နေကြသည်။ ဤကြယ်တာရာအမွေအနှစ်ကား အလွန်အားကောင်းပေသည်။
“ဒါက မဟာအင်ပါယာရဲ့ အမွေအနှစ်တွေ ဖြစ်နေတာ မထူးဆန်းပါဘူး။ အင်ပါယာရီကြောင့်သာမဟုတ်ရင် ကျုပ်တို့က ဒါတွေကို သင်ယူဖို့ အရမ်းခက်ခဲလိမ့်မယ်” စစ်ခုန်းနန်က ရီဖူရှင်းကို ကျေးဇူးတင်စွာ ပြောသည်။
“အကြီးအကဲက အရမ်းယဉ်ကျေးလွန်းပါပြီ။ ကျုပ်တို့က အခု မဟာမိတ်တွေဆိုတော့ စွန့်ပစ်ခံကလန် ပိုပြီး သန်မာလာဖို့ ကူညီသင့်တာ သဘာဝပါပဲ။ အင်ပါယာကြယ်အပြင် တခြားကြယ်တွေဟာလည်း စွန့်ပစ်ခံကလန်ကလူတွေ ကျင့်ကြံဖို့ သင့်တော်တယ်။ အကြီးအကဲတို့ ဒီမှာ အချိန်တစ်ခုကြာ လေ့လာသင်ယူဖို့ လိုတယ်” ရီဖူရှင်းက ပြောသည်။
စစ်ခုန်းနန်က ခေါင်းညိတ်သည်။ ရီဖူရှင်းသည် ဤမဟာမိတ်ဖွဲ့ခြင်း၌ လုံလောက်သော စိတ်ရင်းကိုဖော်ပြပြီး ဖြစ်သည်။ သူသည် မရေမတွက်နိုင်သော ကျင့်ကြံနည်းစနစ်များကို ဝေမျှပေးရုံမက မဟာအင်ပါယာအမွေအနှစ်များကိုလည်း ပြသခဲ့သည်။ အမှန်ပင် သူသည် သူတတ်နိုင်သမျှ လုပ်ဆောင်ပေးနေ၏။
“နောက်ရက်ပိုင်းမှာ ကျုပ်က ခင်ဗျားတို့ကို ကောင်းကင်ဒေသသို့ ခေါ်ဆောင်သွားမယ်” ရီဖူရှင်းက ဆက်ပြောသည်။ စစ်ခုန်းနန်က ခေါင်းညိတ်ကာ စိတ်တွင်းမှ ရီဖူရှင်းအား မည်သို့ ပြန်လည်ကူညီရမည်ကို တွေးတောနေ၏။
ရီဖူရှင်းက ကတိပေးထားသည့်အတိုင်း ၃ရက်ခန့်ကြာပြီးနောက် သူနှင့် စွန့်ပစ်ခံကလန်မှ လူများသည် ကောင်းကင်ဒေသမှ လေးမျက်နှာကျေးရွာသို့ ရောက်လာသည်။
ရီဖူရှင်းသည် ကျောင်းဆောင်သို့ ဦးစွာ သွားရောက်ကာ ခေါ်သည် “ဆရာသခင်”
“သွားပြီး လုပ်သင့်တာကို လုပ်ပါ” ဆရာသခင်က ရီဖူရှင်း၏သဘောကို နားလည်သည့်အလား ပြောသည်။
ရီဖူရှင်းက ဦးညွတ်ကာ ပြောသည် “ကျေးဇူးတင်ပါတယ် ဆရာသခင်”
“မူလဘုံက အပြောင်းအလဲတွေ ဖြစ်နေတယ်။ ပင်မအင်အားစုတွေကလည်း ပါဝင်နေတယ်။ ငါက မင်းကို သိပ်ကူညီနိုင်မှာ မဟုတ်ဘူး။ မင်းအခုလုပ်နေတာတွေက မှန်ကန်တဲ့လမ်းကြောင်းထဲမှာပါပဲ။ ဒါပေမဲ့ မင်းရဲ့ခွန်အားကပဲ အရေးအကြီးဆုံးဆိုတာကိုလည်း မမေ့နဲ့” ဆရာသခင်က ဆက်လက်၍ ပြောသည်။
“ဖူရှင်း နားလည်ပါတယ်” ရီဖူရှင်းက ခေါင်းညိတ်သည်။
“အရာအားလုံးက ကံကြမ္မာအတိုင်းပါပဲ။ မူလဘုံမှာ ဖြစ်ပျက်နေတာကလည်း တစိတ်တပိုင်းပဲ။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ” ဆရာသခင်က ပြောသည် “သွားတော့”
ရီဖူရှင်းက ဆရာသခင်အား ဦးညွတ်ကာ နောက်လှည့်ထွက်ခွာလာသည်။
လေးမျက်နှာကောင်းကင်၏သီးခြားလောက၌ ကျင့်ကြံခြင်းအမွေအနှစ်များ တည်ရှိသည်။ ၎င်းတို့မှာ ရီဖူရှင်း၏ထိန်းချုပ်မှုအောက်တွင် ရှိ၏။ သူက ထိုပညာရပ်များအား စွန့်ပစ်ခံကလန်မှ လူများကို သင်ကြားပေးနိုင်ပေသည်။
…
အချိန်များကုန်ဆုံးသွားခဲ့ကာ ရီဖူရှင်းသည် စွန့်ပစ်ခံကလန်မှ လူများကို ဦးဆောင်လျှက် ပညာရပ်များ သင်ကြားပေးသည်။ တခြားနေရာများတွင်လည်း တန်ခိုးရှင်များသည် မူလဘုံ၌ လျှို့ဝှက်ချက်များကို စူးစမ်း ရှာဖွေနေကြသည်။ ယာယီအားဖြင့် မည်သည့် ထူးခြားမှုမှ မရှိပေ။
အဘက်ဘက်မှ တန်ခိုးရှင်တိုင်းသည် မူလဘုံသို့ ဆင်းသက်လာကြသည်။ သို့သော်လည်း မည်သူမှ အတင့်ရဲကာ မလှုပ်ရှားကြပေ။ စစ်ပွဲ ပေါက်ကွဲထွက်လာပါက အလွန်ဆိုးဝါးသော အကျိုးဆက်ကို ခံစားကြရပေမည်။ ထို့ကြောင့် အင်အားစုများက အချင်းချင်း သတိဖြင့်သာ ပြုမူကြသည်။
ပြင်ပလောကတွင် အပြောင်းအလဲ များများစားစား မရှိချေ။ ရီဖူရှင်းသည်လည်း ထိုအင်အားစုများကို ရန်စခြင်း မပြုပေ။ သူသည် သူ၏ကိုယ်ပိုင်ခွန်အားကိုသာ အဆက်မပြတ် တိုးတက်အောင် ကျင့်ကြံနေသည်။
လေးမျက်နှာကျေးရွာမှ ပြန်လာပြီးနောက် စွန့်ပစ်ခံကလန်က ရီဖူရှင်းအား သူတို့၏လျှို့ဝှက်နယ်မြေ၌ ကျင့်ကြံရန် ဖိတ်ကြားခဲ့သည်။ ရီဖူရှင်းက သူတို့အတွက် များစွာ ကူညီခဲ့ရာ သူတို့ကလည်း ရီဖူရှင်းအား ပြန်လည်၍ ကျေးဇူးပြုလိုသည်။
ထိုအချိန်တွင် ရီဖူရှင်းသည် စွန့်ပစ်ခံကလန်၏လျှို့ဝှက်နယ်မြေအတွင်း၌ ဂူပေါက်တစ်ခုထဲသို့ ရောက်နေ၏။ ဂူနံရံတွင် များစွာသော သင်္ကေတများနှင့် ရုပ်ပုံများ ရှိသည်။ သူ၏နတ်အာရုံက ၎င်းတို့အား ထိတွေ့မိသည်နှင့် သူသည် တခြားကမ္ဘာသို့ ရောက်သွားခဲ့၏။ ပုံရိပ်များမှာ အသက်ဝင်လာခဲ့ကာ မရေမတွက်နိုင်သော နတ်ဘုရားများ စတင်လှုပ်ရှားလာကြသည်။ ရီဖူရှင်းသည် ထိုအခိုက်တွင် ဧရာမပင်လယ်ပြင်ထဲမှ သေးငယ်သော တည်ရှိမှုတ်တစ်ခုအလား ထင်မှတ်ရ၏။
ဤနေရာတွင် ရေးထွင်းထားသည်ကား ကျောက်ဆောင်ဝင်္ကပါဖြစ်သည်။
ရီဖူရှင်းက ကျောက်ဆောင်ဝင်္ကပါအား လေ့လာလိုသောကြောင့် စွန့်ပစ်ခံကလန်က သူ့အား ဤနေရာသို့ ခေါ်လာခြင်းဖြစ်သည်။ ကျောက်ဆောင်ဝင်္ကပါသည် စွန့်ပစ်ခံကလန်၏ခေတ်အဆက်ဆက် မွှမ်းခံလာသော ခံစစ်ဝင်္ကပါဖြစ်၏။
ရီဖူရှင်းသည် ရှေးနတ်ဘုရားများ၏အလယ်တွင် ရပ်နေသည်။ သူသည် ထိုနတ်ဘုရားများကဲ့သို့ တည်ရှိမှုများကို ကြည့်ကာ သူ၏မျက်လုံးများထဲ၌ လေးလံလာ၏။ သူက ထိုပုံရိပ်များကို လေးနက်စွာဖြင့် အရိုအသေပေးသည်။
ကျက်သရေရှိသော အလင်းတစ်ခုသည် သူ့ထံသို့ ကျဆင်းလာခဲ့သည်။ ရီဖူရှင်းသည် မျက်လုံးမှိတ်ကာ ထူးဆန်းသော ကမ္ဘာထဲ၌ စွန့်ပစ်ခံကလန်မှ ဘိုးဘေးများ ချန်ထားရစ်သော ကျောက်ဆောင်ဝင်္ကပါအမွေအနှစ်အား ဆင်ခြင်လေ့လာသည်။