Sheriff
Vol. 9 Ch. 18
နျူရေက ဝတ်စုံအဆင့်မြှင့်ဖို့အတွက် ရဲဌာနချုပ် စမ်းသပ်ခန်းကို ဆက်ပြီးအသုံးပြုဖို့ ဆုံးဖြတ်လိုက်တယ်။ တခြားဘာမှလုပ်စရာမရှိတာနဲ့ ဆိုင်းရပ်လည်း နျူရေအလုပ်လုပ်နေတာကို စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်တာပေါ့။
“အင်း၊ လောလောဆယ် တိုက်ရိုက်အဆင့်မြှင့်တင်တာထက်စာရင် ဒီဇိုင်းနည်းနည်းပြောင်းလို့ပဲရမယ်ထင်တယ်။ ရဲတပ်ဖွဲ့သုံးဝတ်စုံလို့ မြင်ယောင်ကြည့်မယ်ဆိုရင် သူ့ကို ရဲအရာရှိတစ်ယောက်အသုံးပြုတဲ့ လက်နက်တွေတပ်ဆင်ပေးရင် ကောင်းမယ်နဲ့တူတယ်။”
နျူရေက ကွန်ပျူတာကနေတစ်ဆင့် လင်ဒါနဲ့ဝတ်စုံဒီဇိုင်းကို နည်းနည်းချင်းစပြုပြင်တယ်။ နဂိုက ဝတ်စုံရဲ့ပုံစံဟာ ငွေရောင်စစ်သည်ရဲ့ပုံစံဖြစ်တာကြောင့် အနည်းနဲ့အများယောက်ျားဆန်ပါတယ်။ နျူရေက အဲဒါကိုလုံးဝဖြုတ်ချလိုက်ပြီး ကိုယ်ဟန်အနေအထားကို အမျိုးသမီးရဲအရာရှိတစ်ယောက်နဲ့ ကိုက်ညီစေဖို့အတွက် ပြုပြင်ပြောင်းလဲလိုက်တယ်။
အဲဒီနောက်တော့ ပေါင်မှာကျည်ကာဖောက်သေနတ်တစ်လက်ကို တပ်ပေးဖို့စီစဥ်လိုက်ပြီး ရဲဌာနချုပ်သုံး လက်နက်မော်ဒယ်တွေထဲက ကျည်ကာဖောက်အားအကောင်းဆုံး Magnum XIII ကို ထည့်သွင်းပေးလိုက်တယ်။ အခုထိအပြင်က ဝတ်စုံကိုမပြင်ရသေးပေမဲ့ ဝတ်စုံက ရုပ်လုံးတော့ပေါ်လာပြီ။
“ကောင်မလေး၊ မက်ဂနမ်က လက်နက်ကောင်းတစ်ခုပေမဲ့ C rank လက်နက်မဟုတ်လား။ S rank ဝတ်စုံအတွက် အသုံးဝင်ပါ့မလား။”
ဆိုင်းရပ်ရဲ့အမေးစကားကို နျူရေက လွယ်လွယ်ပဲအတည်ပြုလိုက်တယ်။ “အင်း၊ ဇက်သတ္တုကျည်ဆန်ထည့်ပစ်ရင် နည်းနည်းတော့ပိုအားကောင်းလာနိုင်ပေမဲ့ ကျွန်မက S rank လက်နက်တွေကို မဖန်တီးနိုင်သေးဘူးလေ။ ဆရာမပြန်ရောက်လာမှ ပြကြည့်ပေးမယ်။ အခုကတော့ ဒီဇိုင်းအတွက်အဆင်ပြေမယ့်ဟာတစ်ခုကို ထည့်ပေးထားတာ။”
“ဟုတ်ပါပြီ၊ ဟုတ်ပါပြီ။” ဆိုင်းရပ်လည်း နျူရေကို ထပ်ပြီးအထွန့်မတက်တော့ဘဲ ဆက်စောင့်ကြည့်ပါတယ်။ ဒါပေမဲ့ ညနက်လာပြီဖြစ်လို့ သူသန်းဝေမိလိုက်တယ်။ နာရီကိုကြည့်တော့ ဆယ့်နှစ်နာရီထိုးတော့မယ်။
“ကောင်မလေး၊ မင်းမအိပ်သေးဘူးလား။” ဆိုင်းရပ်က မေးလိုက်တော့ နျူရေက ခေါင်းခါပြတယ်။ “ကျွန်မဒီဝတ်စုံဒီဇိုင်းကို မြန်မြန်အပြီးသတ်သင့်တယ်လို့ထင်တယ်။ မြန်မြန်ပြီးလေ၊ အစ်မကြီးလင်ဒါကို စောစောစီးစီး အထင်ကြီးအောင်လုပ်နိုင်လေပဲ။”
နျူရေက ရဲဘက်ဆိုင်ရာသုံးဒိုင်းတစ်လက်ကို ဝတ်စုံမှာထည့်ပေးနေရင်းနဲ့ မူလအရောင်ကိုဖျောက်ဖို့ အနက်ရောင်အပေါ်က အုပ်ချလိုက်တယ်။ အဲဒီနောက်တော့ ဒိုင်းကိုပိုပြီးလှပစေဖို့အတွက် စတင်ပြင်ဆင်တယ်။ ဘာပဲပြောပြော ဒီဝတ်စုံက သာမန်ဒိုင်းတစ်ခုနဲ့လိုက်ဖက်မှာမဟုတ်ဘူးလေ။
“ဒါဆို ငါအိမ်ပြန်အိပ်တော့မယ်၊ မင်းလည်း နောက်မကျစေနဲ့ဦး။”
“အိုကေ၊ အိပ်မက်လှလှမက်ပါစေ။” နျူရေက ဆိုင်းရပ်ကို လက်ညိုးနှစ်ချောင်းထောင်ပြလိုက်ပြီး ဆက်ဒီဇိုင်းဆွဲပါတယ်။
...
အရှေ့ဘက်ကမ်းရိုးတန်း နယ်စပ်မျဥ်းမှာတော့ ဆိုဖီယာ၊ Archmegaနဲ့ ဖရက်တို့က ပခုံးချင်းယှဥ်ပြီးရပ်နေကြတယ်။ သူတို့နောက်မှာ တခြားစွမ်းအားကြီးဟီးရိုးတွေဖြစ်တဲ့ အီဗန်၊ ရီန၊ ဖလေရာ၊ အယ်လိုဟင်၊ ဒရုန်းဇုန် စတဲ့သူတွေလည်းရှိနေကြတယ်။ သူတို့က အနည်းဆုံး A rankရှိတဲ့ တိုက်ခိုက်ရေးအဖွဲ့ဝင်တွေကို ဆင့်ခေါ်လာတာပါ။ မြို့ထဲမှာ ကောင်းဘွိုင်ကို လိုက်ဖမ်းနေတဲ့ ဖားလေးတို့တစ်အုပ်စုပဲမပါတာ။
“ဒီတော့ သူတို့တွေက ဇီဝယာဥ်ပျံတွေကို မွေးထုတ်ပြီးသွားပြီးပေါ့လေ။” ဆိုဖီယာက တစ်ဖက်တပ်ဖွဲ့တွေချီတက်လာနေတဲ့ မိုးကောင်းကင်အဆုံးကို မျက်စိမှေးကြည့်ရင်း ပြောလိုက်တယ်။ ပျံသန်းနေတဲ့ ဧရာမပိုးစုန်းကြူးလိုပိုးကောင်အကောင်ငါးဆယ်က အနားကိုရောက်လာချိန်မှာ ဆက်လက်မပျံသန်းတော့ဘဲ မြေပေါ်မှာရပ်နားလိုက်ပြီး သူတို့အတောင်ပံတွေကိုဖွင့်ကာ သူတို့ဖင်ပိုင်းကို မြှောက်လိုက်တယ်။ အဲဒီနောက်တော့ ပေါက်ကွဲစေတတ်တဲ့ ဂရင်းအရည်တွေက လေထုထဲမြောက်တက်လာပြီး မဟာမိတ်တပ်ပေါ်ကို စတင်ကျဆင်းလာပါပြီ။
“ရန်သူမှာ လက်နက်ကြီးပစ်ကူရှိတယ်၊ လူစုခွဲပြီး ကိုယ့်အဖွဲ့နဲ့ကိုယ်တိုက်ကြ။ ပတ်ဝန်းကျင်ကို သတိထားပြီး ပြောင်းလွယ်ပြင်လွယ်ရှိဖို့အာရုံစိုက်ကြ။”
“ဟုတ်ကဲ့ တပ်မှူး။” ဖရာလီတာက သူ့နောက်က စစ်တပ်ကို အမိန့်ပေးလိုက်တယ်။ သူတို့တွေက ချက်ချင်းကိုယ့်အုပ်စုနဲ့ကိုယ်ခွဲလိုက်ကြပြီး ရန်သူဆီကို စတင်ချီတက်ကြပါတယ်။ အယ်သာလေယာဥ်ပျံတွေ၊ စကော်ပီယံတင့်တွေ၊ စစ်နတ်သမီးတွေ၊ ပလာဒင်စစ်သည်တွေ သိန်းသောင်းပေါင်းများစွာနဲ့စစ်ချီတက်သံတွေကြောင့် အရှေ့ဘက်ကမ်းရိုးတန်းမြေပြင်တစ်ခုလုံး တုန်လှုပ်နေပါတယ်။
....
“ဟမ့်၊ စိတ်မကောင်းစရာက ဒီတစ်ခေါက် ငါတို့ဘက်က ပိုအင်အားကြီးနေတယ်။ အဲဒီကောင်မလေး တောင်အမေရိကရောက်သွားတာ သိပ်ကောင်းတယ်။”
ဧရာမပိုးစုန်းကြူးကြီးတစ်ကောင်ပေါ်မှာရပ်နေတဲ့ ဘာရွန်က ခနဲ့တဲ့တဲ့ပြောလိုက်တယ်။ သူက ခါးမှာချိတ်ထားတဲ့ ကာတာနာဓားကို ဆွဲထုတ်လိုက်ပြီး မဟာမိတ်တပ်ဘက်ကို ညွန်ပြလိုက်ပါပြီ။
“ပိုးကောင်စစ်သည်တို့၊ အင်ပါယာရဲ့ဂုဏ်သိက္ခာအတွက် တိုက်ခိုက်ကြ။”
“အင်ပါယာရဲ့ဂုဏ်သိက္ခာအတွက်...” ပိုးဖလံနဲ့ယင်ကောင်ကလည်း ဘာရွန်နောက်မှ ရပ်နေရင်းကနေ အဲဒီစကားကို ရေရွတ်လိုက်ပြီး သူတို့အတောင်တွေကိုစဖြန့်ကာ မဟာမိတ်တပ်မှူးသုံးယောက်ဆီကို တည့်တည့်ပြေးဝင်သွားတယ်။ ယင်ကောင်က အဆင့်တက်သွားပြီဖြစ်လို့ မဟာမိတ်တပ်မှူးတွေကို သိပ်ပြီးဂရုစိုက်ပုံမရတော့ဘူး။ ဘာရွန်ကိုယ်တိုင်လည်း အလားတူပါပဲ။ သူက နောက်ဆုံးကျမှ လေထဲခုန်တက်လိုက်တယ်။ မကြာခင်မှာပဲ ကောင်းကင်တစ်ခုလုံးကိုကြိုးကိုင်ထားတဲ့ ဖရက်နဲ့မျက်နှာချင်းဆိုင်မိပါတယ်။
“ကောင်လေး၊ အရင်တစ်ခါ ငါ့ကိုထိန်းထားနိုင်ရုံနဲ့ ဒီတစ်ခါလည်း ထပ်ပြီးလုပ်နိုင်မယ်လို့မထင်နဲ့။ ငါက အရင်ကဘာရွန်မဟုတ်ဘူး။”
ဘာရွန်က ပိုးကောင်တစ်ပိုင်းပုံပြောင်းသွားပြီး ကာတာနာကို စနစ်တကျကိုင်လိုက်တယ်။ ဖရက်လည်း မိုးကြိုးဓားကို ဘေးဖက်ကိုလွယ်ရွယ်ကာ အသင့်လှုပ်ရှားဖို့ အသင့်ပြင်ထားပြီး ပြောလိုက်လေရဲ့။
“ကျုပ်ကလည်း အရင်က ဖရက်မဟုတ်တော့ဘူး။” သူ့နောက်မှာ ဧရာမမိုးကြိုးနတ်ဘုရားကြီးပေါ်လာတယ်။ ဘာရွန်က သူ့ထက်အစွမ်းထက်နေတယ်ဆိုရင်တောင် ဖရက်က အလျှော့ပေးမှာမဟုတ်ဘူး။
“ဆိုဖီယာ၊ ယင်ကောင်က ပိုစွမ်းအားကြီးတယ်။ ငါသူ့ကို တာဝန်ယူလိုက်မယ်။ နင်က ပိုးဖလံကို မြန်မြန်ကိစ္စဖြတ်ဖို့တာဝန်ယူ။”
“ကောင်းပြီလေ။” ဆိုဖီယာက ခေါင်းညိတ်လိုက်ပြီး သူတို့ဆီပြေးဝင်လာနေတဲ့ ပိုးကောင်ဗိုလ်ချုပ်တွေထဲက ပိုးဖလံကို လက်ညိုးနဲ့ထိုးလိုက်ပြီး “ချုပ်နှောင်စေ” လို့ရေရွတ်လိုက်တယ်။ ပိုးဖလံခနလေထဲမှာ တန်းသွားချိန်မှာတော့ ဆိုဖီယာက ဧရာမကျောက်ဆိုင်ကျောက်ခဲကြီးတွေကို ထိန်းချုပ်ပြီး မြေပေါ်ကိုရိုက်ချကာ တစ်ခါတည်းနောက်ကနေ လိုက်သွားတယ်။
ဖရာလီတာကတော့ ယင်ကောင်ဆီကို အမြန်နှုန်းကုန်ဖွင့် ပြေးဝင်သွားပြီး “အယ်လိုဟင်၊ ဒရုန်းဇုန်။ ငါ့ကိုနောက်ကနေ ပစ်ကူပေး။” လို့အော်ဟစ်လိုက်တယ်။
မကြာခင်မှာပဲ နယ်ဆင်စစ်သင်္ဘောပျံကြီးနောက်ကနေ ရောက်လာပြီး ဖရာလီတာနဲ့ယင်ကောင်ရဲ့တိုက်ပွဲကို ဝင်ကူတယ်။ ယင်ကောင်က ပိုမြန်ပေမဲ့ ချက်ချင်းဆိုသလိုပဲ ဖရာလီတာရဲ့အဆင့်မြှင့်ထားတဲ့ အလင်းဗုံးတွေနဲ့ သင်္ဘောရဲ့အမြောက်ဒဏ်ကို စတင်ခံစားလာရတယ်။
တိုက်ပွဲရဲ့ပိုအဆင့်နိမ့်တဲ့အတိုင်းမှာတော့ ဖလေရာက ပလာဒင်မူရင်းဝတ်စုံကိုဝတ်ပြီး ရိန၊ အီဗန်တို့နဲ့အတူ ပိုးကောင်တွေရဲ့ရှေ့တန်းကို ဖောက်ထွက်ဖို့ ကြိုးစားနေတယ်။ သူတို့ရဲ့အဓိကမစ်ရှင်က မဟာမိတ်တပ်ကို ဖိအားပေးနေတဲ့ ပိုးစုန်းကြူးတွေကို ရှင်းပစ်ဖို့ပါ။
“ငါ့စိတ်ထဲမှာ ဒီတိုက်ပွဲကို ရက်ရှည်တိုက်ရလိမ့်မယ်လို့ ခံစားနေရတယ်။” ဖလေရာက ပိုးကောင်အုပ်တစ်အုပ်ကို ဖြေရှင်းလိုက်ရင်း ရေရွတ်လိုက်တယ်။ နှစ်ဖက်စစ်သည်သိန်းကျော်ပါဝင်တဲ့ တိုက်ပွဲကြီးတစ်ခုက ဘယ်နည်းနဲ့မှအချိန်တိုအတွင်း မပြီးပြတ်နိုင်ပါဘူး။ အခုတိုက်ပွဲကြီးက တိုက်ပွဲဆိုတာထက် ကမ္ဘာစစ်စစ်ဆင်ရေးကြီးတစ်ခုအသွင် ဖြစ်သွားခဲ့ပါပြီ။
...
နောက်တစ်နေ့ မနက်နေမြင့်ချိန်။
ဘုန်း....
ရုတ်တရက်ဆိုသလိုပဲ နယူးယောက်ရဲ့လမ်းတစ်ခုကမြေအောက်ကနေ ပေါက်ကွဲသွားတဲ့အတွက်ကြောင့် လမ်းပေါ်မှာမောင်းနှင်နေတဲ့ ကားတချို့လေထုထဲ မြောက်တက်သွားတယ်။ ကားတွေနဲ့အတူ ဓားနတ်ဆိုးလည်း မြောက်တက်လာတယ်။ သူက လေထုထဲမှာ ဟန်ချက်ထိန်းပြီး မြေပြင်ပေါ်ကို ပြန်ဆင်းနိုင်ခဲ့ပေမဲ့ သူ့ဝမ်းဗိုက်မှာ ပိုးကောင်ကိုက်ရာအကြီးကြီးရှိနေပြီး အသက်ကိုမနည်းလုရူနေရပါပြီ။
“ဓားနတ်ဆိုး၊ ခင်ဗျားဒဏ်ရာရသွားတာလား။” သိပ်မကြာခင်မှာပဲ ဖားလေးနဲ့ဟယ်ရီတို့ရောက်လာပြီး ဓားနတ်ဆိုးကို ဖေးမလိုက်တယ်။
“အေး၊ ဒီကောင့်မှာ အရေအတွက်အားသာချက်ရှိနေတယ်။” ဓားနတ်ဆိုးက သူ့ရဲ့မမြင်ရတဲ့မျက်လုံးတွေနဲ့ သူထွက်လာတဲ့ တွင်းနက်ကြီးကို စိုက်ကြည့်တယ်။ မကြာခင်မှာပဲ ဓားခုတ်ကောင် ငါးဆယ်လောက်နဲ့အတူ ကောင်းဘွိုင်က တွင်းနက်ထဲကနေ ထွက်လာတယ်။
“အံ့ဩစရာပဲ၊ မင်းက ငါ့ပိုးကောင်တစ်ဝက်လောက်ကို အနိုင်ယူခဲ့တာပဲ။ ပြီးတော့ မင်းက မြို့ထဲမှာကျန်တဲ့ ငါ့ကိုတိုက်ခိုက်နိုင်တဲ့ နောက်ဆုံးဟီးရိုးမဟုတ်လား။”
ဓားနတ်ဆိုးက အံ့ကိုကြိတ်လိုက်တယ်။ ဒါပေမဲ့ သူ့ရဲ့သွေးဆုံးရှုံးမှုပမာဏက များလွန်းတာကြောင့် ဆက်မရပ်နိုင်တော့ဘူး။ ဟယ်ရီက ဓားနတ်ဆိုးရဲ့ဒဏ်ရာကို သူနဲ့အတူပါလာတဲ့ ရှေးဦးသူနာပြုဆေးအိတ်နဲ့ သွေးတိတ်အောင်လုပ်ပေးလိုက်ပေမဲ့ သူ့ကိုရွှေ့ပြောင်းဖို့လိုနေတယ်။
‘ဘယ်လိုလုပ်ရမလဲ၊ ဖရန့်က သေလုမျောပါးဖြစ်နေလို့ ပန်းသီးလေးက ငါတို့ကိုထွက်ကူမှာမဟုတ်ဘူး။ တခြားဟီးရိုးတွေကလည်း စစ်မြေပြင်မှာ။ လင်ဒါကလည်း မနေ့က ဒဏ်ရာရထားတာပဲ။’ ဟယ်ရီမျက်နှာတစ်ခုလုံး မည်းမှောင်နေတယ်။ ကောင်းဘွိုင်ကတော့ သူတို့်ကိိုမတိုက်သေးဘဲ လှောင်ပြောင်ရယ်မောနေတုန်း။
“နယူးယောက်ဟီးရိုးအစည်းအရုံးက မစ်ရှင်အဖွဲ့မရှိတာနဲ့ သိပ်ကိုသနားစရာကောင်းသွားတော့တာပဲ။ ဒီအတိုင်းဆိုရင် ငါမြို့ပြင်ကို ထွက်ပြေးစရာတောင် မလိုတော့ဘူးထင်တယ်။ ဒီမြို့ကိုသိမ်းပြီး ပိုးကောင်သခင်ကြီးတွေရောက်လာရင် လက်ဆောင်ထည့်ပေးရုံပဲ။”
“မအေဘေး၊ မင်းလုပ်ချင်တိုင်း လုပ်လို့ရမယ်မထင်နဲ့။” ဖားလေးက ဒေါသထွက်သွားပြီး ကောင်းဘွိုင်ဆီကို ပြေးတက်သွားတယ်။ သူ့ခန္ဓာကိုယ်က ချက်ချင်း ဖောင်းပွလာပြီး လူနှစ်ရပ်စာမြင့်တဲ့ ရွှေဝါရောင်ဖားကြီးအဖြစ် ပြောင်းလဲသွားခဲ့ပါပြီ။
“အုံး... ဂွမ်....”
ဖားလေးရဲ့ဖားဘုရင်ပုံစံကနေ ထွက်ပေါ်လာတဲ့အော်သံကြောင့် ကောင်းဘွိုင်က အဝေးကြီးကို လွင့်ထွက်သွားတယ်။ ထိခိုက်ဒဏ်ရာရမသွားပေမဲ့ ဖားလေးရဲ့စွမ်းအားကို အတော်လေးအထင်ကြီးသွားတဲ့ပုံပဲ။
“မဆိုးဘူးပဲ၊ ဒါပေမဲ့ မလုံလောက်သေးဘူး။” သူက ပြောလိုက်ပြီး သေနတ်နှစ်လက်နဲ့ ဖားလေးကိုချိန်လိုက်တယ်။ ဖားလေးစတိုက်ကတည်းက ကောင်းဘွိုင်က ဖားလေးရဲ့စွမ်းအားကို တိုင်းတာမိပြီးသား။ စွမ်းအားကြီးပေမဲ့ ထင်သလောက်မမြန်ပါဘူး။ ပြီးတော့ သူ့နည်းပညာဝတ်စုံက ဖားလေးအသံလိုင်းတွေကနေ သူ့ကိုကာကွယ်ပေးထားတယ်လေ။
ဘုန်း... ဘုန်း... ဘုန်း....
ဖားလေးက ကောင်းဘွိုင်ကို လိုက်ရိုက်ဖို့ကြိုးစားနေတယ်။ ဒါပေမဲ့ ကောင်းဘွိုင်က ပိုလျင်တော့ ခုထိမရိုက်မိသေးဘူး။ ကောင်းဘွိုင်ကလည်း သေနတ်နဲ့ပစ်နေပေမဲ့ ဖားလေးရဲ့အရေခွံက တော်တော်မာတဲ့အတွက် သိပ်အလုပ်မဖြစ်ပါဘူး။
“စီနီယာဟယ်ရီ၊ စီနီယာဓားနတ်ဆိုးကို တိုက်ပွဲအပြင်ကိုပို့တော့။”
“အေး...” ဟယ်ရီက ဖားလေးကို စိုးရိမ်နေပေမဲ့ ဓားနတ်ဆိုးကို တွဲလိုက်ပြီး နေရာကနေ စထွက်ဖို့လုပ်တယ်။ ကောင်းဘွိုင်လည်း သတိထားမိသွားပြီး “ပိုးကောင်တွေ၊ သူတို့ကိုရှင်းပစ်လိုက်။” လို့ အမိန့်ပေးလိုက်တယ်။
ဓားခုတ်ကောင်တွေက အမိန့်ရတာနဲ့ ချက်ချင်းဆိုသလိုပဲ ဟယ်ရီကိုစတိုက်ခိုက်တယ်။ ဟယ်ရီက မြေပြင်ကို ခြေဆောင့်လိုက်ပြီး အက်တမ်ကျည်ဆန်တွေနဲ့ ဆက်တိုက်ပြန်ပစ်တယ်။ ဒါပေမဲ့ ပိုးကောင်တွေက များလွန်းပြီး မကြာခင်မှာပဲ လွှမ်းမိုးခံရမယ့် အန္တရာယ်နဲ့ ကြုံနေရပါပြီ။
“အုံး...ဂွမ်....” ဟယ်ရီကို စိုးရိမ်သွားတဲ့ ဖားလေးက ကောင်းဘွိုင်ကိုတိုက်နေရာကနေ ခုန်ထွက်ပြီးတော့ ဟယ်ရီကိုကယ်ဖို့လုပ်တယ်။ ဖားဘုရင်ရဲ့အရှိန်အဝါကြောင့် ဓားခုတ်ကောင်တွေက တုန်လှုပ်နေပြီး မလှုပ်နိုင်တော့ဘူး။ ဒီအဆင့်အင်းဆက်တွေအတွက် ဖားဘုရင်က အစာကွင်းဆက်ထိပ်ဆုံးက သတ္တဝါတစ်ကောင်ပါ။
“ဟားဟား.... ငါကလည်း ဒီအချိန်ကိုစောင့်နေတာ။” ကောင်းဘွိုင်က သူ့အလင်းဒြပ်စင်ရိုင်ဖယ်နှစ်လက်ရဲ့လက်ကိုင်က ဘားခလုတ်တစ်ခုကို အဆုံးထိမြှင့်လိုက်တယ်။ နောက်တော့ လေထုထဲမှာပဲရှိနေသေးတဲ့ ဖားလေးကို ချိန်ပစ်လိုက်ပါပြီ။
[Ultimate Skill: Reaper’s Shot]
ဘုန်း....
အနီရောင်အလင်းဒြပ်စင်တန်းကြီးက ကောင်းကင်ပေါ်ကို ထိုးတက်သွားပြီး ဖားလေးရဲ့ခန္ဓာကိုယ်ကို ထုတ်ချင်းဖောက်သွားတယ်။ ဒဏ်ရာအကြီးအကျယ်ရသွားတဲ့ ဖားလေးက လူအဖြစ်ပြန်ပြောင်းသွားပြီး ဟယ်ရီဘေးကို အရုပ်ကလေးတစ်ရုပ်လိုမျိုး ပြုတ်ကျလာလေရဲ့။
“စီနီယာ... ကျွန်တော်တောင်းပန်ပါတယ်၊ စိတ်လောသွားပြီး ဖြစ်မြောက်အောင်မလုပ်နိုင်ခဲ့ဘူး...” အခုသူတို့ကို ပိုးကောင်တွေဝိုင်းထားပြီး အချိန်မရွေးအသက်နှုတ်ခံရနိုင်တဲ့ အခြေအနေမှာပါ။ ဖားလေးက ကောင်းဘွိုင်ကို အနိုင်ယူနိုင်မယ့်အခွင့်အရေးကို ဖြုန်းတီးလိုက်မိပြီ။
...
အိမ်ပြန်ကောင်းကောင်းအိပ်ပြီးတဲ့နောက် ဆိုင်းရပ်က စမ်းသပ်ခန်းကို မနက်စောစောပြန်လာခဲ့တယ်။ နျူရေက ပွင့်နေတဲ့ ကွန်ပျူတာရှေ့မှာ အိပ်ပျော်နေတုန်းပဲ။ နာရီကိုကြည့်လိုက်တော့ ခုနစ်နာရီပဲရှိသေးပေမဲ့ နျူရေကိုနှိုးဖို့ ဆိုင်းရပ်ဆုံးဖြတ်လိုက်တယ်။
“ကောင်မလေး...”
‘ဟင်...’ ဆိုင်းရပ်က နျူရေပခုံးကို လှုပ်နှိုးလိုက်တာကြောင့် နျူရေလန့်သွားပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်။ ဆိုင်းရပ်မျက်နှာကို မြင်တော့မှ သူသက်ပြင်းချလိုက်လေရဲ့။
“ရှင်ကိုး... ကျွန်မအိပ်ပျော်သွားတာလား။” နျူရေက မေးတော့ ဆိုင်းရပ်လည်း ခေါင်းညိတ်ပြလိုက်ပါတယ်။ နောက်တော့ ကွန်ပျူတာပေါ်က ဝတ်စုံဒီဇိုင်းကို ကြည့်လိုက်တယ်။ မနေ့က ဒိုင်းနဲ့သေနတ်ပဲရှိခဲ့တဲ့ ဝတ်စုံမှာ တုတ်တစ်ချောင်းလည်းတိုးလာပြီ။
“ဒါက ရဲတွေကိုင်တဲ့ နံပိုင်းတုတ်လား။” ဆိုင်းရပ်မေးတော့ နျူရေက ခေါင်းညိတ်ပြတယ်။ “တိတိကျကျပြောရရင်တော့ အထူးတပ်ဖွဲ့ဝင်တွေသုံးတဲ့ လျှပ်စစ်နံပိုင်းတုတ်ပဲ။ လျှပ်စစ်ဓာတ်ကို ထုတ်လွှတ်ပြီး လူတွေကို ရှော့တိုက်ဖမ်းလို့ရတယ်။ ဝတ်စုံစနစ်နဲ့ချိတ်လို့ရပြီး ပိုအားကောင်းသွားမှာဆိုပေမဲ့ C rank လက်နက်ဖြစ်နေတုန်းပဲ။”
ဆိုင်းရပ်က နျူရေရှင်းပြတာကို သဘောတကျနဲ့ခေါင်းညိတ်လိုက်တယ်။ ဒါပေမဲ့ သူ့စိတ်ထဲမှာ ဝတ်စုံရဲ့ပုံစံကိုကြည့်ပြီး သဘောမကျနိုင်ဖြစ်နေသလိုပဲ။ “နက်ပြာရောင်တစ်မျိုးတည်းသုံးထားတာက ပျင်းစရာကြီးဖြစ်မနေဘူးလား။”
နျူရေကတော့ ပခုံးတွန့်ပြပြီး “ကျွန်မခုမှနိုးတာဆိုတော့ ရေမိုးချိုး မနက်စာစားချင်သေးတယ်။ ပြီးမှဆက်ဆွေးနွေးကြတာပေါ့။”
နျူရေက အခန်းထဲက ထွက်သွားပေမဲ့ စိတ်အားထက်သန်နေတဲ့ ဆိုင်းရပ်ကတော့ ခုံမှာဝင်ထိုင်ရင်း ဝတ်စုံဒီဇိုင်းကို ကြည့်လိုက်တယ်။ “တကယ်ပဲ အရောင်တစ်ရောင်တည်းသုံးထားတာက ပျင်းဖို့ကောင်းတယ်။” အဲဒီနောက်တော့ သူက ဆော့ဝဲလ်အသုံးပြုပုံနဲ့ နည်းနည်းရင်းနှီးအောင်ကြည့်ရှုပြီး ဝတ်စုံရဲ့ရင်ဘတ်နေရာကို စပြီးအရောင်ခြယ်လိုက်တယ်။
....
“ဟေး၊ ရှင့်ကိုယ်ရှင် ဘာလုပ်နေတယ်လို့ထင်လဲ။” အနားက ဆိုင်တစ်ဆိုင်ကနေ အဝတ်အစားဝယ်လဲ၊ မနက်စာဆန်းဝှစ်ဝယ်ပြီး စမ်းသပ်ခန်းထဲ ပြန်ဝင်လာတဲ့ နျူရေက ဆိုင်းရပ်ကွန်ပျူတာရှေ့မှာ အလုပ်ရှုပ်နေတာတွေ့တော့ ဒေါသတကြီးနဲ့ပြေးဝင်လာပြီး ခုံပေါ်ကနေ ဆွဲဖယ်လိုက်တယ်။
“ကျွန်မလုပ်ထားတဲ့ဒီဇိုင်းတွေ ပျက်စီးကုန်ရင် ဘယ်လိုလုပ်မလဲ... ဝိုး...”
ဒါပေမဲ့ သူစကားမဆုံးသေးခင်မှာပဲ အံ့အားသင့်စရာတစ်ခုကို တွေ့လိုက်ရတယ်။ အခုဝတ်စုံရဲ့ပုံစံက ကြည့်လို့လှသွားပြီး နေရာတော်တော်များများက နက်ပြာရောင်အတိုင်းရှိနေသေးပေမဲ့ ရင်ဘတ်နေရာမှာတော့ ရွှေရောင်အနားကွပ်နဲ့ အဖြူရောင်ရင်ကာရှိနေတယ်။ ပြီးတော့ ဘယ်ဖက်ရင်ဘက်ပေါ်မှာ ခြောက်ထောင့်ပုံစံရဲတံဆိပ်ရှိနေပြီး ကြည့်လို့သိပ်လှနေတယ်။ ဒိုင်းပေါ်မှာတော့ Sheriff လို့ရေးထားတယ်။
“ရဲကားဒီဇိုင်းအပေါ်မှာအခြေခံပြီး လုပ်ထားလိုက်တာလေ။ ဒါမှရဲဆန်မယ်ထင်လို့ပါ။ ပြီးတော့ ဝတ်စုံကို နာမည်ပေးပြီးသွားပြီ။ Sheriffတဲ့၊ ငြိမ်ဝပ်ပိပြားရေးအရာရှိပေါ့။”
နျူရေက ဆိုင်းရပ်ကို အထင်ကြီးစွာနဲ့ကြည့်လိုက်ပါတယ်။ အစကလိုမျိုး သူ့ကိုသာမန်ကပ်ပါးကောင်လို့ မမြင်တော့ဘူး။ “ရှင်က ဒီဇိုင်းဆွဲတဲ့နေရာမှာ ပါရမီရှိတာပဲ။ ကဲ၊ အခုတော့ ဝတ်စုံကို အဲဒီပုံစံအတိုင်းလုပ်ကြည့်ရအောင်။”
နျူရေက ပြောလိုက်ပြီး နည်းပညာဝတ်စုံကို ပြုပြင်တဲ့စက်ထဲထည့်ကာ ဒီဇိုင်းပြောင်းဖို့စလုပ်ပါတယ်။ တစ်နာရီကျော်လောက် စောင့်ပြီးတဲ့နောက်မှာတော့ ဒီဇိုင်းပြောင်းပြီးတဲ့ ဝတ်စုံသေတ္တာက စက်ထဲကနေ ထွက်လာတယ်။ နျူရေက တပ်ရမယ့်လက်နက်တွေကိုလည်း တပ်လိုက်ပြီးတဲ့နောက် ဆိုင်းရပ်ကို မေးငေါ့ပြလိုက်တယ်။
“အခုလက်တွေ့စမ်းကြည့်ဖို့ပဲ လိုတော့တယ်။”
....
“မကောင်းတော့ဘူး....” အဲဒီအချိန်မှာပဲ ကောင်တာက ရဲဝန်ထမ်းမိန်းကလေး အထဲကိုဝင်လာပြီး တခြားသူတွေကိုအော်ပြောလိုက်တယ်။ နျူရေတို့အပြင် စမ်းသပ်ခန်းထဲက တခြားနေရာတွေမှာ အလုပ်လုပ်နေတဲ့ ရဲဝန်ထမ်းတွေပါ သူ့ကိုကြည့်လိုက်ကြတယ်။
“နင်တို့ Fox 5NYက လာနေတဲ့သတင်းကြည့်ပြီးပြီလား။ မြို့တော်က ပိုးကောင်တိုက်ခိုက်ခံနေရပြီး ဒဏ်ရာရနေတဲ့ ဟီးရိုးအစည်းအရုံးဌာနမှူးတို့အဖွဲ့ တိုက်ပွဲထဲမှာ ပိတ်မိနေတယ်တဲ့။”
ဝန်ထမ်းတစ်ယောက်က ချက်ချင်းပဲ တီဗီကိုဖွင့်လိုက်တယ်။ သတင်းဌာနရဟတ်ယာဥ်က မြေပြင်က သတင်းတွေကို တိုက်ရိုက်လွှင့်နေပြီး အခင်းဖြစ်ပွားရာကို S.W.A.Tလည်း ရောက်နေပါပြီ။ ဒါပေမဲ့ပိုးကောင်တွေက များလွန်းတဲ့အပြင် သူတို့ထဲက တစ်ယောက်မှ ကောင်းဘွိုင်ကို မယှဥ်နိုင်ကြဘူး။ ဟယ်ရီကတော့ အက်တမ်မုန်တိုင်းကြီးတစ်ခုကိုဖန်တီးပြီး ကောင်းဘွိုင်ကိုယှဥ်တိုက်နေပေမဲ့ တစ်စတစ်စရှုံးနိမ့်လာနေတယ်။
“.....” နျူရေက နည်းပညာဝတ်စုံသေတ္တာကို ဆွဲယူလိုက်တဲ့ ဆိုင်းရပ်ရဲ့လက်ကို ဖမ်းဆွဲလိုက်ပြီး မေးတယ်။
“နင်ဘာလုပ်မလို့လဲ။”
“အရာရှိလင်ဒါကိုယ်စား ရဲတစ်ယောက်ရဲ့တာဝန်တွေကို ထမ်းဆောင်မလို့။” ပြီးတဲ့နောက် နျူရေကိုသူ့ကိုတားမှာစိုးရိမ်တာကြောင့် Sheriff ဝတ်စုံကို ချက်ချင်းဝတ်ချလိုက်တယ်။