အနန္တကပ်ဘေး ဟောကိန်း၊ အသက်ငါးသိန်း ပြည့်ခြင်း
Vol. 71 Ch. 751
ဒီကောင်းကင်တာအို ခံစစ်တိုက်ပွဲဟာ လျှပ်တစ်ပြက် ရောက်လာပြီး လျှပ်တစ်ပြက်အတွင်းပဲ အဆုံးသတ်သွားပါတယ်။ ကောင်းကင်တာအိုဘက်မှာ သိပ်ပြီးတော့ အထိအခိုက် အကျအဆုံး မများပါဘူး။
ကောင်းကင်တာအို သက်ရှိတွေဟာ အခုထိ အရမ်းကို စိတ်လှုပ်ရှားနေတုန်းပါ။ ဘာြဖစ်လို့လဲဆိုတော့ ဘုန်းတန်းခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ တန်ခိုးစွမ်းအားတွေကို မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရလိုပါပဲ။
ပဋိပက္ခမြို့ထဲက ကျင့်ကြံသူအားလုံး၊ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်တွေနဲ့ တာအိုပညာရှိအတုတွေဟာ ဟန်ကျွယ်ရဲ့ တိုက်ခိုက်မှုကို တွေ့မြင်လိုက်ကြရပါတယ်။ နောက်ပိုင်း ပဋိပက္ခ ကောင်းကင်လမ်းကို လျှောက်လှမ်းတဲ့ ကျင့်ကြံသူတွေအားလုံး ဟန်ကျွယ်ရဲ့ တိုက်ခိုက်မှုကြောင့် ဖြစ်ကျန်ရစ်ခဲ့တဲ့ အာကာသလိုဏ်ခေါင်းကို ကြည့်ပြီး ပါးစပ်အဟောင်းသား မဖြစ်ဘဲ မနေနိုင်ပါဘူး။ ဒီအာကာသလိုဏ်ခေါင်းက ပဋိပက္ခ ကောင်းကင်လမ်းထက် ပိုကျယ်တယ် မဟုတ်ပါလား။
“အို့... ဘုရား..ဘုရား... ဘယ်လိုကျင့်ကြံမှုအဆင့်ကို ရောက်နေလို့ ဒီလောက် ကြောက်ဖို့ကောင်းတဲ့ ပျက်သုဉ်းမှုကို ဖြစ်စေနိုင်ရတာလဲ”
“မဟာတာအို နတ်စိတ်ဝိညာဉ်က ဘာမှလည်း မဟုတ်ဘူး”
“အရမ်းမြန်လွန်းတယ်၊ ဒါ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိလား၊ ငါက အထုပ် ထုပ်လို့တောင် မပြီးသေးဘူး”
“ကောင်းကင်တာအိုက စွမ်းအားကြီးတယ်”
“ရှေးဟောင်းလူတွေက ငါတို့ကို မညာဘူးပဲ၊ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက တကယ်ကို စွမ်းအားကြီးတာ၊ ဒဏ္ဍာရီတွေက တကယ် အမှန်ပဲ”
“ဟန့်မျိုးနွယ်စု ဘယ်ရောက်သွားလဲ၊ သူတို့အကုန်လုံး သေကုန်ပြီလား”
ဟန့်မျိုးနွယ်စုရဲ့ အဆုံးသတ်ဟာ ကောင်းကင်တာအိုက သက်ရှိအားလုံးကို တပ်လှန့်လိုက်ပါတယ်။ ဒါက ဧရာမ တိုက်ပွဲကြီးပါ။ ကောင်းကင်တာအိုသာ ရှုံးသွားမယ်ဆိုရင် သူတို့လည်း ဟန့်မျိုးနွယ်စုလိုမျိုး အဆုံးသတ်ရကောင်း အဆုံးသတ်ရနိုင်ပါတယ်။
အနာဂတ်မှာ တာအိုပညာရှိတွေဟာ တာအိုဟောကြားတိုင်း ဒီတိုက်ပွဲကို ထည့်ဟောလေ့ရှိပါတယ်။ တာအိုပညာရှိတွေဟာ မျိုးဆက်သစ်တွေကို လက်ရှိ အေးချမ်းမှုမှာ ဇိမ်ယူမနေဖို့ အမြဲတမ်း သတိပေးပါတယ်။
ဟန်ကျွယ်ဟာ သက်ရှိတွေရဲ့ အမြင်ကို ဂရုမစိုက်ပါဘူး။ အမှန်အတိုင်း ပြောရရင် ဟန်ကျွယ်ဟာ စိတ်မလှုပ်ရှားပါဘူး။ ရှန်ပေါင် တာအိုကျင့်ကြံသူနဲ့ ဓားရူးတာအိုပညာရှိကို တစ်ချက်တည်း မသတ်နိုင်ခဲ့ဘူး မဟုတ်ပါလား။ ဒါကြောင့် ဟန်ကျွယ်ဟာ အန္တရာယ် အငွေ့အသက်ကို အခုထိ ခံစားနေရတုန်းပါ။
ဟန်ကျွယ်ဟာ နောက်ရောက်လာမဲ့ ရန်သူတွေကို တစ်ချက်တည်း သတ်နိုင်အောင် ကြိုးစားကျင့်ကြံဖို့ လိုနေပါပြီ။ ဓားရူးတာအိုပညာရှိ ပြောသလိုပဲ ဒီတိုက်ပွဲအပြီးမှာ ဘယ်စွမ်းအားကြီးပုဂ္ဂိုလ်မှ ကောင်းကင်တာအိုကို ထပ်မကျူးကျော်ရဲတော့ပါဘူး။
နှစ်တစ်ထောင် ကြာတဲ့အခါ ကောင်းကင်တာအိုကို အောင်မြင်စွာ ပြုပြင်နိုင်ခဲ့ပြီး ကောင်းကင်ဘုံ ၃၃ ဘုံ မြောက်ဟာ အရင်အတိုင်း ပြန်ဖြစ်သွားပါတယ်။ တာအိုပညာရှိတွေဟာလည်း ဒီတိုက်ပွဲရဲ့ လှုံ့ဆော်မှုကြောင့် ကျင့်ကြံမှုကို ပြန်ဂရုစိုက်လာကြပါတယ်။
ဟန်ကျွယ်ရဲ့ စွမ်းအားကို မျက်ဝါးထင်ထင် မြင်တွေ့ရပြီးနောက် တာအိုပညာရှိတွေဟာ သူတို့ရဲ့ စွမ်းအားက အရမ်းအရမ်းကို သေးငယ်တယ်လို့ ခံစားလိုက်ရပါတယ်။ မဟာဟင်းလင်းပြင်ဝိညာဉ်လည်း အတူတူပါပဲ။
ဟန်ကျွယ်ဟာ မဟာဟင်းလင်းပြင်ဝိညာဉ်ကို တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ဆီ ပြန်ရွှေ့လိုက်ပါတယ်။
ကောင်းကင်တာအို စွမ်းအား ပြန်ကောင်းသွားတဲ့အခါ မဟာဟင်းလင်းပြင်ဝိညာဉ်ဟာ ကောင်းကင်ဘုံ ၃၃ ဘုံ မြောက်ကနေ နှင်ထုတ်ခံရပါတော့တယ်။ ကံကောင်းထောက်မစွာပဲ ဟန်ကျွယ်က အချိန်ပေးပြီး သူ့ကို တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ဆီ ပြန်ရွှေ့လိုက်ပါတယ်။
ဟန့်မျိုးနွယ်စုကို သတ်ဖြတ်တာက မဟာဟင်းလင်းပြင်ဝိညာဉ်ကို ကောင်းကင်တာအို ကုသိုသ်ကံ တော်တော်လေး ရစေလိုက်ပါတယ်။ ကောင်းကင်တာအို ကုသိုလ်ကံတွေက တော်တော်များတယ်ဆိုပေမဲ့ မဟာဟင်းလင်းပြင်ဝိညာဉ်က စွမ်းအား ကြီးလွန်းတဲ့အတွက် ဒီကုသိုလ်ကံတွေကို သုံးပြီး ကောင်းကင်တာအိုနဲ့ ပေါင်းစပ်ဖို့ မလုံလောက်ပါဘူး။
ဟန်ကျွယ်ကတော့ ခြွင်းချက်တစ်ခုပါ။ ဟန်ကျွယ်ကိုယ်တိုင်က ကောင်းကင်တာအို သက်ရှိဖြစ်တဲ့အတွက် ကောင်းကင်တာအိုဟာ ဟန်ကျွယ်ရဲ့ တည်ရှိမှုကို ကျင့်သားရနေပါပြီ။ နောက်ပြီး ဟန်ကျွယ်ဟာ တာအိုစက်ကွင်းထဲမှာပဲ နေတာပါ။ ဒါ့အပြင် ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုကလည်း ကောင်းကင်တာအိုကို လုံးဝလွှဲပြီး သွားတာပါ။
ဒီလိုနဲ့ ကောင်းကင်တာအိုဟာ ပြန်အေးချမ်းသွားပါတယ်။
နှစ်ငါးထောင်ကြာပြီးနောက်။
ကျင့်ကြံအားထုတ်နေတဲ့ ဟန်ကျွယ် မြင်ကွင်းထဲမှာ အသိပေးချက်တစ်ချက် ပေါ်လာပါတယ်။
[မိစ္ဆာ ကောင်းကင်ဧကရာဇ်သည် သင့်အား အိပ်မက်ပေးလို၏။ လက်ခံမည်လော။]
ဟန်ကျွယ်ဟာ ရင်တုန်သွားပါတယ် ‘တစ်ခုခု ထပ်ဖြစ်ပြန်ပြီလား...’
ဟန်ကျွယ်ဟာ ဒီအိပ်မက်ကို လက်မခံချင်ပေမဲ့ တစ်ဖက်က မိစ္ဆာ ကောင်းကင်ဧကရာဇ် ဖြစ်နေတာကြောင့် ဘာမှ မတတ်နိုင်ပါဘူး။ ဟန်ကျွယ်ဟာ အိပ်မက်ထဲ ချက်ချင်း ဝင်လိုက်ပါတယ်။
အိပ်မက်နယ်မြေက ယွီဂျင်ဂိုဏ်းတော်ကြီး အပြင်ဘက်က တောအုပ်ပါပဲ။
ဟန်ကျွယ်ကို တွေ့တာနဲ့ မိစ္ဆာ ကောင်းကင်ဧကရာဇ်က တအံ့တဩ ပြောလိုက်ပါတယ် “မင်းက တကယ်ကို စွမ်းအားကြီးတာပဲ၊ ရှန်ပေါင် တာအိုကျင့်ကြံသူကိုတောင် သတ်နိုင်တယ်၊ အဲဒီတိုက်ပွဲမှာ ဟန့်မျိုးနွယ်စု ခေါင်းဆောင် ဟန့်ဖေးနဲ့ ဓားရူးတာအိုပညာရှိလည်း ပါတယ်ဆို၊ မင်းက ဒီတိုက်ပွဲပြီးတာနဲ့ တစ်ခါတည်း နာမည်ကျော်လာတာပဲ၊ အခု ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ ဘွဲ့နာမည်က ပဋိပက္ခကိုတောင် ပျံ့နှံ့လာပြီ”
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်ပြီး ထပ်မေးလိုက်ပါတယ် “ကျွန်တော် အရမ်း နာမည်ကျော်နေတာလား”
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ပြုံးလိုက်ပါတယ် “ကြီးလည်း မကြီးသလို သေးလည်း မသေးဘူး၊ ပဋိပက္ခက အရမ်းကျယ်ပြန့်တယ်၊ မင်းရဲ့နာမည်ကို မကြားနိုင်တဲ့ နေရာတွေက အမြဲတမ်း ရှိနေမှာပဲ”
ဟန်ကျွယ်ဟာ စိုးရိမ်သွားပါတယ်။ ဟန်ကျွယ်ဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်ရှေ့မှာ တည်ငြိမ်ချင်ယောင် မဆောင်ပါဘူး။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ မတတ်နိုင်တဲ့အပြုံး ပြုံးလိုက်ပါတယ် “မင်း ဘာတွေးနေတာလဲ၊ အခုမင်းက ပဋိပက္ခထဲမှာ ထိပ်တန်း စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး ဖြစ်နေပြီ၊ မင်းက တိုက်ပွဲတစ်ခုတည်းနဲ့ နာမည်ကျော်သွားတယ်ဆိုပေမဲ့ မကုန်ဆုံးနိုင်တဲ့ ပြဿနာတွေကို ဖိတ်ခေါ်ခဲ့တာ မဟုတ်ဘူး၊ အခြိမ်းအခြောက် အဟန့်အတားကို ချန်ထားခဲ့တာ”
“အခု ကောင်းကင်တာအိုရဲ့ အင်အားကြီးလာမှုက တားလို့မရတော့ဘူး၊ နောက်ပြီး မဟာတာအို အနန္တကပ်ဘေးကလည်း လာနေပြီ၊ မဟာတာအို နတ်စိတ်ဝိညာဉ်တွေက ကပ်ဘေးရှောင်ဖို့ အလုပ်ရှုပ်နေတာဆိုတော့ မင်းကို ပြဿနာလာရှာဖို့ အားမှာ မဟုတ်ဘူး”
“ဒါတင် မကသေးဘူး၊ ရှုံဟွာ အင်အားစုက အားပိုကောင်းလာတယ်၊ ရှုံဟွာတွေက မင်းကို အားကျလို့နဲ့ တူပါတယ်၊ သိပ်မကြာသေးခင်က မဟာတာအို နတ်စိတ်ဝိညာဉ်တစ်ပါးကို တိုက်ခိုက်လိုက်တယ်၊ အဲဒါကြောင့် မဟာတာအို နတ်စိတ်ဝိညာဉ်တွေကို တိုက်ခိုက်တာ မင်း တစ်ယောက်တည်း မဟုတ်ဘူး၊ မဟာတာအို နတ်စိတ်ဝိညာဉ်တွေကလည်း မင်းကိုပဲ အာရုံစိုက်နေမှာ မဟုတ်ဘူး”
ဟန်ကျွယ်ဟာ ပြောစရာ စကား မရှိတော့ပါဘူး ‘ဒီလိုဆိုရင် ငါက ရှုံဟွာတွေကို ကျေးဇူး ပြန်တင်ရမှာပဲ’
မိစ္ဆာ ကောင်းကင်ဧကရာဇ်က လေးလေးနက်နက် ပြောလိုက်ပါတယ် “ငါ ဒီတစ်ခေါက် မင်းကို အိပ်မက်ပေးတာက အရေးကြီးတဲ့ ကိစ္စတစ်ခု ပြောစရာရှိလို့... ငါ ရှေးကျတဲ့ တည်ရှိမှုတစ်ခုကို သိတယ်၊ မကြာသေးခင်က ငါ သူ့ဆီ သွားလည်ပြီး မဟာတာအို အနန္တကပ်ဘေးကို ဟောကိန်း ထုတ်ပေးဖို့ တောင်းဆိုခဲ့တယ်”
ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ် ‘မဟာတာအို ကပ်ဘေးကို ခန့်မှန်းနိုင်တဲ့ ရှေးကျတဲ့ တည်ရှိမှု... တာအိုဖန်တီးရှင်များလား...’
ဓားရူးတာအိုပညာရှိနဲ့ စကားပြောပြီးနောက် ပဋိပက္ခထဲက သက်ရှိတွေဟာ ပဋိပက္ခနတ်မင်းတွေရဲ့ တည်ရှိမှုကို မယုံကြည်ဘူးဆိုတာ ဟန်ကျွယ် ရှာတွေ့သွားပါတယ်။ မဟာတာအို အထွတ်အထိပ်အဆင့်ကို ရောက်ခဲ့တဲ့ ဓားရူးတာအိုပညာရှိတောင် မဟာတာအို အထွတ်အထိပ်အဆင့်က အစွမ်းအထက်ဆုံး အဆင့်လို့ ထင်နေပါတယ်။
“သူပြောတာတော့ မဟာတာအို အနန္တကပ်ဘေးရဲ့ နိမိတ်က လောကဦး နတ်ဘီလူးတဲ့၊ ဒီလောကဦး နတ်ဘီလူးရဲ့ အရည်အချင်းက ရှေးခေတ်ကတည်းကစလို့ ပြိုင်ဘက်ကင်းတယ်တဲ့၊ စိတ်ကူးယဉ်ကြည့်လိုတောင် မရဘူး၊ သူက အဆင့်တူတွေကို အနိုင်ယူရုံမက အဆင့်သာတဲ့ ရန်သူတွေကိုပါ အဆင့်ကျော်ပြီး သတ်ပစ်လိုက်မယ်တဲ့၊ သူ့အတွက် ကျင့်ကြံမှုအဆင့်ဆိုတာက ဘာမှ မဟုတ်ဘူးတဲ့”
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ရှေးဟောင်းတည်ရှိမှုရဲ့ စကားတွေကို ပြန်တွေးရင်း ကျောထဲ စိမ့်တက်သွားပါတယ်။
ဟန်ကျွယ်ကတော့ မျက်နှာ မကောင်းတော့ပါဘူး ‘သေစမ်း... ဒီလိုဆို ကောင်းကင်တာအို တိုက်ပွဲကို ကြည့်ပြီး လူတွေက ငါ့ကို လောကဦး နတ်ဘီလူးလို့ ထင်ကုန်တော့မှာလား...’
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာလည်း ဒါကို တွေးမိသွားပါတယ် “မင်းက လောကဦး နတ်ဘီလူးလား”
ဟန်ကျွယ်က ပြတ်ပြတ်သားသား ငြင်းလိုက်ပါတယ် “ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ၊ ကျွန်တော်က သေမျိုးအဖြစ် မွေးဖွားလာတာ၊ အရှင်မင်းကြီး တွက်ချက်ကြည့်လို့ရတယ်၊ ကျွန်တော်ရဲ့ မိဘတွေကလည်း သေမျိုးတွေပဲ၊ သေမျိုးတွေက ဘယ်လိုလုပ်ပြီး လောကဦး နတ်ဘီလူးကို မွေးဖွားနိုင်မှာလဲ၊ ပဋိပက္ခနတ်ဘီလူးတွေတောင် အဖေမရှိတာ လောကဦး နတ်ဘီလူးကရော အဖေ ရှိနိုင်ပါ့မလား”
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ပြုံးလိုက်ပါတယ် “ဒါလည်း ဟုတ်တာပဲ၊ မင်း ကြောက်စရာ မလိုပါဘူး၊ ငါ လောကဦး နတ်ဘီလူးနဲ့ ပတ်သက်ပြီး သိထားတာ ရှိတယ်၊ အဲဒီတော့ မင်းက လောကဦး နတ်ဘီလူး မဟုတ်ဘူးဆိုတာ သေချာတယ်”
“အရှင်မင်းကြီးက ဘာသိထားတာလဲ”
“လောကဦး နတ်ဘီလူးက ခုထိ မမွေးဖွားသေးဘူး”
“အဲဒါဆို ဘာကြောက်စရာရှိလို့လဲ၊ လောကဦး နတ်ဘီလူးက မွေးလာချင်းချင်း ပဋိပက္ခကို ဇောက်ထိုးမိုးမျှော် လုပ်နိုင်မှာလား၊ သူ့ကို ငယ်ငယ်လေးကတည်းက သတ်လိုက်ရင် ပြီးနေတာပဲ”
ဟန်ကျွယ်ဟာ အပြင်ပန်းမှာ ဂရုမစိုက်ပေမဲ့ စိတ်ထဲမှာတော့ တော်တော်လေး ရင်ထိတ်သွားပါတယ် ‘ဒါက ငါ့သားလား... ငါ ထင်တော့ ထင်သား... မဟာတာအို အနန္တကပ်ဘေးကို ဖြစ်ပေါ်စေမဲ့လူက ငါ့သားပဲ...’
ဟန်ကျွယ်ဟာ အတွေးကြီးတစ်ခုကို တွေးမိလိုက်ပါတယ် ‘ငါ့သားသာ မမွေးဖွားဘူးဆိုရင် မဟာတာအို အနန္တကပ်ဘေးကလည်း ဘယ်တော့မှ ရောက်မလာတော့ဘူးလား... မဟာတာအို အနန္တကပ်ဘေး ဖြစ်ပေါ်လာဖို့ နှစ်ဘီလီယံချီတာ အံ့ဩစရာ မရှိတော့ပါဘူး’
ဟန်ကျွယ်ဟာ လောကဦး နတ်ဘီလူးကို မကျော်လွန်နိုင်သေးသလို သူ့သားရဲ့ အရည်အချင်းကိုလည်း စွန့်မပစ်ချင်ပါဘူး။ ဒါကြောင့် သူ့သားကို သူ့အမေဗိုက်ထဲမှာ အချိန်ကြာကြာ နေခိုင်းရဦးမှာပါ။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ပြုံးလိုက်ပါတယ် “ဟုတ်တယ်၊ တခြားစွမ်းအားကြီးပုဂ္ဂိုလ်တွေလည်း ဒီအကြောင်းကို သိနေလောက်မယ်လို့ ငါ ထင်တယ်၊ ပဋိပက္ခမှာ လောကဦး နတ်ဘီလူးကို လိုက်ရှာတာက ခေတ်ရေစီးကြောင်းတစ်ခု ဖြစ်လာလိမ့်မယ်၊ ပါရမီရှင်တွေတော့ ကံဆိုးတော့မယ်”
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ သာမန်ကာလျှံကာ ပြောလိုက်တာပါ။ ဒါပေမဲ့ ဟန်ကျွယ်ဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ အသံကနေ သနားတဲ့ အငွေ့အသက်ကို ခံစားလိုက်ရပါတယ်။ ဟောကိန်းတစ်ခုကြောင့် မရေမတွက်နိုင်တဲ့ ပါရမီရှင်တွေ အသက်ဆုံးရတော့မယ် မဟုတ်ပါလား။
ဟန်ကျွယ်ဟာ အပြစ်ရှိတယ်လို့ မခံစားရပါဘူး။ ဟန်ကျွယ်ဟာ သက်ရှိတွေထက် သူ့မိသားစုကို ပိုတန်ဖိုးထားပါတယ်။ နောက်ပြီး သူ့သား မရှိရင်တောင် လောကဦးနတ်ဘီလူး အနေနဲ့ ပဋိပက္ခရဲ့ ရန်လိုမှုကို မကြာခင် ရင်ဆိုင်ရမှာပါ။
အဲဒီမတိုင်ခင် ပဋိပက္ခတစ်ခုလုံးက သူ့ကို ဘာမှမလုပ်နိုင်တဲ့အထိ ဟန်ကျွယ်ဟာ တိတ်တဆိတ် ကျင့်ကြံအားထုတ်မှာပါ။
ဟန်ကျွယ်နဲ့ မိစ္ဆာ ကောင်းကင်ဧကရာဇ် စကားဆက်ပြောကြပြီး တစ်နာရီကြာမှ အိပ်မက်ကို အဆုံးသတ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်တာအိုကို အကဲခတ်လိုက်ပါတယ်။ အန္တရာယ်မရှိဘူးဆိုတာ သေချာသွားမှ လူမှုဆက်ဆံရေးကို ဖွင့်ကြည့်လိုက်ပါတယ်။ ဟန်ကျွယ် ဂရုစိုက်တဲ့ မိတ်ဆွေတွေက အသက်ရှင်နေပါသေးတယ်။ ဒါကြောင့် ဟန်ကျွယ်လည်း ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ကြပါတယ်။
တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးကာ နှစ်ထောင်ချီ ကြာသွားပါတယ်။
ဒီနေ့မှာတော့ ကျင့်ကြံအားထုတ်နေတဲ့ ဟန်ကျွယ်ရဲ့ မြင်ကွင်းထဲမှာ စာသုံးကြောင်း ပေါ်လာပါတယ်။
[သင်သည် အသက် ငါးသိန်း ပြည့်ပြီ ဖြစ်သောကြောင့် သင့်ဘဝတွင် နောက်ထပ် ခြေတစ်လှမ်း ထပ်လှမ်းလိုက်ပါပြီ။ သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]
[၁။ ကျင့်ကြံရာမှ ချက်ချင်းထွက်၍ လောကဦး နတ်ဘီလူး အမည်ကို ဖြန့်ကြက်ပြီး မဟာတာအို အနန္တကပ်ဘေး ဖြစ်ပေါ်လာအောင် လှုံ့ဆော်ပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စ၊ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံး၊ ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံး၊ အကောင်းစား ရတနာ တစ်ပါး၊ ဆန်းကြယ်စွမ်းအား တစ်ပါးနှင့် စနစ်၏ လုပ်ဆောင်ချက် အသစ်တစ်ခုကို ရရှိမည်။]
[၂။ သိုသိုသိပ်သိပ် ကျင့်ကြံအားထုတ်၍ ပြဿနာများနှင့် ဝေးဝေးနေပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စ၊ ဖန်တီးရှင် စိတ်ဝိညာဉ် ကျောက်တုံး တစ်တုံး၊ ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် အကောင်းစား ရတနာတစ်ပါးအား ရရှိမည်။]
မြန်မာပြည် ငြိမ်းချမ်းပါစေ။