← Chapters

ကျိန်စာ စတိုက်ခြင်း

Vol. 71 Ch. 755

ကျိန်စာ စတိုက်ခြင်း

Vol. 71 Ch. 755

“ကောင်းပါပြီ၊ ကောင်းပါပြီ၊ သူက ကျွန်တော်ရဲ့ ဆရာဘိုးဘိုး ဖြစ်သလို စီနီယာကလည်း ကျွန်တော်ရဲ့ ဆရာဘိုးဘိုးပါ” ချင်လင်းက မတတ်နိုင်တဲ့လေသံနဲ့ ပြောလိုက်ပါတယ်။ ချင်လင်းဟာ ကျိုးဖန် ဆိုလိုတာကို နားလည်ပါတယ်။

ကျိုးဖန်ဟာ ကျေနပ်သွားပါတယ်။ အဲဒီနောက် တဒင်္ဂဝေခွဲမရ ဖြစ်သွားပြီးမှ ဘေးဘီကိုကြည့်ကာ ခပ်တိုးတိုး ပြောလိုက်ပါတယ် “လီတောက်ခုံး အကြောင်းကို ထပ်ပြီးတော့ မစုံစမ်းတော့နဲ့၊ ဆရာသခင်က ဒီအကြောင်းကို သိတယ်၊ ဒီကိစ္စက ထိပ်တန်းလျှို့ဝှက်ချက်၊ ဘာကိုဆိုလိုလဲဆိုတာ မင်း နားလည်မှာပါ”

ဟန်ယွီဟာ ကျိုးဖန်ရဲ့ စကားကို ကြားလိုက်ရတဲ့အခါမှာ မျက်လုံးတွေ အရောင်တောက်သွားပါတယ် “ကျွန်တော်ရဲ့ ဆရာသခင်က တမင်လုပ်တာလား”

ကျိုးဖန်က ခေါင်းညိတ်လိုက်ပါတယ်။

ဟန်ယွီဟာ အသက်အရှည်ကြီး ရှူသွင်းလိုက်ပြီး မျက်နှာက ပြုံးယောင်သမ်းသွားပါတယ် ‘ငါ ထင်တော့ ထင်သားပဲ...’

ဟန်ယွီရဲ့ ရင်ထဲမှာ လီတောက်ခုံးက လုံးဝကို အမှန်တရား ဘက်တော်သား စစ်စစ်ပါ။ ဒါကြောင့်လည်း သူ့ဆရာသခင်က မကောင်းမှုမျိုးစုံ ကျူးလွန်နေတဲ့ ရှုံဟွာအဖွဲ့ဝင် ဖြစ်သွားတာကို ဟန်ယွီ မယုံကြည်နိုင်တာပါ။

“နောက် နှစ်လေးငါးထောင်ကျရင် ကောင်းကင်ရုံးတော်က မဟာတာအိုမျှော်စင်ကို လာလည်လိမ့်မယ်၊ အဲဒီအချိန်ကျရင် ဟန်ထော်လည်း လာလိမ့်မယ်၊ မင်းဒီမှာနေပြီး သူ့ကို တွေ့ချင်လား၊ လက်ရှိ ကောင်းကင်ရုံးတော်က တော်တော်လေး အင်အားတိုးချဲ့နေတာဆိုတော့ သူ့ကို တွေ့ဖို့ မလွယ်ဘူး”

ဟန်ယွီဟာ ခေါင်းခါလိုက်ပါတယ် “ကျွန်တော် သူ့ကို တွေ့ရင်တောင် သူက ဘာပြောမှာလဲ၊ ဆရာသခင် အကြောင်းလည်း သိရပြီဆိုတော့ ကျွန်တော် ကောင်းကင်တာအိုကိုပြန်ပြီး ပုကျိုးနတ်တောင်ကိုပဲ ကာကွယ်တော့မယ်”

ကျိုးဖန်ဟာ ဟန်ယွီရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဘာကန့်ကွက်မှုမှ မရှိပါဘူး။ ဒါကြောင့် စကားနည်းနည်းပါးပါး ပြောပြီးတဲ့နောက်မှာ ဟန်ယွီအတွက် နေထိုင်စရာစီစဉ်ပေးဖို့ ချင်လင်းကို ခိုင်းလိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် ရောက်လာမှတော့ ကျိုးဖန်ဟာ ဟန်ယွီကို ရက်အနည်းငယ် နေခိုင်းပြီးမှ ပြန်လွှတ်မှာပါ။

မဟာတာအိုမျှော်စင်ထဲက လမ်းလျှောက်ထွက်လာတဲ့အခါ ချင်လင်းက မနေနိုင်ဘဲ မေးလိုက်ပါတယ် “ဆရာဘိုးဘိုး... ကျွန်တော်နဲ့ အတူတူ ဘာဖြစ်လို့ မကျင့်ကြံတာလဲ၊ ကောင်းကင်တာအိုမှာက ရင်းမြစ်တွေ ရှားလာပြီ၊ ဆရာဘိုးဘိုးရဲ့ ကျင့်ကြံမှုအဆင့်နဲ့ ကောင်းကင်တာအိုမှာ အခွင့်အရေး ရဖို့ဆိုတာ အတော်လေး ခက်သွားပြီ”

ကင်းလှည့်လာတဲ့ စစ်သားတွေဟာ ချင်လင်းကို ဦးညွှတ်ပြီး ကင်းဆက်လှည့်ကြပါတယ်။ ဒါကို ကြည့်ရုံနဲ့ မဟာတာအိုမျှော်စင်ထဲမှာ ချင်လင်းရဲ့ အဆင့်အတန်းက ဘယ်လောက်ရှိတယ်ဆိုတာ သိနိုင်ပါတယ်။

ဟန်ယွီဟာ ပြုံးလိုက်ပါတယ် “ငါ သိတယ်၊ ဒါပေမဲ့ ငါက စွန့်စားချင်တဲ့လူ မဟုတ်ဘူး၊ ငါ့ဘာသာ အေးဆေးနေပြီး ပုကျိုးနတ်တောင်ကိုပဲ ကာကွယ်မယ်၊ တာအိုပညာရှိနေရာကိုလည်း ငါ မလိုချင်ဘူး၊ ငါ လိုချင်တာက အေးအေးချမ်းချမ်း အသက်ရှင်သန်နိုင်ဖို့ပဲ”

ချင်လင်းဟာ သူ့ဆရာဘိုးဘိုးရဲ့ စကားကို ကြားပြီး ဘာပြောရမှန်း မသိတော့ပါဘူး။ လူတိုင်းမှာ ရည်မှန်းချက်ကိုယ်စီ ရှိကြတယ် မဟုတ်ပါလား။

နှစ်တစ်သောင်း ကြာပြီးနောက်။

ဟန်ကျွယ် မျက်လုံးဖွင့်လိုက်တဲ့အခါ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ် အပြင်ဘက်မှာ စောင့်နေတဲ့ လီရွှမ်အောက်နဲ့ ဝူတောက်ကျန့်ကို တွေ့လိုက်ရတဲ့အတွက် အထဲကို ရွှေ့လိုက်ပါတယ်။

‘ဒါ မဟုတ်သေးဘူး... ငါ သူတို့ကို အချိန်တိုင်း စောင့်ခိုင်းထားလို့ မဖြစ်ဘူး’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ တွေးလိုက်ပါတယ်။ အဲဒီနောက် ဒီပြဿနာကို ဖြေရှင်းဖို့အတွက် သီးသန့်ကိုယ်ပွားတစ်ခုကို လက်ဝှေ့ယမ်းပြီး ဖန်တီးလိုက်ပါတယ်။

ဒီကိုယ်ပွားက ဟန်ကျွယ်ပါပဲ။ အသိဉာဏ် မဖွံဖြိုးသမျှ စနစ်က သူ့ကို ငြင်းဆန်မှာ မဟုတ်ပါဘူး။ နောက်ပြီး ဒီကိုယ်ပွားဟာ ဟန်ကျွယ်ရဲ့ ဝိညာဉ်အမျှင်တစ်ခုသာ ဖြစ်တဲ့အတွက် စွမ်းအားလည်း သိပ်မရှိပါဘူး။

ဟန်ကျွယ်ဟာ ကိုယ်ပွားကို တာအိုဘုံကျောင်းထောင့်မှာ နေစေပါတယ်။ နတ်ထူးဆန်းဟာ ကိုယ်ပွားကိုတွေ့တာနဲ့ စိတ်ဝင်စားသွားပြီး သူ့ခန္ဓာကိုယ်နဲ့ ချက်ချင်း ရစ်ပတ်လိုက်ပါတယ်။

နတ်ထူးဆန်းက ဟန်ကျွယ်နဲ့ အတူတူပဲလို့ ပြောလို့ရပါတယ်။ အခုဆိုရင် နတ်ထူးဆန်းရဲ့ စွမ်းအားက မဟာတာအိုပညာရှိတစ်ပါးရဲ့ စွမ်းအားနားကို ရောက်နေပါပြီ။ အနားကပ်ရုံပဲ ရှိသေးတာပါ။ မဟာတာအိုပညာရှိလောက်တောင် မစွမ်းသေးပါဘူး။ နတ်ထူးဆန်းသာ ကြိုးစားမယ်ဆိုရင် မဟာတာအိုကို ရယူနိုင်လောက်ပါတယ်။ ဒါပေမဲ့ မဟာတာအိုပညာရှိအဆင့်က လူတိုင်း လွယ်လွယ်ကူကူ ရောက်နိုင်တဲ့ အဆင့်တစ်ခုတော့ မဟုတ်ပါဘူး။

လက်ရှိစွမ်းအားက နတ်ထူးဆန်းရဲ့ အကန့်အသတ် ဖြစ်လောက်ပါတယ်။ ဒီထက် ပိုတိုးတက်လာဖို့က အတော်လေးကို ခက်ခဲသွားပါပြီ။ ဒါကလည်း မဟာတာအိုရဲ့ စည်းမျဉ်းပါ။

မကြာခင်မှာ လီရွှမ်အောက် ရောက်လာပါတယ်။ ဟန်ကျွယ်ဟာ လီရွှမ်အောက်ကို တာအိုဘုံကျောင်းထဲ ဝင်ခွင့်ပြုလိုက်ပါတယ်။ ဟန်ကျွယ် လီရွှမ်အောက် ပါးစပ်မဟခင် အရင်ကြိုပြောလိုက်ပါတယ် “မင်း ငါ့ကို တိတ်ဆိတ်ဂိုဏ်းအကြောင်း အစီရင်မခံတော့နဲ့၊ အကုန်လုံးကို ငါ မြင်နေရတယ်၊ မင်းတောင် ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်လာပြီ”

လီရွှမ်အောက်ဟာ ဟန်ကျွယ်ရဲ့ စကားကို ကြားလိုက်ရတဲ့အခါ နှစ်ထောင်းအားရ ဖြစ်သွားပေမဲ့ နှိမ့်နှိမ့်ချချပဲ ပြန်ပြောလိုက်ပါတယ် “မဟုတ်ဘူး၊ ဂိုဏ်းချုပ်ကတော့ အကြွင်းမဲ့ အုပ်ချုပ်သူပါ”

ဟန်ကျွယ်ဟာ ဘာမှပြန်မပြောပါဘူး။ အမှန်အတိုင်း ပြောရရင် ဟန်ကျွယ်ဟာ တိတ်ဆိတ်ဂိုဏ်းကို စိတ်မဝင်စားတော့ပါဘူး။ တိတ်ဆိတ်ဂိုဏ်းက လမ်းမလွဲသွားဘူးဆိုရင် ဂိုဏ်းပြုတ်မဲ့ အခြေအနေကို မရောက်ရင် ဟန်ကျွယ်ဟာ ဒီအတိုင်း ထိုင်ကြည့်နေမှာပါ။

လီရွှမ်အောက်ဟာ အံကြိတ်ပြီး ပြောလိုက်ပါတယ် “ဂိုဏ်းချုပ်... ကျွန်တော် ဒီနေ့လာတာ ကိစ္စတစ်ခု တောင်းဆိုစရာရှိလို့”

“ဘာကိစ္စလဲ... ငါ့ကိုပြော”

“ကျွန်တော် တာအိုရယူချင်တယ်”

လီရွှမ်အောက်ဟာ ဒီစကားကို ပြောပြီးတဲ့အခါမှာ လုံးဝကို ပေါ့ပါးထွက်သွားပါတယ်။

ဟန်ကျွယ်ဟာ ဘာမှပြန်မပြောဘဲ လီရွှမ်အောက်ကို စိုက်ကြည့်လိုက်ပါတယ်။

“အခု ကောင်းကင်တာအိုပညာရှိတွေ ပိုပိုပေါ်လာပြီ၊ တာအိုပညာရှိအတုနဲ့ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်တွေကလည်း ပေါထောနေပြီ၊ ကျွန်တော့် ကျင့်ကြံမှုသာ နိမ့်ပါးနေရင် ကိစ္စတော်တော်များများကို လုပ်လို့ကိုင်လို့ အဆင်ပြေမှာ မဟုတ်ဘူး”

ကောင်းကင်တာအိုထဲက တိတ်ဆိတ်ဂိုဏ်းဟာ အတော်ကို စွမ်းအားကြီးတဲ့ ဂိုဏ်းတစ်ဂိုဏ်း ဖြစ်နေပါပြီ။ လီရွှမ်အောက်က တာအိုပညာရှိအတုဆိုပေမဲ့ ကနဦးအဆင့်ပဲ ရှိပါသေးတယ်။ ဒါကြောင့် လီရွှမ်အောက်ဟာ အန္တရာယ်အငွေ့အသက်ကို ခံစားလာရပါတယ်။ နောက်ပြီး လီရွှမ်အောက်ဟာ တာအိုပညာရှိ ဖြစ်ချင်တာ ကြာပါပြီ။

“ကောင်းပြီ... ငါ စဉ်းစားပေးမယ်”

လီရွှမ်အောက်ဟာ ဝမ်းသာအားရ ဖြစ်သွားပြီး ဟန်ကျွယ်ကို ချက်ချင်း ကျေးဇူးတင် စကားဆိုပါတယ်။

ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းပြီး လီရွှမ်အောက်ကို အပြင်ပို့လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ သူ့ကိုယ်ပွားကို ဖူစန်းသစ်ပင်မှာ သွားနေခိုင်းပါတယ်။ တကယ်လို့ တပည့်တစ်ဦးဦးသာ အပြင်ထွက်ချင်ရင် ဖူစန်းသစ်ပင်က သူ့ကိုယ်ပွားကို သွားပြောလို့ရပါတယ်။ ဒီလိုဆို ဟန်ကျွယ်ရဲ့ ဂူအောင်းကျင့်ကြံမှုက နှောင့်ယှက်ခံရတော့မှာ မဟုတ်ပါဘူး။

ကိုယ်ပွား ထွက်သွားတာနဲ့ နတ်ထူးဆန်းကလည်း နောက်ကနေ လိုက်သွားပါတယ်။ ဟန်ကျွယ်ဟာ နတ်ထူးဆန်းကို ကြည့်ရင်း ရုတ်တရက် သက်ပြင်းချမိလိုက်ပါတယ်။

နှစ်ပေါင်းများစွာ ကြာပြီးနောက် နတ်ထူးဆန်းဟာ အသိဉာဏ်တချို့ ပွင့်လင်းလာပါပြီ။ ဒါပေမဲ့ ဘယ်သူ့မှ သူ့ကို မမြင်တွေ့နိုင်တဲ့အတွက် နတ်ထူးဆန်းဟာ အမြဲတမ်း အထီးကျန်နေရပါတယ်။

‘ငါ သူ့ကို အပြင်လွှတ်ပေးလိုက်ရင် ကောင်းမလား...’

အရင်တုန်းက ဟန်ကျွယ် နတ်ထူးဆန်းကို မလွှတ်ပေးတာက အမင်္ဂလာ မကောင်းဆိုးဝါးတွေရဲ့ အစာဖြစ်မှာစိုးလို့ပါ။ အခုတော့ ဒါတွေကို စိုးရိမ်စရာ မလိုတော့ပါဘူး။ အခုအချိန်မှာ အမင်္ဂလာ မကောင်းဆိုးဝါးတွေထဲက ဘယ်နှယောက်ကများ နတ်ထူးဆန်းကို ယှဉ်နိုင်တော့မှာလဲ။

‘ဒီကိစ္စကို နောက်မှာ လုပ်မယ်၊ အခု ငါ အရင်ဆုံး အဆင့်ထိုးဖောက်ရမယ်’

အဲဒီနောက် ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး ဆက်ကျင့်ကြံပါတယ်။

၈,၄၀၅ နှစ် ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ အောင်မြင်စွာ အဆင့်တက်နိုင်သွားပါတယ်။ ဟန်ကျွယ်ဟာ ကျင့်ကြံမှုကို ခိုင်ခံ့အောင်လုပ်ရင်း ကိုယ်ရေးအကျဉ်းကို ဖွင့်ကြည့်လိုက်ပါတယ်။

[အမည်: ဟန်ကျွယ်]

[သက်တမ်း: ၆၄၈,၅၀၅/၃၁,၀၇၉,၉၉၉,၉၉၉,၉၉၉,၉၉၉,၉၉၉,၉၉၉,၉၉၉,၉၉၉,၉၉၉]

[မျိုးနွယ်စု: လောကဦး နတ်ဘီလူး(အနန္တဧကရာဇ်)။]

[ကျင့်ကြံမှု: မဟာတာအို လောကဦးပဋိပက္ခ အလယ်အဆင့် (ပြီးပြည့်စုံသော တာအိုပညာရှိ)။]

[ကျင့်စဉ်: လောကဦးပဋိပက္ခ ပြန်လည်မွေးဖွားခြင်း မဟာတာအို (မဟာတာအို)၊ ကောင်းကင်စက်ဝန်း ခန္ဓာကိုယ်ကျင့်စဉ်]

[မဟာတာအို: သေခြင်းရှင်ခြင်း မဟာတာအို၊ ကံတရား မဟာတာအို၊ အန္တိမမူလ မဟာတာအို။]

ဒီတစ်ခါ အဆင့်တက်တာနဲ့ လွန်ခဲ့တဲ့တစ်ခေါက် အဆင့်ထိုးဖောက်တာက နှစ်လေးသိန်း ကြာသွားပါပြီ။ မဟာတာအိုကို ကျင့်ကြံအားထုတ်ရတာက တကယ်ကို ခက်ခဲတာပါ။ ရှေ့ဆက်သွားလေလေ ပိုခက်လာလေလေပါပဲ။

ကံကောင်းထောက်မစွာပဲ ဟန်ကျွယ်ရဲ့ သက်တမ်းက သုံးဆ တိုးသွားပါတယ်။ ဟန်ကျွယ် ကျင့်ကြံအားထုတ်ရတာ အချည်းနှီးတော့ မဖြစ်ပါဘူး။ ဟန်ကျွယ်ဟာ အဆင့်တက်နိုင်ခဲ့ပြီ ဖြစ်တဲ့အတွက် စိတ်ကောင်းဝင်သွားပါတယ်။

ဟန်ကျွယ်ဟာ နောက်ထပ် ပန်းတိုင်တစ်ခု ထပ်ချမှတ်လိုက်ပါတယ်။ အဲဒါကတော့ မဟာတာအို လောကဦးပဋိပက္ခ နောက်ဆုံးအဆင့်ကို နှစ်တစ်သန်းအတွင်း တက်လှမ်းနိုင်ဖို့ပါ။ ဒီလိုဆို နှစ်ဆယ်သန်းအတွက် မဟာတာအို အထွတ်အထိပ်အဆင့်ကို ရောက်ဖို့က မျှော်လင့်ချက် ရှိသွားပါပြီ။

“နှစ်ဆယ်သန်း... ဒါက တော်တော်ကြာမှာပဲ” ဟန်ကျွယ်ဟာ တစ်ကိုယ်တည်း ရေရွတ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ကောင်းကင်တာအိုပညာရှိတွေက နှစ်ဘီလီယံချီကြာတာတောင် ကျင့်ကြံမှု မတိုးတက်တာကို ဘယ်လိုများနေလဲဆိုတာ မတွေးတက်ပါဘူး။ သူတို့နေရာမှာ ဟန်ကျွယ်သာဆိုရင် ရူးသွားမှာ ကျိန်းသေပါတယ်။ ဟန်ကျွယ်ဟာ နှစ်တစ်သိန်းလောက် အဆင့်မတက်တာကိုပဲ နေမထိထိုင်မထိ ဖြစ်နေတာပါ။

နှစ်ငါးရာ ကြာတဲ့အခါမှာ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုဟာ တည်မြဲသွားပါတယ်။

ဟန်ကျွယ်ဟာ ဓားတာအိုဆန်းကြယ် စွမ်းအားတွေကို ကန့်သတ်စည်းထိ ရောက်အောင် မြှင့်တင်ပြီးမှ မဟာညီညွတ်မှု ရုပ်သွင်ကို ဆက်ကျင့်ကြံပါတယ်။ ဒီတစ်ကြိမ်မှာတော့ ဟန်ကျွယ်ဟာ နတ်ဘီလူးဓမ္မရုပ်တု သုံးရာကို တတ်မြောက်ဖို့အတွက် နှစ် ၂၀၀ အချိန်ပေးလိုက်ရပါတယ်။

ဒါကြောင့် အခုဆိုရင် ဟန်ကျွယ်ဆီမှာ နတ်ဘီလူး ဓမ္မရုပ်တုပေါင်း ၈၄၉ ရုပ် ရှိသွားပြီး ဟန်ကျွယ်ရဲ့ အစွမ်းဟာ ထိုးတက်သွားပါတယ်။

ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲကို ချက်ချင်း မဝင်ဘဲ ကောင်းကင်ဖွင့်လှစ်ပုဆိန်နဲ့ ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံးကို ထုတ်ယူလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ကောင်းကင်ဖွင့်လှစ်ပုဆိန်ကို အဆင့်မြှင့်တင်ဖို့ ပြင်ဆင်ပါတယ်။ ဟန်ကျွယ်ဟာ ပဋိပက္ခ အကောင်းစား ရတနာထက် ပိုမြင့်တဲ့ အဆင့်ကို မြင်ချင်နေတာပါ။

မကြာခင်မှာပဲ ကောင်းကင်ဖွင့်လှစ်ပုဆိန်ဟာ ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံးနဲ့ ပေါင်းစပ်သွားပါတယ်။ ဒီလိုဆိုပေမဲ့ အဆင့်တက်ဖို့က အချိန်ကြာဦးမှာပါ။ ဒါကြောင့် ဟန်ကျွယ်ဟာ ကောင်းကင်ဖွင့်လှစ်ပုဆိန်ကို စနစ်ရဲ့အာကာသထဲ ထည့်ပြီး သူ့ဘာသာ အဆင့်မြှင့်စေပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ရဲ့ မျက်နှာဖုံးကို လက်နဲ့ပွတ်သပ်ပြီး ရေရွတ်လိုက်ပါတယ် “ငါ မင်းကို အသုံးမပြုတာတောင် နှစ်တွေ အတော်ကြာသွားပြီ၊ ဒီနေ့ ငါ မင်းကို စိတ်ကျေနပ်အောင် လုပ်ပေးမယ်”

ကြမ္မာဆိုးစာအုပ်ဟာ ဟန်ကျွယ်ရဲ့ စကားကို နားလည်သလို ရောင်ဝါနက်တွေ ဖြာထွက်လာပါတယ်။

ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်နဲ့ ပထမရှုံဟွာအရှင်ကို ကျိန်စာစတိုက်ပါတယ်။ မုန်းတီးမှု ကြယ်ခြောက်ပွင့်ရှိတဲ့လူက လုံးဝကို အလွတ်ပေးလို့ မရပါဘူး။

ကျိန်စာကြောင့် မသေဘူးဆိုရင်တောင် ပထမရှုံဟွာအရှင်ကို အနည်းဆုံး ထိတ်လန့်အောင် လုပ်ရပါမယ်။ ဒါမှသာ အာရုံများပြီး ဟန်ကျွယ်ကို အာရုံမစိုက်နိုင်မှာပါ။

မဟာတာအိုပညာရှိက မဟာတာအို စိတ်ဝိညာဉ်ရတနာနဲ့ ကျိန်စာတိုက်တာဖြစ်တဲ့အတွက် ကျိန်စာစွမ်းအားက တစ်ဟုန်ထိုး ထွက်ပေါ်လာပါတယ်။ ကျိန်စာတိုက်နေတဲ့ ဟန်ကျွယ်တောင် နည်းနည်း လန့်သွားပါတယ်။

‘ပထမရှုံဟွာအရှင်... မင်း ဘယ်လောက်‌ တောင့်ခံနိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့...’

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters