အန္တိမတာအိုရတနာ
Vol. 71 Ch. 756
ငါးရက် ကျော်သွားတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ သက်တမ်းဟာ စတင်လျော့ကျလာပါတယ်။ ဟန်ကျွယ် သက်တမ်းရဲ့ နောက်ဆုံးဂဏန်းတွေက လျင်မြန်စွာ ပြောင်းလဲနေပေမဲ့ သက်တမ်းတစ်ခုလုံးကို ကြည့်ရင်တော့ အများကြီး ပြောင်းလဲတာ မတွေ့ရပါဘူး။
ဟန်ကျွယ်ဟာ သူ့ကျိန်စာက ဘယ်လောက်ထိ ပြင်းထန်လဲဆိုတာကို ခံစားနိုင်ပါတယ်။ သာမန်တာအိုပညာရှိဆိုရင် ငါးရက်အတွင်း ကိစ္စချောသွားမှာပါ။
လုပ်ချင်ရာ လုပ်နိုင်တဲ့ ခံစားချက်က ဟန်ကျွယ်ကို အတော်လေး ကျေနပ်အားရစေပါတယ်။ ကြမ္မာဆိုးစာအုပ်က လောကမှာရှိတဲ့ ရန်သူတွေ အကုန်လုံးကို သတ်နိုင်တဲ့အတိုင်းပါပဲ။
၁၀ ဘီလီယံ။
၁၀၀ ဘီလီယံ။
၁ ထရီလီယံ။
၁၀၀ ထရီလီယံ။
၁ ကွာဒလီယံ။
၁၀ ကွာဒလီယံ။
နောက်ဆုံးတော့ ဟန်ကျွယ်ဆီကို စာတစ်စောင် ရောက်လာပါတယ်။
[သင့်ကျိန်စာကြောင့် သင့်ရန်သူ ပထမရှုံဟွာအရှင်၏ တာအိုနှလုံးသားသည် ထိခိုက်သွား၏။]
‘စိတ်ဝင်စားဖို့တော့ ကောင်းတယ်... ဒီကောင်က တော်တော် အကြမ်းခံတာပဲ’
ဟန်ကျွယ်ဟာ ကျိန်စာတိုက်တာရပ်ပြီး ကြမ္မာဆိုးစာအုပ်ကို အောက်ချလိုက်ပါတယ်။ ပထမရှုံဟွာအရှင်ကို အသက်ရှင်လျက် ထားတာက ဟန်ကျွယ်အတွက် ပိုအသုံးဝင်ပါတယ်။ ရှုံဟွာအင်အားစု ရှိနေတာက ဟန်ကျွယ်ကို အာရုံစိုက်ခံရမှု လျော့နည်းစေပါတယ်။ ဒါကြောင့် ပထမရှုံဟွာအရှင်ကို အစောကြီး သတ်လိုက်တာက ကောင်းတဲ့ကိစ္စ မဟုတ်ပါဘူး။
တကယ်လို့ ကျိန်စာ ဆက်တိုက်ရင်တောင် ပထမရှုံဟွာအရှင်ကို သေအောင် ကျိန်စာတိုက်နိုင်ဖို့ဆိုတာ ဖြစ်ချင်မှ ဖြစ်နိုင်မှာပါ။ လူတိုင်းမှာ ဝှက်ဖဲကိုယ်စီ ရှိကြတယ် မဟုတ်ပါလား။
ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို သိမ်းပြီး အသွင်တူ လက်ရည်စမ်းပွဲထဲ ဝင်လိုက်ပါတယ်။
၄၉ နှစ်ကြာတဲ့အခါမှာတော့...
ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲကို အဆုံးသတ်ပြီး ဝူတောက်ကျန့်ကို တာအိုဘုံကျောင်းထဲ ခေါ်လိုက်ပါတယ်။
ဝူတောက်ကျန့်ဟာ သက်ပြင်းတစ်ချက်ချပြီး တာအိုဘုံကျောင်းထဲကို ဝင်လာပါတယ်။ အရာအားလုံးက အရင်အတိုင်း ရှိနေပေမဲ့ ဝူတောက်ကျန့်ရဲ့ နှလုံးသားကတော့ အရင်လို မဟုတ်တော့ပါဘူး ‘ငါ အပြင်သာ ထွက်မသွားခဲ့ရင် ဘာတွေများ ဖြစ်လာမလဲ မသိဘူး...’
ဝူတောက်ကျန့်ဟာ ဆက်မတွေးရဲပါဘူး။ အတိတ်ကနဲ့ နှိုင်းယှဉ်ရင် ဟန်ကျွယ်နဲ့ သူမကြားက အကွာအဝေးဟာ တော်တော်လေး ခြားနားသွားခဲ့ပါပြီ။
အတိတ်မှာတုန်းက ဝူတောက်ကျန့်ဟာ ဗဟုသုတ သိပ်မရှိတဲ့အတွက် ဟန်ကျွယ်ကို ကြည်ညိုလေးစားမှု သိပ်မရှိခဲ့ပါဘူး။ ဒါပေမဲ့ အခုတော့ ဝူတောက်ကျန့်ဟာ လောကအနှံ့ ခြေဆန့်ခဲ့ပြီမလို့ ဟန်ကျွယ်ကို ကြည်ညိုလေးစားသွားပါပြီ။ ဒါကြောင့် အရင်လိုမျိုး ပြောဆိုဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။
ဝူတောက်ကျန့်ဟာ တရိုတသေ ဒူးထောက်လိုက်ပါတယ်။
ဟန်ကျွယ်က မေးလိုက်ပါတယ် “မင်း ဆုံးဖြတ်ပြီးပြီလား”
ဝူတောက်ကျန့် ဘာလာလုပ်လဲဆိုတာက ခန့်မှန်းဖို့ မခက်ပါဘူး။ သူမက လီယောင်၊ မုရုံချီနဲ့ တခြားလူတွေ ဘာလို့ ပျောက်သွားလဲဆိုတာကို ရိပ်မိနေလောက်ပါပြီ။
ဝူတောက်ကျန့်ဟာ ခေါင်းမော့လိုက်ပါတယ် “ကျွန်မ အဆင့်သင့်ဖြစ်ပါပြီ၊ သခင်... ကျေးဇူးပြုပြီး ကျွန်မရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးပါ”
ဟန်ကျွယ်ဟာ စကားအပိုမပြောတော့ဘဲ ဝူတောက်ကျန့်ရဲ့ ရုပ်ခန္ဓာကို ဖျက်ဆီးကာ သူမရဲ့ဝိညာဉ်ကို လောကဦးကမ္ဘာထဲ ထည့်လိုက်ပါတယ်။
ဝူတောက်ကျန့်ဟာ ဘာမှမတုံ့ပြန်နိုင်ခင်မှာပဲ သူမပတ်ဝန်းကျင်က ပြောင်းလဲပြီး သူမခန္ဓာကိုယ် မရှိတော့တာကို တွေ့လိုက်ရပါတယ် ‘ဘာတွေ ဖြစ်ကုန်တာလဲ... သခင်က ဘာဖြစ်လို့ ငါ့ကို သတ်ချင်ရတာလဲ’
ဝူတောက်ကျန့်ဟာ အဖြစ်အပျက်တွေကို မယုံကြည်နိုင်သလို မျှော်လင့်ချက်လည်း ကင်းမဲ့သွားပါတယ်။
‘ငါ ငရဲကြက်နက်စကားကို ယုံပြီး လျှောက်လုပ်မိလို့ သခင်က ငါ့ကို စိတ်ဆိုးသွားတာ ဖြစ်ရမယ်... ထားလိုက်ပါတော့... သခင်က ငါ့ကို သေစေချင်တော့လည်း သေပါစေတော့...’
ဝူတောက်ကျန့်ဟာ မျက်လုံးမှိတ်ပြီး သူမရဲ့ ကံကြမ္မာကို ကြိုဆိုဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် သူမအသက်ကို သူမရဲ့သခင်က ပေးထားခဲ့တာ မဟုတ်ပါလား။
ဟန်ကျွယ်ဟာ ဝူတောက်ကျန့် ဘာတွေးနေတယ်ဆိုတာကို မသိပါဘူး။ နတ်ဘီလူးချီအလုံးတစ်လုံးကို ရွေးချယ်ပြီး ဝူတောက်ကျန့်ရဲ့ ဝိညာဉ် ပေါင်းစပ်နိုင်အောင် ကူညီပေးလိုက်ပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ ဒုတိယ တာအိုစက်ကွင်းဆီသွားပြီး ရန်တုကို ထုတ်ပေးလိုက်ပါတယ်။
ရန်တုဟာ တာအိုဘုံကျောင်းရှေ့ ဆင်းသက်လိုက်ရတဲ့အခါ ဘဝတစ်ခု ကုန်ဆုံးသွားသလို ခံစားလိုက်ရပါတယ်။
ရန်တုဟာ ဒုတိယ တာအိုစက်ကွင်းမှာနေတာ ကြာပြီ ဖြစ်တဲ့အတွက် ဟန်ကျွယ်ဟာ မုရုံချီကို သတင်းမပေးတော့ပါဘူး။ ဒါပေမဲ့ မုရုံချီဟာ ရန်တုရဲ့ ရောင်ဝါကို ခံစားမိတာကြောင့် သူ့ဘာသာ ရောက်လာပါတယ်။
“နောက်ဆုံးတော့ ပဋိပက္ခ နတ်ဘီလူး ဖြစ်လာပြီပဲ... ဂုဏ်ယူပါတယ်” မုရုံချီဟာ ရန်တုရဲ့ ပခုံးကိုပုတ်ပြီး အပြုံးနဲ့ ပြောလိုက်ပါတယ်။
ရန်တုဟာ အရမ်းစိတ်လှုပ်ရှားနေပါတယ်။ ရန်တုဟာ တာအိုဘုံကျောင်းဘက် ပြန်လှည့်ပြီး ဦးညွှတ်လိုက်ပါတယ်။ အဲဒီနောက် မုရုံချီနဲ့အတူ ထွက်ခွာသွားပါတယ်။
ရန်တုဟာ ပထမဆုံးအကြိမ် ပဋိပက္ခ နတ်ဘီလူး ဖြစ်လာတာ ဖြစ်တဲ့အတွက် မေးစရာတွေ အများကြီး ရှိနေပါတယ်။ မုရုံချီကလည်း စိတ်ရှည်လက်ရှည်နဲ့ သူသိသမျှကို ပြောပြပါတယ်။ ဒီအကြောင်းကြောင့်ပဲ ရန်တုဟာ မုရုံချီကို ပိုလေးစားသွားပါတယ်။
ဟန်ကျွယ်ဟာ ဒုတိယ တာအိုစက်ကွင်းကနေ ချက်ချင်း ထွက်မသွားသေးဘဲ မြေအင်မော်တယ်ကမ္ဘာကို ကြည့်လိုက်ပါတယ်။
ရန်ကန်းနဲ့ ယင်ဟုန်ချန်တို့က မြေအင်မော်တယ်ကမ္ဘာလည်း မရှိတော့သလို ကောင်းကင်တာအိုမှာလည်း မရှိတော့တာကို ဟန်ကျွယ် ရုတ်တရက် ရှာတွေ့သွားပါတယ်။ ဟန်ကျွယ် လက်ချောင်းတွေနဲ့ တွက်ချက်ကြည့်လိုက်တဲ့အခါ သူတို့နှစ်ယောက်က လွမ်ဟွေအာကာသနဲ့အတူ ပဋိပက္ခထဲကို လွန်ခဲ့တဲ့ နှစ်သောင်းချီကို သွားခဲ့ပြီး ဘယ်တော့မှ ပြန်မလာခဲ့တာကို သိလိုက်ရပါတယ်။
ဟန်ကျွယ်ဟာ ဒီကိစ္စကို ဂရုမစိုက်ပါဘူး။ ဟန်ကျွယ် နတ်ဘီလူးလောင်းလျာတွေ ရွေးချယ်တာက အန္တရာယ်အငွေ့အသက်ကို ခံစားမိခဲ့တာကြောင့်ပါ။ အခု သူက စွမ်းအားပိုကြီးလာပြီ ဖြစ်တဲ့အတွက် ဟန်ကျွယ်ဟာ နတ်ဘီလူးစစ်တပ်ကို တိုးချဲ့ဖို့ အလျင်မလိုတော့ပါဘူး။
ပဋိပက္ခနတ်ဘီလူး ဖြစ်လာနိုင်တဲ့ အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးလိုက်ရတာက ရန်ကန်းနဲ့ ယင်ဟုန်ချန်တို့အတွက် နစ်နာမှုကြီးတစ်ခုပါ။ ဟန်ကျွယ်က သူတို့နှစ်ယောက်ရဲ့ နေရာကို အချိန်မရွေး အစားထိုးလို့ရပါတယ်။ တိတ်ဆိတ်ဂိုဏ်းမှာ ပါရမီရှင် မရှားပါဘူး။
“ရှင် ဘာကို ကြည့်နေတာလဲ” လီယောင်က စပ်စုလိုက်ပါတယ်။
ဟန်ကျွယ်ဟာ သတိပြန်ဝင်လာပြီး ပြုံးလိုက်ပါတယ် “ဘာမှမဟုတ်ပါဘူး”
လီယောင်ဟာ ဟန်ကျွယ်ရဲ့လက်ကို အသာကိုင်ပြီး ညင်သာစွာ ပြောလိုက်ပါတယ် “အလျင်စလို ပြန်မသွားနဲ့ဦး”
“ဘာကိစ္စရှိလို့လဲ”
လီယောင်ရဲ့ ပါးပြင်ဟာ နီရဲသွားပါတယ် “ကျွန်မရဲ့ ကျင့်ကြံမှု တိုးတက်ဖို့ ရှင့်အကူအညီကို လိုအပ်တယ်”
ဟန်ကျွယ်ဟာ ဆိတ်ဆိတ်ပဲ နေလိုက်ပါတယ်။
ဟန်ကျွယ်က မငြင်းတဲ့အတွက် လီယောင်ဟာ ချက်ချင်း လှုပ်ရှားပါတော့တယ်။
တာအိုဘုံကျောင်းတစ်ခုလုံး အချစ်သံစဉ်တွေ ပြည့်နှက်သွားပါတယ်။ မဟာတာအိုပညာရှိချုပ် မဟုတ်ရင် ဒီအချစ်သံစဉ်တွေကို မထောက်လှမ်းနိုင်ပါဘူး။
အချိန်ဟာ ပုံမှန် ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်လိုက်ပါတယ်။ လီယောင်နဲ့ နှစ် ၂၀ ပျော်ပါးမြူးထူးပြီးနောက် ဟန်ကျွယ်ဟာ ပင်မတာအိုစက်ကွင်းကို ပြန်လာကာ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။
နှစ်တစ်သောင်း ကုန်ဆုံးသွားပေမဲ့ သူ့ကျင့်ကြံမှုက ဟုတ်တိပတ်တိ တိုးတက်မလာတဲ့အတွက် ဟန်ကျွယ်ဟာ တော်တော်ကို နောင်တရသွားပါတယ်။ ကျင့်ကြံမှု တိုးတက်တဲ့ ခက်ခဲမှုက ဟန်ကျွယ် မဟာတာအို လောကဦးပဋိပက္ခအဆင့်ကို ရောက်ပြီးနောက် ထပ်တိုးသွားပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်ဖွင့်လှစ်ပုဆိန်ကို ထုတ်ကြည့်လိုက်တဲ့အခါ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးတာကို တွေ့လိုက်ရပါတယ်။
ကောင်းကင်ဖွင့်လှစ်ပုဆိန်က ထုတ်လွှတ်နေတဲ့ ကြောက်မက်ဖွယ် သတ်ဖြတ်ငွေ့ဟာ ဟန်ကျွယ်ရဲ့ ဆံပင်ရှည်တွေကို လေထဲမှာ လူးလွန့်သွားစေပါတယ်။ ဟန်ကျွယ်ဟာ လန့်သွားပြီး သတ်ဖြတ်ငွေ့ကို အမြန်ဖိနှိပ်လိုက်ပါတယ်။ ဒီသတ်ဖြတ်ငွေ့သာ တာအိုဘုံကျောင်းထဲကနေ ထွက်သွားရင် တိတ်ဆိတ်ဂိုဏ်း တပည့်တွေကို ဒဏ်ရာရစေမှာ ကျိန်းသေပါတယ်။
‘စွမ်းအားကြီးလာချည်လား... လုံးဝကို နောက်တစ်ဆင့် ရောက်သွားတာပါလား...’
ဟန်ကျွယ်ရဲ့ အမြင်မှာ ပြီးခဲ့တဲ့ ကောင်းကင်ဖွင့်လှစ်ပုဆိန်က မာကျောပြီး လေးတာကလွဲလို့ ပဋိပက္ခ အကောင်းစား ရတနာလို့တောင် ယူဆလို့ မရပါဘူး။
လက်ရှိ ကောင်းကင်ဖွင့်လှစ်ပုဆိန်ကတော့ မဟာတာအိုပညာရှိဖြစ်တဲ့ သူ့ကို လေးတယ်လို့ ခံစားရစေပါတယ်။ အထဲမှာ ပါဝင်နေတဲ့ သတ်ဖြတ်ငွေ့ကလည်း အတော်လေးကို ကြောက်စရာ ကောင်းတာပါ။
ဟန်ကျွယ်ဟာ လောကဦး နတ်ဒေါသကို မသုံးဘဲ ဒီပုဆိန်ကို တစ်ချက် ဝှေ့ယမ်းရုံနဲ့တင် ဟန့်ဖေးကို သတ်နိုင်လိမ့်မယ်လို့ ယုံကြည်ချက် ရှိပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်ဖွင့်လှစ်ပုဆိန်ရဲ့ အချက်အလက်ကို စစ်ဆေးလိုက်ပါတယ်။
[ကောင်းကင်ဖွင့်လှစ်ပုဆိန်: အန္တိမတာအိုရတနာ၊ ပဋိပက္ခနတ်ဘီလူး ပန်ကူး၏ မွေးရာပါ ဓမ္မရတနာ တစ်ပါး ဖြစ်သည်။ သတ်ဖြတ်မှုတွင် နံပါတ်တစ် လက်နက် ဖြစ်ပြီး ပဋိပက္ခ နတ်ဘီလူးများ၏ ကံတရား အထောက်အပံ့ကို ဝါးမျိုကာ ကမ္ဘာကို ထက်ခြမ်းခွဲနိုင်သည်။]
‘အန္တိမ တာအိုရတနာ...’
‘သတ်ဖြတ်မှုမှာ နံပါတ်တစ်လက်နက်’
‘တော်တော် ဘဝင်မြင့်တဲ့ စကားလုံးတွေပဲ’
ဟန်ကျွယ်ဟာ ကောင်းကင်ဖွင့်လှစ်ပုဆိန်ကို သိမ်းပြီး အသွင်တူ လက်ရည်စမ်းပွဲထဲဝင်ကာ ကောင်းကင်ဖွင့်လှစ်ပုဆိန်ရဲ့ စွမ်းအားကို စမ်းသပ်ပါတယ်။
အမှောင်တားမြစ်နယ်မြေထဲမှာ ပဋိပက္ခ ကောင်းကင်လမ်းက အလင်းရောင်တွေဟာ အမှောင်ထုကို နှစ်ခြမ်းခွဲထားပါတယ်။ ပဋိပက္ခ ကောင်းကင်လမ်းရဲ့ အထက်မှာတော့ ခမ်းနားထည်ဝါတဲ့ နန်းတော်တစ်ခု ပေါလောမျောနေပါတယ်။
ခန်းမထဲမှာ ပန်ရှင်း တရားထိုင်နေပါတယ်။
ပန်ရှင်းဟာ ဘာမှလုပ်စရာမရှိရင် ပဋိပက္ခထဲမှာ ကျင့်ကြံအားထုတ်ပြီး ပဋိပက္ခ ကောင်းကင်လမ်းကို ကာကွယ်ပါတယ်။
ပန်ရှင်းဟာ ရုတ်တရက် မျက်လုံးပွင့်လာပြီး ကောင်းကင်ဖွင့်လှစ်ပုဆိန်ကို ထုတ်ယူလိုက်ပါတယ်။ ပန်ရှင်း လက်ထဲက ကောင်းကင်ဖွင့်လှစ်ပုဆိန်ဟာ သာမန်မျက်စိ မြင်နိုင်လောက်တဲ့နှုန်းထားနဲ့ ကျောက်သား ဖြစ်လာပြီး အက်ကြောင်းတွေ ပေါ်လာပါတယ်။
ပန်ရှင်းဟာ လန့်သွားပြီး ဓမ္မစွမ်းအားကို သုံးကာ ပြန်ပြင်ပါတယ်။ ဒါပေမဲ့ ပန်ရှင်း ဘယ်လိုပဲကြိုးစားကြိုးစား အရာမဝင်ပါဘူး။
“ဝုန်း...”
ကောင်းကင်ဖွင့်လှစ်ပုဆိန်ဟာ အမှုန်အမွှားအဖြစ် ပြောင်းလဲသွားပြီး ပန်ရှင်းရှေ့မှာပဲ လွင့်ပါး ပျောက်ကွယ်သွားပါတယ်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” ပန်ရှင်းဟာ ကြက်သေသေသွားပါတယ်။
ဒါက ပန်ကူးနတ်ဘုရား လက်ဆင့်ကမ်းထားတဲ့ အကောင်းစား ရတနာပါ။ အရင်တုန်းက ပန်ရှင်းဟာ ဒီရတနာနဲ့ ပဋိပက္ခကြာစမ်းကို မှီခိုပြီး မဟာတာအိုပညာရှိတွေ ဝိုင်းတိုက်တာကနေ လွတ်မြောက်နိုင်ခဲ့ပါတယ်။ အဲဒီကတည်းက ပန်ရှင်းဟာ ကောင်းကင်ဖွင့်လှစ်ပုဆိန်ကို အထင်ကြီးခဲ့တာပါ။
ဒီလို အကောင်းစား ရတနာမျိုးက ရုတ်တရက်ကြီး အမှုန့်ဖြစ်သွားတာက မယုံနိုင်စရာပါ။
ပန်ရှင်းဟာ လက်ချောင်းတွေသုံးပြီး တွက်ချက်ကြည့်ပေမဲ့ ကောင်းကင်ဖွင့်လှစ်ပုဆိန် ဘယ်ရောက်သွားတယ် ဘာဖြစ်လို့ ကွဲကြေသွားတယ်ဆိုတာကို တွက်ချက်လို့ မရပါဘူး။
ပန်ရှင်းဟာ စိတ်ဓာတ်ကျသွားပါတယ်။
တာအိုနှလုံးသားလည်း အက်သွားပါတယ်။
ဒီအချိန်မှာ ဧကရာဇ်ရှောင်ရဲ့အသံက တာအိုဘုံကျောင်း အပြင်ဘက်ကနေ ထွက်ပေါ်လာပါတယ် “တာအိုရောင်းရင်းပန်... ဒီအတောအတွင်း ပဋိပက္ခ ကောင်းကင်လမ်းနားမှာ အင်အားစုတစ်စု ပေါ်လာတယ်”
ပန်ရှင်းဟာ ရုတ်တရက် မတ်တတ်ရပ်လိုက်ပါတယ်။ သူ့ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာတဲ့ ကြောက်မက်ဖွယ် ရောင်ဝါဟာ တာအိုစက်ကွင်းကို တစ်ချက်တည်း ကွဲကြေသွားစေပါတယ်။ ပန်ရှင်း ခန္ဓာကိုယ် ပတ်လည်မှာလည်း မီးလျှံတွေ ပေါ်လာပါတယ်။
ခန်းမအပြင်ဘက်က ဧကရာဇ်ရှောင်ကို ဒါကိုကြည့်ပြီး လန့်သွားကာ အလိုလို နောက်ဆုတ်မိလိုက်ပါတယ်။ သတ်ဖြတ်ငွေ့ လျှံထွက်နေတဲ့ ပန်ရှင်းကို ကြည့်ပြီး ဧကရာဇ်ရှောင်ဟာ ရင်တထိတ်ထိတ် ဖြစ်သွားပါတယ်။ ဧကရာဇ်ရှောင်ဟာ ပန်ရှင်း သွေးခင်းလမ်းလျှောက်ပြီး ကောင်းကင်တာအိုဆီ ပြန်လာတဲ့ အဖြစ်အပျက်ကို သတိပြန်ရသွားပါတယ်။
‘ဒီကောင် ရူးသွားပြီလား...’
“အရမ်းကောင်းတယ်၊ ရှုံဟွာမှတ်လား... ငါ အခုပဲ သူတို့ကို သွားတွေ့လိုက်မယ်” ပန်ရှင်းရဲ့ အသံဟာ မိုးခြိမ်းသံလိုပါပဲ။
စကားဆုံးတာနဲ့ ပန်ရှင်းဟာ နေရာကနေ ပျောက်ကွယ်သွားပါတယ်။ ဧကရာဇ်ရှောင်ကတော့ တွေဝေစွာပဲ ကျန်နေခဲ့ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။