← Chapters

ယုံကြည်မှု

Vol. 71 Ch. 758

ယုံကြည်မှု

Vol. 71 Ch. 758

လူသားမျိုးနွယ်စုရဲ့ ကိစ္စကြောင့် တာအိုပညာရှိတွေဟာ အကြိတ်အနယ် ဆွေးနွေးရပါတော့တယ်။ ကောင်းကင်တာအိုမှာ ဒီလိုမျိုး အဖြစ်အပျက်က ပေါ်မလာတာ အတော်ကြာပြီဖြစ်တဲ့အတွက် တာအိုပညာရှိတွေဟာ စိတ်တောင် လှုပ်ရှားနေပါသေးတယ်။

ဟန်ကျွယ်ကတော့ ဂရုမစိုက်ပါဘူး။ လူသားဧကရာဇ်တစ်ပါးက လူသားမျိုးနွယ်စု တစ်စုလုံးက ကိုယ်စားပြုနိုင်တာမှ မဟုတ်တာ။

လူသားမျိုးနွယ်စုက ကောင်းကင်တာအို မျိုးနွယ်စုဆိုပေမဲ့ လူသားဧကရာဇ်က ကောင်းကင်တာအိုရဲ့ ဇာတ်လိုက် မဟုတ်ပါဘူး။ နှစ်သိန်းချီ အေးချမ်းနေတာကြောင့် သေမျိုးတွေက တာအိုပညာရှိတွေ ဘာဆိုတာကို မေ့သွားကြပုံပါပဲ။ ဒါကလည်း နားလည်ပေးလို့ ရပါတယ်။

ဟန်ကျွယ်ဟာ ပျင်းသွားပါတယ်။ ကိစ္စကြီးကြီးမားမား မရှိတဲ့အတွက် တာအိုပညာရှိတွေ ဆွေးနွေးတာကို ဆက်နားမထောင်တော့ဘဲ မတ်တတ်ရပ်ကာ တာအိုဘုံကျောင်းဆီ ပြန်ပါတယ်။

တာအိုပညာရှိတွေဟာ ဟန်ကျွယ် ပြန်တာကို မတားပါဘူး။ အဲဒီအစား သက်ပြင်းရှည်ကြီးတွေ ချလိုက်ကြပါတယ်။ ဟန်ကျွယ်ရှိနေရင် ဟန်ကျွယ် ဘယ်ဘက်မှာ ရပ်တည်မလဲဆိုပြီး စဉ်းစားရတာက တာအိုပညာရှိတွေရဲ့ အလုပ်တစ်လုပ်ပါ။ အခု ဟန်ကျွယ် ထွက်သွားတာက ဒီကိစ္စကို ဂရုမစိုက်ဘူးလို့ ပြလိုက်တာပါ။

ဒါကလည်း အဓိပ္ပာယ်မရှိတာ‌တော့ မဟုတ်ပါဘူး။ ဟန်ကျွယ်ရဲ့ လက်ရှိအဆင့်အတန်းနဲ့ ဒါတွေကို ဘာလို့ ဂရုစိုက်နေဦးမှာလဲ။

ဟန်ကျွယ် ထွက်သွားတဲ့အခါ ကျင်းရှန်က ပြောလိုက်ပါတယ် “ဒီကောင်က ကောင်းကင်တာအိုကို ဆန့်ကျင်ပြီး ကောင်းကင်တာအိုရဲ့ နှစ်ပေါင်းများစွာ ထိန်းသိမ်းထားတဲ့ ငြိမ်းချမ်းရေးကို နှောင့်ယှက်ချင်တာပဲ၊ တစ်ခါတည်း ဒီကောင်ကို သတ်ပစ်ပြီး လူသားဧကရာဇ်နေရာကို ပြောင်းလိုက်ရအောင်”

လီထိုက်ကူကလည်း ဝင်ပြောပါတယ် “ကျွန်တော့်အထင် ကျွန်‌တော်တို့တွေ လူသားဧကရာဇ် ဘုံကျောင်းကို ကြီးကြပ်သင့်ပြီ၊ လူသားမျိုးနွယ်စုက ကောင်းကင်တာအိုမျိုးနွယ်စုဆိုပေမဲ့ လူသားဧကရာဇ် ဘုံကျောင်းရဲ့ အထောက်အပံ့ကို မရဘူးဆိုရင် ဒီလောက်ထိ သောင်းကျန်းရဲမှာ မဟုတ်ဘူး”

ဖန်းလျန်ကလည်း ပြောလိုက်ပါတယ် “လူသားမျိုးနွယ်စုမှာ စံစနစ်မရှိသေးဘူး၊ လူသားဧကရာဇ် ရွေးချယ်တာက စွမ်းအားကြီးတဲ့ ကျင့်ကြံသူကို ရွေးချယ်တာ၊ လောကကြီးကို သိမ်းပိုက်နိုင်တဲ့ စွမ်းအားရှိပြီး အရည်အချင်း ကောင်းကောင်းရှိတဲ့ လူသားပါရမီရှင်တစ်ယောက်ကို ကျွန်တော် သိတယ်”

တာအိုပညာရှိတွေဟာ တစ်ယောက်ပြီး တစ်ယောက် သူတို့အမြင်တွေကို ထုတ်ဖော် ပြောဆိုကြပြီး ခပ်မြန်မြန်ပဲ ဆုံးဖြတ်ချက် ချလိုက်ကြပါတယ်။

ပြီးခဲ့တဲ့ အနန္တကပ်ဘေး မတိုင်ခင်ကဆိုရင် တာအိုပညာရှိတွေကို ဒီကိစ္စကို မျက်စိမှိတ်ပေးထားမှာပါ။ ဒါပေမဲ့ အခု ကောင်းကင်တာအိုက ပဋိပက္ခဆီကို တိုးချဲ့ချင်နေတာပါ။ ဒီလိုအခြေအနေမှာ အတွင်းက မတည်ငြိမ်ရင် ပဋိပက္ခကို စူးစမ်းရှာဖွေနေတဲ့ ကျင့်ကြံသူတွေအကြား သဘောထား ကွဲလွဲမှုတွေ ကျိန်းသေပေါက် ဖြစ်စေမှာပါ။

ပုကျိုးနတ်တောင်။

ဟန်ယွီဟာ သစ်ပင်အိုကြီးအောက်မှာ ထိုင်နေပါတယ်။ ပုကျိုးနတ်တောင်ထိပ်က မြင်ကွင်းဟာ အလွန်တရာမှ လှပပါတယ်။ ချောက်ကမ်းပါးစွန်းကနေ လှမ်းကြည့်လိုက်ရင် သွယ်တန်းနေတဲ့ တောင်တန်းတွေက နဂါးတစ်ကောင်ရဲ့ ကျောရိုးလိုမျိုး တိမ်တွေကြားထဲမှာ တည်ရှိနေပါတယ်။ ဒီတောင်တန်းတွေက အလွန်ရှည်လျားပြီး ခမ်းနားထည်ဝါလှပါတယ်။

သစ်ပင်အောက်မှာ ကျင့်ကြံအားထုတ်နေတဲ့ ဟန်ယွီဟာ တစ်ချက် မလှုပ်ပါဘူး။ သူ့အဝတ်အစားတွေက အစက်အပြောက်မရှိတဲ့အထိ ဖြူဖွေးနေပြီး သူ့မျက်နှာကလည်း လုံးဝကို အေးချမ်းနေပါတယ်။

ဒီအချိန်မှာပဲ...

ဟန်ယွီရှေ့ကို ရုပ်သွင်တစ်ခု ရောက်လာပါတယ်။

လုံဟောင်ပါ။

လုံဟောင်ရဲ့ ခန္ဓာစစ်တော့ မဟုတ်ပါဘူး။ ပုံရိပ်ယောင် အသွင် တစ်ခုပါ။

ဟန်ယွီဟာ မျက်လုံးဖွင့်ပြီး လုံဟောင်ကို ကြည့်လိုက်ပါတယ် “ဘာကိစ္စရှိလို့လဲ”

လုံဟောင်ဟာ ပြုံးလိုက်ပါတယ် “မင်းကလည်း အေးစက်လှချည်လား၊ ငါက မင်းဆီကို အကြောင်းအရင်း မရှိဘဲ လာလည်လို့ မရဘူးလား၊ အခုငါက တာအိုပညာရှိ ဖြစ်နေပြီ၊ မင်းငါ့ကို အရိုအသေ မပေးတော့ဘူးလား”

ဟန်ယွီဟာ မျက်လုံးပင့်တင်ပြီး လုံဟောင်ကို ဂရုမစိုက်တော့ပါဘူး။

လုံဟောင်ဟာ ဟန်ယွီရဲ့ အမူအရာကို မြင်ပေမဲ့ ဒေါသမထွက်ဘဲ အပြုံးနဲ့ မေးလိုက်ပါတယ် “မင်းက လူသားမျိုးနွယ်စုရဲ့ မဟာဘိုးဘေးပဲ၊ မင်း လူသားမျိုးနွယ်စုကို ပြန်ဦးဆောင်ဖို့ ဆန္ဒရှိလား”

ဟန်ယွီဟာ မျက်မှောင်ကြုတ်သွားပါတယ် “လက်ရှိ လူသားဧကရာဇ်က ပြဿနာရှာလို့လား”

ဟန်ယွီဟာ လူသားမျိုးနွယ်စု အကြောင်းကို အနည်းနဲ့ အများတော့ ကြားထားပါတယ်။

“ပြီးခဲ့တဲ့ လူသားမျိုးနွယ်စုရဲ့ ပွဲတော်မှာ လူသားတွေက တာအိုပညာရှိအထက်မှာရှိပြီး ကောင်းကင်ဘုံတွေကို စုစည်းသင့်တယ်လို့ လူသားဧကရာဇ်က ကြော်ငြာခဲ့တယ်၊ ဒါက အန္တရာယ်များတယ်လို့ မင်း မထင်ဘူးလား”

ဒီစကားကို သေမျိုးတစ်ယောက်က ပြောရင် ကိစ္စမရှိပါဘူး။ လောကမှာ မာနကြီးတဲ့လူတွေက အမြဲတမ်း ရှိနေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ လူသားဧကရာဇ်တစ်ပါးရဲ့ ပါးစပ်ကနေ ဒီလိုစကားမျိုး ထွက်လာတာကတော့ လုံးဝကို မသင့်လျော်ပါဘူး။

ဟန်ယွီဟာ မျက်မှောင် ပိုကြုတ်သွားပြီး ခေါင်းခါလိုက်ပါတယ် “ထားလိုက်ပါတော့... ငါ လောကကြီးထဲ ပြန်မဝင်ချင်တော့ဘူး၊ တခြားတစ်ယောက်ကိုသာ သွားရှာချည်”

ဟန်ယွီဟာ စကားရပ်ပြီး လုံဟောင်ရဲ့ မျက်နှာကို စိုက်ကြည့်လိုက်ပါတယ် “ကျေးဇူးပဲ”

လုံဟောင်က တာအိုပညာရှိ ဖြစ်သွားတာတောင် သူ့ကို ဂရုစိုက်သေးတဲ့အတွက် ဟန်ယွီက ဒီစကားကို ပြောလိုက်တာပါ။

လုံဟောင်ကလည်း ဟန်ယွီကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်လိုက်ပါတယ် “မင်းကလည်း မဆိုးပါဘူး၊ နောက်ကျရင် မင်းက လောကဦးကြီးရဲ့ စိတ်ကူးနိုင်စွမ်းကို ကျော်လွန်ကောင်း ကျော်လွန်နိုင်လိမ့်မယ်”

စကားဆုံးတာနဲ့ လုံဟောင်ဟာ ပျောက်ကွယ်သွားပါတယ်။

ဟန်ယွီဟာ လုံဟောင် ပြောသွားတဲ့ စကားကို နားမလည်တာကြောင့် ခေါင်းရှုပ်သွားပါတယ်။ ဒါပေမဲ့ စဉ်းစားမရတာကြောင့် ဆက်ပြီးတော့ မစဉ်းစားဘဲ မျက်လုံးမှိတ်ပြီး ဆက်ကျင့်ကြံပါတယ်။ ဟန်ယွီဟာ သူ့ခံစားချက်တွေ ဆန္ဒတွေကို လွှတ်ချလိုက်ပါပြီ။ သေမျိုးကမ္ဘာကိုလည်း လွှတ်ချလိုက်ပါပြီ။ ဒါကြောင့် လောကထဲ ပြန်မဝင်တော့တာပါ။ အခုအချိန် ဟန်ယွီရဲ့ စိတ်ထဲမှာ တစ်ကိုယ်တည်း အေးအေးချမ်းချမ်း ကျင့်ကြံအားထုတ်လိုတဲ့ စိတ်ဆန္ဒပဲ ရှိပါတယ်။

အထီးကျန်မှုကို စံစားတာက မကောင်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ တာအိုက သူ့ကို အဖော်ပြုပေးတယ် မဟုတ်ပါလား။

နောက်ထပ် နှစ်တစ်သောင်း ကုန်ဆုံးသွားပါတယ်။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး အင်မော်တယ်ကမ္ဘာကို ကြည့်လိုက်ပါတယ်။

တာအိုပညာရှိတွေရဲ့ ကြံစည်မှုအောက်မှာ လူသားဧကရာဇ်အသစ်က ပြီးခဲ့တဲ့ လူသားဧကရာဇ်ဟောင်းကို လွန်ခဲ့တဲ့ နှစ်ထောင်ချီက တော်လှန်ပုန်ကန်ခဲ့ပါတယ်။ အခုဆိုရင် လူသားဧကရာဇ်အသစ်က လူသားမျိုးနွယ်စုကို ငြိမ်းချမ်းမှုဆီ ဦးဆောင်နေပါပြီ။ အင်မော်တယ်ကမ္ဘာလည်း ပြန်ပြီးတော့ ငြိမ်းချမ်းသွားပါတယ်။

ဒီကိစ္စကို ကောင်းကင်တာအို သက်ရှိတွေက မေ့တောင် မေ့သွားပါပြီ။ အင်မော်တယ်ကမ္ဘာမှာ စိတ်ဝင်စရာကောင်းတဲ့ ကိစ္စတွေက နှစ်စဉ်နှစ်တိုင်းလိုလို ဖြစ်ပျက်နေတာပါ။ ဘယ်သူက အတိတ်က ကိစ္စတွေကို မှတ်ထားမှာလဲ။

လက်ရှိ ကောင်းကင်တာအိုက ပါရမီရှင်ခေတ်ပါ။ ဒါကြောင့် သမိုင်းထဲမှာ မှတ်တင်းတင်ခံရတဲ့ လူအများစုကလည်း ပါရမီရှင်တွေပါ။ ပါရမီရှင်တွေမှာ စံစနစ်အသစ်တစ်ခု ရှိလာပါတယ်။ အဲဒါကတော့ အရည်အချင်းအပြင် ကောင်းကင်တာအို ကုသိုလ်ကံကိုပါ လိုအပ်တာပါ။

ကောင်းကင်တာအို ကုသိုလ်ကံက ကောင်းကင်တာအိုနဲ့ သက်ရှိအားလုံးကို အကျိုးဆောင်မှုကနေ ရရှိတာပါ။ ပထမအသုတ် ပါရမီရှင်တွေဟာ ကမ္ဘာငယ်အသီးသီးကို ပိုင်စိုးတဲ့လူတွေမလို့ အဆုံးမဲ့လောက်တဲ့ ကုသိုလ်ကံတွေ ရှိကြပါတယ်။ တချို့ပါရမီရှင်တွေကတော့ လောကတစ်ခွင် လှည့်လည်ပြီး တာအိုကျင့်စဉ်တွေ ဖြန့်ကြက်ကာ ကောင်းကင်တာအို ကုသိုလ်ကံကို ရယူကြပါတယ်။

ဟန်ကျွယ်ရဲ့ အကြည့်ဟာ ထုန်ကျန့်ကမ္ဘာဆီ ရောက်သွားပါတယ်။

ဟန်ကျွယ်ကြောင့် ထုန်ကျန့်ကမ္ဘာဟာ တော်တော်လေး ဂရုစိုက်ခံရပါတယ်။ ဒါကြောင့် တစုန်ကောင်းကင်ကမ္ဘာပြီးရင် ထုန်ကျန့်ကမ္ဘာက အမြဲတမ်း ပထမနေရာမှာ ရှိနေပါတယ်။ တစုန်ကောင်းကင် ကမ္ဘာကလည်း ထုန်ကျန့်ကမ္ဘာကို ဂရုစိုက်ပါတယ်။ တစုန်ကောင်းကင် တိတ်ဆိတ်ဂိုဏ်းထဲ ဝင်သွားတာက လူတိုင်းနီးပါး သိနေတဲ့ကိစ္စတစ်ခု မဟုတ်ပါလား။

ထုန်ကျန့်ကမ္ဘာရဲ့ ကျယ်ပြောတဲ့ ကံတရား အထောက်အပံ့ကြောင့် ဝတ်ရုံဖြူဗုဒ္ဓဟာ တာအိုပညာရှိအတု ဖြစ်လာပါပြီ။ ဒါပေမဲ့ ဝတ်ရုံဖြူဗုဒ္ဓဟာ တာအိုပညာရှိအတု ကနဦးအဆင့်ကနေ မတက်နိုင်သေးပါဘူး။ သူ့အတွက် ကျင့်ကြံမှု တိုးတက်ဖို့က အတော်ကို ခက်ခဲလှပါတယ်။

ဝတ်ရုံဖြူဗုဒ္ဓရဲ့ အရည်အချင်းနဲ့ နှစ်လေးငါးသိန်းအတွင်း တာအိုပညာရှိအတု ဖြစ်လာနိုင်တာက အံ့ဖွယ်ကိစ္စပါ။ ဒါကြောင့် ဟန်ကျွယ်ဟာ ဝတ်ရုံဖြူဗုဒ္ဓကို ကျင့်ကြံမှုတိုးအောင် ကူညီပေးဖို့ စိတ်ကူး မရှိပါဘူး။

ကောင်းကင်တာအိုကို လေ့လာ အကဲခတ်ပြီးနောက် ဟန်ကျွယ်ဟာ စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။

[သင့်မိတ်ဆွေ သိကျန်းသည် သင့်သားဟန်ထော်၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]

[သင့်တပည့် ကျိုးဖန်သည် သင့်မိတ်ဆွေ ဧကရီဟုတ်ထို၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]

[သင့်မိတ်ဆွေ မိစ္ဆာ ကောင်းကင်ဧကရာဇ်သည် သင့်မိတ်ဆွေ ကျူကျို့ယင်၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]

[သင့်မိတ်ဆွေ ပန်ရှင်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]

[သင့်မိတ်ဆွေ နတ်ဒေါင်းအရှင်သည် ကံတရား ဆန်းကြယ်စွမ်းအား တစ်မျိုးကို သုံးသပ်နားလည်ပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]

[သင့်တပည့် ချူရှီရန်သည် ‌ဗုဒ္ဓကမ္ဘာကို တည်ထောင်ပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]

[သင့်တာအိုလက်တွဲဖော် ရှင်းဟုန်ရွှမ်သည် သူမ၏ သားကြောင့် မဟာတာအို ဆန်းကြယ်စွမ်းအား တစ်မျိုးကို သုံးသပ်နားလည်သွားသည်။]

[သင့်မိတ်ဆွေ လီတောက်ခုံးသည် သင့်မိတ်ဆွေ ဘိုးဘေးရှီတျန်၏ လမ်းညွှန်မှုကြောင့် ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]

‘ကောင်းကင်ရုံးတော်နဲ့ မဟာတာအိုမျှော်စင်က ဘိုးဘေးမှော်ပညာရှိ ၁၂ ပါးနဲ့ တိုက်ခိုက်နေတာလား...’

ဟန်ကျွယ်ဟာ နှစ်ဖက်စလုံးက တစ်ယောက်မှ မသေသေးတာကို သတိထားမိလိုက်ပါတယ်။ ကြည့်ရတာ အခြေအနေကို လက်လွန်ခြေလွန် မဖြစ်သေးတဲ့ပုံပါပဲ။

ဟန်ကျွယ်ဟာ ကြားကနေ ဝင်ဖျန်ဖြေပေးဖို့ စိတ်ကူးမရှိပါဘူး။ တကယ်လို့ တစ်ခုခုဖြစ်ခဲ့ရင် ကံဆိုးမှာက ဘိုးဘေးမှော်ပညာရှိ ၁၂ ပါးပါ။ မိတ်ဆွေ အကုန်လုံးက ဟန်ကျွယ်ရဲ့ မိတ်ဆွေကောင်းတွေ မဟုတ်ပါဘူး။

ဟန်ကျွယ်ဟာ စာစောင်တွေကို ဆက်ဖတ်တဲ့အခါ ရှင်းဟုန်ရွှမ်က သူ့သားကို ကျင့်ကြံမှုအကူပစ္စည်းအဖြစ် သုံးနေတာကို တွေ့လိုက်ရပါတယ်။

‘ငါ့သားက သူ့အမေကို မဟာတာအို ဆန်းကြယ်စွမ်းအား နားလည်သွားစေတယ်တဲ့လား... မမွေးခင်ကတည်းက အတော်စွမ်းနေပြီ...’

အဲဒီနောက် ဟန်ကျွယ်ဟာ လီတောက်ခုံးနဲ့ ဘိုးဘေးရှီတျန် တွေ့သွားတာကို သတိထားမိလိုက်ပါတယ်။ ကြည့်ရတာ သူတို့နှစ်ယောက်က ရှုံဟွာအင်အားစုထဲမှာ ရင်းနှီးသွားပုံပါပဲ။ ဒါပေမဲ့ ဘိုးဘေးရှီတျန်က လီတောက်ခုံးကိုပဲ ကူညီပြီး ရှီတုတောက်ကို ဘာလို့ မကူညီလဲဆိုတာ စဉ်းစားစရာပါ။

ရှီတုတောက် အကြောင်း တွေးမိသွားတဲ့ ဟန်ကျွယ်ဟာ သူ ရှီတုတောက်ကို လျစ်လျူရှုမိထားပြီလို့ ခံစားလိုက်ရပါတယ်။

ဒါကြောင့် စာစောင်တွေ ဖတ်ပြီးတာနဲ့ ဟန်ကျွယ်ဟာ အမှောင်သခင်ကြီးပုံရိပ်ကို သုံးပြီး ရှီတုတောက်ကို အိပ်မက်ပေးလိုက်ပါတယ်။

အိပ်မက်နယ်မြေက မှောင်မိုက်တဲ့ ကြယ်တာရာ ကောင်းကင်ပြင်ပါ။ ဟန်ကျွယ်နဲ့ ရှီတုတောက်ကတော့ နေတစ်စင်းရဲ့ဘေးမှာ မတ်တတ်ရပ်နေကြပါတယ်။

ရှီတုတောက်ဟာ မျက်လုံးဖွင့်လိုက်တဲ့အခါ အရိပ်လို နက်မှောင်တဲ့ လျှို့ဝှက်ဆန်းကြယ် ရုပ်သွင်တစ်ခုကို တွေ့လိုက်ရတာကြောင့် ကျေနပ်အံ့အားသင့်သွားပါတယ်။

“အမှောင်သခင်ကြီးကို အရိုအသေ ပေးပါတယ်” ရှီတုတောက်ဟာ ချက်ချင်း ဒူးတစ်ဖက်ထောက်ပြီး လက်သီးဆုပ်လိုက်ပါတယ်။

“ဒီနှစ်တွေမှာ မင်းအတွက် ခက်ခဲခဲ့မှာပဲ”

ရှီတုတောက်ဟာ စိတ်လှုပ်ရှားမှုကို ဖိနှိပ်ပြီး အသံထိန်းကာ ပြောလိုက်ပါတယ် “မခက်ခဲပါဘူး... ကျွန်တော်ကသာ သခင်ကြီးကို ကျေးဇူးတင်ရမှာပါ”

“အန္တရာယ်ရှိတယ်လို့ ထင်ရပေမဲ့ အခွင့်အရေးလည်း ဖြစ်နေတတ်တယ်၊ ကောင်းကောင်း အသုံးချချည်၊ အချိန်ကျလာရင် ငါ လှုပ်ရှားမယ်၊ ငါ ပေါ်မလာသေးဘူးဆိုရင် အဲဒါ အချိန်မကျသေးလို့ပဲ”

ရှီတုတောက်ဟာ ခေါင်းညိတ်လိုက်ပါတယ် ‘ငါ ထင်တဲ့အတိုင်း ရှုံဟွာကို အမှောင်သခင်ကြီးက ဖန်တီးထားတာပဲ... ဒါတွေအကုန်လုံးက အမြင်လှည့်စားမှု သက်သက်ပါလား...’

ဒီအတွေးကြောင့် ရှီတုတောက်ဟာ အမှောင်သခင်ကြီးကို ပိုပြီးတော့ လေးစားသွားပါတယ်။ အမှောင်သခင်ကြီး သူ့ကို အိပ်မက်ပေးတာက သူ့ကို ယုံကြည်စိတ်ချတယ်လို့ ဆိုလိုတယ် မဟုတ်ပါလား။

ဒါကြောင့် ရှီတုတောက်ဟာ အမှောင်သခင်ကြီးအတွက် ဘာမဆိုလုပ်ပေးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters