← Chapters

ချူရှီရန်အား အိပ်မက်ပေးခြင်း

Vol. 71 Ch. 760

ချူရှီရန်အား အိပ်မက်ပေးခြင်း

Vol. 71 Ch. 760

“ပြောရရင် ရှေးပျက်သုဉ်းနယ်မြေက ကျိုးပျက်သွားတာ ကြာပြီလေ၊ အဲဒီစွမ်းအားကြီး တည်ရှိမှုတွေက ဘာလို့ အခုထိ ထွက်မသွားကြသေးတာလဲ၊ ရှေးပျက်သုဉ်းနယ်မြေက တာအိုဘိုးဘေး ဖန်တီးထားတဲ့ အကျဉ်းထောင် မဟုတ်ဘူးလား” ဟွမ်ဇွမ်တျန်ဟာ မေးစေ့ကို ပွတ်ပြီး မေးလိုက်ပါတယ်။ မူလလောကဦးကြောင့် ဟွမ်ဇွမ်တျန်ဟာ ပဋိပက္ခရဲ့ လျှို့ဝှက်ချက် တော်တော်များများကို သိနေပါပြီ။

မူလလောကဦးက ပြန်ဖြေပါတယ် “တာအိုဘိုးဘေးက တကယ်ကို စွမ်းအားကြီးခဲ့တာ၊ ပဋိပက္ခထဲမှာရှိတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေက သူ့ကို ပန်ကူး ပြန်မွေးဖွားတာလို့တောင် သံသယဝင်ခဲ့ကြတယ်၊ ရှေးပျက်သုဉ်းနယ်မြေက ကောင်းကင်တာအိုရဲ့ မူလကမ္ဘာ အပိုင်းအစတွေကနေ ဖြစ်တည်လာတာ၊ ကောင်းကင်တာအို ကံတရား အထောက်အပံ့ ဖြတ်တောက်ခံလိုက်ရပေမဲ့ သူ့အုတ်မြစ်က ရှိနေသေးတယ်၊ နောက်ပြီး စွမ်းအားကြီးပုဂ္ဂိုလ်တွေကိုလည်း ဖိနှိပ်ထားတာဆိုတော့ အချိန်ကြာလာတာနဲ့အမျှ ရှေးပျက်သုဉ်းနယ်မြေက သီးသန့်ကမ္ဘာတစ်ခု ဖြစ်လာခဲ့တယ်၊ ကိုယ်ပိုင် မဟာတာအိုလည်း ဖြစ်တည်လာတယ်၊ အဲဒါကြောင့် ရှေးပျက်သုဉ်းနယ်မြေက အဲဒီစွမ်းအားကြီး တည်ရှိမှုတွေအတွက် ကျင့်ကြံအားထုတ်ဖို့ နေရာကောင်းတစ်ခု ဖြစ်လာတယ်လို့ ပြောလို့ရတယ်”

“ရှေးပျက်သုဉ်းနယ်မြေမှာရှိတဲ့ အစွမ်းအထက်ဆုံး တည်ရှိမှုက ဘယ်သူလဲ”

ဒီတစ်ခါတော့ မူလလောကဦးဟာ ဟွမ်ဇွမ်တျန်ရဲ့ မေးခွန်းကို ပြန်မဖြေဘဲ တိတ်ဆိတ်နေပါတယ်။

ဟွမ်ဇွမ်တျန်ဟာ ခဏစောင့်ပြီး ထပ်မေးလိုက်ပါတယ် “ဘာဖြစ်လို့ ဘာမှ မပြောတာလဲ”

“ငါ သူ့နာမည်ကို ပြောလို့မရဘူး၊ ကောင်လေး... ပဋိပက္ခက မင်းထင်သလောက် မရိုးရှင်းဘူးဆိုတာကို စိတ်ထဲမှာ စွဲနေအောင် မှတ်ထားချည်၊ ပဋိပက္ခမှာ မေးဖို့မပြောနဲ့ မှတ်တောင် မမှတ်မိရဲတဲ့ အရာတွေရှိတယ်”

မူလလောကဦးရဲ့အသံဟာ အတိတ်က အဖြစ်အပျက်တွေကို ပြန်ပြောင်း သတိရလိုက်သလိုမျိုး ခံစားချက်တွေ ပြည့်နှက်နေပါတယ်။

ဟွမ်ဇွမ်တျန်ဟာ ပိုပြီးတော့ သိချင်သွားပေမဲ့ ပြဿနာတက်မှာစိုးတဲ့အတွက် ထပ်မမေးတော့ပါဘူး။ ဟွမ်ဇွမ်တျန်ဟာ မူလလောကဦးနဲ့ နေတာ အချိန်ကြာလာလေလေ ပဋိပက္ခကို ပိုစိတ်ဝင်စားလာလေလေပါပဲ။

ဒီလောက်ကျယ်ပြောတဲ့ ပဋိပက္ခက ဘယ်လို ဖြစ်တည်လာတာလဲ။

ပဋိပက္ခ မတိုင်ခင်က ဘာရှိနေလဲ။

မဟာတာအိုအဆင့်က တကယ်ပဲ ကျင့်ကြံမှုရဲ့ အဆုံးသတ်လား။

ကျင့်ကြံအားထုတ်ခြင်းနဲ့ ပဋိပက္ခကနေ မလွတ်မြောက်နိုင်ဘူးလား။

ဟွမ်ဇွမ်တျန်ရဲ့ စိတ်ထဲမှာ ဒီမေးခွန်းတွေနဲ့ ပြည့်နေပါတယ်။ ဟွမ်ဇွမ်တျန်ဟာ စွမ်းအားကြီးအောင် ကျင့်ကြံအားထုတ်တာထက် ဒီလျှို့ဝှက်ချက်တွေကို ရှာဖွေဖော်ထုတ်တာက ပိုကောင်းတယ်လို့ ခံစားလိုက်ရပါတယ်။

.....

နှစ်ရှစ်သောင်း ကုန်ဆုံးသွားပါတဘ်။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး ကျေနပ်အားရစွာ ပြုံးလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနှစ် ရှစ်သောင်းအတွင်း သူ့ကို ဘယ်သူမှ လာမနှောင့်ယှက်လို့ပါပဲ။ ဒီတစ်ကြိမ်မှာတော့ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုက များစွာ တိုးတက်လာပါတယ်။ နှစ်ပေါင်း ရှစ်သောင်းတောင် ဂူအောင်းကျင့်ကြံထားတာ ဒီလောက်တောင် ရှိရမယ် မဟုတ်ပါလား။

ရုတ်တရက်ဆိုသလို ဟန်ကျွယ်ဟာ အကြံကြီးတစ်ခု ရလိုက်ပါတယ်။ အဲဒါကတော့ အဆင့်တက်နိုင်တဲ့အထိ တစ်ခါတည်း ဂူအောင်းကျင့်ကြံဖို့ပါ။

ဒါပေမဲ့ ဒီအကြံက ပြီးပြည့်စုံတဲ့ အကြံတစ်ခုတော့ မဟုတ်ပါဘူး။ အချိန်အများကြီး ကုန်ဆုံးသွားလို့ ကောင်းကင်တာအိုက အကြီးအကျယ် ပြောင်းလဲသွားရင် ကောင်းကင်တာအိုက ဟန်ကျွယ် ထိန်းချုပ်မှုအောက်ကနေ လွတ်မြောက်သွားနိုင်ပါတယ်။ အဲဒီအချိန်ကျရင် သူ့ရဲ့ အကြွင်းမဲ့စွမ်းအားကိုသုံးပြီး ဖိနှိပ်လို့ရတယ်ဆိုပေမဲ့ ကရိကထ တော်တော်များမှာပါ။

ဟန်ကျွယ်ဟာ ဒုတိယ တာအိုစက်ကွင်းဆီ အရင်ဆုံးသွားပြီး ရဲရဲတောက် နတ်ဘီလူးကို လွှတ်ပေးကာ မုရုံချီလက်ထဲ အပ်လိုက်ပါတယ်။ မုရုံချီနဲ့ ရဲရဲတောက် နတ်ဘီလူး ထွက်ခွာသွားတဲ့အခါ ဟန်ကျွယ်ဟာ လီယောင်နဲ့ ဝူတောက်ကျန့်ကို ကြည့်လိုက်ပါတယ်။

လီယောင်နဲ့ ဝူတောက်ကျန့်က ဘေးချင်းယှဉ်ထိုင်ပြီး ကျင့်ကြံအားထုတ်နေကြပါတယ်။ သူတို့နှစ်ယောက်က ကိုယ့်အလှနဲ့ကိုယ်ရှိပြီး ရှုမငြီးအောင် ပန်းချီကားတစ်ချပ်ကို ကြည့်နေရသလိုပါပဲ။

ဟန်ကျွယ်ဟာ သူတို့နှစ်ယောက်ရဲ့ ကျင့်ကြံမှုကို သေချာကြည့်လိုက်တဲ့အခါ ဝူတောက်ကျန့်ဆီကနေ ကြီးပြင်းခါစ ဓားချီတစ်ခုကို ခံစားမိလိုက်ပါတယ်။ ဒီဓားချီက တော်တော်လေး စွမ်းအားကြီးပါတယ်။ ဒီဓားချီက ဟန်ကျွယ် ဝူတောက်ကျန့်ကို ပေါင်းစပ်‌ပေးလိုက်တဲ့ ဓားမဟာတာအိုပဲ ဖြစ်ပါတယ်။ ဒီဓားချီက တာအိုကို မရယူနိုင်သေးဘူးဆိုပေမဲ့ တာအိုရရှိထားတာ မကြာသေးတဲ့ တာအိုပညာရှိထက်တော့ မနိမ့်ကျပါဘူး။

ဟန်ကျွယ် ဝူတောက်ကျန့်နဲ့ လီယောင်ကို သေချာကြည့်နေစဉ်မှာ လီယောင်နဲ့ ဝူတောက်ကျန့်ကလည်း ဟန်ကျွယ်ကို ပြန်ကြည့်နေတာပါ။ ပဋိပက္ခ အကောင်းစား ရတနာလေးပါး ဆင်မြန်းထားတဲ့ ဟန်ကျွယ်ရဲ့ ကိုယ်ဟန်က မြင်ရသူတိုင်းကို ငေးမောသွားစေပါတယ်။

လီယောင်နဲ့ ဝူတောက်ကျန့်ဟာ ဒီလောက်ချောတဲ့ ယောက်ျားကို ဘယ်တုန်းကမှ မတွေ့ဖူးပါဘူး။ ဟန်ကျွယ်က သူတို့နဲ့ အရင်းနှီးဆုံး ဖြစ်တာတောင် လီယောင်နဲ့ ဝူတောက်ကျန့်ဟာ စိတ်မလှုပ်ရှားဘဲ မနေနိုင်ပါဘူး။

လီယောင်က ပြောလိုက်ပါတယ် “မပြန်နဲ့ဦး”

“ဘာကိစ္စရှိလို့လဲ”

လီယောင်ဟာ ဝူ‌တောက်ကျန့်ကို တစ်ချက်ကြည့်ပြီး ပြောလိုက်ပါတယ် “ကျွန်မတို့မှာ ကျင့်ကြံမှုနဲ့ ပတ်သက်ပြီး ရှင့်ကို မေးစရာလေးတွေ ရှိနေလို့ပါ”

ဟန်ကျွယ်ဟာ ခေါင်းညိတ်ပြီး တင်ပျဉ်ခွေ ထိုင်လိုက်ပါတယ်။ အဲဒီနောက် သူတို့သုံးယောက်ဟာ တာအိုအကြောင်း စတင်ဆွေးနွေးကြပါတယ်။

နှစ်ငါးဆယ်ဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။

ဟန်ကျွယ်ဟာ ပင်မတာအိုစက်ကွင်းကို ပြန်ပြီး ကမ္ဘာဖျက်ကြာနက်ပေါ်ထိုင်ကာ ပြုံးလိုက်ပါတယ် “ဒီနှစ်ယောက်က မဆိုးဘူး၊ ငါ့ကို စိတ်မပျက်စေဘူး”

ဟန်ကျွယ်ဟာ လီယောင်နဲ့ ဝူတောက်ကျန့်ရဲ့ အနာဂတ်ကို မျှော်ကြည့်မိလိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။

နှစ်ရှစ်သောင်း ကြာပြီးနောက် ဟန်ကျွယ် လက်ခံရရှိထားတဲ့ စာစောင်တွေက ကြောက်စရာကောင်းတဲ့ အရေအတွက် တစ်ခုကို ရောက်နေပါတယ်။ ဒါပေမဲ့ မဟာတာအိုပညာရှိ ဖြစ်တာကြောင့် ဟန်ကျွယ်ဟာ စာစောင်တွေ အကုန်လုံးကို အေးဆေး ဖတ်လိုက်ပါတယ်။

ဒီအတောအတွင်း ချူရှီရန်က နည်းနည်း လှုပ်လှုပ်ရှားရှား ဖြစ်နေပါတယ်။ ချူရှီရန်က တာအိုရရှိထားတာ မကြာသေးဘူးဆိုပေမဲ့ သူ့ကျင့်ကြံမှုအဆင့်က ခပ်မြန်မြန်ပဲ တိုးတက်လာပါတယ်။ အခုဆိုရင် ချူရှီရန်က လောကဦးပဋိပက္ခ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် အလယ်အဆင့်ကို ရောက်နေပါပြီ။

ဒါကြောင့် ဟန်ကျွယ်ဟာ ချူရှီရန်ကို အိပ်မက်ထဲကနေ သွားလည်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အိပ်မက်နယ်မြေက ဖူစန်းသစ်ပင်အောက်ပါ။ လက်တွေ့ဘဝနဲ့ ကွာခြားတာက ဖူစန်းသစ်ပင်အောက်မှာ သူတို့နှစ်ယောက်ပဲ ရှိနေတာပါ။

ချူရှီရန်ဟာ မျက်လုံးဖွင့်လိုက်တဲ့အခါ တွေ့လိုက်ရတဲ့ မြင်ကွင်းကြောင့် မှင်တက် အံ့ဩသွားပါတယ်။

ဟန်ကျွယ်အတွက် ချူရှီရန် ထွက်သွားတာက လေးငါးဆယ်ရက်လို ထင်ရပေမဲ့ ချူရှီရန်အတွက်တော့ ဒီနှစ်ပေါင်းသိန်းချီမှာ မရေမတွက်နိုင်တဲ့ အတွေ့အကြုံမျိုးစုံကို ခံစားခဲ့ရပါတယ်။

ဟန်ကျွယ်ကို တွေ့တာနဲ့ ချူရှီရန်ဟာ ချက်ချင်း ဒူးထောက်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ ကာလတာအိုဝတ်ရုံကို ဝတ်ရုံထားပြီး ခေါင်းထက်မှာ မဟာလောကဦး နတ်သရဖူကို ဆင်မြန်ထားပါတယ်။ လက်မှာတော့ ပဋိပက္ခ စိန်လက်ကောက်ကို ဝတ်ဆင်ထားပြီး နဂါးသုံးထောင် ဖဲကြိုးက ခန္ဓာကိုယ်ကို ရစ်ပတ်ထားပါတယ်။ ရတနာလေးပါးကြောင့် ဟန်ကျွယ်ရဲ့ ပုံရိပ်နဲ့ ကိုယ်ဟန်က အဆုံးစွန်ကို ရောက်သွားပါတယ်။ နဂါးသုံးထောင်ရဲ့ အရိပ်တွေဟာ ဟန်ကျွယ်နောက်မှာ လှုပ်ရှားနေတာကြောင့် ချူရှီရန်ဟာ ဟန်ကျွယ်ကို ကြည်ညိုစိတ်တွေ တဖွားဖွား ဖြစ်ပေါ်လာပါတယ်။

‘ဆရာဘိုးဘိုးက မဟာတာအို နတ်စိတ်ဝိညာဉ်ကို သတ်နိုင်တာ အံ့ဩစရာ မရှိတော့ပါဘူး...’

ဟန်ကျွယ်ရဲ့ ပုံစံက ချူရှီရန် စိတ်ကူးထဲက မဟာတာအို နတ်စိတ်ဝိညာဉ်တွေထက်တောင် ပိုခမ်းနားနေပါသေးတယ်။

ဟန်ကျွယ်က အပြုံးနဲ့ မေးလိုက်ပါတယ် “မဆိုးဘူး... မင်းက ကိုယ်ပိုင် မဟာတာအိုကို ဖန်တီးပြီး ကမ္ဘာတစ်ခုကို တည်ထောင်လိုက်တယ်၊ မင်းက တကယ်ကို အထက်မြက်ဆုံး တပည့်ပဲ”

ဟန်ကျွယ်ရဲ့ စကားကြောင့် ချူရှီရန်ဟာ ချက်ချင်း စိတ်လှုပ်ရှားသွားပါတယ်။ ပုံမှန်ဆိုရင် ချူရှီရန်ဟာ ဘယ်သူကိုပဲ တွေ့တွေ့ တည်တည်ငြိမ်ငြိမ် ရှိလှပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ရှေ့ ရောက်ရင်တောင် အမြဲတမ်း ဂျူနီယာတစ်လောက်လိုပါပဲ။

“ဆရာဘိုးဘိုးရဲ့ ကျေးဇူးကြောင့် ကျွန်တော် ဒီနေ့ ဒီနေရာကို ရောက်လာနိုင်တာပါ” ချူရှီရန်ဟာ စိတ်လှုပ်ရှားမှုကို ဖိနှိပ်ပြီး ပြောလိုက်ပါတယ်။ ဟန်ကျွယ်က ဒီစကားကို အရင်တုန်းက ပြောခဲ့ရင် ချူရှီရန်ဟာ ဒီလောက်ထိ စိတ်လှုပ်ရှားမှာ မဟုတ်ပါဘူး။ ချူရှီရန်ဟာ အရာအားလုံးက ဟန်ကျွယ်ရဲ့ တွက်ဆချက်ထဲမှာလို့ ခံစားလိုက်ရပါတယ်။

ချူရှီရန်ဟာ မဟာတာအိုပညာရှိတစ်ပါးက လူတစ်ယောက်ရဲ့ အနာဂတ်ကို မြင်နိုင်ပြီး အဲဒီလူရဲ့ ကံကြမ္မာကို ပြောင်းလဲနိုင်တယ်လို့ ကြားထားပါတယ်။

ဟန်ကျွယ်က မေးလိုက်ပါတယ် “ဗုဒ္ဓကမ္ဘာရဲ့ တိုးတက်ပြောင်းလဲမှုတွေကို ငါ့ကို ပြောစမ်းပါ၊ ငါ မြင်နိုင်တယ်ဆိုပေမဲ့ မင်းဆီက နားထောင်ရတာလောက် စိတ်လှုပ်ရှားဖို့ကောင်းမှာ မဟုတ်ဘူး”

ချူရှီရန်ဟာ ခေါင်းညိတ်လိုက်ပြီး ဗုဒ္ဓကမ္ဘာကို တည်ထောင်ခဲ့တဲ့ အတွေ့အကြုံတွေကို စပြီးတော့ ပြောပြပါတယ်။ ချူရှီရန်ဟာ လေးငါးဆယ်နာရီ ကြာအောင် တစ်ချက်မနားဘဲ တရစပ် ပြောပါတယ်။

ဗုဒ္ဓကမ္ဘာရဲ့ တိုးတက်မှုက မဆိုးပါဘူး။ ဗုဒ္ဓကမ္ဘာဟာ သီးသန့်ကမ္ဘာတစ်ခုအဖြစ် တည်ရှိနေတာ မဟုတ်ဘဲ ကမ္ဘာအများကြီးနဲ့ အဆက်အသွယ်ရှိနေတဲ့ ဂိုဏ်းတစ်ဂိုဏ်းနဲ့ ပိုတူပါတယ်။ ဗုဒ္ဓကမ္ဘာရဲ့ တပည့်တွေက ပဋိပက္ခမှာ လှည့်လည်သွားလာနေကြတဲ့ ကျင့်ကြံသူတွေချည်းပါပဲ။ ဗုဒ္ဓဓမ္မကို သင်ယူလေ့လာပြီးနောက် ကျင့်ကြံသူတွေဟာ ပဋိပက္ခအနှံ့ ခြေဆန့်ကာ ဒုက္ခ ခံစားနေရတဲ့ သက်ရှိတွေကို ကယ်တင်ကြပါတယ်။

ချူရှီရန်ဟာ သူ့အတွေ့အကြုံတွေကို ဂုဏ်ယူစွာ ပြောပြပါတယ်။ ချူရှီရန်ဟာ သူ့ရဲ့ ဗုဒ္ဓကမ္ဘာက ကောင်းကင်တာအို ဗုဒ္ဓဂိုဏ်းထက် ပိုပြီးတော့ ဗုဒ္ဓဆန်တယ်လို့ ခံယူထားပါတယ်။ ဗုဒ္ဓစစ်တစ်ပါးက သက်ရှိအားလုံးကို ဒုက္ခတွေက ကယ်တင်ဖို့ပဲ ကျင့်ကြံအားထုတ်သင့်ပါတယ်။ အာဏာကို ရယူဖို့အတွက် မကျင့်ကြံသင့်ပါဘူး။

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “မဆိုးဘူး၊ ငါ မင်းရဲ့ လုပ်ဆောင်ချက်ကို သဘောကျတယ်၊ မင်းရဲ့ မူလရည်ရွယ်ချက်ကို ဘယ်တော့မှ မမေ့နဲ့၊ ဒါပေမဲ့ ပဋိပက္ခက ဖရိုဖရဲဖြစ်နေတုန်း ရှိသေးတယ်၊ တခြားလူတွေကို အယုံမလွယ်နဲ့၊ မင်း ပြဿနာတွေ့ရင် တိတ်ဆိတ်ဂိုဏ်းကို ဆက်သွယ်ဖို့ မမေ့နဲ့၊ မင်းက ဗုဒ္ဓကမ္ဘာကို တည်ထောင်လိုက်တယ်ဆိုပေမဲ့ တိတ်ဆိတ်ဂိုဏ်းကနေ ထွက်သွားတာမှ မဟုတ်တာ၊ ဟုတ်တယ်မလား”

ချူရှီရန်ဟာ အံ့အားသင့်သွားပါတယ် “မြေးတပည့်က အမြဲတမ်း တိတ်ဆိတ်ဂိုဏ်းရဲ့ တပည့် ဖြစ်နေမှာပါ”

ဟန်ကျွယ်ဟာ ပြုံးပြီး ခေါင်းညိတ်လိုက်ပါတယ်။ ချူရှီရန်က ဂူအောင်းကျင့်ကြံနေတာ ဖြစ်တဲ့အတွက် ဟန်ကျွယ်ဟာ အိပ်မက်ကို ချက်ချင်း အဆုံးမသတ်ဘဲ တာအိုဟောကြားပေးလိုက်ပါတယ်။

ဆယ်နှစ်ကြာပြီးနောက်။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး ချူရှီရန်ရဲ့ အရည်အချင်းက သူ့တပည့်တွေထဲမှာ အထက်မြက်ဆုံး ဖြစ်နိုင်လောက်တယ်လို့ ရုတ်တရက် ခံစားလိုက်ရပါတယ်။ ဟန်ကျွယ်ဟာ ချူရှီရန်က တာအိုဟောကြားတာကို လေးလေးစားစား နားထောင်ပြီး အန္တိမမူလ မဟာတာအိုအပေါ် နက်နက်ရှိုင်းရှိုင်း နားလည်နေတာကို ရှာတွေ့ခဲ့လို့ ဒီလို ခံစားလိုက်ရတာ ဖြစ်ပါတယ်။

အန္တိမမူလ မဟာတာအိုမှာ ကျင့်ကြံမှုလမ်းစဉ်သာ ရှိခဲ့မယ်ဆိုရင် ချူရှီရန်က တခြားတပည့်တွေရဲ့ရှေ့ကို အမြဲတမ်း ရောက်နေမှာပါ။ တခြားတပည့်တွေက ချူရှီရန်ကို ကျင့်ကြံမှုအဆင့်မှာ ဖိနှိပ်ကောင်း ဖိနှိပ်နိုင်ပေမဲ့ အန္တိမမူလ မဟာတာအိုကို နားလည်နိုင်စွမ်းမှာတော့ ချူရှီရန်ကို မီမှာ မဟုတ်ပါဘူး။

အရေးအကြီးဆုံးကတော့ ချူရှီရန်မှာ ကြင်နာတတ်တဲ့ နှလုံးသား ရှိနေတာပါ။

ဟန်ကျွယ်ရဲ့ တပည့်အများစုက စွမ်းအားကြီးဖို့ ကျင့်ကြံအားထုတ်ကြတာပါ။ တပည့်တချို့ကပဲ တခြားလူတွေအတွက် ကျင့်ကြံအားထုတ်ကြတာပါ။

ဟန်ကျွယ်ဟာ ပြုံးလိုက်ပြီး ခေါင်းထဲက အတွေးတွေကို ရှင်းထုတ်လိုက်ပါတယ်။ အဲဒီနောက် ဆက်ကျင့်ကြံအားထုတ်ဖို့ ပြင်လိုက်ပါတယ်။ ဒါပေမဲ့ တစ်စုံတစ်ခုကို ခံစားမိတာကြောင့် ပဋိပက္ခကောင်းကင်လမ်းကို လှမ်းကြည့်လိုက်ပါတယ်။

မဟာတာအိုပညာရှိ။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters