← Chapters

အန္တိမ အကောင်းစား ရတနာ၊ နားချိန် နှစ်ဆယ်သန်း

Vol. 72 Ch. 762

အန္တိမ အကောင်းစား ရတနာ၊ နားချိန် နှစ်ဆယ်သန်း

Vol. 72 Ch. 762

ဖန်းလျန် မေးခွန်း မေးအပြီးမှာ ဂိုဏ်းချုပ်တျန်ကျွယ်၊ ချုံရှီလိုင်နဲ့ ကျန်းကူရှင်းတို့ဟာ ကောင်းကင်အရှင်ရွှမ်တုကို စိတ်လှုပ်တရှား စိုက်ကြည့်လိုက်ကြပါတယ်။ မဟာတာအို အနန္တကပ်ဘေးက ပဋိပက္ခတစ်ခုလုံးကို ဖုံးအုပ်ထားတဲ့ အရိပ်နက်ကြီး မဟုတ်ပါလား။

ကျင့်ကြံသူ အကုန်လုံးဟာ မဟာတာအို အနန္တကပ်ဘေး လာနေမှန်း သိကြပေမဲ့ ဘယ်အချိန်မှာ ဘယ်လိုအခြေအနေနဲ့ ရောက်လာမယ် ဆိုတာကို ဘယ်သူမှ မသိကြပါဘူး။ ဒါကြောင့် ကောင်းကင်တာအိုမှာသာ မဟာတာအို အနန္တကပ်ဘေးကို ခုခံနိုင်ဖို့ မျှော်လင့်ချက် ရှိရင် ကောင်းကင်တာအိုက ပဋိပက္ခတစ်ခုလုံးရဲ့ ဗဟိုချက်မ ဖြစ်လာမှာပါ။

ကောင်းကင်အရှင်ရွှမ်တုက မျက်နှာတစ်ချက် မပျက်ဘဲ ပြန်ဖြေပါတယ် “ဘယ်က ဟုတ်ရမှာလဲ၊ သတင်းအတု၊ သတင်းအတုဆိုပေမဲ့ အမှန် ဖြစ်လာနိုင်တာပဲ၊ လူတိုင်းက လောကဦး နတ်ဘီလူး နာမည်သုံးပြီး ကောင်းကင်တာအိုကို ဖိနှိပ်လာမှာ ငါ မမြင်ချင်ဘူး”

“ငါတို့တွေ တာအိုရောင်းရင်းဟန်ကို အရာရာတိုင်းမှာ မှီခိုနေလို့ မရဘူး၊ စွမ်းအားအပြင် ကပ်ဘေးကို ဖြေရှင်းနိုင်တဲ့ တခြားနည်းတွေလည်း ရှိတယ်”

တာအိုပညာရှိ လေးပါးဟာ တိတ်ဆိတ်သွားကြပါတယ်။

ဖန်းလျန်ကတော့ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ် ‘ငါ ထင်တော့ ထင်သားပဲ... ဘာ လောကဦးပညာရှိ ဆယ်ပါးလား... ကြားကောင်းရုံပဲ ရှိတာ...’

ကောင်းကင်အရှင်ရွှမ်တုက ဆက်ပြောပါတယ် “ငါ မင်းတို့ကို လောကဦးပညာရှိ ဆယ်ပါးရဲ့ ဒဏ္ဍာရီတွေကို ပြောပြမယ်၊ သေချာ မှတ်ထားချည်”

တာအိုပညာရှိ လေးပါးရဲ့ မျက်နှာဟာ ထူးဆန်းသွားပါတယ် ‘မင်းက ဒဏ္ဍာရီတောင် ဖန်တီးထားပြီးပြီလား...’

ကောင်းကင်အရှင်ရွှမ်တုဟာ တာအိုပညာရှိလေးပါးရဲ့ မျက်နှာအမူအရာကို မမြင်သလိုမျိုး ပြောစရာရှိတာ ဆက်ပြောပါတယ်။

နှစ်ငါးထောင် မပြည့်ခင်မှာပဲ လောကဦးပညာရှိ ဆယ်ပါးရဲ့ ဒဏ္ဍာရီတွေဟာ ကောင်းကင်တာအိုတစ်ခွင် ပျံ့နှံ့သွားပါတယ်။ အဲဒီနောက် ပဋိပက္ခ ကောင်းကင်လမ်းကနေ ပဋိပက္ခကိုပါ ရောက်ရှိသွားပါတယ်။

ဒဏ္ဍာရီအရ လောကဦးပညာရှိ ဆယ်ပါးဟာ စွမ်းအားကြီးပုဂ္ဂိုလ်ဆယ်ပါး ဖြစ်ပြီး တာအိုဘိုးဘေးလည်း တစ်ပါး အပါအဝင် ဖြစ်ပါတယ်။ သူတို့ဟာ လောကဦးနတ်ဘီလူး ဝင်စားတဲ့ လျိုဟုန်ကို အနိုင်ယူပြီးနောက် အစအနရှာရအောင် ခြေရာဖျောက်သွားကြပါတယ်။ မဟာတာအို အနန္တကပ်ဘေး မတိုင်ခင် သူတို့ဟာ ပြန်ဝင်စားပြီး မဟာတာအိုကို ပြန်ကျင့်ကြံမှာပါ။ အဲဒီနောက် သူတို့ဆယ်ပါးဟာ လောကဦး နတ်ဘီလူးကို သတ်ဖြတ်မဲ့ ပဋိပက္ခရဲ့ ကယ်တင်ရှင်တွေ ဖြစ်လာမှာပါ။

ဒီဒဏ္ဍာရီက မရေမတွက်နိုင်တဲ့ ပါရမီရှင်တွေကို စိတ်လှုပ်ရှားစေပါတယ်။ ပါရမီရှင်တွေက သူတို့ကိုယ်သူတို့ အမြင့်ကြီး တွေးထားကြတာပါ။ ဒါကြောင့် ပါရမီရှင်တွေဟာ သူတို့ကိုယ်သူတို့ စွမ်းအားကြီးပုဂ္ဂိုလ် ပြန်ဝင်စားတာလို့ စိတ်ကူးယဉ်လာကြပါတယ်။

ကောင်းကင်တာအိုက လောကဦးပညာရှိ ဆယ်ပါးကို လိုက်ရှာတဲ့ ခေတ်ရေစီးကြောင်းတစ်ခု ဖြစ်ပေါ်လာပါတယ်။ ဒါပေမဲ့ ဒီသတင်းက ပဋိပက္ခရဲ့ နေရာတိုင်းကို ပျံ့နှံ့ရောက်ရှိဖို့တော့ အချိန်ယူရဦးမှာပါ။

နှစ်တစ်သောင်းကျော် ကြာပေမဲ့ ဟန်ကျွယ်ဟာ ကျင့်ကြံအားထုတ်နေတုန်းပါ။

[သင်သည် အသက်ရှစ်သိန်း ပြည့်ပါပြီ။ သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]

[၁။ ဂူအောင်းကျင့်ကြံရာမှ ထွက်၍ လောကဦး နတ်ဘီလူး၏ ဂုဏ်သတင်းကို ဖြန့်ကြက်ကာ မဟာတာအို အနန္တကပ်ဘေး ဖြစ်ပေါ်လာအောင် လှုံ့ဆော်ပါ။ ဆုလာဘ်အဖြစ် တာအိုစက်ကွင်းအား အဆင့်မြှင့်တင်ရန် အခွင့်အရေးတစ်ကြိမ် ရရှိမည်။]

[၂။ သိုသိုသိပ်သိပ် ကျင့်ကြံအားထုတ်၍ ပြဿနာများနှင့် ဝေးဝေးနေပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စ၊ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် အကောင်းစား ရတနာ တစ်ပါးအား ရရှိမည်။]

‘အသက်ရှစ်သိန်း ပြည့်သွားပြီတဲ့လား... ငါတောင် အသက် တော်တော်ကြီးသွားပြီပဲ’

ဟန်ကျွယ်ဟာ နှစ်ခါမစဉ်းစားဘဲ နံပါတ်နှစ်ကို ရွေးချယ်လိုက်ပါတယ်။

[အန္တိမ အကောင်းစား ရတနာ ဆန်းကြယ် ကံတရားစာအုပ်ကို ရရှိခြင်းအတွက် ဂုဏ်ယူပါသည်။]

[ဆန်းကြယ် ကံတရားစာအုပ်: အန္တိမ အကောင်းစား ရတနာ၊ အထွတ်အထိပ် ဖန်တီးမှုတစ်ခုကို သိမ်းဆည်းခြင်းမှ ဖြစ်ပေါ်လာသည်။ အခြားလူများ၏ အတိတ် အနာဂတ်ကို လိုသလို ကစားနိုင်ပြီး အရာအားလုံးကို တိုက်ရိုက် ပြောင်းလဲနိုင်သည်။ စည်းမျဉ်းနိယာမများ၏ ကန့်သတ်မှုကို မခံရသော်လည်း မဟာတာအို၏ တည်ရှိမှုနှင့် မဟာတာအို၏ စည်းမျဉ်း စည်းကမ်းများကို ဖျက်မပစ်နိုင်ပါ။

ဤရတနာအား အသုံးပြုတိုင်း တန်ကြေးနှင့် ညီမျှသော သက်တမ်းကို နှုတ်ယူခံရမည်။ ထို့နောက် ဤရတနာအား အချိန်အတိုင်းအတာ တစ်ခု အထိ အသုံးပြု၍ ရလိမ့်မည် မဟုတ်ပေ။ အသုံးပြုသည့် အကြိမ်အရေအတွက် တိုးလာသည်နှင့် အနားယူရသည့် အချိန်သည်လည်း ဆတိုးနှုန်းဖြင့် တိုးလာလိမ့်မည်။ မှတ်ချက် - ဤရတနာသည် အဆင့်မြှင့်တင်၍ မရသကဲ့သို့ မည့်သူကိုမျှ သခင်အဖြစ် အသိအမှတ်ပြုလိမ့်မည် မဟုတ်ပေ။]

‘ဘာလဲဟ..’

ဟန်ကျွယ်ဟာ မျက်တောင်ခတ်သွားပါတယ်။

‘အန္တိမ အကောင်းစား ရတနာ... ငါနောက်ထပ် လက်နက်ကြီးတစ်ခုကို ထပ်ရလိုက်တာလား...’

ဟန်ကျွယ်ဟာ ဆန်းကြယ် ကံတရားစာအုပ်ရဲ့ အချက်အလက်ကို သေချာဂရုတစိုက် ဖတ်ကြည့်ပြီး အသက်ရှူ မြန်သွားပါတယ်။

‘ဒီရတနာက အရာအားလုံးကို တိုက်ရိုက် ပြောင်းလဲနိုင်တယ် ဆိုပါလား... တော်တော်ကြမ်းတာပဲ...’

ဟန်ကျွယ်ဟာ ဆန်းကြယ် ကံတရားစာအုပ်ကို ထုတ်ယူလိုက်တဲ့အခါ ဟန်ကျွယ်လက်ထဲမှာ အဖြူရောင် မျက်နှာဖုံးနဲ့ စာအုပ်တစ်အုပ် ပေါ်လာပါတယ်။ စာအုပ်မျက်နှာဖုံးက ချောမွေ့ပြီး အေးစက်နေပါတယ်။ စာအုပ်ကို လှန်ကြည့်လိုက်တဲ့အခါ ဗလာစာရွက်တွေကိုပဲ တွေ့ရပါတယ်။ သာမန်စာအုပ်နဲ့ ဘာမှမခြားသလိုပါပဲ။

‘ဒီရတနာက အသုံးပြုဖို့ လွယ်မယ် မထင်ဘူး၊ ငါ့သက်တမ်း ဘယ်လောက်တောင် ကုန်ဦးမှာလဲ... ငါ့ကို ခြောက်ကပ်သွားအောင် မစုပ်ယူဖို့ မျှော်လင့်ရတာပဲ’

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။

[ဤရတနာအား အသုံးပြုရန် စနစ်မှ ကူညီနိုင်သည်။ ဤရတနာသည် စနစ်ထဲတွင်ရှိသော စွမ်းအားကြီး ရတနာများထဲမှ တစ်ပါးဖြစ်သည်။ စွမ်းအားကြီးလွန်းသဖြင့် သတိကြီးကြီးထားပြီး အသုံးပြုပါ။]

ဟန်ကျွယ်ဟာ ဒီစာကြောင်းကို မြင်တဲ့အခါ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။

‘စွမ်းအားကြီး ရတနာတွေထဲက တစ်ပါး... ရတနာတွေထဲက တစ်ပါးတည်းလား... အစွမ်းအထက်ဆုံး မဟုတ်ဘူးလား...’

ဟန်ကျွယ်ရဲ့ အမြင်မှာ အရာအားလုံးကို တစ်ခါတည်း ပြောင်းလဲနိုင်ရင် ပြိုင်ဘက်ကင်းနေပါပြီ။

ဟန်ကျွယ်ဟာ စနစ်ကို မေးလိုက်ပါတယ် “ငါ ပဋိပက္ခမှာ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ် ဖြစ်ချင်ရင် သက်တမ်း ဘယ်လောက်ကုန်မလဲ”

[သတိပေးချက် - သင်သည် ဤပြောင်းလဲမှုမှ သယ်ဆောင်လာသော အနှိုင်းအဆမဲ့ ဖန်တီးမှုအား တောင့်မခံနိုင်ပါ။ သင် ချက်ချင်း သေဆုံးလိမ့်မည်။]

‘မဟုတ်သေးပါဘူး... ငါက အစွမ်းအထက်ဆုံးဆို ဘယ်လိုလုပ်ပြီး သေမှာလဲ’

[အစွမ်းအထက်ဆုံး မဖြစ်ခင် ပြောင်းလဲမှု ဖြစ်စဉ်အတွင်း၌ သေဆုံးလိမ့်မည်။]

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ဒါဆို သုံးစားမရဘူးပေါ့... ကြမ္မာဆိုးစာအုပ်ထက်တောင် သုံးစားလို့ မရသေးတယ်’

ဟန်ကျွယ်ဟာ ရုတ်တရက်ဆိုသလို ကနဦးနတ်မင်းက ကောင်းကင်တာအိုဆီ မဟာတာအိုပညာရှိတွေ စေလွှတ်ပြီး လောကဦး နတ်ဘီလူးအကြောင်း စုံစမ်းခိုင်းတာကို တွေးမိသွားပါတယ်။

‘သက်ရှိတွေက ငါ့ကို လောကဦး နတ်ဘီလူးလို့ ဘယ်တော့မှ မထင်အောင် ငါ ဘယ်သူဘယ်ဝါ ဆိုတာကို ပြောင်းလဲလို့ ရတာပဲ’

ဟန်ကျွယ်ဟာ နှလုံးခုန် မြန်သွားပါတယ်။ ဟန်ကျွယ် စွမ်းအားကြီးတာနဲ့ လုံခြုံမှု ယှဉ်လာရင် လုံခြုံမှုကိုပဲ ရွေးချယ်မှာပါ။ လုံခြုံမှုမရှိဘဲ စွမ်းအားကြီးလာရင် အခြေမခိုင်တဲ့ သစ်ပင်လို လေပြင်းတစ်ချက်နဲ့ အမြစ်ကျွတ်သွားနိုင်ပါတယ်။ လောကဦးနတ်ဘီလူးက ပဋိပက္ခတစ်ခုလုံးရဲ့ လူထု ရန်သူတော်ကြီး မဟုတ်ပါလား။

“ငါက အန္တရာယ် လုံးဝ မပေးနိုင်ဘူးလို့ ပဋိပက္ခ သက်ရှိတွေကို တွေးစေချင်တယ်”

[သတိပေးချက် - သင်သည် ဤပြောင်းလဲမှုမှ သယ်ဆောင်လာသော အနှိုင်းအဆမဲ့ ဖန်တီးမှုအား တောင့်မခံနိုင်ပါ။ သင် ချက်ချင်း သေဆုံးလိမ့်မည်။]

“ပဋိပက္ခနတ်မင်းတွေကို ငါ့အပေါ် မျက်နှာသာပေးမှု ရှိစေချင်တယ်”

[သတိပေးချက် - သင်သည် ဤပြောင်းလဲမှုမှ သယ်ဆောင်လာသော အနှိုင်းအဆမဲ့ ဖန်တီးမှုအား တောင့်မခံနိုင်ပါ။ သင် ချက်ချင်း သေဆုံးလိမ့်မည်။]

‘ဟုတ်ပါပြီ... ဟုတ်ပါပြီ... ငါ လျှော့လိုက်ပါ့မယ်’

“ငါက ပဋိပက္ခနတ်ဘီလူး ပြန်မွေးဖွားတာလို့ ပဋိပက္ခမှာရှိတဲ့ သက်ရှိတွေအကုန်လုံးကို ယုံကြည်စေချင်တယ်”

ပဋိပက္ခနတ်ဘီလူးက အနိမ့်ဆုံး ကြမ်းခင်းပါ။ ဟန်ကျွယ် ထုတ်ပြထားတဲ့ အရည်အချင်းက တော်တော်ကို ကြောက်ဖို့ ကောင်းနေပါပြီ။ ပဋိပက္ခနတ်ဘီလူးထက် နိမ့်ကျတဲ့ အရည်အချင်းဆို ဘယ်သူမှ ယုံမှာ မဟုတ်ပါဘူး။

သာမန်သက်ရှိတွေက ဒီအချက်ကို သတိမထားမိလောက်ပါဘူး။ ဒါပေမဲ့ ပဋိပက္ခနတ်မင်းတွေကတော့ ဒီအချက်ကို သတိထားမိပြီး စုံစမ်းစစ်ဆေးတာ လုပ်လာနိုင်ပါတယ်။ ဒီလိုဆို ဟန်ကျွယ်က လောကဦးနတ်ဘီလူးဆိုတာ ပိုပြီးတော့ မြန်မြန်ဆန်ဆန် ပေါ်သွားမှာပါ။

[သင်၏ သက်တမ်းတစ်ဝက် ကုန်ဆုံးပါမည်။ ဆက်လက် လုပ်ဆောင်လိုပါသလား။]

‘သက်တမ်း တစ်ဝက်...’

ဟန်ကျွယ်ဟာ မျက်လုံးပြူး မျက်ဆံပြူး ဖြစ်သွားပြီး ဆန်းကြယ် ကံတရား စာအုပ်ကို လွှင့်ပစ်လုနီး ဖြစ်သွားပါတယ်။

‘ဒီဟာက တကယ်ကို ကောင်းတဲ့ရတနာ မဟုတ်ဘူး’

ဒါပေမဲ့ ဟန်ကျွယ်ဟာ လက်မလျှော့ပါဘူး။ လောကဦး နတ်ဘီလူး လျှို့ဝှက်ချက်က မဖြစ်မနေ ကာကွယ်ရမဲ့ လျှို့ဝှက်ချက်တစ်ခုပါ။ ဒါပေမဲ့ သူ့သက်တမ်းက အဆင့်တက်တာနဲ့ ပြန်တိုးသွားမှာပါ။

ဟန်ကျွယ်ဟာ အံကြိတ်ပြီး ဆက်လက် လုပ်ဆောင်ဖို့ ရွေးချယ်လိုက်ပါတယ်။

ကံတရား ဆန်းကြယ်စာအုပ်ဟာ တလက်လက် တောက်ပလာပါတယ်။ ဟန်ကျွယ်ဟာ အလွန်ကြောက်ဖို့ကောင်းတဲ့ စုပ်အားတစ်ခုက သူ့ကိုယ်ထဲက တစ်စုံတစ်ရာကို စုပ်ယူနေတယ်လို့ ခံစားမိလိုက်ပါတယ်။

အဲဒါက သူ့ရဲ့ သက်တမ်းပါ။

ဟန်ကျွယ်ဟာ အချိန်တစ်ခုကြာမှ သတိပြန်ဝင်လာပါတယ်။ ဟန်ကျွယ် သတိပြန်ဝင်လာတာနဲ့ တစ်ကိုယ်လုံး ပင်ပန်းနွမ်းလျနေတာကို ပထမဆုံး ခံစားလိုက်ရပါတယ်။

ဟန်ကျွယ်ဟာ ဆန်းကြယ် ကံတရား စာအုပ်ကို ကြည့်ပြီး တော်တော်လေး ကြောက်သွားပါတယ်။ ဒီစာအုပ်က တော်တော်ကို ကြောက်ဖို့ကောင်းတာပါ။ ပေးရတဲ့ တန်ဖိုးကို ဘေးဖယ်ထားလိုက်ရင် ဒီစာအုပ်ရဲ့ စွမ်းအားက လူတိုင်းကို အရူးအမူး ဖြစ်သွားစေမှာပါ။

ဟန်ကျွယ်ရဲ့ စာအုပ်ရဲ့ အနားယူချိန်ကို စစ်ဆေးလိုက်ပါတယ်။

‘နှစ်ဆယ်သန်းတောင်လား...’ ဟန်ကျွယ်ဟာ ပါးစပ် အဟောင်းသား ဖြစ်သွားပါတယ်။ ဟန်ကျွယ် ပျော်ရမလား စိတ်ပျက်ရမလား မသိတော့ပါဘူး။

ဆန်းကြယ် ကံတရားစာအုပ်ကို စွဲမသွားတဲ့အတွက် ဟန်ကျွယ် ပျော်သင့်ပါတယ်။ ဒါပေမဲ့ ဒီလိုမျိုး အကောင်းစား ရတနာက အချိန်အကြာကြီး သုံးလို့မရတဲ့ စိတ်ပျက်သင့်တယ် မဟုတ်ပါလား။ နောက်ပြီး ဒီအနားယူတဲ့အချိန်က အသုံးပြုပြီးတိုင်းမှာ ဆတိုးနှုန်းနဲ့ တိုးသွားမှာပါ။

ဒါကြောင့် ဟန်ကျွယ်သာ ဒီဆန်းကြယ်ကံတရား စာအုပ်ကို နောက်တစ်ခါ အသုံးပြုပြီးရင် နှစ်သန်းတစ်ရာလောက် စောင့်ရကောင်း စောင့်ရနိုင်ပါတယ်။

ဟန်ကျွယ်ဟာ ဆန်းကြယ်ကံတရား စာအုပ်ကို ပြန်သိမ်းပြီး သူ့ရဲ့ တာအိုပညာရှိအာရုံကို ကောင်းကင်တာအိုအနှံ့ ဖြန့်ကြက်လိုက်ပါတယ်။ သက်ရှိအားလုံးက ဘာမှ မပြောင်းလဲပါဘူး။ အရင်အတိုင်းပါပဲ။

‘ဒါက ပြောင်းလဲမှုလား..’ ဟန်ကျွယ်ဟာ ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိလိုက်ပါတယ် “ပဋိပက္ခနတ်မင်းတွေမှာရော ဒီလိုရတနာမျိုး ရှိလား”

[အန္တိမ အကောင်းစား ရတနာသည် တွက်ချက်မရပါ။]

ဟန်ကျွယ်ဟာ ဟိုးအရင်တုန်းက သူကြားခဲ့ရတဲ့ အသံကို ပြန်တွေးမိလိုက်ပါတယ်။

‘ပုံရိပ်ယောင်ကို ဖြတ်ကျော်ရမယ်... အရာအားလုံးကိုသာ ပြောင်းလဲနိုင်ရင် ဒီစကားက အလိမ်အညာတစ်ခု ဖြစ်သွားမှာပဲ... ပြောင်းလဲလို့မရတဲ့ တကယ်စစ်မှန်တဲ့ တည်ရှိမှုက ဘာလဲ...’

ဟန်ကျွယ်ဟာ ခေါင်းထဲက အတွေးတွေကို ရှင်းထုတ်ပြီး သူ့စိတ်ကို ပြုပြင်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ ဆန်းကြယ်ကံတရားစာအုပ် လွှမ်းမိုးတာကို မခံပါဘူး။ ဒီရတနာက ကြောက်ဖို့ကောင်းပေမဲ့ ကျင့်ကြံဖို့လည်း အများကြီးလိုအပ်ပါတယ်။ ပေးရတဲ့တန်ကြေးက ကြမ္မာဆိုးစာအုပ်နဲ့ ယှဉ်ရင် မိုးနဲ့မြေလိုပါပဲ။

ဆန်းကြယ် ကံတရားစာအုပ်နဲ့ ရန်သူကို သတ်တာက ကြမ္မာဆိုးစာအုပ်နဲ့ ကျိန်စာတိုက်တာလောက် တန်မှာ မဟုတ်ပါဘူး။ အကောင်းဆုံးကတော့ ကိုယ့်ဘာသာ သတ်တာပါ။

ဒီဆန်းကြယ် ကံတရားစာအုပ်သာ တခြားသက်ရှိတွေလက်ထဲ ရောက်သွားရင် သူတို့ရဲ့ ကျင့်ကြံမှုကလည်း ရပ်တန့်နေမယ်ဆို သုံးလေးခါ သုံးပြီးတာနဲ့ မရဏလမ်း မြန်းရမှာပါ။ ဒီလိုမဟုတ်ဘဲ ဟန်ကျွယ်လို တစ်ခါတည်း အစွမ်းအထက်ဆုံး ပုဂ္ဂိုလ် ဖြစ်ချင်ရင်တော့ ချက်ချင်း သေမှာပါ။ တခြားကျင့်ကြံသူတွေမှာက ဟန်ကျွယ်လိုမျိုး အသိပေးနိုင်တဲ့ စနစ်မရှိဘူး မဟုတ်ပါလား။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters