ဂျိရှင်းရှန် ရွေးချယ်ခံရခြင်း
Vol. 72 Ch. 764
တာအိုပညာရှိတွေဟာ အတန်ကြာအောင် ဆွေးနွေးကြပြီး နောက်ဆုံးမှာတော့ ဂျိရှင်းရှန်ကို တာအိုပညာရှိ အသစ်အဖြစ် ရွေးချယ်လိုက်ပါတယ်။ ဟန်ကျွယ်ကို မျက်နှာလို မျက်နှာရ လုပ်ချင်လို့ဆိုတာ အသိသာကြီးပါ။
ဒါပေမဲ့ အရည်အချင်းကို ထည့်ပြောမယ်ဆိုရင် ဂျိရှင်းရှန်က တကယ်ကို အရည်အချင်း ပြည့်မီတာပါ။ ဂျိရှင်းရှန်က တာအိုပညာရှိအတု ဖြစ်တဲ့အပြင် မိုးကောင်းကင် မျိုးနွယ်စုကိုလည်း ထိန်းချုပ်ထားပါတယ်။ တာအိုပညာရှိတွေ စွန့်ပစ်တာကို ခံလိုက်ရပြီးကတည်းက မိုးကောင်းကင် မျိုးနွယ်စုဟာ ငရဲပြည်ကို ရွှေ့ပြီး ကောင်းကင်တာအိုအတွက် တိတ်တဆိတ် အကျိုးဆောင်နေတာပါ။
နောက်ပိုင်း ကောင်းကင်ကပ်ဘေး ဧကရာဇ်ရဲ့ ထောက်ပံ့မှုနဲ့ မိုးကောင်းကင် မျိုးနွယ်စုနဲ့ ကပ်ဘေးမျိုးနွယ်စုဟာ အချင်းချင်း လက်ထပ်ခဲ့ကြပါတယ်။ ဒီအကြောင်းကြောင့် မိုးကောင်းကင် မျိုးနွယ်စုဟာ ပိုပိုပြီးတော့ စွမ်းအားကြီးလာခဲ့ပါတယ်။
ဒီအကြောင်းပြောရရင် ဟန်ကျွယ်ဟာ သူ့ရဲ့ ဒီတပည့်ကို ဂရုမစိုက်တာ အတော်ကြာသွားပါပြီ။ ဂျိရှင်းရှန်ဟာ အမှားလုပ်ပြီးကတည်းက စောဒကတစ်ချက် မတက်ဘဲ တစ်ချိန်လုံး ဂူအောင်းပြီး ကျင့်ကြံအားထုတ်နေခဲ့တာပါ။
ကောင်းကင်အရှင်ရွှမ်တုက ထပ်ပြောလိုက်ပါတယ် “လောကဦးပညာရှိ ဆယ်ပါး အကြောင်း ပြောရအောင်၊ ဒီဒဏ္ဍာရီကို ပဋိပက္ခက သိပ်မယုံချင်ဘူး၊ ဒီတော့ ငါတို့တွေ ကောင်းကင်တာအိုကို ကိုယ်စားပြုပြီး ကောင်းကင်တာအိုကို နာမည်ကျော်အောင် လုပ်ပေးနိုင်တဲ့ ပါရမီရှင်ဆယ်ပါးကို ရွေးဖို့ လိုတယ်၊ ဒီဆယ်ယောက်က တာအိုပညာရှိ မဖြစ်ရဘူး”
‘လောကဦးပညာရှိ ဆယ်ပါး...’ ဟန်ကျွယ်ဟာ တိတ်တဆိတ် တွက်ချက်ကြည့်တဲ့အခါ ရယ်ရခက် ငိုရခက် ဖြစ်သွားပါတယ်။
ကောင်ကင်အရှင်ရွှမ်တုက ပရိယာယ် ဘယ်လိုသုံးရမလဲဆိုတာ တကယ်ကို သိတာပါ။ ဒီကိစ္စက မဟာတာအိုပညာရှိတွေ မျက်စိထဲမှာ ကလေးကစားစရာ အဆင့်တောင် မရှိပေမဲ့ ကျန်တဲ့သက်ရှိတွေရဲ့ မျက်လုံးထဲမှာတော့ ဒီလို မဟုတ်ပါဘူး။ သက်ရှိအများကြီးက ဒီကိစ္စကို အမှန်တကယ်လို့ ယုံကြည်ကြမှာပါ။
ကောင်းကင်အရှင်ရွှမ်တုဟာ စီမံအုပ်ချုပ်တဲ့ နေရာမှာ တော်တော် ထက်မြက်ပါတယ်။ အရင်တုန်းက တည်ထောင်ထားခဲ့တဲ့ လွမ်ဟွေ အာကာသက အခုထက်ထိ တိုးတက်ပြောင်းလဲနေတုန်း ရှိပါသေးတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ကောင်းကင်အရှင်ရွှမ်တုရဲ့ နည်းလမ်းတွေကို ခန့်မှန်းကြည့်လို့ ရပါတယ်။
တာအိုပညာရှိတွေဟာ လောကဦးပညာရှိ ဆယ်ပါး ဖြစ်နိုင်မဲ့ ပါရမီရှင်တွေကို စာရင်းပြုစုပါတယ်။
ဟန်ကျွယ်က ဝင်ပြောလိုက်ပါတယ် “တိတ်ဆိတ်ဂိုဏ်းက မရွေးနဲ့၊ ကောင်းကင်တာအိုက တခြား ကျင့်ကြံသူတွေကိုလည်း အခွင့်အရေး ပေးလိုက်ဦး၊ အနာဂတ်မှာ ကောင်းကင်တာအိုက ပိုပိုပြီးတော့ ကြီးလာမှာ၊ တာအိုပညာရှိတွေရဲ့ စွမ်းအားကလည်း အတူတူပဲ၊ လူတိုင်း ကောင်းကင်တာအိုနဲ့ အတူ မြင့်တက်လာပြီး စွမ်းအားကြီးလာကြလိမ့်မယ်”
တာအိုပညာရှိတွေဟာ ဟန်ကျွယ်ရဲ့ စကားကို ကြားရတဲ့အခါမှာ ဝိုင်းပြီးတော့ ချီးကျူးကြပါတယ်။
ဟန်ကျွယ်ဟာ ဘဝင်မမြင့်တာ မဟုတ်ပါဘူး။ ဒီကိစ္စက ပျင်းဖို့ကောင်းလို့ ဝင်မပါချင်တာပါ။ ဒါပေမဲ့ ပေါ်တင်ပြောလို့ကလည်း မဖြစ်တဲ့အတွက် ဝေ့ဝိုက်ပြီး ပြောလိုက်တာပါ။
အဲဒီနောက်ပိုင်း ကိစ္စတွေကို ဟန်ကျွယ်ဟာ ဝင်မဆွေးနွေးတော့ပါဘူး။
လောကဦးပညာရှိဆယ်ပါး ကိစ္စ ပြီးသွားတဲ့အခါ ပန်ရှင်းက ပြောလိုက်ပါတယ် “ရှုံဟွာက ငါ့ကို ထိခိုက်အောင် လုပ်တယ်၊ ကောင်းကင်တာအိုက ဘယ်အချိန်ကျရင် ရှုံဟွာကို ဖျက်ဆီးမှာလဲ”
ပန်ရှင်းရဲ့ အသံဟာ မကျေနပ်ချက်ပေါင်း သောင်းခြောက်ထောင် ပါဝင်နေပါတယ်။
တခြားတာအိုပညာရှိတွေဟာ ပန်ရှင်းရဲ့ စကားကို ကြားတာနဲ့ တိတ်ဆိတ်သွားပါတယ်။ ဒါကလည်း သူတို့ကို အဆိုးဆိုလို့ မရပါဘူး။ ရှုံဟွာက ကောင်းကင်တာအို ခုခံနိုင်တဲ့အရာ မဟုတ်ပါဘူး။ နောက်ပြီး ရှုံဟွာထဲမှာ မဟာတာအိုပညာရှိ ဘယ်နှပါး ပုန်းနေလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။
ဟန်ကျွယ်က မေးလိုက်ပါတယ် “ရှုံဟွာက မင်းကို ဘယ်လို ရန်စလို့လဲ”
ပန်ရှင်းဟာ အံကြိတ်လိုက်ပါတယ် “သူတို့က ပဋိပက္ခ ကောင်းကင်လမ်းကို မျက်စိကျနေတယ်၊ နောက်ပြီး ဒီကောင်တွေ ငါ့ရဲ့ အကောင်းစား ရတနာတစ်ပါးကိုလည်း ခိုးသွားသေးတယ်”
ပန်ရှင်းဟာ ကောင်းကင်ဖွင့်လှစ်ပုဆိန် ပျက်စီးသွားတာရဲ့ အကြောင်းရင်းကို လုံးဝ စဉ်းစားမရပါဘူး။ တိုက်တိုက်ဆိုင်ဆိုင် ရှုံဟွာကလည်း ပဋိပက္ခကောင်းကင်လမ်းမှာ သတင်းလာစုဆောင်းတော့ ပန်ရှင်းဟာ သူ့ဒေါသကို ရှုံဟွာဆီ ပုံချလိုက်ပါတယ်။ ဒါပေမဲ့ ရှုံဟွာကို သင်ခန်းစာ မပေးနိုင်ဘဲ ပန်ရှင်းပဲ သင်ခန်းစာ ပေးခံလိုက်ရပါတယ်။
တောင်ဘက်စွန်း ကောင်းကင်အရှင်က သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “ဘယ် အကောင်းစား ရတနာလဲ၊ ကောင်းကင်ဖွင့်လှစ် ပုဆိန်လား၊ ပဋိပက္ခ ကြာစိမ်းလား...”
တခြားတာအိုပညာရှိတွေရဲ့ မျက်နှာဟာ ထူးထူးဆန်းဆန်း ဖြစ်သွားပါတယ်။
အကြောင်းအရင်း တချို့ကြောင့် ပန်ရှင်းဟာ တာအိုပညာရှိတွေရဲ့ အကြည့်ကို ရင်ဆိုင်ရတဲ့အခါ ကျားဂူထဲ ဝင်မိသလို ခံစားလိုက်ရပါတယ် “ဘာပဲဖြစ်ဖြစ် ရတနာတစ်ခု အခိုးခံလိုက်ရတာ အမှန်ပဲ”
ဟန်ကျွယ်ဟာ မျက်လုံးကျဉ်းပြီး တွက်ချက် ကြည့်လိုက်ပေမဲ့ ပန်ရှင်းကို ကာကွယ်ထားတဲ့ များပြားလွန်းတဲ့ ကောင်းကင်တာအို ကံတရား အထောက်အပံ့တွေကြောင့် ဘာမှ ထွက်မလာပါဘူး။
လက်ရှိပန်ရှင်းက ကျွန်ပြုခံရပြီးပါပြီ။ ဘာပဲဖြစ်ဖြစ် သူက ဟန်ကျွယ်ရဲ့ ငယ်သားပါ။ ဒါကြောင့် ဟန်ကျွယ်ဟာ သူ့ငယ်သားအတွက် မရပ်တည်ပေးလို့ မရပါဘူး။
“ကောင်းပြီ၊ ငါ ဒီကိစ္စကို စဉ်းစားပေးမယ်၊ ဒါပေမဲ့ ရှုံဟွာရဲ့ အင်အားက နက်ရှိုင်းတယ်၊ အလျင်စလို မလုပ်နဲ့၊ ရှုံဟွာက ကောင်းကင်တာအို မလှုပ်ရှားခင်တောင် ပျက်စီးသွားနိုင်တယ်”
ပန်ရှင်းဟာ လက်လျှော့လိုက်ရပါတယ်။
တခြားတာအိုပညာရှိတွေလည်း စိတ်သက်သာရာ ရသွားကြပါတယ်။ ကောင်းကင်တာအို အေးချမ်းတာက ဘယ်လောက်မှာ မရှိသေးပါဘူး။ နှစ်လေးငါးသိန်းပဲ ရှိသေးတာပါ။ ဒါကြောင့် တာအိုပညာရှိတွေဟာ ဒီငြိမ်းချမ်းမှုကို မဖျက်ဆီးချင်ကြပါဘူး။
တာအိုပညာရှိတွေအတွက် နှစ်တစ်သိန်း နှစ်သိန်းက အရမ်းကို မြန်ဆန်လွန်းပါတယ်။ တာအိုပညာရှိတွေဟာ ကျင့်ကြံအားထုတ်တာနဲ့ အလုပ်ရှုပ်နေကြတာပါ။ ဟန်ကျွယ်လို့ပဲ သူတို့တွေ မျက်စိမှိတ်ပြီး ပြန်ဖွင့်လိုက်တဲ့အခါ လောကကြီးက တော်တော် ပြောင်းလဲသွားပါတယ်။
နှစ်နာရီကြာတဲ့အခါ တာအိုပညာရှိတွေ ထွက်ခွာသွားကြပါတယ်။
ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းကို ပြန်ရောက်တာနဲ့ ပထမဆုံး ဒုတိယ တာအိုစက်ကွင်းဆီ သွားပြီး မွေးဖွားလာတာ ကြာပြီဖြစ်တဲ့ အမှောင်ထု နတ်ဘီလူးကို လွှတ်ပေးကာ မုရုံချီလက်ထဲ အပ်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ပင်မ တာအိုစက်ကွင်းဆီ ပြန်ပြီး ကျင့်ကြံအားထုတ်ပါတယ်။
ရှုံဟွာအင်အားစုက ဂနာမငြိမ်တဲ့အတွက် မကြာခင်မှာ ကောင်းကင်တာအိုကို ပြဿနာ လာရှာနိုင်ပါတယ်။ လောလောဆယ်မှာ ဟန်ကျွယ်က ပထမရှုံဟွာအရှင်ကို မယှဉ်နိုင်သေးပါဘူး။ ဒါကြောင့် ဟန်ကျွယ်ဟာ ဖိအားခံစားရပြီး ကြိုးစား ကျင့်ကြံပါတယ်။ မြန်မြန် အဆင့်တက်နိုင်လေ ပိုကောင်းလေ မဟုတ်ပါလား။
မှောင်မိုက်တဲ့ အာကာသတစ်ခုမှာ ထူထပ်သိပ်သည်းတဲ့ မြူတွေ ဆိုင်းနေပါတယ်။
ရေအိုင်တစ်အိုင်ထဲမှာ လူသုံးယောက် ထိုင်နေပါတယ်။ လီတောက်ခုံးနဲ့ ရှီတုတောက်အပြင် နောက်လူတစ်ယောက်ကတော့ ဘိုဘေးရှီတျန်ပဲ ဖြစ်ပါတယ်။
ဘိုးဘေးရှီတျန်ဟာ အရင်ကနဲ့ လုံးဝမတူတော့ပါဘူး။ ဘိုးဘေးရှီတျန်ဟာ ဝတ်ရုံနက်ကို ဝတ်ဆင်ထားပြီး အချိန်အတော်ကြာအောင် မျက်မှောင်ကြုတ်နေပါတယ်။ သူ့ခန္ဓာကိုယ် ပတ်လည်ကိုလည်း မိစ္ဆာရောင်ဝါတချို့က ဝိုင်းရံထားပါတယ်။ ဘိုးဘေးရှီတျန်ဟာ အတွင်းနတ်ဆိုး တစ်ကောင်လိုပါပဲ။
ဒီအချိန်မှာပဲ အသံအကျယ်ကြီးတစ်သံ ထွက်ပေါ်လာပါတယ်။
“မင်းတို့ရဲ့ ပထမဆုံး တာဝန်ကို ထမ်းဆောင်ရမဲ့ အချိန်ပဲ၊ မင်းတို့တွေ ဒီတာဝန်ကို ပြီးပြည့်စုံအောင် ဆောင်ရွက်ရမယ်”
ဒီအသံကြောင့် ဘိုးဘေးရှီတျန်၊ လီတောက်ခုံးနဲ့ ရှီတုတောက်တို့ဟာ မျက်လုံးပွင့်လာကြပါတယ်။
အသံအကျယ်ကြီးက ဆက်ပြောပါတယ် “ဘိုးဘေးရှီတျန်... ရှုံဟွာသုံးပါးရဲ့ ခေါင်းဆောင်အနေနဲ့ ကောင်းကင်ဂိုဏ်းချုပ်နဲ့ မိစ္ဆာဘိုးဘေးလျိုဟုန်ကို သွားဖမ်းပါ”
ဘိုးဘေးရှီတျန်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ကောင်းကင်ဂိုဏ်းချုပ်က စွမ်းအားကြီးလွန်းတယ်၊ ကျုပ်တို့တွေ သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး၊ မိစ္ဆာဘိုးဘေးလျိုဟုန်က တာအိုဘိုးဘေးရဲ့ ဓမ္မကိုယ်ပွားပဲ၊ မဟာတာအို နတ်စိတ်ဝိညာဉ်တွေကို ရန်စတာနဲ့တင် အားမရသေးလို့ တာအိုဘိုးဘေးကိုပါ ရန်စချင်တာလား”
လီတောက်ခုံးနဲ့ ရှီတုတောက်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ သူတို့လည်း ဒီနာမည်နှစ်ခုကို ကြားဖူးပါတယ်။ ဒီလူနှစ်ယောက်က ကောင်းကင်တာအိုရဲ့ ရှေးဟောင်း ဒဏ္ဍာရီတွေထဲမှာ စွမ်းအားကြီးပုဂ္ဂိုလ်တွေပါ။
“ကောင်းကင်ဂိုဏ်းချုပ်က ငါ့လက်ချက်နဲ့ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတယ်၊ သူ့စွမ်းအားက ဆယ်ပုံတစ်ပုံတောင် မရှိတော့ဘူး၊ မင်းတို့တွေ သူ့ကို စည်းရုံးသိမ်းသွင်းကြည့်လို့ ရတယ်၊ လျိုဟုန်အတွက်တော့ မပူနဲ့၊ တာအိုဘိုးဘေးရဲ့ ကံတရား အထောက်အပံ့က ပဋိပက္ခအနှံ့ ပျံနှံ့တည်ရှိနေတာ၊ လျိုဟုန်က တာအိုဘိုးဘေးရဲ့ တစ်ခုတည်းသော ဓမ္မကိုယ်ပွား မဟုတ်ဘူး၊ ဒီတော့ တာအိုဘိုးဘေးက လျိုဟုန်အတွက်နဲ့ ပေါ်လာမှာ မဟုတ်ဘူး”
“ဒီလူနှစ်ယောက် ရှုံဟွာဖြစ်လာရင် သူတို့နှစ်ယောက်ကို မင်းပိုင်တယ်၊ နောက်ကျရင်လည်း မင်းနဲ့အတူ လှုပ်ရှားကြလိမ့်မယ်”
ဘိုးဘေးရှီတျန်ဟာ တိတ်ဆိတ်သွားပါတယ်။
ရေအိုင်ဘေးမှာ အလင်းတံခါးတစ်ခု ပေါ်လာပါတယ်။ လီတောက်ခုံးဟာ မျက်မှောင်ကြုတ်သွားပြီး ရှီတုတောက်ဟာ မျက်ခုံးပင့်တက်သွားပါတယ်။ သူတို့တွေက ကိုယ်ပိုင် အကြံအစည်တွေ ရှိကြပေမဲ့ ရှုံဟွာအင်အားစုထဲမှာ ပုန်းချင်တာကတော့ အကုန်လုံး တူကြပါတယ်။ ဒါပေမဲ့ ဒီလောက်မြန်မြန် တာဝန်ထမ်းဆောင်ရလိမ့်မယ်လို့ သူတို့တွေ ထင်မထားခဲ့ပါဘူး။
လီတောက်ခုံးက ဟန်ကျွယ်အတွက် အလုပ်လုပ်နေတာပါ။ ရှီတုတောက်က ဟန်ကျွယ်ဟာ အမှောင်သခင်ကြီးလို့ ခန့်မှန်းမိပေမဲ့ သူ့အမြင်မှာ အမှောင်သခင်ကြီးကမှ ဟန်ကျွယ်ရဲ့ တကယ့်သရုပ်မှန်ပါ။ ဟန်ကျွယ်ဆိုတာက ရုပ်ဖျက်ထားတဲ့ သရုပ်တစ်ခုလို့ ယုံကြည်ထားပါတယ်။ ဒါကြောင့် လီတောက်ခုံးနဲ့ ရှီတုတောက်ဟာ ဦးတည်ရာချင်း လုံးလုံးကို မတူကြပါဘူး။ တစ်ယောက်က ရှုံဟွာကို ရှင်းပစ်ချင်တာဖြစ်ပြီး တစ်ယောက်က ရှုံဟွာထဲ ပေါင်းစပ်ချင်တာပါ။
ဘိုးဘေးရှီတျန်ဟာ မတ်တတ်ရပ်ပြီး အလင်းတံခါးဆီ လျှောက်သွားပါတယ် “သွားကြမယ်... ဒါက ငါတို့ရဲ့ ကံကြမ္မာ ဖြစ်နိုင်တယ်”
ရှီတုတောက်ဟာ နောက်ကနေ ထက်ကြပ်မကွာ လိုက်သွားပါတယ်။ လီတောက်ခုံးဟာ တစ်ခဏ တုံ့ဆိုင်းသွားပေမဲ့ နောက်ကနေ လိုက်သွားဖို့ ရွေးချယ်လိုက်ပါတယ်။ သူတို့တွေဟာ နှစ်သိန်းချီ ကျင့်ကြံထားတာမလို့ သူတို့စွမ်းအားတွေက အတော်ကို ကြီးမားနေပါပြီ။ ဒါကြောင့် တိုက်ခိုက်ပြီး သူတို့ရဲ့ ရလဒ်ကို သုံးသပ်ဖို့ အချိန်တန်ပါပြီ။
ဘာမှမရှိတဲ့ ခန်းမတစ်ခုမှာ ရှန်ပေါင် တာအိုကျင့်ကြံသူဟာ အနီရောင် အလင်းတိုင်ထဲ ထိုင်နေပါတယ်။ သူ့ဝတ်ရုံတွေကတော့ အနည်းငယ် လူးလွန့်နေပါတယ်။ ခန်းမထဲကို ရုပ်သွင်တစ်ခု ရောက်လာပါတယ်။ ကျိန်စာနတ်ဘီလူးကလွဲပြီး ဘယ်သူ ဖြစ်နိုင်ဦးမှာလဲ။
ကျိန်စာနတ်ဘီလူးဟာ ရှန်ပေါင် တာအိုကျင့်ကြံသူကို ဦးညွှတ်လိုက်ပါတယ် “တန်ခိုးရှင် နတ်ဘုရား... ကျွန်တော် နတ်ဘုရားရဲ့ အကူအညီကို လိုနေပြီ”
ရှန်ပေါင် တာအိုကျင့်ကြံသူဟာ မျက်လုံးဖွင့်ပြီး ကျိန်စာနတ်ဘီလူးကို စိုက်ကြည့်လိုက်ပါတယ်။ ရှန်ပေါင် တာအိုကျင့်ကြံသူဟာ အရင်ကတည်းက ကျိန်စာနတ်ဘီလူးကို ဂရုစိုက်တာ မဟုတ်ပါဘူး။ ဒါကြောင့်လည်း ရှန်ပေါင် တာအိုကျင့်ကြံသူဟာ ဟန်ကျွယ်ရဲ့ ကျေးကျွန် ဖြစ်သွားပေမဲ့ ကျိန်စာနတ်ဘီလူး အကြောင်းကို ထုတ်မပြောတာပါ။
ဒါပေမဲ့ အခု ကျိန်စာနတ်ဘီလူးကို တွေ့ရတဲ့အခါမှာတော့ ရှန်ပေါင် တာအိုကျင့်ကြံသူဟာ ကျိန်စာနတ်ဘီလူးကို သတ်သင့်လားလို့ တွေးမိလိုက်ပါတယ်။
“ဘာကိစ္စလဲ” ရှန်ပေါင် တာအိုကျင့်ကြံသူက အေးစက်စွာ မေးလိုက်ပါတယ်။
ကျိန်စာနတ်ဘီလူးဟာ ရင်ထဲ တင်းကျပ်သွားပါတယ် ‘ရှန်ပေါင် တာအိုကျင့်ကြံသူ ပြောင်းလဲသွားပြီ... သူက အရင်တုန်းက ငါနဲ့ ရယ်ရယ်မောမော ရှိနေခဲ့တာပါ၊ ဘာဖြစ်လို့ ရုတ်တရက်ကြီး ပြောင်းလဲသွားရတာလဲ... ဟန်ကျွယ်နဲ့ တိုက်တဲ့ တိုက်ပွဲမှာ ရှုံးနိမ့်သွားလို့ တာအိုနှလုံးသား ထိခိုက်သွားတာများလား...’
ကျိန်စာနတ်ဘီလူးဟာ တွေးရင်းနဲ့ ပြောလိုက်ပါတယ် “နတ်ဒေါင်းအရှင်က ကျွန်တော့်နောက်ကို ဆက်တိုက် လိုက်နေတယ်၊ ဒီလိုသာ ဆက်သွားရင် ကျွန်တော် သူ့လက်ထဲမှာ သေရလိမ့်မယ်”
နတ်ဒေါင်းအရှင် အကြောင်း ပြောတဲ့အခါမှာတော့ ကျိန်စာနတ်ဘီလူးဟာ အံကြိတ်လိုက်ပါတယ်။ မျက်လုံးတွေကလည်း ရဲရဲနီသွားပါတယ်။ အခုဆိုရင် ကျိန်စာနတ်ဘီလူးဟာ နတ်ဒေါင်းအရှင်ကို ဟန်ကျွယ်ထက် ပိုမုန်းနေပါပြီ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။