← Chapters

ကလဲ့စားချေချင်တယ်

Vol. 72 Ch. 765

ကလဲ့စားချေချင်တယ်

Vol. 72 Ch. 765

“နတ်ဒေါင်းအရှင်က မင်းနောက်ကို ဘာလို့ လိုက်နေရတာလဲ”

ရှန်ပေါင် တာအိုကျင့်ကြံသူလည်း ဒီကိစ္စကို အံ့ဩနေတာပါ။ နှစ်သိန်းချီအောင် နောက်ကနေ တကောက်ကောက် လိုက်နေတာက သာမန်ရန်ငြိုးတော့ မဖြစ်နိုင်ပါဘူး။

ကျိန်စာနတ်ဘီလူးရဲ့ မျက်နှာဟာ သုန်မှုန်သွားပါတယ် “ကျွန်တော်လည်း သေချာမသိဘူး၊ ဒါပေမဲ့ ဟန်ကျွယ်နဲ့ ပတ်သက်နေတာတော့ သေချာတယ်၊ နတ်ဒေါင်းအရှင်က ကောင်းကင်တာအိုကနေ ထွက်လာပြီးကတည်းက ကျွန်တော့်နောက်ကို လိုက်နေတာ၊ အဲဒီမတိုင်ခင်တုန်းက ကျွန်တော်တို့တွေ တစ်ယောက်ကို တစ်ယောက်တောင် သိခဲ့ကြတာ မဟုတ်ဘူး”

ရှန်ပေါင် တာအိုကျင့်ကြံသူဟာ မျက်တောင်တစ်ချက် ခတ်လိုက်ပါတယ် “မင်းဆိုလိုချင်တာ နတ်ဒေါင်းအရှင် မင်းနောက်ကို လိုက်နေတာက ဟန်ကျွယ်ရဲ့ ညွှန်ကြားချက်ကြောင့်ပေါ့”

ကျိန်စာနတ်ဘီလူးဟာ ခေါင်းညိတ်ပြီး အံကြိတ်လိုက်ပါတယ် “ဟန်ကျွယ်က လူတွေကို သိမ်းသွင်းတဲ့နေရာမှာ သိပ်ထူးချွန်တယ်၊ ကျွန်တော် လျှောက်စုံစမ်းကြည့်တာ ကောင်းကင်တာအိုက ချုံရှီလိုင်နဲ့ ကောင်းကင်အရှင်ဝူဖာက အရင်တုန်းက ဟန်ကျွယ်နဲ့ ရန်သူတွေ ဖြစ်ခဲ့ဖူးတယ်၊ ဒါပေမဲ့ အခု သူတို့က ဟန်ကျွယ် ဘာပြောပြော ထောက်ခဲ့တဲ့လူတွေ ဖြစ်နေပြီ၊ ကပ်ဘေးမျိုးနွယ်စုက ကောင်းကင်ကပ်ဘေး ဧကရာဇ်လည်း အဲဒီအတိုင်းပဲ၊ နတ်ဒေါင်းအရှင် ကောင်းကင်တာအိုကနေ ဘေးမသီရန်မခဘဲ လွတ်မြောက်လာတာ ထူးဆန်းတယ်လို့ မထင်မိဘူးလား၊ ဟန်ကျွယ်ဆီမှာ အညံ့ခံလိုက်တာကလွဲပြီး တခြားဖြစ်နိုင်ခြေကို ကျွန်တော် စဉ်းစားလို့ မရဘူး”

“ဟုတ်တယ်... အဲဒါပဲ ဖြစ်နိုင်ခြေရှိတယ်”

ရှန်ပေါင် တာအိုကျင့်ကြံသူရဲ့ စကားကြောင့် ကျိန်စာနတ်ဘီလူးဟာ အချက်အလက်တွေကို ဆက်စပ် စဉ်းစားပြီး နောက်ကွယ်မှာ ဟန်ကျွယ်ရှိနေမှန်း အတပ်သိသွားပါတယ်။ ကျိန်စာနတ်ဘီလူးရဲ့ မျက်နှာမှာ မုန်းတီးမှုတွေ ပေါ်လာပါတယ်။

‘ခွေးမသား ဟန်ကျွယ်... ငါ့ရဲ့ မဟာတာအိုကို ခိုးရုံတင်မကဘူး၊ ငါ့ကိုလည်း လိုက်သတ်ခိုင်းတယ်... ဒါ တော်တော်များသွားပြီ’

ကျိန်စာနတ်ဘီလူးဟာ ရှန်ပေါင် တာအိုကျင့်ကြံသူကို မော့ကြည့်လိုက်ပါတယ် “တန်ခိုးရှင်နတ်ဘုရား... ကျွန်တော်က ဟန်ကျွယ်ကိုသတ်ဖို့ ပြောနေတာ မဟုတ်ပါဘူး၊ နတ်ဒေါင်းအရှင်ကိုပဲ အရင်ဆုံး ရှင်းပေးပါ”

ရှန်ပေါင် တာအိုကျင့်ကြံသူဟာ ဘာမှမပြောဘဲ ကျိန်စာနတ်ဘီလူးကိုသာ စိုက်ကြည့်လိုက်ပါတယ်။

ခန်းမထဲက လေထုဟာ ထူးဆန်းလာပါတယ်။

ကျိန်စာနတ်ဘီလူးဟာ ရုတ်တရက် တစ်စုံတစ်ရာကို တွေးမိသွားပြီး မျက်နှာပေါ်က ပိုးကောင်တွေဟာ ရပ်သွားပါတယ်။ တစ်ကိုယ်လုံးလည်း တုန်ယင်သွားပါတယ်။

“တန်ခိုးရှင်နတ်ဘုရားက မအားဘူးဆိုတော့ ကျွန်တော် တန်ခိုးရှင်နတ်ဘုရားရဲ့ ကျင့်ကြံမှုကို မနှောင့်ယှက်တော့ပါဘူး...”

ကျိန်စာနတ်ဘီလူးဟာ ပြောပြောဆိုဆို ထွက်သွားဖို့ ပြင်လိုက်ပါတယ်။ ဒါပေမဲ့ ကျိန်စာနတ်ဘီလူး ထွက်သွားဖို့ ပြင်လိုက်တယ်ဆိုရင်ပဲ ကြီးမားတဲ့အင်အားတစ်ခုက သူ့ကို ဘက်ပေါင်းစုံကနေ ပိတ်ပင်လိုက်ပါတယ်။ ကျိန်စာနတ်ဘီလူးဟာ မလှုပ်ရှားနိုင်တော့ပါဘူး။

“ရောက်လာမှတော့ ဘာလို့ ပြန်သွားဦးမှာလဲ”

ရှန်ပေါင် တာအိုကျင့်ကြံသူရဲ့ အသံဟာ ပျော့ပျောင်းနေပေမဲ့ ကျိန်စာနတ်ဘီလူးရဲ့ နားထဲမှာတော့ ငှက်ဆိုးထိုးသံထက် ပိုပါတယ်။ ကျိန်စာနတ်ဘီလူးရဲ့ မျက်လုံးဟာ ပြူးကျယ်သွားပြီး မျှော်လင့်ချက် မဲ့သွားပါတယ်။

‘ဒီလိုကိုး... ရှန်ပေါင် တာအိုကျင့်ကြံသူ အသက်ရှင်လျက် ပြန်လာနိုင်တာ အံ့ဩစရာ မရှိတော့ပါဘူး...’ ရုတ်တရက်ဆိုသလို ကျိန်စာနတ်ဘီလူးဟာ ဟန်ကျွယ်ကို တော်တော်လေး ကြောက်သွားပါတယ်။

‘ဟန်ကျွယ်က အများထင်သလို သူရဲဘောကြောင်ပြီး နေရာတစ်ခုတည်းကို စောင့်ကြပ်နေတာ မဟုတ်ဘူးပဲ၊ သူက အရာအားလုံးကို ကြိုတင်စီစဉ်ထားတာ၊ ကောင်းကင်တာအိုကို စောင့်ကြပ်တာက လူတွေ အမြင်မှားအောင်လုပ်တဲ့ လှည့်ကွက်တစ်ခုပဲ’

‘သွားပြီ... ငါတော့ သွားပြီ’

.....

ပုကျိုးနတ်တောင်။

ဟန်ယွီဟာ သစ်ပင်အိုကြီးအောက်မှာ ထိုင်နေပါတယ်။ အေးမြတဲ့ လေပြလေညင်းတစ်ခုဟာ ဟန်ယွီကို ကျော်ဖြတ်ပြီး ကမ္ဘာကြီးနဲ့ ပေါင်းစပ်ကာ လှပတဲ့ ပန်းချီကားတစ်ချပ် ဖြစ်သွားပါတယ်။

ဒီအချိန်မှာပဲ ဟန်ယွီဟာ ရုတ်တရက် မျက်လုံးဖွင့်လိုက်ပါတယ်။ ဟန်ယွီဟာ မျက်ခုံးပင့်တက်သွားပြီး ရေရွတ်လိုက်ပါတယ် “ဒါက ဘယ်လိုခံစားချက်ပါလိမ့်...”

ဟန်ယွီဟာ မတ်တတ်ရပ်ပြီး တောင်အောက်ဆီ လျှောက်သွားပါတယ်။ တောင်ခြေမှာ အမျိုးသမီးတစ်ဦး မြေကြီးပေါ် လဲကျနေပါတယ်။ အမျိုးသမီးရဲ့ ဗိုက်ဟာ သွေးတွေ နီရဲနေပြီး မျက်နှာကလည်း ဖျော့တော့နေပါတယ်။ သေခါနီးလူဆိုတာ တစ်ချက်ကြည့်ရုံနဲ့ သိနိုင်ပါတယ်။

ဟန်ယွီဟာ အမျိုးသမီးရှေ့မှာ မျက်မှောင်ကြုတ်ပြီး ပေါ်လာပါတယ်။ ပုကျိုးနတ်တောင်မှာ တိုက်ခိုက်တာကို တားမြစ်ထားတာမလို့ ဒီအမျိုးသမီးက ဒဏ်ရာတွေနဲ့ ပုကျိုးနတ်တောင်ဆီ ထွက်ပြေးလာတယ်ဆိုတာ ဗေဒင်မေးစရာ မလိုပါဘူး။

ဟန်ယွီဟာ တစ်ခဏ တုံ့ဆိုင်းသွားပြီးနောက် အမျိုးသမီးရဲ့ ဒဏ်ရာတွေကို ကုသပေးလိုက်ပါတယ်။ ဟန်ယွီရဲ့ ကျင့်ကြံမှုနဲ့ အင်မော်တယ် ကျင့်ကြံသူတွေကို ကုသပေးရတာက စကားတစ်လုံး ပြောရတာလောက် မပင်ပန်းပါဘူး။

မကြာခင်မှာ အစိမ်းရောင် အဝတ်အစားနဲ့ အမျိုးသမီးဟာ သတိရလာပါတယ်။ ဒီအချိန်မှာ ဟန်ယွီက မရှိတော့ပါဘူး။ အစိမ်းရောင် ဝတ်စုံနဲ့ အမျိုးသမီးဟာ သူမရဲ့ ဒဏ်ရာတွေ ပျောက်သွားတာကို တွေ့လိုက်ရတဲ့အတွက် ကျေနပ် အံ့အားသင့်သွားပါတယ်။

အမျိုးသမီးဟာ သူမရဲ့ ဝမ်းဗိုက်ကို စမ်းသပ်ရင်း ရေရွတ်လိုက်ပါတယ် “ဒီနေရာမှာ တကယ်ပဲ လူသားဘိုးဘေးက ဂူအောင်းကျင့်ကြံနေတာကိုး...”

အမျိုးသမီးဟာ သူမ မမြင်ရတဲ့ တောင်ထိပ်ကို လှမ်းမျှော်ကြည့်ကာ မျက်လုံးတွေ ပြတ်သားသွားပါတယ်။ အဲဒီနောက် ကျောက်စိုင်ကျောက်ခဲလို ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့ တောင်ထိပ်ဆီကို လျှောက်လှမ်းပါတော့တယ်။

လေးငါးဆယ်လ အကြာမှာတော့ အစိမ်းရောင် ဝတ်စုံနဲ့ အမျိုးသမီးဟာ တောင်တစ်ဝက်မှာ ရပ်တန့်လိုက်ပါတယ်။ အပေါ်ကို မျှော်ကြည့်လိုက်ရင် မိုးကြိုးတိမ်တိုက်တွေက တောင်ကို ဝိုင်းရံထားတာ တွေ့မြင်နိုင်ပါတယ်။ ဘယ်လိုမှ ဆက်တက်ဖို့ မဖြစ်နိုင်တဲ့ အတိုင်းပါပဲ။

အစိမ်းရောင်ဝတ်စုံနဲ့ အမျိုးသမီးဟာ ဒူးထောက်ပြီး ကျယ်လောင်စွာ ပြောလိုက်ပါတယ် “ကျွန်မ လူသားဘိုးဘေးကို ဆရာအဖြစ် တင်မြှောက်ပြီး မဟာတာအိုကို ကျင့်ကြံအားထုတ်ချင်ပါတယ်၊ ကျွန်မ လိုချင်တာ ကလဲ့စားတစ်ခုတည်းပဲ၊ ကျွန်မ ကလဲ့စားချေပြီးတာနဲ့ ပုကျိုးနတ်တောင်ကို ပြန်လာပြီး လူသားဘိုးဘေးကို ထာဝရ အမှုထမ်းပါ့မယ်”

အမျိုးသမီးရဲ့ အသံဟာ တော်တော် သာယာပေမဲ့ ဟန်ယွီကတော့ စိတ်မလှုပ်ရှားပါဘူး။ အစိမ်းရောင်ဝတ်စုံနဲ့ အမျိုးသမီးဟာ လေးငါးဆယ်ရက်ကြာအောင် အော်ပြောပေမဲ့ ဘာတုံ့ပြန်မှုမှ ပြန်မရပါဘူး။ ဒါကြောင့် အမျိုးသမီးဟာ တရားထိုင်ပြီး ကျင့်ကြံအားထုတ်ဖို့ နေရာရှာကာ လူသားဘိုးဘေးဆီက စကားပြန်ကို စောင့်ပါတယ်။

ဒီလိုနဲ့ နှစ်သုံးထောင် ကုန်ဆုံးသွားပါတယ်။

သစ်ပင်အိုကြီးအောက်က ဟန်ယွီဟာ မျက်လုံးဖွင့်ပြီး အစိမ်းရောင် ဝတ်စုံနဲ့ အမျိုးသမီးကို စိတ်ဝင်တစား ကြည့်လိုက်ပါတယ် “နှစ်သုံးထောင် ကုန်သွားပြီ၊ မင်း ကလဲ့စားချေချင်တုန်းပဲလား”

အစိမ်းရောင်ဝတ်စုံနဲ့ အမျိုးသမီးဟာ ရုတ်တရက် မျက်လုံးပွင့်လာပါတယ်။ အမျိုးသမီးဟာ ချက်ချင်း မတ်တတ်ရပ်ပြီး ဒူးထောက်ကာ လက်သီးဆုပ်လိုက်ပါတယ် “ချေချင်ပါတယ် စီနီယာ...”

“ဘယ်လို မုန်းတီးမှုမျိုးမလို့ နှစ်သုံးထောင် ကြာတာတောင် လွှတ်မချနိုင်ရတာလဲ”

ဝတ်စုံစိမ်းနဲ့ အမျိုးသမီးဟာ အင်မော်တယ်အဆင့်ပဲ ရှိတာပါ။ နှစ်သုံးထောင်က သူမအတွက် တိုတောင်းတဲ့အချိန်တစ်ခု မဟုတ်ပါဘူး။

ဟန်ယွီစကားကို ကြားတာနဲ့ ဝတ်စုံစိမ်းနဲ့ အမျိုးသမီးက ပြန်ဖြေပါတယ် “ကျွန်မရဲ့ ဆရာသခင်ကို သတ်သွားတဲ့ ရန်ငြိုးပါ၊ ကျွန်မရဲ့ ဆရာသခင်ကို ကျွန်မကို သမီးအရင်းတစ်ယောက်လို ကျွေးမွေးပြုစု စောင့်ရှောက်ခဲ့တာပါ၊ ဒီရန်ငြိုးကို ကျွန်မ လက်စားမချေရရင် ကျွန်မဘဝကို အေးအေးဆေးဆေး ဖြတ်သန်းနိုင်မှာ မဟုတ်ဘူး”

ဟန်ယွီဟာ လက်ချောင်းတွေနဲ့ တွက်ချက်ကြည့်ပြီး ထူးထူးဆန်းဆန်း ဖြစ်သွားပါတယ်။

ဘာမှ စကားပြန်မရတာကြောင့် ဝတ်စုံစိမ်းနဲ့ အမျိုးသမီးဟာ ချက်ချင်း မေးလိုက်ပါတယ် “စီနီယာ... စီနီယာ ရှိနေသေးလား၊ ကျွန်မအတွက် စီနီယာ ကလဲ့စားချေပေးစရာ မလိုပါဘူး၊ ဆန်းကြယ်စွမ်းအားတစ်ခုပဲ သင်ပေးပါ၊ ကျွန်မ ကလဲ့စားချေပြီးတာနဲ့ စီနီယာကို ထာဝရ ပြုစုပါ့မယ်”

“မင်းရဲ့ ဆရာသခင်က အင်မော်တယ်ဧကရာဇ်... ဒီတော့ မင်းရန်သူကလည်း အင်မော်တယ်ဧကရာဇ်ပဲ... အင်မော်တယ်ဧကရာဇ်က ဘာကိုဆိုလိုလဲဆိုတာ မင်း သိလား”

ဝတ်စုံစိမ်းနဲ့ အမျိုးသမီးဟာ အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် အံကြိတ်ကာ ပြန်ဖြေပါတယ် “ခက်ခဲမှန်း ကျွန်မ သိပါတယ်၊ ဒါပေမဲ့ ကျွန်မ ဒီကလဲ့စားကို မရရအောင် ချေမယ်”

“ဒါဆို အဲဒီ အင်မော်တယ်ဧကရာဇ်နောက်မှာ ဘယ်သူရှိနေလဲ မင်းသိလား”

“ကျွန်မ မသိဘူး”

ဝတ်စုံစိမ်းနဲ့ အမျိုးသမီးရဲ့ မျက်နှာဟာ သွေးမရှိတော့ပါဘူး။ သူမဟာ ရန်သူရဲ့ နောက်ခံကို မသိပေမဲ့ အင်မော်တယ်ကမ္ဘာမှာ ကျင့်ကြံသူအကုန်လုံးက အဆက်အသွယ်တွေ ရှိကြတာကိုတော့ သိထားပါတယ်။ အင်မော်တယ်ကမ္ဘာမှာ ကျင့်ကြံမှု မြင့်မားလေလေ နောက်ခံကလည်း ကြီးမားလေလေပါပဲ။

ဟန်ယွီက သာမန်ကာလျှံကာ ပြောလိုက်ပါတယ် “နတ်မင်းအဆင့် ကျင့်ကြံသူ ရှိနေတယ်”

ဝတ်စုံစိမ်းနဲ့ အမျိုးသမီးဟာ တုန်တက်သွားပြီး ခေါင်းငုံ့သွားပါတယ်။

‘နတ်မင်းအဆင့် ကျင့်ကြံသူ...’ ဝတ်စုံစိမ်းနဲ့ အမျိုးသမီးဟာ ဆက် မစဉ်းစားရဲတော့ပါဘူး။ သူမဟာ အင်မော်တယ်ဧကရာဇ် အထက်က တည်ရှိမှုတွေကို ကြားသာကြားဖူးပြီး တစ်ခါမှ မတွေ့ဖူးပါဘူး။ တစ်ခါတုန်းက သူမဟာ အင်မော်တယ်ဧကရာဇ်တစ်ပါး တိုက်ခိုက်တာကို မျက်မြင်ကိုယ်တွေ့ တွေ့မြင်ခဲ့ရပါတယ်။ အင်မော်တယ်ဧကရာဇ်ရဲ့ စွမ်းအားက ကြယ်ကို ဆွတ်ပြီး လကို ရွှေ့နိုင်ပါတယ်။ တကယ်ကို ကြီးမားတဲ့ စွမ်းအားပါ။ အင်မော်တယ်ဧကရာဇ်တောင် ဒီလောက် စွမ်းအားကြီးနေရင် နတ်မင်းအဆင့် ကျင့်ကြံသူကတော့ ပြောမနေပါတော့နဲ့။

“နတ်မင်းအဆင့် ကျင့်ကြံသူ‌နောက်မှာ ဘယ်သူရှိနေလဲဆိုတာ မင်း သိလား”

အမျိုးသမီးဟာ ပိုပြီးတော့ ခေါင်းစိုက်ကျသွားပါတယ်။

ဟန်ယွီက ဆက်ပြောပါတယ် “ကလဲ့စားက ဘယ်တော့မှ ပြီးဆုံးမှာလဲ၊ စွမ်းအားကြီးတဲ့လူက အမြဲတမ်း ရှိနေမှာပဲ၊ မုန်းတီးမှုက အဆုံးမရှိဘူး၊ ဘာလို့ အဲဒီလောက် အဝေးကြီး သွားချင်ရတာလဲ”

ဝတ်စုံစိမ်းနဲ့ အမျိုးသမီးဟာ အံကြိတ်လိုက်ပါတယ် “ကျွန်မ လက်မလျှော့ချင်ဘူး၊ သေရမယ်ဆိုရင်တောင် သေဖို့ အသင့်ပဲ”

ဟန်ယွီဟာ ဆက်မပြောတော့ပါဘူး။

ဝတ်စုံစိမ်းနဲ့ အမျိုးသမီးဟာ ဆက်ပြီးတော့ ဒူးထောက်ပါတယ်။

ဒီလိုနဲ့ နှစ်ငါးရာ ကြာသွားပါတယ်။ အမျိုးသမီးဟာ ဒူးထောက်ရင် ကျင့်ကြံအားထုတ်ကာ ဟန်ယွီရဲ့ စကားတွေကို ပြန်စဉ်းစားပါတယ်။

ဒီနေ့မှာတော့ ဟန်ယွီရဲ့အသံ ထပ်မံ ထွက်ပေါ်လာပါတယ် “မင်း စဉ်းစားပြီးပြီလား”

အမျိုးသမီးဟာ တစ်ခဏ မှင်တက်သွားပြီးနောက် အလိုလို ပြန်ဖြေမိလိုက်ပါတယ် “ကျွန်မ... ကလဲ့စားချေချင်သေးတယ်” ဝတ်စုံစိမ်းနဲ့ အမျိုးသမီးရဲ့ မျက်လုံးတွေဟာ တစ်ဖန်ပြန်ပြီးတော့ ပြတ်သားလာပါတယ်။

အမျိုးသမီးရဲ့ စကားအဆုံးမှာ မိုးကြိုးတိမ်တိုက်တွေဟာ ရုတ်တရက် လွင့်ပါး ပျောက်ကွယ်သွားပြီး အပေါ်ကနေ နေရောင်ခြည်တွေ ဖြာကျလာပါတယ်။ ဝတ်စုံစိမ်းနဲ့ အမျိုးသမီးဟာ တစ်ဘဝ ကုန်ဆုံးသွားသလိုမျိုး ခံစားလိုက်ရပါတယ်။

သူမ မော့ကြည့်လိုက်တဲ့အခါ ချောက်ကမ်းပါးစွန်းမှာ ရပ်နေတဲ့ လူတစ်ယောက်က သူမကို ငုံ့ကြည့်နေတာ တွေ့လိုက်ရပါတယ်။ သူမဟာ မှင်တက်သွားပြီး အဲဒီလူကို ပြန်စိုက်ကြည့်လိုက်ပါတယ်။ သူမဟာ သူမကို စကားပြောနေတဲ့ စီနီယာက ဆံပင်တွေ ဖြူဖွေးပြီး အသက်ကြီးနေတဲ့ အဘိုးကြီး တစ်ယောက်လို့ ထင်ထားခဲ့တာပါ။ အခုလို ချောမောတဲ့လူတစ်ယောက် ဖြစ်နေလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။ သူမဟာ ဒီလောက်ထိ ချောမောတဲ့ ယောက်ျားသားကို မမြင်ဖူးတာကြောင့် ငေးပြီး ကြည့်နေမိပါတယ်။

ဟန်ယွီဟာ ပြုံးလိုက်ပါတယ် “တက်လာခဲ့... မင်းက ဇွဲမလျှော့မှတော့ ငါ မင်းကို ဆန်းကြယ်စွမ်းအားတစ်မျိုး သင်ပေးမယ်၊ ဒါပေမဲ့ ငါ မင်းကို တပည့်အဖြစ် လက်မခံဘူး၊ ငါ မင်းကို ဆန်းကြယ်စွမ်းအား သင်ပေးတာက ပျင်းရိဖွယ်ကောင်းတဲ့ နှစ်တွေမှာ စိတ်ဝင်စားစရာကောင်းတာ နည်းနည်းပါးပါး ရှိချင်လို့ပဲ”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters